စိတ်ကူးချိုချိုစာပေ
ဦးအောင်သိမ်းမြတ် - သံကိုကြွက်စားသားကိုစွန်ချီနှင့်မြန်မာ့ရိုးရာစကားပုံ ပုံပြင်များ
ဦးအောင်သိမ်းမြတ် - သံကိုကြွက်စားသားကိုစွန်ချီနှင့်မြန်မာ့ရိုးရာစကားပုံ ပုံပြင်များ
Couldn't load pickup availability
စာဦး အမှာ
အနက်အဓိပ္ပာယ်ဖြင့် ပြည့်စုံ၍ လူအများ စံပြု ပုံခိုင်း ပြော ဆိုလေ့ရှိသော စကား၊ ပြောထုံး စကားသည် စကားပုံ” ဖြစ်၏။
ရည်ရွယ်ချက် တစ်ခုခုအရ စိတ်ကူးဖြင့် အဆန်း တကြယ် ဖွဲ့နွဲ့ ရေးသားပြောဆိုသော ပုံဝတ္ထုကို ပုံပြင်”ဟု ခေါ်၏။
သို့ဖြစ်၍ စကားပုံ ပုံပြင်များ” ကို ပြုစုမည် ဆို သောအခါ ‘အနက် အဓိပ္ပာယ်ဖြင့် ပြည့်စုံ၍ လူအများ စံပြု ပုံခိုင်း ပြောဆိုလေ့ရှိသော စကားနှင့် အကျုံးဝင်သော ပုံပြင် ကို ရှာဖွေရပါသည်။
ပုတ္တောဝါဒ ဆုံးမစာတွင်
စကားမွှေ၊ စကားနှောက်၊ စကားတတ်
စကားလျှောက်၊ စကားထား၊ စကားနှပ်
စကားပွား၊ စကားသွား၊ စကားသိပ်
စကားလာ၊ စကားညှာ၊ စကားချိတ်
စကားနှိပ်၊ စကားမိတ်၊ စကားသွမ်း
စကားလှယ်၊ စကားဖယ်၊ စကားခြမ်း
စကားသွေး၊ စကားလေး၊ စကားမှတ်
စကားပေါ့၊ စကားလျော့၊ စကားဟတ်
စကားတင်း၊ စကားသွင်း၊ စကားလော
စကားမြူ၊ စကားချူ၊ စကားပြော
စကားခေါ်၊ စကားချော်၊ စကားသွေး
စကားယှက်၊ စကားဝှက်၊ စကားသေ
စကားဖန်၊ စကားထန်၊ စကားရှင်
စကားနှိပ်၊ စကားရိပ်၊ စကားရွှင်
စကားဖမ်း၊ စကားဆန်း၊ စကားအုပ်
စကားမွှေ၊ စကားထွေ၊ စကားချုပ်
စကားလှိုင်း၊ စကားဝိုင်း၊ စကားမြှောက်
စကားသာ၊ စကားနာ၊ စကားချောက်
စကား၊ စကားမေး၊ စကားဟိန်း ၊
စကားလျှောက်၊ စကားနောက်၊ စကားချိန်း
စကားသင်၊ စကားတင်၊ စကားနေ
စကားတည်၊ စကားရှည်၊ စကားပွ
စကားတို၊ စကားဖို၊ စကားကြွ
စကားမ၊ စကားလှ၊ စကားဖြေ
စကားပင်၊ စကားနှင်၊ စကားနေ
စကားဆုံး၊ စကားရှုံး၊ စကားနိုင်၊ စကားပိုင် ဟူ၍ စကား ၇၉ မျိုးကို ဖော်ပြထားပေ၏။
ယင်းတို့အထဲမှ ပုံပြင်ဖြစ်သော စကားပုံများကို ရှာဖွေထုတ်နုတ် ယူရ၏။ သို့ရာတွင် စကားပုံ ရှိသော်လည်း ဆီလျော်သော ပုံပြင်များ မရှိပေ။
ထိုအထဲတွင် အဓိပ္ပာယ်ကောက် ချော်စောင်းနေသော “စကားစဉ်” များ၊ “ဆိုရိုးစကား” များ ရောထွေးနေပြန်ပါသေး သည်။ ပုံစံအားဖြင့် “ပါးကိုက် နားကိုက်” ဖြစ်ပါသည်။
ထိုစကားကို အဓိပ္ပာယ် ပြန်သူများက “ကိုယ့်ပါးကို သူက ကိုက်လျှင် ကိုယ်က သူ့နားရွက်ကို ပြန်ကိုက်သည်” ဟု ဆိုကြ၏။
အမှန်မှာ သွားရောဂါကြောင့် ပါးတစ်ဝိုက်၌ နာကျင် ကိုက်ခဲလာပါက နားဝန်းကျင်လည်း ကိုက်ခဲ နာကျင်လာတော့ခြင်းသာ ဖြစ်၏။ နွားကုပ် လက်ကိုင်သမားများကမူ “ဒါလည်း တစ်မျိုးပါ”ဟု ဆိုကြပေလိမ့်မည်။
စကားပုံပေါင်း နှစ်ထောင်ကျော်ရှိသည် ဆိုစေကာမူ ဆုံးမစာ ကြွေးကြော်သံများကို ရောနှောထည့်ထားခြင်းသာ ဖြစ်ပေသည်။ ပုံစံအားဖြင့် ကြိုးစားက ဘုရားဖြစ်သည်။ တောင်ကြီး ဖဝါးအောက်။
တစ်ဖန် အချိန်နှင့် ဒီရေသည် လူကို မစောင့်.. အစရှိ သည့် နိုင်ငံခြား ဆိုထုံး စကားမျိုးများကိုလည်း မြန်မာ စကား ပုံ ဖြစ်လေဟန် ထည့်သွင်းထားသည်များကို တွေ့ရပါသည်။
ကျည်းကန်ရှင်ကြီး၏ စကားပုံ မေတ္တာစာတွင်
“သားချင်းပေါက်ဖော်တော် နီးစပ်သည် မှန်စေ.. ပေး ကမ်းခဲသည်၊
“မြဲစွဲ ခယမ်း၍ ထမ်းရွက်သည် မှန်စေ... အရှင့်အကျိုးကို ဆောင်ခဲ့သည်။
“ကြီးကဲသည်မှန်စေ ညီညွတ်အောင် စီရင်ခဲသည်။
“အပေးရှိမှ အဖော်ရသည်၊ အရေးရှိက အကျော် ရ သည်။
အစကောင်းမှ အနှောင်း သေချာသည်” ဟူ၍ လည်း ကောင်း၊
“အသွေး အဆင်း လှ၏၊ အကျင့်က ယုတ်သည်။
“ထင်ရှား၏၊ စကား မဟုတ်၊
အလုပ်အဆောင် ကောင်း၏၊ အပေါင်းမိတ်နှင့် မပြည့်စုံ၊
“ဂုဏ်သတင်း ရှိ၏၊ မတတ်” ဟူ၍ လည်းကောင်း၊
“အမှတ်အသား ရှိ၏၊ လိုခါမရ၊
“အစ ကောင်း၏၊ အဆုံးမတိုင်၊
“အနိုင်အပိုင် ပြု၏၊ အရ မမှန်၊
အကြံကို သိ၏၊ မခင်ယင်၊
“ကြောင့်ကြသည် ဆို၏။ အမှု မပြီး” ဟူ၍ လည်း ကောင်း တွေ့ရသော်လည်း ဆိုရိုးစကားနှင့် ဆုံးမစာများသာ များနေပါသည်။
ထိုနည်းတူပင် ပေါက္ကံ မောင်ချို စကားပုံတွင်လည်း
“သူတစ်ပါး ဥစ္စာ ဖြစ်လေက စွန့်ပစ်သော တံတွေး ပေါက်ကဲ့သို့၊ သူ့မယားကို ယဉ်ပါးခြင်း၌ လူသတ် ယောက်ျား သည် လက်ဝယ် တင်ထားသော ဓား ရှိသကဲ့သို့”စသည်ဖြင့် လည်းကောင်း၊
“မမြင်ရာသည် ဆေးသမား၊ မကြားရာသည် တရား သူကြီး၊
“မနှီးနှောရာသည် မင်းလုလင်၊ မတိုင်ပင်ရာသည် ရှေ့ နေ ရှေ့ရပ်၊
“မစေအပ်ရာသည် မိန်းမလျာ၊ မလာ မသွားရာသည် နတ်စင်” စသည်ဖြင့် လည်းကောင်း ဖော်ပြထားသော်လည်း ဆုံးမစာ က များပါသည်။ သို့ဖြစ်၍ ပုံပြင်နှင့်တွဲ၍ ဖော်ပြနိုင်သော စကားပုံများမှာ ထင်သလောက် မများပါ။ မောင်ပုလဲဆိုသူ နှင့် မောင်နံပ ဆိုသူတို့မှာ အလွန်ချစ်ခင်ကြသဖြင့် “ပုလဲ နံပသင့်သည်” ပြောရာက ပုလဲ နံပတွင်သည် ဆိုသော အရာ မျိုးမှာလည်း လိုရာ ဆွဲလွန်းသည် ယူဆပါသည်။
မြန်မာ့ရိုးရာ စကားပုံများကို ပြုစုရာတွင် ၅၅၀ နိပါတ် တော်များကို ရှောင်ကွင်းခဲ့ပါသည်။ ရိုးရာပုံပြင်များကိုသာ ဖော်ထုတ်လိုသောကြောင့် ဖြစ်ပေသည်။
ယခု စကားပုံ ပုံပြင်များ’ တွင်ကား ရှောင်၍ မလွတ် တော့ပါ။ ပုံစံအားဖြင့် “မရ ရသက ချိုင်” နှင့် “စူဠလိပ် ရေထဲလွှတ်သလို” တို့ ဖြစ်ပါသည်။ မဟာသုတသောမ ဇာတ်နှင့် မဟာနိပါတ်ဝင် ဘူရိဒတ်ဇာတ်တို့မှ ဖြစ်ပါသည်။
သို့ဖြစ်သောကြောင့် စကားပုံရှိတိုင်းလည်း ပုံပြင်မရှိ၊ ပုံပြင်ရှိတိုင်းလည်း စကားပုံ မရှိ၊ ကာရန်မိရာ စပ်ဟပ် ရွတ်ဆိုထားတိုင်းလည်း စကားပုံ မဟုတ်ကြောင်း သတိမူမိ ကြစေရန် ဖော်ပြလိုက်ပါသည်။
ဦးအောင်သိမ်းမြတ်