ခက်သီ - တောင်ကြားမြစ်
တောင်ကြားဖြစ်
မင်းမှာလည်း အခက်အခဲနဲ့
ငါ့မှာလည်း အခက်အခဲနဲ့။
ငါတို့နှစ်ယောက်ပေါင်းတော့လည်း
အခက်အခဲနဲ့။
အတူရင်ဆိုင်ရမယ့်အခက်အခဲဆိုတော့
ပျော်တာပေါ့။ ။
တောင်ကြားဖြစ် ၂
ကဗျာရေးတတ်တာလေးနဲ့တော့
ဘဝင်မမြင့်ပါနဲ့ကွာ။
အာဏာရသွားရုံလေးနဲ့တော့
ဘဝင်မမြင့်ပါနဲ့ကွာ။
ရွှေကြောကို ဖင်ခုထိုင်ထားလို့လည်း
ဘဝင်မမြင့်ပါနဲ့ကွာ။
မင်းဘဝင်မြင့်နေချိန်မှာ
လူ့ဘဝရဲ့အရသာကို ဆုံးရှုံးရတော့မှာ။ ။
တောင်ကြားမြစ် ၃
မင်းနားထောင်တဲ့ သီချင်းထဲမှာ
မြစ်ပြင်ထက်က လရောင်
ငါနားထောင်လိုက်တော့
ပင်လယ်ထဲကကျောက်ဆောင်။
မင်းရဲ့ရက်ဆီဗာနဲ့
ငါရဲ့ ရက်ဆီဗာ မတူဘူး။
ဒါပေမဲ့
ငါတို့ ပြိုင်တူညည်းမိကြ
ဒီသီချင်းပဲ။
တောင်ကြားဖြစ် ၄
မောပန်းနွမ်းနယ်တဲ့အခါ
ဘုရားသွားအပန်းဖြေရတာ
ငါကြိုက်မိ။
ညည ဘုရားရှိခိုးမအိပ်မိတာ တသက်လုံးနီးပါး
ဒါပေမဲ့ ငါက ဘုရားကို ရိုသေတယ်။
ဘုရားတိုင်းကိုလည်း ရိုသေတယ်
ငါ့ဘုရားက ဘယ်ဘုရားကိုမှ မုန်းအောင် မဟောခဲ့ဘူး။
တောင်ကြားဖြစ် ၅
ဒါလေးက ဘာမှမဟုတ်ဘူး
ဟုတ်တယ် ဘာမှမဟုတ်ဘူး။
ရှူသွင်းပြီး မှုတ်ထုတ်လိုက်သလိုပဲ
ဘာမှ မဟုတ်ခဲ့ဘူး။
ဘာမှမဟုတ်မှန်း ခက်ခက်ခဲခဲ သိခဲ့ရလို့
အဲ့ဒီ ဘာမှမဟုတ်တာလေးကို
ငါ မြတ်မြတ်နိုးနိုးလေးနက်နေခဲ့မိ။ ။