Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - လူအများသိသင့်သည့်ခေတ်ပေါ်ကျန်းမာရေးအခြေအနေများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

သင့်ရုပ်သွင် အစဉ်နုပျိုကျန်းမာစေဖို့

သီတင်း ၁၀ ပတ်အတွင်း ၁၀ နှစ်ခန့် နုပျိုသွားစေမည့် နည်းလမ်းကောင်းများ

လူတိုင်း နုပျိုကျန်းမာသည့် ကိုယ်ခန္ဓာကို ပိုင်ဆိုင်လိုကြသည်။ သည့်အတွက် သုတေသီတို့က ခန္ဓာကိုယ်နုပျိုစေပြီး ကျန်းမာစေသည့် အကြောင်းတရားများကို ရှာဖွေလာခဲ့ရာ ယခုအခါ သိတန်သလောက် သိရှိ လာနေပြီ ဖြစ်သည်။

အောက်တွင်ဖော်ပြမည့် လမ်းညွှန်ချက်များမှာ ဘယ်လိုနုပျိုအောင်၊ ဘယ်လို ကျန်းမာအောင် ပြုစုနေထိုင်စားသောက်ရမည်ကို ဖော်ပြသွားမှာ ဖြစ်သည်။ တချို့ လမ်းညွှန်ချက်များ၏ အကျိုးအာနိသင်မှာ ချက်ချင်းသိသာ သည်။ တချို့မှာ အချိန်အတန်ကြာမှ သိသာမည်ဖြစ်သည်။ သို့သော် ယင်း လမ်းညွှန်ချက်များကို လိုက်နာပြီးနောက် ၁၀ ပတ်အကြာတွင် သင်၏ ရုပ်သွင်ပြင် ပိုပြီး လန်းဆန်းနုပျိုလာသည်ကို တွေ့ရမှာဖြစ်သည်။ ၁ဝ နှစ် ခန့် ပို၍နုပျိုသွားသည်လို့ပင် ထင်ကောင်းထင်ရပေလိမ့်မည်။

အစားအသောက်ကို ဆင်ခြင်စား

အရွယ်တင်ခြင်းနှင့် စားသောက်သည့်အစားအစာ များစွာပတ်သက်မှုရှိသည်။ သည့်အတွက် ကျွမ်းကျင်သူတချို့က တချို့သောအစားအစာ ကို ပိုမိုစားသုံးဖို့ ထောက်ခံချက်ပေးခြင်းဖြစ်သည်။ Omega-3 fatty acid များကြွယ်ဝသည့် ဆဲလ်မွန်နှင့် တူနာငါးများသည် နှလုံးကျန်းမာရေးအတွက်ကောင်းသည်။ စိတ်စွမ်းအင်ကိုရရှိစေပြီး နှလုံးရောဂါ၊ အသက်အရွယ်နှင့် ဆက်စပ်သည့်ရောဂါ ကျရောက်မှုအန္တရာယ်ကို လျော့ပါးကျဆင်းစေသည်။ ငါး စားသုံးမှုနှင့် ရင်သားကင်ဆာ၊ အခြားကင်ဆာများ ဖြစ်ပွားမှုနှုန်း ကျဆင်းမှု ဆက်သွယ်မှုရှိကြောင်း လေ့လာမှုတချို့မှ သိရသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် antioxidantများနှင့် အာဟာရဓာတ်များ ကြွယ်ဝသည့် ပင်ရင်းဇာစ်မြစ်များ ဖြစ်သည်။ ယင်းဓာတ် များသည် ကျွံန်ုပ်တို့၏ ခန္ဓာကိုယ် အိုမင်းရင့်ရော်မှုကို တားဆီးပေးသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စားသုံးခြင်းဖြင့် ပို၍ အင်အားပြည့်ဝ သည်ဟူ၍ လူအများက ခံစားရသည်။ အကြောင်းမှာ အချို့သရေစာများ နှင့် မတူသည့်အချက်မှာ ၎င်းအစားအစာတို့တွင် ဖိုင်ဘာ (fiber) ပါဝင်မှု မြင့်မားသည့်အတွက် သကြားဓာတ်ကို တဖြည်းဖြည်းချင်း ထုတ်လွှတ်ပေး နိုင်သည့်အတွက် ဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကို တစ်နေ့ ၅ ပွဲမှ ၈ ပွဲအထိ စားသုံးနိုင်လျှင် အလွန်အကျိုးများသည်။

သဘာဝမျက်နှာပြုပြင်နည်းကို သုံးပါ

မခွဲမစိတ်ရဘဲ မျက်နှာပြုပြင်နည်းများဟု ခေါ်ဆိုနေကြသည့် အီလက်ထရောနစ်နည်းဖြင့် ကြွက်သားကို လှုပ်ဆွပေးခြင်း၊ မျက်နှာလေ့ကျင့် ခန်းများပြုလုပ်ခြင်း စသည့်နည်းလမ်းများမှာ သိပ်အလုပ်မဖြစ်ပါ။ ဆေးခန်း စမ်းသပ်စစ်ဆေးမှုနှင့် စစ်ဆေးခံထားခြင်းလည်း မရှိသေးပေ။ တချို့နည်းမှာ ဥပမာ- မျက်နှာအရေပြားကို ဆွဲဆန့်ဖို့လုပ်သည့် မျက်နှာပြုပြင်နည်းမှာ အရေပြားတွန့်ခြင်း၊ အရေးအကြောင်း မပျောက်သွားသည့်အပြင် ထပ်မံ တိုးလာသည်ကို တွေ့ရကြောင်းဆိုသည်။ သို့သော် မျက်နှာပေါ်ရှိ အမှတ်များ အပေါ် ဓာတ်အပ်စိုက်နည်း (acupuncture) ဖြင့် မျက်နှာကိုပြုပြင်နည်းမှာ မျက်နှာကို တကယ် နုပျိုအောင်လုပ်ဆောင်ပေးနိုင်သည်ဟု ဆိုသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓာတ်အပ်စိုက်ခြင်းကြောင့် သွေးလှည့်ပတ်မှုကို ပိုမို၍ တိုးတက် စေခြင်းကြောင့်ဖြစ်နိုင်ကြောင်း ဓာတ်အပ်စိုက်ပညာရှင် ဂျွန်မီယာဆန်က ဆိုသည်။ မျက်စိအောက်တွင် မျက်ကွင်းအနက်နှင့် ပါးစပ်တစ်ဝိုက်ရှိ ပါးရေ တွန့်ခြင်းများကို သက်သာနည်းပါးစေသည်ဟူ၍ ဂျွန်မီယာက ဆိုသည်။

လမ်းလျှောက်ပါ

ကျန်းမာနုပျိုဖို့ဆိုလျှင် “အေရိုးဗစ်” လေ့ကျင့်ခန်းများက အရေးကြီး သည်။ လက်ငင်းအကျိုးဆက်မှာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်ခြင်းကြောင့် အရေပြား ပို၍ ကျန်းမာနုပျိုလာသည်။ ရေရှည်အကျိုးရလဒ်မှာ နှလုံးကျန်းမာရေး ပိုမိုကောင်းလာခြင်း ဖြစ်သည်။ လူတန်းစားမရွေး အကောင်းဆုံး အေရိုးဗစ်က ဘာပါလဲဟူ၍မေးရာ “လမ်းလျှောက်ခြင်းပါပဲ” ဟူ၍ ဆေးပညာပါမောက္ခနှင့် စာအုပ်ရေးသားသူ ဒေါက်တာဂျိမ်းစ်အင်ဒါ ဆင်က ဆိုသည်။ ပါမောက္ခနှင့် အခြားကျွမ်းကျင်သူတို့က ဖြစ်နိုင်လျှင် တစ်ပတ်တွင် ၆ ရက် လမ်းလျှောက်ပါဟူ၍ ထောက်ခံချက်ပေးထားသည်။ ဒါဆိုလျှင် “ဆယ်ပတ်အတွင်း ခင်ဗျားတို့ သိသိသာသာ သက်လုံပိုကောင်း လာမယ်၊ ကျန်းမာရေး ပိုကောင်းလာမယ်”ဟူ၍ ပါမောက္ခကြီးကဆိုသည်။ တစ်နေ့ကို ၂ မိုင်ခန့် လမ်းလျှောက်ခြင်းဖြင့် အသက် ၆၁ နှစ်နှင့်အထက်ရှိ အမျိုးသားများတွင် သေနှုန်းထက်ဝက်ခန့် ကျဆင်းကြောင်း တွေ့ရသည် ဟူ၍ နာမည်ကြီး New England Journal of Medicineတွင် လေ့လာမှု တစ်ရပ်၌ ဖော်ပြထားသည်။

လမ်းလျှောက်သည့် အလေ့အကျင့်မရှိလျှင် တဖြည်းဖြည်းနှင့် စတင်လျှောက်ပါ။ ပထမအပတ်တွင် တစ်နေ့ ၁ဝ မိနစ်ခန့် လမ်းလျှောက်ပါ။ နောက်အပတ်ကျလျှင် ၅၀ ရာခိုင်နှုန်း တိုးမြှင့်လမ်းလျှောက်ပါဟူ၍ ဒေါက်တာ အန်ဒါဆင်က အကြံပေးထားသည်။

အိပ်ရေးဝဝအိပ်ပါ

အိပ်ချိန် ၅ နာရီ သို့မဟုတ် ၆ နာရီနှင့် ကြာရှည်ကြာမျော စခန်းသွားနေရသူတို့မှာ မျက်စိအစ်ပြီး အသားအရေမှာ ကျန်းမာပုံမပေါက်တော့ ချေ။ သူတို့မှာ အားအင်ကုန်ခန်းပုံခံစားရသည်။ တစ်နည်းဆိုရသော် သူတို့ ရုပ်ရည်သည် အိုစာနာပုံ ပေါက်လာသည်။ သည်သို့ သောရလဒ်များကို အလွယ်ကူဆုံး ပြောင်းပြန်လှန်နိုင်သည့်နည်းမှာ နေ့စဉ် အိပ်ချိန် ၈ နာရီ ရရှိရေးပဲဖြစ်သည်။ သည်သို့ဖြင့် သင့်မှာ အားအင်ပိုမိုပြည့်ဝပြီး နုပျိုလန်း ဆန်းမှုကို ခံစားရရှိစေမှာ ဖြစ်သည်။ အိပ်ပျော်ဖို့ အခက်တွေ့ပါလျှင် မအိပ်မီ ၃ နာရီမှ ၄ နာရီအတွင်း ကဖိန်း(လက်ဖက်ရည်၊ ကော်ဖီတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုး)၊ အရက်နှင့်စီးကရက်တို့ကို ရှောင်ထားပါဟူ၍ ကျွမ်းကျင် သူတို့က အကြံပေးထားသည်။ ဝိုင် (wine) ဖန်ခွက်တစ်ခွက်သည် အိပ်ချင် လာအောင် အကြောအခြင်ဖြေလျော့နိုင်သည်ဟု ဆိုသော်လည်း နောက်နာရီ အနည်းငယ်အတွင်း ၎င်း၏တန်ပြန်အကျိုးသက်ရောက်မှုကြောင့် အိပ်ရာမှ နိုးနေမှာကို စိုးရိမ်ရသည်။

သင့်အသားအရေကို ဂရုစိုက်ပါ

ဆေးလိပ်သောက်တတ်ပါလျှင် ဆေးလိပ်သောက်ခြင်းကို ရပ်ပါ။ ဆေးလိပ်သောက်ခြင်းကြောင့် သင့်အရေပြားသည် ရက်ပေါင်းများစွာ အဆိပ် အတောက် ဓာတ်ပစ္စည်းများနှင့် ထိတွေ့ နေရသည်။ အကျိုးဆက်မှာ အရေ ပြားခြောက်ပြီး အတွန့်ရာများ ပေါ်လာခြင်းပင်။ အိုမင်းခြင်း၏လက္ခဏာများပင်။

နေရောင်နှင့်ထိတွေ့ခြင်းသည် အရေပြားကိုထိခိုက်စေသည်။ ယင်း သည် ရင့်ရော်မှုနှင့် ဆက်နွယ်နေသည့် ထိခိုက်ပျက်စီးမှုအများစု၏ တကယ့် အကြောင်းရင်းခံ ဖြစ်ပေလိမ့်မည်။ အဏုကြည့်မှန်ပြောင်းအောက်တွင် နေထိထားသည့်အရေပြားနှင့် နေမထိထားသော အရေပြားမှာ ခြားနားမှုရှိကြောင်း အရေပြားအထူးကု ဆရာဝန်တစ်ဦးက ဆိုသည်။ တချို့ အရေပြားလိမ်းဆေး ခရင်မ်များကလည်း အထောက်အကူပြုသည်။ Retin-A သို့မဟုတ် Renova ခရင်မ်လိမ်းထားပါက အရေပြားအပေါ်လွှာမှာ ပိုပြီးပုံမှန်ဖြစ်လာသည်။ မျက်စိအမြင်အားဖြင့်လည်း ပို၍ပေါ်လွင်သည်။ လှိုင်းနှင့်တွန့်ရာများ၏အရေအတွက်နှင့် အနက်လျော့နည်းသွားသည်။ သိသိသာသာ လျော့ နည်းကျဆင်းဖို့ဆိုရင် ခရင်မ်ကို အချိန်ယူလိမ်းရပေလိမ့်မည်။ ချက်ချင်း အကျိုးရလဒ် ရရှိစေဖို့ဆိုလျှင် glycolic သို့မဟုတ် Lactic acids ကဲ့သို့သော alpha-hydroxy acid များ အနည်းဆုံး ၇ ရာခိုင်နှုန်းပါဝင်သည့် ခရင်မ်များကို လိမ်းပါဟူ၍ တိုက်တွန်းထားသည်။