Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဦးသန်းအောင်ကြွယ်(မဟာ၀ိဇ္ဇာ) - ခေတ်မီပညာစာစီစာကုံးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အလှညောင်းသည့် လတပေါင်း

တပေါင်းလဟူသည်။

တပေါင်းလ၏သဘာဝအလှများ၊ `

မိုးကောင်းကင်နှင့် ရေမြေပတ်ဝန်းကျင်အခြေအနေ၊

သစ်ပင်ပန်းမန်အလှများ၊

ပွဲလမ်းများ၊

စာဖွဲ့ပုံများ၊

မိမိ အတွေးအမြင်နှင့် ခံစားချက်များ။ ။

အလှညောင်းသည့် လတပေါင်း

တပေါင်းလဟူသည် မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ၃ ပါးရှိသည့် အနက် နွေဦးရာသီ၏အစ လရာသီဖြစ်ပါသည်။ ထို့ပြင် မြန်မာ ၁၂ လရာသီတွင် နောက်ဆုံးလ ရာသီလည်း ဖြစ်ပါသည်။ ဆောင်းအကုန် နွေအကူးလည်းဖြစ် သဖြင့် တပေါင်းလအချိန်အခါတွင် နေ့အချိန်၌ ပူပြင်းသလောက်၊ ညအချိန်တွင် အလွန်ချမ်းအေးသည့် လတစ်လဖြစ်သည်။ တပေါင်းလသည် နွေဥတုတွင်ပါဝင် သဖြင့် ပွင့်လင်းရာသီဖြစ်ပြီး ဥသြတွန်သည့် ရာသီအချိန်အခါပင် ဖြစ်ပါသည်။

တပေါင်းလ အချိန်အခါတွင် ပတ်ဝန်းကျင်တစ်ခွင်လုံးရှိ တောတောင် ရေမြေများ၏ သဘာဝအလှအပများမှာ စိတ်ကြည်နူး လွမ်းဆွတ်ဖွယ်ကောင်း လှသည်။ တပေါင်းလရာသီ အချိန်အခါသမယတွင် ပတ်ဝန်းကျင်တစ်ခုလုံး အရောင်အသွေး စုံလင်စွာဖြင့် သဘာဝတရားက ရေးဆွဲထားသည့် ပန်းချီကား ချပ်တစ်ခုနှယ် တည်ရှိပုံမှာ နတ်ပန်းချီဆရာပင် လက်မှိုင်ချရလောက်အောင် သာယာလှပေသည်။ တ ပေါင်းလ၏ သဘာဝပတ်ဝန်းကျင်အလှများမှာ ရသေ့ သူတော်စင်ပင် ဈာန်လျှောရလောက်အောင် ကြည်နူးလွမ်းဆွတ်ဖွယ်ကောင်းလှ ပါသည်။

တပေါင်းလရာသီသည် နွေဦးရာသီဖြစ်သဖြင့် မိုးကောင်းကင်တစ်ခုလုံး ကြည်လင်လျက်ရှိသည်။ ရာသီဥတု ကြည်လင်လှသဖြင့် ကောင်းကင်တစ်ခုလုံး အပြာရောင်တောက်နေသည်။ တစ်ခါတစ်ရံ တိမ်စိုင်တိမ်ခဲများကို ဟိုတစ်ကွက် သည်တစ်ကွက်သာ တွေ့မြင်နိုင်သည်။ တပေါင်းလအချိန်အခါတွင် အထက် ကောင်းကင်တစ်ခွင်လုံး ကြည်လင်သလောက် ကမ္ဘာမြေပြင်ပေါ်ရှိ တောရိပ် တောင်ရိပ်များနှင့် မြစ်၊ ချောင်း၊ အင်းအိုင်တို့တွင် မင်းလွင်မြူခိုးများ အုံ့ဆိုင်း မှုန်မှိုင်းနေတတ်သည်ကို တွေ့ရပေသည်။ တောခြေတောင်ခြေများတွင် မင်းလွင် မြူခိုးများ အုံ့ဆိုင်းရစ်ပတ်နေသည်မှာ လွမ်းဆွတ်ကြည်နူးဖွယ်ကောင်းလှပေသည်။

တပေါင်းလရာသီသည် ဆောင်းအကုန် နွေအကူးလဖြစ်သဖြင့် ရွက် ဟောင်းများကြွေကာ ရွက်သစ်ကလေးများဝေသည့် အချိန်အခါ ဖြစ်သည်။ တပေါင်းလတွင် သစ်ပင်ကြီးငယ်တို့မှ သစ်ရွက်သစ်ခက်များသည် ရင့်ရော်ဟောင်း နွမ်း၍ ရော်ရွက်ဝါများအဖြစ် မြေသို့ သက်ဆင်းကြွေကျကြသည်။ ထိုကြွေလွင့် သွားသော သစ်ရွက်များနေရာတွင် နုပျိုသစ်လွင်သော သစ်ရွက်ကလေးများသည် ပုရစ်ဖူးကလေးများသဖွယ် အစီအရီ ပေါ်ထွက်လာကြသည်။ ထို့ပြင် တောတောင် တစ်ခွင်လုံး၌ တပေါင်းလ၏အမှတ်အသားဖြစ်သော သရဖီပန်းများသည် နေရာ အနှံ့တွင် ရနံ့မွှေးကြိုင်စွာဖြင့် ပွင့်လန်းနေကြလေသည်။ ထန်းတောကြီးများထဲ တွင် ထန်းပွင့်ထန်းခိုင်များ ဝေဝေဆာဆာ ရွှန်းရွှန်းမြိုင်မြိုင် ရှိနေကြသည်။ဆောင်းရာသီ၌သာ ပွင့်လေ့ရှိသော နန်းထိုက်တော်ဝင် သဇင်ပန်းများ၏ အကြွင်း အကျန်အချို့ကို မြင့်မားသော သစ်ပင်ကြီးများပေါ်၌ တွေ့မြင်နိုင်သေးသည်။

တပေါင်းလရာသီသည် ပွင့်လင်းရာသီဖြစ်သဖြင့် ပွဲလမ်းသဘင်များ အလွန် များပြားလှသည်။ ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ ရိတ်သိမ်း ရောင်းချပြီးသည့်အချိန်လည်းဖြစ်သဖြင့် တောင်သူဦးကြီးတို့လက်ထဲတွင် ငွေရွှင် သောအချိန်လည်း ဖြစ်သည်။ တပေါင်းလတွင် သဲပုံစေတီဘုရားပွဲများ ကျင်းပ ကြပြီး ဇာတ်ပွဲများ၊ အငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ထို့ပြင် မြို့ရွာများရှိ တန်ခိုးကြီးဘုရားများတွင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်များကို ပွင့်လင်းရာသီ တပေါင်းလ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ ထို့ပြင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲများလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။

တပေါင်းလတွင် ပတ်ဝန်းကျင်တစ်ခုလုံး သဘာဝအလှအပများဖြင့် ပြည့် နှက်နေသောကြောင့် မြင်ရသူအပေါင်း မနေနိုင်အောင်ဖြစ်ကာ စာအဖွဲ့ အနွဲ့များ ဖြင့် ဖွဲ့နွဲ့ မှတ်တမ်းတင်ခဲ့ကြသည်။ ကုန်းဘောင်ခေတ် စာဆိုဦးကြင်ဥက ငုံကင်း ငယ် ပန်းမန်၊ ရွက်ရင့်လျှော်လို့၊ ရွက်ကြောငယ်လှန်သည်၊ တောင်ပြန်လေညင်း ကလည်း ဆွေသနှင့်”ဟူ၍လည်းကောင်း၊ ထို့ပြင် “ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ ပတ်လည်၊ ရသေ့သူတော်တိုင်း ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီခွင် စာညီကြောပေပ၊ ကျော၍သာမြဲ ́ဟူ၍လည်ကောင်း၊ ဦးယာကလည်း “တပေါင်း ငယ်မှညှာကျင်၊ နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့၊ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်း စုကြသည်၊ နာညိုစင်ငယ်တဲ့လေ ́ဟူ၍လည်းကောင်း ဖွဲ့ဆိုခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် တပေါင်းလရာသီသည် သဘာဝအလှများဖြင့် ဖန်တီးထားသည့် လတစ်လဖြစ်ပေသည်။ တပေါင်းလ၏အလှများကို လူအများ ခံစားကြသကဲ့သို့ ကျွန်ုပ်လည်း ခံစားမိပါသည်။ တပေါင်းလ၏အလှများသည် ကြည်နူးဖွယ်လည်း ကောင်းလှသည်။ လွမ်းဆွတ်ဖွယ်လည်း ကောင်းလှသည်။ မြင်မြင်သမျှ ပတ်ဝန်းကျင်တစ်ခွင်လုံး ကြည်လင်အေးမြသဖြင့် စိတ်ထဲတွင် ငြိမ်းချမ်းမှုကိုလည်း ခံစားမိသည်။ ထို့ကြောင့် တပေါင်းလသည် လူတို့၏စိတ် ကို အပန်းဖြေ ရွှင်လန်းစေသည့် အလှတရားတို့စုဝေးနေသော “အလှညောင်း သည့် လတစ်ပေါင်း”ဟူ၍ ဆိုချင်ပါတော့သည်။