Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဦးအောင်သိမ်းမြတ် - မြန်မာရိုးရာဟာသပုံပြင်များအမှတ်(၁)

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

သက်မဲ့ပစ္စည်း၏ ဒေါသ

ရှေးလွန်လေပြီးသောအခါက ပုဂံပြည်တွင် “တရားညှပ်ကြီး” တစ်ခုရှိခဲ့ဖူးလေသည်။ ညှပ်ကြီးမှာ ကွမ်းသီးများကို ခွဲစိတ်သော ကွမ်းညှပ်ပုံရှိ၍ အရွယ်အစားမှာမူ လူကို ညှပ်နိုင်အောင် ကြီးမားလှပေသည်။

တရားညှပ်ကြီး အလုပ်လုပ်ပုံမှာ ဤသို့ ဖြစ်သည်။ “သင့်ပစ္စည်းကို ငါမယူ”

“ငါ့ပစ္စည်းကို သင်ခိုးသည်” ဟူ၍ လူနှစ်ယောက် အငြင်းပွားနေ လျှင် တရားသူကြီးထံ သွားနေရန်မလို။ သက်သေထူနေရန်လည်း မလိုအပ်ချေ။ မြို့လယ်တွင်ထားသော တရားကွမ်းညှပ်ကြီးသို့ လာရန် သာ ရှိသည်။

အငြင်းပွားသူနှစ်ယောက် ကွမ်းညှပ်ကြီးရှေ့တွင် စုံညီရပ်မိလျှင် တစ်ဦးဦးက စတင်ပြီး သစ္စာဆိုရ၏။ ဥပမာ.. စွပ်စွဲသူ တရားလိုဆိုကြ ပါစို့။

သူသည် ဟထားသော ညှပ်ကြီးထဲသို့ လက်ကောက်ဝတ်ကိုဖြစ်စေ၊ လက်မောင်းကိုဖြစ်စေ၊ သို့မဟုတ် လက်ညှိုးဖြစ်စေ၊ လက်ခလယ် လက်သူကြွယ်ကိုဖြစ်စေ သွားထားလိုက်သည်။

ထို့နောက်

“ယခု ညှပ်ကြီးဘေးတွင် ကျွန်ုပ်နှင့်အတူ ရပ်နေသူသည် ကျွန်ုပ် ထံမှ အသပြာငါးဆယ် ချေးယူသွားခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပါပြီ။ ကျွန်ုပ်ထံမှ အသပြာငါးဆယ် ချေးငှားသွားခြင်း မရှိပါဘဲလျက် လိမ်ညာ စွပ်စွဲမိပါက ကျွန်ုပ်လက်အား ဖြတ်တောက်ပါစေသား”

စွပ်စွဲသော တရားလိုသည် လီဆယ်စွပ်စွဲငြားအံ့။ ဟနေသော ညှပ်ကြီးသည် ဒိုင်းခနဲကျလာကာ တိခနဲ ဖြတ်လိုက်လိမ့်မည်။

ထိုအခါတွင် အစွပ်စွဲခံရသူက ညှပ်ထဲလက်သွင်းကာ စကားဆိုရန် မလိုတော့ပြီ။ ညှပ်ကြီးက စီရင်ပေးပြီးပြီ မဟုတ်သလော။ သို့ရာတွင် ညှပ်ကြီးက ဘာမျှမလုပ်လျှင် စွပ်စွဲခံရသူ၏အလှည့်ဖြစ်သည်။ သူသည် လည်း ညှပ်ထဲသို့ မိမိ၏ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုခုကို သွင်းပြီး လျှင် သစ္စာမူရတော့မည်။

“ယခု ညှပ်ကြီးဘေးတွင် ကျွန်ုပ်နှင့်အတူ ရပ်နေသူသည် ကျွန်ုပ် အား မတရားစွပ်စွဲပါသည်။ ကျွန်ုပ်သည် သူ့ထံမှ မည်သည့် ငွေကြေးကို မျှ ချေးငှားယူငင်ထားဖူးခြင်း မရှိပါ။ ဤစကားမမှန်ပါက ကျွန်ုပ်အား ပိုင်းပိုင်းဖြတ်ပါစေသား”

စွပ်စွဲသူ မှန်ကန်လျှင် အစွပ်စွဲခံရသူကို ညှပ်ကြီးက ညှပ်သည်။ စွပ်စွဲသူမှားလျှင် စွပ်စွဲသူကို ညှပ်ကြီးက ညှပ်သည်။ သို့အတွက် လူများ သည် လိမ်ညာလှည့်ဖြားမှု မပြုကြ။ ညှပ်ကြီးကို ကြောက်ရွံ့သောကြောင့် ဖြစ်ပေ၏။

ညှပ်ကြီးသည် တရားစီရင်၏။ သို့ရာတွင် လူမဟုတ်သည့် အတွက် တံစိုးပေး၍မရ။ လာဘ်ထိုးလျှင်လည်း မောရုံသာ ရှိမည်။

သို့ ဖြစ်သဖြင့် မမှန်သူသည် ပြေးပုန်းရှောင်လွှဲတော့သည်။ ညှပ်ကြီးရှေ့သို့ကား မလာရောက်ကြချေ။ ။

ထိုသို့ တော်တည့်မှန်ကန်သော တရားညှပ်ကြီးရှိသည့်အတွက် အငြင်းအခုံ အလိမ်အကောက်များ ပပျောက်အေးချမ်းနေပါလျက်က အမှုတစ်ခုရောက်ဖြစ်အောင် ရောက်လာသေး၏။

တရားလိုက လူဒါယကာ၊ တရားခံမှာ ဖိုးသူတော်။

ဖိုးသူတော်သည် တောင်ဝှေး တဒေါက်ဒေါက်ထောက်လျက် တရားညှပ်ကြီးဘေးသို့ ရှေ့ဆောင်ကာ ရောက်ရှိလာ၏။ သူ့နောက်မှ ပါလာသော ဒါယကာအား လှည့်ကြည့်ပြီး မေး၏။

“ဒါယကာ အရင် သစ္စာဆိုမလား၊ ငါအရင် ဆိုရမလား”

“ကျုပ် ဆိုမယ်”ပြောကာ ဒါယကာသည် ဖိနပ်ချွတ်ပြီး ညှပ်ကြီး အနားသို့ ကပ်လာသည်။ ဟနေသည့်အထဲသို့ လက်ကောက်ဝတ်ကို သွင်းသည်။

“အို.. တရားညှပ်ကြီး၊ အကျွန်ုပ်သည် ဤဦးသူတော်ထံတွင် ရွှေတစ်ကျပ်သား အပ်နှံထားခဲ့ရာ တစ်နှစ်ကျော်ပါပြီ။ ယခုအခါတွင် ပြန်တောင်းသောအခါ မရတော့ပါ။ ပေးပြီးပြီဟု ငြင်းနေပါသည်။ အကျွန်ုပ်သည် ဦးသူတော်ထံတွင် အပ်နှံထားသော ရွှေတစ်ကျပ်သားကို ပြန်မရသေးပါ။ အကျွန်ုပ် မမှန်မကန်ပြောဆိုမိပါက ထက်ပိုင်းပြတ် အောင် ညှပ်ပါလော့”

ညှပ်ကြီးသည် ဒိုင်းခနဲ ကျမလာပါ။

ဒါယကာသည် ရွှင်ပျစွာဖြင့် ဖိုးသူတော်အား လှည့်ကြည့်သည်။

“ဘယ်လိုတုံး ဦးသူတော်၊ ဆက်ပြီး လိမ်နေဦးမှာလား” ဟု အပေါ်စီး လေသံဖြင့် မေးသည်။

“မင်း ရွှေတစ်ကျပ်သား ဘယ်နှခါ ပြန်ပေးရမတုံး”

“ခင်ဗျားဟာ ဝတ်ဖြူစင်ကြယ် ဝတ်ထားပြီး မုသားပြောရတာ မရှက်ဘူးလား”

“ဒါယကာ၊ သည်လို မတရား မစွပ်စွဲနှင့်၊ ပြန်ပေးပြီးပြီ”

“ကဲ.. ဒါဖြင့် ညှပ်ထဲ လက်သွင်း၊ သစ္စာဆို” ဒါယကာ ရဲရင့်သည့်နည်းတူ ဖိုးသူတော်လည်း ရဲရင့်ပါသည်။

“အမယ်.. ဘာပြုလို့ သစ္စာမဆိုရဲရမှာတုံး” ပြောရာက လက်ကို ညှပ်ကြီးထဲသို့သွင်းသည်။ သို့ရာတွင် လက်ထဲ၌ တောင်ဝှေးနှင့် ပန်းတွေ ကိုင်ထားသည်။ ကျန်တစ်ဖက်ထဲတွင်လည်း ကြေးစည်နှင့် အိတ်ကို ကိုင်ထားသည်။ ညှပ်ကြီးထဲသို့ တောင်ဝှေးနှင့် ပန်းတွေကိုင်ထားသော လက်သွင်း၍ မရ။ တောင်ဝှေးနှင့် ပန်းကို ဟိုဘက်လက်သို့ ပို့၍လည်း မကိုင်နိုင်အောင် များနေသဖြင့် ဒါယကာထံ လှမ်းပေးသည်။

“ငါ့နှယ်နော်.... ရှုပ်လိုက်တာ၊ ယူထားစမ်းကွယ်”

ကသိကအောက်ဖြစ်နေသည်ကို မြင်နေရသဖြင့် ဒါယကာမှာ ကူညီသည့်အနေဖြင့် တောင်ဝှေးနှင့် ပန်းစည်းကို လှမ်းယူလိုက်ရသည်။

“ငါသည် ငါ့အား စွပ်စွဲသော ဒါယကာထံမှ ရွှေတစ်ကျပ်သား လက်ခံထားဖူးသည်ဆိုခြင်းမှာ မှန်ပါ၏။ သူ့ရွှေကို သူ့ထံ ပြန်ပေးပြီး သည်မှာလည်း မှန်ပါ၏။ မမှန်မကန်ပြောမိပါက ပိုင်းပိုင်းပြတ်အောင် ဖြတ်ပါစေသား”

ညှပ်ကြီး ဒိုင်းခနဲ ကျမလာပါ။ ။

ဖိုးသူတော်သည် အောင်မြင်သူ၏ အပြုံးဖြင့် ဒါယကာကို လှည့်ကြည့်သည်။ ပန်းစည်းနှင့် တောင်ဝှေးကို ပြန်ယူသည်။

တရားလိုသည် နာကြည်းသော အကြည့်ဖြင့် ဖိုးသူတော်အား ကြည့်သည်။ ညှပ်ကြီးကိုကား အံ့ဩစွာ ကြည့်သည်။

ကြုံတောင့်ကြုံခဲ တွေ့မြင်ရသော စွပ်စွဲငြင်းဆန်မှုကို လာရောက်ကြည့်ရှုသော ပရိသတ်လည်း အံ့သြနေသည်။ ဒါယကာ မှန်လျှင် ဖိုးသူတော် မှားရမည်။ ဖိုးသူတော်မှားလျှင် ဖိုးသူတော် အညှပ်ခံရမည်။ ဖိုးသူတော် မမှားလျှင် ဒါယကာ မှားရမည်။ ဒါယကာလည်း အညှပ်မခံရ။

“ညှပ်ကြီး ဘယ်လိုဖြစ်သွားတာတုံး” လူအချို့က မရဲတရဲ အော်ဟစ်၏။

ညှပ်ကြီးသည် စကားမပြောတတ်သဖြင့် မချေပနိုင်။ စကား ပြောတတ်ပါမူ “ငါ ဘာမှမဖြစ်ဘူး၊ သူတို့အချင်းချင်း မလှိမ့်တပတ် လုပ်နေတာ” ဟု ချေပလိမ့်မည်။

စင်စစ် ဖိုးသူတော်သည် သူယုတ်မာ ကောက်ကျစ်စဉ်းလဲသူ ဖြစ်၏။ မုသာဝါဒလွတ်အောင် ပွတ်ကာသီကာ လိမ်၏။ သစ္စာဆိုပြီး ချထားသော ညှပ်ကြီးမှာ သူ့စည်း သူ့ခွင်တွင်းမှာသာ ညှပ်ခွင့်ရှိ၏။

အကယ်၍ ဖိုးသူတော်သည် တောင်ဝှေးကို သူ၏ဘယ်ဘက် လက်ထဲတွင်ဖြစ်စေ၊ ညာလက်ထဲတွင်ဖြစ်စေ ကိုင်ထားပြီး “သူ့ ရွှေတစ်ကျပ်သား ပြန်ပေးပြီးပါပြီ” ဆိုအံ့။ ညှပ်ကြီးက ဒိုင်းခနဲ ညှပ်ပစ် ဖြတ်ပစ်လိမ့်မည်။ ( ယခုသော် တောင်ဝှေးကို ဒါယကာထံ ပေးထားသည်။

တောင်ဝှေးအခေါင်းထဲတွင် ဒါယကာ၏ ရွှေတစ်ကျပ်သား ရှိနေ သည်။ ဤသည်ပင်လျှင် ပြန်ပေးပြီးပြီ မဆိုနိုင်သလော။ ဆိုနိုင်သည်။ ဆိုနိုင်သောကြောင့် ညှပ်ကြီးက မညှပ်။

စွပ်စွဲသူနှင့် စွပ်စွဲခံရသူတို့ နှစ်ဦးလုံး မှန်ကန်နေသော ဖြစ်ရပ်ဆန်း သည် ပုဂံတစ်မြို့လုံး ပြောစရာဖြစ်တော့သည်။ လူအများသည် မည်သည့် အတွက် ဤသို့ ဖြစ်ရသနည်းဟု ဖိုးသူတော်ထံ စုံစမ်းကြ၏။ နည်းအမျိုး မျိုးဖြင့် စုံစမ်းကြသောအခါ ဖိုးသူတော်၏လိမ်ဉာဏ်ကို သိသူရှိလာ တော့၏။

ထိုမလှိမ့်တပတ်ဉာဏ်ကို သိသူအချို့က သစ္စာမူရာ ညှပ်ကြီးကို မလှိမ့်တပတ်လုပ်ကြသည်။ တစ်နည်းအားဖြင့် သစ္စာစူလွတ်လိမ်ကြ ခြင်းဖြစ်ရာ ညှပ်ကြီးမှာ ကြာသောအခါ ရှက်လာသည်။ ရှက်ရာက ဒေါသဖြစ်လာတော့သည်။

သက်မဲ့ပစ္စည်းကြီး ဒေါသထွက်လာသောအခါ မလှုပ်ရှားတော့ ပေ။ မှားသောအမှုရောက်လာလည်း မညှပ်ပေ။ လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြော၊ လိမ်လိုသမျှ လိမ်ကြ ပုဂံညှပ်ကြီးကား မတုန်မလှုပ်ဖြင့် သာ ရှိနေပေတော့သတည်း။