Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဦးညီပု - ဒီဗလားရား

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

အခန်း ( ၁ )

အိုင်ရစ်လူမျိုးတို့ ကျွန်တွင်းသို့ သက်ဆင်းခြင်း

အိုင်ယာလန်နိုင်ငံ သမ္မတမင်း “ဒီဗလားရား”၏ အတ္ထုပ္ပတ္တိကို ဖတ်ရှုရာတွင် ၎င်း၏ ကိုယ်စိတ်နှစ်ပါးလုံး ဒုက္ခအမျိုးမျိုးကိုခံ၍ အင်္ဂလိပ် တို့ ၏ ဖိနှိပ်ချုပ်ချယ်အုပ်စိုးခြင်းအောက်မှ ယခုအခြေအနေဖြစ်သည့် (အိုင်ရစ်ဖရီးစတိတ်) ခေါ် “လွတ်လပ်သောအိုင်ရစ်နိုင်ငံ” အဖြစ်သို့ ၎င်း သမ္မတမင်း ထုတ်ယူတင်မြှောက်ခံခဲ့ရသော အိုင်ယာလန်နိုင်ငံ၏ ရှေ့ဖြစ် အကြောင်းကို အတိုချုပ်အားဖြင့် သိရှိရန်လိုအပ်ပေသည်။

အိုင်ယာလန်ကျွန်းနှင့် အင်္ဂလိပ်လူမျိုးတို့နေထိုင်ရာဖြစ်သော ဗြိတိန်ကျွန်းတို့မှာ နီးကပ်စွာ တည်ရှိကြသော်လည်း အိုင်ရစ်လူမျိုးတို့နှင့် အင်္ဂလိပ်လူမျိုးတို့မှာ အနွယ်အဆက်ပင်ရင်းမူလအားဖြင့် အမျိုးမတူ ကွဲပြားခြားနားကြပေသည်။ အိုင်ရစ်လူမျိုးတို့၏ ပင်ရင်းအနွယ်တို့မှာ “ကဲ့ (လ-စ)”လူမျိုးများဖြစ်ကြ၍ ယခုအင်္ဂလိပ်ခေါ် ဗြိတိန်ကျွန်းသားတို့ သည် များစွာ ရိုင်းလျက်ရှိစဉ်အခါကပင် ၎င်း ကဲ့ (လ-စ)” လူမျိုးတို့မှာ အတော်ယဉ်ကျေးသောအဖြစ်သို့ ရောက်ရှိနေသူများ ဖြစ်ကြလေသည်။ ထိုစဉ်ကာလ အိုင်ယာလန်ကျွန်းမှာ ထီးနန်းသီးခြားဘုရင်များ အုပ်စိုး လျက်ရှိကြရာ ဘုန်းတန်ခိုးခွန်အားကိုလိုက်၍ တစ်ဦးနှင့်တစ်ဦး လုယက် တိုက်ခိုက်လျက် ရှိကြလေသည်။ ၎င်းတို့အနက် မိ(သ)”နှင့် “ကွန်နောက်”ခေါ်နယ်များကို အုပ်စိုးသောဘုရင်သည် အားအင်အကြီးဆုံးဖြစ်၍ အမြင့်ဆုံးဘုရင်”(ဟိုက်ကင်း) ဟူသောဘွဲ့ကို ယူလေသည်။

ထိုအခါ အင်္ဂလန်နိုင်ငံတွင် ဒုတိယမြောက်-ဟင်နရီဘုရင် အုပ်စိုး လျက်ရှိ၍ ၎င်းမင်း၏လက်ထက်တွင် အိုင်ရစ်လူမျိုးများနှင့် အင်္ဂလိပ် လူမျိုးတို့ စတင်တွေ့ကြုံတိုက်ခိုက်ရန် အကြောင်းပေါ်ပေါက်လေသည်။ ၎င်းအကြောင်းမှာ အိုင်ယာလန်နိုင်ငံတွင် လက်အောက်ခံမင်းတစ်ပါး ဖြစ်သော “လိန်းစတားဘုရင်” သည် မိမိ၏အရှင်ဖြစ်သော “ဟိုက်ကင်း” ကို ပုန်ကန်ခြားနားခြင်းငှာ အင်္ဂလိပ်-ဟင်နရီဘုရင်၏ အကြီးမားဆုံး မြို့စားတစ်ဦးဖြစ်သော 'စထရောင်းဘိုး” ခေါ် “အားလ် အော့ပင်းဘရုတ်” ကို ပင့်ခေါ် ပူးပေါင်းတိုက်ခိုက်ကြရာ အောင်မြင်လတ်သော် “စထရောင်း ဘိုး” မှာ အိုင်ယာလန်တွင် ဩဇာတန်ခိုးကြီးမားလွန်းလျက်ရှိလေ၏။ မိမိ၏မြို့စားကြီး အားအင်ကြီးမားလွန်းမည်ကို စိုးရိမ်မကင်းဖြစ်သော ဟင်နရီဘုရင်သည် အိုင်ယာလန်ကိုတိုက်ခိုက်ရန် သွားသောအခါ တုံ့ပြန် တိုက်ခိုက်ခြင်းမပြုသဖြင့် “စထရောင်းဘိုး” ကိုပင် မိမိ၏ ဘုရင်ခံချုပ် အဖြစ် အိုင်ယာလန်ကျွန်းကို အပ်နှင်းထားခဲ့၍ ပြန်လာခဲ့လေသည်။

ဤသည်ပင်လျှင် အိုင်ရစ်လူမျိုးတို့သည် အင်္ဂလိပ်တို့ကျွန်တွင်း သို့ ရှေ့ဦးစွာ သက်ဆင်းကျရောက်သော အချက်ပင်တည်း။ စထရောင်း ဘိုး” သည် ကြီးမားခိုင်ခံ့သောခံတပ်ရဲတိုက်ကြီးများကို ဆောက်လုပ်၍ မိမိ၏ နောက်ပါအကြီးအကဲများတို့အား နိုင်ငံအလုံး ခွဲဝေအပ်နှင်းပြီးလျှင် နယ်စားပယ်စား-မြေပိုင်ရှင်ကြီးများပြုလုပ်စေ၍ နိုင်ငံရင်းသား အိုင်ရစ် လူမျိုးများမှာ ၎င်းတို့၏ကျေးကျွန်အဖြစ် ဖိစီးညှဉ်းဆဲတိုင်း ခံရလေ တော့သည်။

ထိုအုပ်ချုပ်နည်းဖြင့် အုပ်စိုး၍လာခဲ့ရာ ဘာသာရေးတွင်လည်း နောင်အခါ ထပ်မံဖိစီးနှိပ်စက်ခြင်းကို ခံရပြန်လေသည်။ အင်္ဂလိပ်လူမျိုးတို့က ဘုရင်ဂျီဘာသာကို စွန့်ပယ်ကြသောအခါ အိုင်ရစ်လူမျိုးတို့က ဘုရင်ဂျီဘာသာတွင် တည်မြဲနေကြ၍ ဘာသာရေးဥပဒေအမျိုးမျိုးဖြင့် ချုပ်ချယ်ခဲ့လေသည်။ ဘုရင်ဂျီဘာသာဝင်များအား မည်သည့်ရာထူးကို မှမယူရခြင်း၊ ရှေ့နေရှေ့ရပ်မလုပ်ရခြင်း၊ အယုတ်ဆုံးအားဖြင့် မြင်းကောင်း ကိုပင် ပိုင်ဆိုင်ခွင့်မရခြင်းအားဖြင့် များစွာ ဖိနှိပ်ချုပ်ချယ်ခဲ့လေသည်။ ထိုအခါ အိုင်ယာလန်တွင် အင်္ဂလိပ်နှင့်စကော့လူမျိုးတို့သည် လာရောက် နေထိုင်ကာ ပစ္စည်းဥစ္စာပိုင်ဆိုင်ကြ၍ အိုင်ရစ်လူမျိုးတို့မှာ မိမိတို့နိုင်ငံကို စွန့်ခွာ၍ အမေရိကန်နိုင်ငံသို့ အမြောက်အမြား ရွှေ့ပြောင်းသွားရောက် ကြလေသည်။

၁၈၄၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အာလူးပင်များပျက်စီးလတ်သော် ဒုမ္ဘိက္ခန္တရကပ်ဆိုက်ရောက်ပြီးလျှင်များစွာ သေကျေကြကုန်၏။ မြေပိုင်ရှင် အဟောင်းများလည်း ပျက်စီးဆုံးပါး၍ လူသစ်များလက်သို့ မြေများပြောင်းရွှေ့ ကျရောက်လေရာ ၎င်းတို့သည် မြေထောက်ခများကို တစ်နှစ် ထက်တစ်နှစ် တိုးတက်၍တောင်းယူခြင်းကြောင့် လုပ်ကိုင်ရင်း လုပ်သား တို့မှာ မိမိတို့၏ မျိုးစေ့၊ ကျွဲ၊ နွားများကိုပေးအပ်ရပြီးလျှင် လက်မဲ့ ထွက်ခွာသွားကြရလေသည်။ ။

ဤသို့လျှင်နှစ်ပေါင်းများစွာပတ်လုံး အိုင်ရစ်လူမျိုးတို့မှာ ချမ်းသာကွက် တစ်ခဏမျှ မတွေ့ ရဘဲ ဆူပူခြင်း၊ ဖိနှိပ်ခြင်းနှင့်သာ အသက်နှင့်အမျှနေခဲ့ကြရခြင်းကြောင့် အိုင်ရစ်လူမျိုးများ၏စိတ်တွင် မြေပိုင်ရှင်နည်းစနစ်သည် ၎င်းတို့၏ သေမင်းဟူ၍ မှတ်ယူကြပြီးလျှင် မြေပိုင်ရှင်နှင့် အင်္ဂလိပ်အစိုးရကတစ်ဖက်၊ အိုင်ယာလန် နိုင်ငံရေး ခေါင်းဆောင်တို့ကတစ်ဖက် အမြဲတိုက်ခိုက်လျက်နေကြရာ ခရစ်နှစ် ၁၉ဝဝ ပြည့်ခါနီး အခါကစ၍ တိတ်တိတ်ပုန်း လျှို့ဝှက်သောအသင်းများ အများအပြား ပေါ်ပေါက်လာကြလေသည်။

ထို့ပြင် အမျိုးသားအရေးကိစ္စအတွက် စတင်ပေါ်ပေါက်လာခဲ့ ခြင်းတစ်ရပ်မှာ အိုင်ရစ်ဘာသာစကား ပြန်လည်တိုးပွားရေးကို ဆိုင်း၊လေဒီဂရေး၊ ယိ (တ) ” အစရှိသောပုဂ္ဂိုလ်များက စတင်တည်ထောင်ခြင်း ပင်ဖြစ်သည်။ ထိုကိစ္စမှအစ ကနဦး၌ ဘာသာစာပေအားပေးရန်ဟု ဆိုအပ်သော်လည်း နောင်အခါ၌ နိုင်ငံရေးသဘောများ စွက်ဖက်ပါဝင် လာပြီးလျှင် အမျိုးသားရေးတို့ လွတ်လပ်ရေးဆောင်ရွက်ရန် စတင်ပေါ် ပေါက်သောအချက် ဖြစ်လေသည်။

ဤကဲ့သို့ ဆိုးရွားသောအခြေအနေ၌ ဒီဗလားရားမှာ ကြီးပြင်း လာရ၍ မြေပိုင်ရှင်တို့၏ ရက်စက်ဆိုးရွားခြင်း အမျိုးသားတို့၏ ပင်ပန်း နွမ်းရိ မချိတင်ကဲအဖြစ်ကို စိတ်တွင်အမြဲစွဲလျက် နေပေလိမ့်မည်။ ၎င်းပြင် ငတ်မွတ်ခေါင်းပါးစဉ်အခါက အစာပြတ်၍ ကလေးသူငယ်မှစ၍ အများ အပြား သေကျေပျက်စီးရခြင်းအကြောင်းတို့ကို ကြားသိ မှတ်သားရခြင်း ဖြင့် နာကြည်းသောစိတ်မှာလည်း ငယ်စဉ်ကပင် စွဲမြဲ၍ ကြီးပြင်းလာရ ပေလိမ့်မည်။