စိတ်ကူးချိုချိုစာပေ
ဦးနု - ပြည်ထောင်စုနီတိ
Couldn't load pickup availability
နိဒါန်း
နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ကြီးပွားရေးအတွက် အဓိက အချက်တစ်ချက်မှာ အခြားမဟုတ်၊ ထိုနိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားများပင် ဖြစ်သည်။ ထိုနိုင်ငံ သည် မြေပေါ်မြေအောက် သဘာဝပစ္စည်းများနှင့် မည်မျှပင် ကြွယ်ဝချမ်းသာ စေကာမူ ထိုနိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားများသည် လူတော်လူကောင်းများ မဟုတ်လျှင် ထိုနိုင်ငံသည် မည်သည့်နည်းနှင့်မျှ မကြီးပွား မတိုးတက်နိုင်။
ထိုနိုင်ငံသည် မြေပေါ်မြေအောက် သဘာဝပစ္စည်းများနှင့် ပြည့်စုံကြွယ်ဝ ခြင်းပင် မရှိလင့်ကစား ထိုနိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားများသည် လူတော်လူကောင်းများ ဖြစ်နေကြပါမူ ထိုနိုင်ငံသည် တိုးတက်ကြီးပွားနိုင်သည်။ အကောင်း ဆုံးသာဓကမှာ အင်္ဂလန်နိုင်ငံပင် ဖြစ်သည်။
နိုင်ငံသူ နိုင်ငံသားများ ဆိုသည်မှာလည်း အခြားမဟုတ်၊ မိသားစုများ စုပေါင်းထားသော အဖွဲ့အစည်းကြီးပင် ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံသူ နိုင်ငံသား များအား လူတော်လူကောင်းများဖြစ်အောင် ပြုလုပ်ရမည်ဆိုရာ၌ မိသားစု တိုင်းကို လူတော်လူကောင်းများ ဖြစ်အောင် ပြုလုပ်ရမည်ဟူ၍ပင် ဆိုလိုရင်း ဖြစ်ပေသည်။
မိသားစု ဆိုသည်မှာလည်း အခြားမဟုတ်။ အဖေ အမေ၊ သို့မဟုတ် လင်နှင့်မယား၊ သားသမီးတို့ စုပေါင်းထားသော အဖွဲ့ပင် ဖြစ်သည်။ သို့ဖြစ်ရာ မိသားစုတိုင်း လူတော်လူကောင်းများဖြစ်အောင် လုပ်ရမည်ဆိုရာ၌ ထိုအဖွဲ့၌ ပါသော အဖေအမေ၊ သို့မဟုတ် လင်နှင့်မယား၊ သားသမီးတို့ကို လူတော်လူကောင်းများဖြစ်အောင် လုပ်ရမည်ဟူ၍ပင် ဆိုလိုသည်။
ဤပြည်ထောင်စု နီတိတွင် -
(၁) အဖေကောင်းဖြစ်ရန် နည်းများ၊
(၂) အမေကောင်းဖြစ်ရန် နည်းများ၊
(၃) လင်ကောင်းဖြစ်ရန် နည်းများ၊
(၄) မယားကောင်းဖြစ်ရန် နည်းများ၊
(၅) သားသမီးကောင်းဖြစ်ရန် နည်းများ၊
(၆) ဆရာကောင်းဖြစ်ရန် နည်းများ၊
(၇) တပည့်ကောင်းဖြစ်ရန် နည်းများအပြင် လူ့လောကကြီးထဲ၌ လူဖြစ်နေရသရွေ့ ကာလပတ်လုံး ဘယ်အလုပ်ကိုပင် လုပ်လုပ်၊ ဘယ်ဘဝမှာဘဲ နေရနေရ၊ လူတော်လူကောင်း တစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်မည့် နည်း ကောင်းလမ်းကောင်းများ အမြောက်အမြား ပါရှိသည်။
ပြည်ထောင်စုနီတိတွင်ပါသော နည်းကောင်း လမ်းကောင်းများသည် ယခု ပစ္စုပ္ပန်အကျိုးအတွက် သာမက သံသရာဝဋ်ဆင်းရဲဒုက္ခ အပေါင်းတို့က လွတ်မြောက်ရေးအတွက်လည်း အထူးအထောက်အပံ့ဖြစ်စေသော နည်းကောင်း လမ်းကောင်းများ ဖြစ်သည်။
ဤနည်းကောင်း လမ်းကောင်းများသည် လူသာမန်တို့ ကြံစည်တွေးဆ ၍ ရေးသားထားကြသော နည်းလမ်းများမဟုတ်။ မဖောက်မပြန် သယမ္ဘူ ဉာဏ်ရှင် မြတ်စွာဘုရားသခင် ကိုယ်တော်တိုင် ဟောကြားထားသော ဒေသနာ အဆီအနှစ်များထဲမှ ဖွေရှာစီစစ်ထားသော နည်းကောင်း လမ်းကောင်းများပင် ဖြစ်သည်။
ထို့ကြောင့်
(၁) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ကြီးပွားတိုးတက်ရေးကိုလိုလားကြသူများသည်လည်းကောင်း၊
(၂) မိမိ ပစ္စုပ္ပန်နှင့် သံသရာ နှစ်ဖြာသော အကျိုးစီးပွားကို လိုလားကြသူများသည်လည်းကောင်း၊
(၃) အဖေကောင်း ဖြစ်လိုသူများသည်လည်းကောင်း၊
(၄) အမေကောင်း ဖြစ်လိုသူများသည်လည်းကောင်း၊
(၅) လင်ကောင်း ဖြစ်လိုသူများသည်လည်းကောင်း၊
(၆) မယားကောင်း ဖြစ်လိုသူများသည်လည်းကောင်း၊
(၇) သားသမီးကောင်း ဖြစ်လိုသူများသည်လည်းကောင်း၊
(၈) ဆရာကောင်း ဖြစ်လိုသူများသည်လည်းကောင်း၊
(၉) တပည့်ကောင်း ဖြစ်လိုသူများသည်လည်းကောင်း၊
(၁၀) လူတော်လူကောင်းများ အဖြစ်နှင့် နေရာတကာတိုင်းတွင် ရှေ့
တန်းက နေလိုကြသူများသည်လည်းကောင်း၊ ဤပြည်ထောင်စုနီတိကို-
(က) ဖတ်ကြပါ။
(ခ) အကြိမ်ကြိမ် ဖတ်ကြပါ။
(ဂ) အထူးဂရုစိုက်၍ ဖတ်ကြပါ။
(ဃ) ဖတ်သမျှကိုလည်း မှတ်မိအောင် မှတ်ကြပါ။
(င) အထူးဂရုပြု၍ မှတ်ကြပါ။
(စ) ဤသို့ အထူးဂရုပြု၍ မှတ်ထားသော နည်းကောင်း လမ်းကောင်းများအတိုင်း မကျိုးမပေါက် မပြောက်မထားဘဲ အထူးကျင့်ကြံဆောက်တည်ကြပါ ဟူ၍ ကျွန်တော် လေးနက်စွာ တိုက်တွန်း လိုက်ပါသည်။ စာဖတ်သူအပေါင်း - ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ကြောင့်ကြ ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။


