ဦးနု - ရက်စက်ပါပေ့ကွယ်
အခန်း (၁)
ညနေ (၃) နာရီ အချိန်၌ပင်လျှင် တပေါင်းနေသည် အလွန် ပူလျက် ရှိသေး၏။ နေပူလွန်းသောကြောင့် မပျင်းဘဲ မနေနိုင်ကြရှာသော ရှမ်းစုရွာသားတို့သည် အပျင်းထူခါ တုံးလုံးလှဲလှဲ၊ မှိန်းသူမှန်း၊ အိပ်သူ အိပ်လျက် ရှိကြသဖြင့် ရှမ်းစုရွာကလေးမှာ တိတ်ဆိတ်လျက်ပင် ရှိသေး၏။ ငွေခင်သည်လည်း အပျင်းထူရာမှ စိတ်ကိုတင်း၍ ထားပြီးလျှင် မကြာမီ မြို့မှ ပြန်လာတော့မည့် လင်တော်မောင်ရန်ရှင်းအား အမောပြေကျွေးရန်အတွက် ခေါင်းဖြီး၊ ရေချိုး၊ သနပ်ခါးလူး အဝတ်အစားလဲခြင်း အစရှိသဖြင့် ဂိုက်ကို သလျက်ရှိလေ၏။
ရှမ်းစုရွာသည် မြောင်းမြ ဒိစတြိတ် ဝါးခယ်မမြို့ အပိုင်၊ ဝါးခယ်မမြို့မှ တောင်ဘက်သို့ ၁၃ မိုင်လောက်ဝေးသော အရပ်တွင် တည်ရှိလေသည်။ ရှမ်းစုရွာသူ ရွာသားများတို့သည် ဘိုးစဉ်ဘောင်ဆက် မှစ၍ ဓားမဦးချ လယ်ပိုင်ယာပိုင်ရှင်ကလေးများ ဖြစ်ကြ၍ ချောင်ချောင် ချိချိ လူတမ်းစေ့ နေထိုင်စားသောက်နိုင်ခဲ့ကြသော်လည်း ယခုအခါတွင် လုပ်ရင်းကိုင်းရင်း ၎င်းတို့၏ ဓားမဦးချ ခုတ်ထွင်ယူခဲ့ရရှာသော လယ် ယာကလေးများသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ပျက်ကုန်ကြ၏ ရှေးအခါက မိသားတစ်စုဝိုင်းပြီး လုပ်၍ရသမျှ စပါးတို့မှာ ထိုမိသားတစ်စုသာ အကုန်ရကြ၏။ ယခုမှာမူကား မိမိတို့ ဘိုးဘွားများ ဓါးမဦးချ ထွန်ခဲ့ရသော လယ်မြေများပေါ်တွင် မိမိတို့ မိသားတစ်စုကိုယ်တိုင် ကျွဲများ၊ နွားများနှင့် ရုန်း၍ လုပ်ခဲ့ရပါသော်ငြားလည်း မိမိတို့ လုပ်ရသမျှသော စပါးကို မြင်ရုံသာ မြင်လိုက်ရသည်။ အချိန်တန်လျှင် ဗိုက်ပူပူ အသားမည်းမည်း ကိုရွှေချစ်တီးတို့နှင့် စိန်တဝင်းဝင်း မြတဝင်းဝင်း ဖြစ်နေသော ဗမာ မြေပိုင်ရှင်ကြီးများက ထိုစပါးများကို လာရောက်၍ သိမ်းယူသွားကြလေသည်။
ဓနရှင်စနစ်ကြီး၏ ပဋိစ္စသမုပ္ပတ်လည်ပုံကို မကျွမ်းကျင်ရှာ သော ရွာသူရွာသားများကမူကား၊
“ရတနာရှိရာ ရတနာ စုတာပါပဲကွာ”
“တို့ကိုက ကံမကောင်းပါဘူး”
“ဒီနှစ် လာဘ်ပေါ် ရာဟုစီးနေတာကိုး”
အစရှိသော စကားများဖြင့် သူတို့၏ ဒုက္ခကို သနားစဖွယ်ဖြေဖျောက်လျက် ရှိကြလေ၏။ ထိုအထဲတွင် အပြစ်ရှာ၍ ကြိမ်းတတ်သော “ဂုဏ်သရေရှိ လူကြီးလူကောင်း” များလည်း ပေါ်ပေါက်လာသေး ၏။ ထိုလူကြီးလူကောင်းများကမူကား.........
“ဗမာတွေ ဆင်းရဲမှာပေါ့၊ တယ်ပျင်းတာကိုး” ဟူ၍ လည်းကောင်း ..... ။
“အသုံးအစွဲကလည်း ကြီးတယ်ကွ" ဟူ၍လည်းကောင်း လျှာအရိုးမရှိတိုင်း လေလုံးထွားထွားကြီးထား၍ ပြောကြသေး၏။
လမ်းတွင် ရေဆန်မိလာသဖြင့် မြို့သို့ တက်သွားကြသော ရန်ရှင်းတို့လူစုသည် ရှမ်းစုရွာသို့ ညနေ (၅) နာရီလောက်မှ ရောက်လာ ကြ၏။ ရန်ရှင်းတို့လူစုသည် မြို့သို့ ကုန်ဝယ်ရန် သွားကြသည်ဖြစ်ရ ကား၊ ကုန်မှာလိုက်ကြသော ရွာသူရွာသားတို့သည် သူတို့လူတစ်စု မြို့မှပြန်အလာကို လှေဆိပ်မှနေ၍ လည်တဆန့်ဆန့်နှင့် မျှော်လျက် ရှိကြသဖြင့် သမွန်ဆိုက်ခါနီးတွင် သူတစ်ခွန်း ငါတစ်ခွန်း မေးကြ၊ အော်ကြ၊ ဟစ်ကြ နှင့် ဆူညံနေတော့၏။ ငွေခင်လည်း သူ့၏လင်တော်မောင် ရန်ရှင်းအား ဦးသာအေး၊ ဒေါ်ဖော့တို့၏ ရှင်ပြပဉ္စင်းခံသို့ သွားလျှင်ဝတ်ရန် ကြက်သွေးရောင် ပိုးတွန့်လုံချည်တစ်ထည်နှင့် ပုံတော်ပိန်းတန်း ဖိနပ်တစ်ရံကို မှာလိုက်သဖြင့် ထိုပစ္စည်းများ ပါမပါကိုသာ အာရုံပြုလျက် ရှိလေ၏။ ငွေခင်သည် ဆံပင်ကို ကပိုကရိုထုံး၍ သနပ်ခါးရေကျဲကလေးကို လူးထားရာ ဝင်တော့မည့်နေရာတွင် များစွာ ပနာရလျက် ရှိလေသည်။ ရန်ရှင်းလည်း သူ့ဇနီးသည်ကို သတိလစ်ပြီး စိုက်ကြည့်နေရာ ငွေခင်က လှမ်း၍...
"ကိုရန်ရှင်း ကျွန်မမှာတာတွေ အကုန်ပါရဲ့လား” ဟု မေးတော့မှ သတိရကာ ပါလာသည့်အကြောင်းကို ပြန်၍ ပြောရလေသည်။
လှေဆိပ်တံတားတွင် သမွန်ကပ်၍ ကြိုးချည်နေစဉ် မြို့ဘက်မှ ရွာဘက်ဆီသို့ အပြင်းမောင်းလာနေသော ဂျွန်ဆင်ခေါ် နှစ်ယောက်စီး မော်တော်ဘုတ်ကလေး တစ်စင်း၏ စက်သံကို ကြားရလေသည်း၊ သမွန် ထဲမှ လူများသည် မိမိတို့၏ ပစ္စည်းများကို အသီးသီးဆွဲကိုင်၍ သမွန် ပေါ်မှ တံတားပေါ်ဆင်းလျက်ရှိကြစဉ် အဆိုပါ မော်တော်ဘုတ်လည်း ထိုဆိပ်သို့ဝင်၍ ဆိုက်လေ၏။
မော်တော်ဘုတ်ထဲတွင် ဘောင်းဘီတိုနှင့် သလေဇာဝတ်ထား ကြသော ဗမာနှစ်ယောက် ပါလာကြသည်။ တစ်ယောက်မှာ အသက် ၂၅ နှစ်လောက်ရှိ၍ တစ်ယောက်မှာ ၃၅ နှစ်ခန့် ရှိပြီဟူ၍ ခန့်မှန်းရသည်။ ၎င်းတို့နှင့်အတူတူ နှစ်လုံးပြူးသေနတ် ၂ လက်နှင့် အရက်သေတ္တာ တစ်လုံးလည်း ပါလာကြသေး၏။
၂၅ နှစ်အရွယ် မောင်စိန်ဦးသည် အမိအဘများ အနိစ္စရောက် ပြီးနောက် လယ်ဧက တစ်ထောင်ကျော်လောက် အမွေရလိုက်ရာ ဝါးခယ်မမြို့တွင် သူဌေးကလေးဟူသော အမည်ကိုခံယူ၍ သူ့ပစ္စည်း၏ တန်ခိုးဖြင့် လောကကြီး၏ ပျက်စီးရာ ပျက်စီးကြောင်း မှန်သမျှကို တတ်နိုင်သရွေ့ ကြိုးစားကာ ဆောင်ရွက်လျက်ရှိသူ ဖြစ်သည်။ သမဏေန သမနော၊ ဂေါနေန ဂေါနာ ဟူသောစကားအတိုင်း မောင်စိန်ဦးသည် မိမိ၏ စိတ်တူသဘောတူ လူကိုသာ ရှာကြံ၍ ပေါင်းမည်ဖြစ်ရာ ၎င်းနှင့် အတူတူပါလာသော ၃၅ နှစ်အရွယ်ရှိ ဒုတိယတန်း အမိန့်တော်ရရှေ့နေ ကိုဘဝင်းသည်လည်း သည်ပုတ်ထဲက သည်ပဲပင် ဖြစ်တော့၏။ ကိုဘဝင်း သည် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး အသားအရေမှာ ဖြူ၍ နီစပ်စပ် နေလေသည်။ သူ၏ မျက်နှာတစ်ခုလုံးတွင် မြင့်မား၍ အဖျားတွင် ပွယောင်းယောင်းရှိသော နှာခေါင်းသည် အထင်ရှားဆုံး ဖြစ်လေသည်။
သူတို့ လာမည့်အကြောင်းကို ကြိုတင်၍ အကြောင်းကြားထား သည် ဖြစ်ရကား၊ မော်တော်ဘုတ်သံကို ကြားရကတည်းက ရှမ်းစု ရွာသူကြီးသည် တပည့်နှစ်ဦးနှင့် လှေဆိပ်တွင် ဆင်း၍ စောင့်နေလေ သည်။ မောင်စိန်ဦးတွင် လယ်ဧက ၃ဝဝ လောက် ရှမ်းစုရွာဘက်တွင် ရှိရာ ရုံးပိတ်ရက်များတွင် သူဌေးကလေးနှင့် အမိန့်တော်ရ ရှေ့နေတို့သည် မရှိနွမ်းပါးသော တောသူကလေးများကိုလည်း ခြေတော်တင်ရင်း၊အပြင်းပြေ အမဲလည်လိုက်ရင်း၊ အရက်သောက်၍ စိတ်ရှိတိုင်းလည်းပျော်ရင်း ဆိုသလို ရှမ်းစုရွာနားသို့ မကြာခဏ လာကြလေသည်။ မော်တော်ဘုတ်ဆိုက်၍ တံတားပေါ်သို့ တက်မိကတည်းက အမိန့်တော်ရ ၏ မျက်စိသည် ဝင်လုမည့် နေရောင်တွင် ပဏာရနေသော ငွေခင်၏ ရူပါရုံပေါ်တွင် ခံတွင်းတွေ့လျက်ရှိသဖြင့် အောင့်၍ မထားနိုင်ဘဲ
"ဟေ့ မောင်စိန်ဦး (ငွေခင်ဘက်သို့ မျက်စပစ်ပြ၍) ဒီဟာ ကလေးဟာ ဘယ်သူလဲကွ၊ ငါ တစ်ခါမှ မမြင်ဖူးသေးပါလား”ဟု အင်္ဂလိပ်လို လှမ်းမေးလိုက်၏။
“အို... ဒီရွာကပါပဲ”
ဟု ပြန်ဖြေ၍ စကားစ ဖြတ်လိုက်ပြီးလျှင် သူကြီးနှင့် အတူတူ သူကြီး၏ အိမ်ဘက်ဆီသို့ ထွက်သွားကြ၏။ ကိုဘဝင်းလည်း ငယ်စဉ်က ပင် ဣန္ဒြေ စောင့်ထိန်းရသည်ဟူသော စကား၏ အဓိပ္ပာယ်ကို နားလည် ခဲ့သူတစ်ဦးမဟုတ်ရကား တော်တော်အလှမ်းဝေးသည်အထိ ငွေခင်ကို ၃၊ ၄ ကြိမ်လောက် ဣဒြေမဲ့စွာ လှည့်ကြည့်ခါဖြင့် လိုက်ပါ သွားလေသည်။
ငွေခင့်အပေါ်တွင် ဘဝင်း စွဲသွားသည်မှာ အံ့သြစရာ မဟုတ်ပေ။ ငွေခင်သည် ဗမာ့အခေါ်အားဖြင့် လုံးကြီးပေါက်လှကြီး ဖြစ်လေ သည်။ လုံးကြီးပေါက်လှတို့ မည်သည်မှာ မြင်ရသူ တစ်ဖက်သား၏ စိတ်ကို ယိုဖိတ်စေသည့်အထဲတွင် ငွေခင်မှာ သာမန် လုံးကြီးပေါက်လှ တို့ထက်ထူးသော မက်လုံး ၂ လုံး ရှိသေး၏။ ၎င်းတို့မှာ အခြား မဟုတ်။ သူ၏ မျက်လုံးနှင့် ရင်သားတို့ပင် ဖြစ်ကြလေသည်။ မျက်လုံး ဆိုရာ၌ အစားစား ရှိလေသည်။ အချို့မျက်လုံးမှာ ကြည်လင်၍ နေသဖြင့် ချစ်စရာကောင်း၏။ အချို့ကား ရီ(ရယ်)၍ နေသောကြောင့် ချစ်စရာကောင်း၏။ အချို့မှာမူကား အကစားကောင်းသောကြောင့် ချစ်စရာကောင်း၏။ ငွေခင်၏ မျက်လုံးများမှာကား ထိုမျက်လုံးများကဲ့သို့ မဟုတ်၊ မျက်လုံးအတွင်းမှ ထွက်လာသော ညှိဓာတ်များကြောင့် ချစ်စရာကောင်းသည်ဟူ၍လည်း တိတိကျကျ မဆိုသာ၊ သူ့မျက်လုံးများဖြင့် အညှို့ခံရသူတို့မှာ ထိုကဲ့သို့ အညံ့ ခံရသည့် အတောအတွင်း သူ့ကို ချစ်ရတော့မလိုလို အော်ဟစ်၍ ဝမ်းသာပစ်လိုက်ရတော့မလိုလို ကြောက် ရတော့မလိုလိုနှင့် ဘာဟူ၍ ဝေခွဲမရအောင်ပင် ဖြစ်သွားတတ်၏ ပိုးဖလံကောင်သည် အပူခံ၍ မီးရောင်ကို တိုးနေရမှသာ ကျေနပ်သကဲ့သို့ငွေခင့်မျက်လုံး၏ အညှိ့ ကို တစ်ကြိမ်ခံရသောသူသည် ထပ်တလဲလဲပင် အညှို့ခံ၍ နေချင်၏။
ထိုမျှမကသေး ကြွက်ထောင်ချောက်ဝတွင် တပ်ဆင်ထားသော အစာသည် ကြွက်ဝမ်းဖြူ၊ မြေကြွက်၊ ကြွက်စုတ်မကျန် အနီးသို့ ချဉ်းကပ်လာသမျှ ကြွက်တို့အား“လာလှည့်ကုန်၊ စားလည့်ကုန်” ဟူသော အမူအရာဖြင့် ထိုကြွက်တို့ကို သားရေယိုအောင် ဖန်ဆင်းလျက် ရှိသကဲ့သို့ ငွေခင်၏တင်းပြည့်ကျပ်ပြည့် ထွားကြိုင်းလျက်ရှိသော ရင်သားတို့မှာလည်းလူပျိုပေါက်၊ လူပျိုသိုး၊ တစ်ခုလပ်၊ မုဆိုးဖို၊ ဘုရားဒကာ၊ ကျောင်းဒကာ မှ စ၍ မြင်မြင်သမျှတို့ကို ဖိန်းရှိန်းသွားအောင် ဖန်တီးလျက်ပင် ရှိလေ၏။
ရန်ရှင်းလက်မှ ကိုင်လာသော အထုပ်များကို ကူ၍သယ်ပြီး ငွေခင်သည် ရန်ရှင်းနှင့် အတူတူ အိမ်ဘက်ဆီသို့ လျှောက်လာကြလေ၏။
“ကိုရန်ရှင်းတို့နှယ်၊ ဒီနေ့ ပြန်လာတာ သိပ်နောက်ကျတာပဲ”
"နောက်ကျဆို ... လမ်းမှာ ရေဆန်မိလာတယ်ကွ”
“ကျမက ဘာများ ဖြစ်နေကြသလဲလို့"
"ဒီလမ်းနဲ့ ဒီလမ်းပဲကွယ်၊ ဘာဖြစ်စရာရှိသေးလဲ”
“သိနိုင်ဘူးလေ၊ ကာလကြီးက ရှုပ်သား၊ ဒါပဲဆရာ စိတ်မချဘူး၊ နောက် မြို့သွားရင် ကိုယ်လည်း လိုက်ခဲ့ရလိမ့်မယ်”
“ဟား... ဟား.. ဟား.. ဟား ... လက်စသတ်တော့ သူ မြို့ကို လိုက်ချင်တာကိုး၊ ခေါ်လို့မဖြစ်ဘူး ဆရာ ၊ တို့က မဟာဝါနဲ့ တွေ့ရင် ဆူနေလိမ့်မယ်”
"တော်တော်ပဲနော်၊ ဟောဒါတွေ အကုန်လုံး လွတ်ပစ်လိုက် လိမ့်မယ်”
ဟု ပြောပြီး လွှင့်ပစ်မလို လုပ်လိုက်ရာ ရန်ရှင်းက ဆွဲထား ရလေသည်။နောက်မှ လိုက်လာသော ဒေါ်တုတ်သည် မြင်သဖြင့်
“ဟေ့.. ဟေ့ ... လမ်းမကြီးမှာကွာ ကိုယ့်အိမ်ကျတော့မှ ကျီစယ်ရုံမကလို့ ကိုယ့်လှေကိုယ်ထိုး ပဲခူး ရောက်ရောက်ကွ” ဟု လှမ်းပြောလိုက်ရာ...
ဒေါ်တုတ်နှင့် ပါလာသူ ကိုရေချမ်းက..
“ကျုပ်တို့ မင်းသားက အသစ်ပြန်ကရလို့ အချစ်နာလန် ၊ ထနေတာပါဗျ” ဟု ထပ်၍ လှောင်လိုက်ပြန်လေ၏။