ဦးကျော်မိုးမြင့်(မြန်မာစာ) - အလယ်တန်းအဆင့်ဂုဏ်ထူးလွန်စာစီစာကုံးများ
ဆရာတို့တွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ သုံးမျိုးရှိပါသည်။ သင်ဆရာဟူသည် “ကိုယ်ထိလက်ရောက် ကျကျနန သင်ကြားပေးသောဆရာမျိုး” ဖြစ်သည်။ မြင်ဆရာဟူသည် “သူလုပ်ကိုင်နေသည်ကို တွေ့ကာမြင်ကာမျှဖြင့် တတ် မြောက်ခြင်းရှိသူဆရာကို” ခေါ်သည်။ ကြားဆရာဟူသည် “သူပြောဆိုရွတ်ဖတ် နေသည်ကို ကြားရသဖြင့် တတ်မြောက်ခြင်းရှိသူ၏ဆရာကို ခေါ်သည်ဟူ၍ သုတေသန သရုပ်ပြအဘိဓာန်တွင် ပြည့်ဝစုံလင်စွာ ဖွင့်ဆိုပြထားပါသည်။ မည်သို့ ပင် တီထွင်ကြံဆ အဓိပ္ပာယ်ဖွင့်ဆိုကြစေကာမူ ဆရာဟူသည် “ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလို စိတ်က၊ ဆုံးမတတ်သူ” များပင်ဖြစ်ကြပေသည်။
ဆရာဟူသည် “စေတနာ၊ ဝါသနာ၊ အနစ်နာ” ဟူသော နာသုံးနာနှင့် ပြည့်စုံရမည်ဟု ရှေးကပညာရှင်တို့ ဆိုမိန့်ကြပါသည်။ ဆရာတို့မည်သည် သင်ကြား ခြင်းအတတ်ပညာကို ဝါသနာထုံသူလည်းဖြစ်ရမည်။ တပည့်တို့အပေါ်တွင် စေတ နာကောင်းထားသူလည်းဖြစ်ရမည်။ တပည့်တို့အကျိုးနှင့် ပတ်သက်လာလျှင် အနစ် နာခံနိုင်သူလည်းဖြစ်ရမည်။ သင်ကြားပို့ချရာတွင် ထိမိပိုင်နိုင်စွာ သင်ကြားနိုင်ရန် အတွက် စာဖတ်နာသူလည်း ဖြစ်ရမည်။ မိမိတပည့်ထူးချွန်စွာတတ်မြောက်စေရေးကို ရှေ့တန်းတင်၍ ပင်ပန်းသည်ဟု သဘောမထားဘဲ အကြင်နာတရား အပြည့်အဝနှင့် ဆုံးမနိုင်သူလည်းဖြစ်ရမည်။ သို့မှသာ “အနန္တော အနန္တ ဂိုဏ်းဝင်” ဆရာကောင်းဆရာမြတ်ဟူ၍ ခေါ်တွင်ထိုက်ပေမည်။
တစ်ဖန် ဆရာတို့မည်သည် “ထကြွနိုးကြွား၊ သနားသည်းခံ၊ ဝေဖန် ထောက်ရှု၊ ဤခြောက်ခု” ဟူသော နာယကဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသင့်လှသည်။ “သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ” တည်းဟူသော သူတော်ကောင်း တရား ခုနှစ်ပါးတို့နှင့်လည်း ပြည့်စုံစွာ ကျင့်ကြံနေထိုင်သင့်လှသည်။ ထို့နောက် တစ်ဖန် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးပါးနှင့်လည်း ညီညွတ်စွာ ပြုမူသင့်လှပေသည်။ သို့မှသာ ဘုရားနှင့်တစ်ဂိုဏ်းတည်း အမိအဖနှင့် တစ်တန်းတည်းထားကာ တပည့်တို့က ချစ် ကြည်ညိုလေးစားကြပေမည်။
မြန်မာအဘိဓာန်တွင် “ဆရာဟူသည် ပညာသင်ပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူ၊အတတ်တစ်ခုခု၊လုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်တတ်မြောက်သူ” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ “လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဘ” ဟူ၍ မိဘနှစ်ပါးသည် လူသား၏ပထမဦးဆုံးသော ဆရာများဖြစ်ကြောင်း လည်း ဖွင့်ဆိုကြပါသည်။ မိဘနှစ်ပါးသည် မိမိတို့ရင်သွေးရတနာကလေး မျက်စိဖွင့် နားပွင့်လာကတည်းက မိမိတို့ဘာသာ၊ စာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု တို့ကို သင်ပေးကြမြဲ ဓမ္မတာပင်ဖြစ်ကြသည်။ ပထမအရွယ် ငယ်သော်ကစ၍ လူ လားမြောက်သည့်အချိန်အထိ မိဘတို့သည် သားသမီးတို့အပေါ် ဆိုဆုံးမ၍ သင် ကြား၍နေကြရပေသည်။ မိဘသည် ဆရာဖြစ်ကြောင်းကို “သားသမီးမကောင်း မိဘခေါင်း” ဟူသောစကားက သက်သေခံပေသည်။
ဆရာတို့သည် ကရုဏာတရား မေတ္တာတရား ကြီးမားကြသူများ ဖြစ်ကြ ပေသည်။ ကျောင်းသို့ရောက်စက ကလေးသူငယ် လူမမည်ကလေးကို ကျောင်းနေပျော်၍ စာတော်စေရန်အတွက် ဂရုတစိုက်ဆက်ဆံ သင်ကြားကြရပေသည်။ “ကျောင်းသို့ရောက်လာ၊ မြတ်ဆရာလည်း၊ သို့မှာသို့ရေး၊ နှုတ်သံလေးနှင့်၊ ညီထွေး သည့်နှယ်၊ လက်သန်းကြွယ်နှင့်၊ လက်လယ်ကိုကား၊ ဤသို့ထားမှ၊ လက်မသို့ထိပ်၊ လက်ညှိုးပိတ်၍၊ နှိပ်ကာလည်းကြွ၊ မကာလည်းရေး” ဟု အေးအေးသံရွှင်ဖြင့် လက် ထားက စသင်ပေးခဲ့သည်မှာ ဆရာတို့၏ အစပထမ ကျေးဇူးရှင်တို့ပေသည်။
ဆရာတို့မည်သည် တပည့်တို့ကို အတတ်ပညာသင်ကြားရုံသာ မဟုတ် သေး။ လိမ္မာယဉ်ကျေးစွာလူတောတိုးနိုင်ရန်၊ ပညာရဲရင့်ပွဲလယ်တင့်နိုင်ရန် ဆုံးမ ညွှန်ပြကြရသေးသည်။ “တပုံမှတ်ကိန်း၊ အိုးထိန်းတို့မှာ၊ အိုးခတ်ရာဝယ်၊ ကွဲငှာ မခတ်”၊ “ရင်ဝယ်ဖြစ်ညား၊ မွေးသည့်သားကို၊ မယ်ဖွားမိခင်၊ ဆုံးမသင်သို့၊ အကြင် ဆရာ၊ တို့သူငါဆို၊ လိမ္မာစေကြောင်း၊ ကောင်းပါစေလို၊ ဆိုပါသမျှ”ဆရာတို့၏ပဲ့ပြင် ဆုံးမတတ်သည့် ကျေးဇူးကား အထူးပင်ကြီးလှပါသည်။
ရှေးပညာရှိတို့က ဆရာတို့ကို ဓားသွေးကျောက်နှင့် တင်စားဂုဏ်ပြုကြ သည်။ တပည့်တို့သည် သွေးသောဓားကဲ့သို့ ထက်မြက်သွားကြပြီး ဓားသွေးကျောက် သည်ကား တဖြည်းဖြည်း ပါးလျားသွားရချေသည်။ အချို့ကလည်း ဆရာတို့အား ဖယောင်းတိုင်နှင့် ခိုင်းနှိုင်းကြပြန်ပါသည်။ တပည့်တို့အတွက် အလင်းရောင်ကို ဖြန့် ဝေပေးရင်း တို၍တို၍ အို၍ အို၍သွားကြပုံကို ပုံဆောင်၍ ပြတတ်ကြပါသည်။ မိမိ ၏တပည့်များ ကြီးပွားချမ်းသာကြ၊ ရာထူးဂုဏ်သိန် မြင့်မားသွားကြသည်ကို ကြည့် ရှုပြီး ဝမ်းသာပီတိဖြစ်နေကြရရှာသည်။ ဤသည်ကိုပင်လျှင် “တပည့်မရှား၊ တစ်ပြား မရှိ၊ ပိတိကိုစား၍၊အားရှိပါ၏” ဟူ၍ ဆရာတို့၏ ဂုဏ်ကျေးဇူးကို ဝိသေသပြုဆိုရိုး စကား ပေါ်ပေါက်လာရလေတော့သည်။
လောက၌ ဆရာကောင်းဆရာမြတ်တို့နှင့် တွေ့ရှိပညာသင်ခွင့်ရရန်မှာ လည်း ဒုလ္လဘတရားတစ်ခု ဖြစ်မည်ထင်ပါသည်။ ဆရာကောင်းလျှင် တပည့်ထက်၍ ဆရာတော်လည်း တပည့်တို့ချွန်တတ်ကြပါသည်။ ဆရာစာသင်ကောင်းလျှင်တပည့် တို့စာကျက်ရ သက်သာစေပါသည်။ ဆရာအသင်ပြတော်လျှင် တပည့်လည်း မှတ် သားရ ရှင်းလင်းလွယ်ကူစေပါသည်။ ပြည်တန်ပတ္တမြားပင် ဖြစ်လင့်ကစား ကျောက် သွေးဆရာကောင်း၏ လက်သို့ရောက်မှသာအဖိုးထိုက်သည့် မကိုဋ်သရဖူတွင် ပန် ဆင်အသုံးပြုခံရပေမည်။ ထို့ကြောင့်ယနေ့ခေတ်တွင် မိဘတို့သည် မိမိတို့ရင်သွေး များအတွက် ကျောင်းကောင်းကောင်းကို ရွေးချယ်အပ်နှံလာကြသည်ကို တွေ့ရှိရပါ သည်။ တပည့်တို့သည်လည်း ဆရာကောင်းကို ရွေးချယ်၍ ပညာဆည်းပူး လေ့လာ ကြပါသည်။
လောကတွင် ဆရာကောင်းဆရာမြတ်တွေ့ရှိမှု အရေးပါလှပုံကို သာဓက များစွာတို့ဖြင့် တွေ့ရှိမှတ်သားရဖူးပါသည်။ ပညာချွန်သောအင်္ဂုလိမာလသည် ယုတ် မာသောဆရာကြောင့် လူသတ်မာကြီးလုံးလုံး ဖြစ်ခဲ့ရရှာသည်။ ကံကောင်း ထောက် မ၍သာ ဆရာကောင်းဗုဒ္ဓနှင့်တွေ့ရှိရသဖြင့် အာသဝေါတရားကုန်ခန်းသော ရဟန္တာ အဖြစ်ကို ရရှိခဲ့ရပေသည်။ ဗိမ္ဗိသာရမင်းကြီး၏သားအရင်း အဇာတသတ်သည် ဆရာယုတ် ဒေဝဒတ်နှင့်တွေ့သဖြင့် အပါယ်လားရပြီး မွေးစားသား ဇီဝကသည် ဆရာမြတ်ဗုဒ္ဓနှင့်တွေ့သဖြင့် “ဆေးကုသရာတွင်အတော်ဆုံး” ဧတဒဂ်ရပြီး သတင်း မွှေးခဲ့ရပေသည်။ ထို့ကြောင့် “ကုန်ရှုံးလျှင်တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံး မှောက်၊ ဆရာကုန်ရှုံးတော့သံသရာမှောက်” မဖြစ်မိစေရန် လောက၌ ဆရာရွေးချယ် မှုသည်ကား အရေးကြီးလှပါသည်။
ဆရာတို့သည် ဥယျာဉ်မှုးကောင်းနှင့်လည်း တူကြပြန်ပါသည်။ ဥယျာဉ်မှုး တို့သည် ရေလောင်းပေါင်းသင် မြေဩဇာကျွေး၍ သစ်ပင်ပန်းမန်တို့ကို ဖူးပွင့်ကြီး ထွားစေကြသကဲ့သို့ ဆရာတို့သည် တပည့်တို့ကို လူလားမြောက်စေရပါသည်။ သံဝရမင်းသားသည် ဆရာမြတ်၏ဂုဏ်ကျေးဇူးကြောင့် နောင်တော် ကိုးဆယ့်ကိုးယောက် ကို ကျော်လွန်ကာ ထီးနန်းကိုရရှိခဲ့ပေသည်။ မိလိန္ဒမင်းသည် ဆရာကောင်း ရှင်နာဂ သိန်နှင့်တွေ့ရှိခဲ့ရသဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ရသည်။ အနော်ရထာသည်ဆရာကောင်းဆရာမြတ် ရှင်အရဟံနှင့်တွေ့ရှိရသဖြင့် မြန်မာနိုင်ငံတော်ကြီးကို ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်နိုင်ခဲ့ပါသည်။
ဆရာတို့၏ ဂုဏ်ကျေးဇူးကား ကြီးမားလှပေသည်။ ကျေးဇူးကြီးလှသော ဆရာတို့ကိုပစ်ပယ်ခဲ့သဖြင့် ကျေးဇူးကန်းခြင်းအမှု ပြုခဲ့မိသဖြင့် ဘဝပျက်ခဲ့ရသူ၊ အသက်သေခဲ့ရသူ၊ အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရသူတို့သည်လည်း များစွာရှိပါ သည်။ ဘီမသေနသည် မိမိအပေါ် ကျေးဇူးကြီးမားသူ ဆရာဖြစ်သူ စူဠဓနုဂ္ဂဟကို ပစ်ပယ်မိသသဖြင့်အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရဖူးပါသည်။မူသိကစောင်းသမား သည်လည်း မိမိဆရာကို ဂုဏ်တုဂုဏ်ပြိုင်ပြုခဲ့မိသဖြင့် လူပုံအလယ်တွင် အရှက်ကွဲခဲ့ရဖူးသည်။
နရသီဟပတေ့သည် မိမိကို ထီးနန်းတင်ပေးခဲ့သည့် ဆရာအမတ်ကြီး ရာဇသင်္ကြံကို ဒလသို့နှင်ခဲ့မိသဖြင့် အသက်ပါဆုံးရှုံးခဲ့ရုံမက ပုဂံပြည်ကြီးလည်း ပျက်စီးခဲ့ရသေးသည်။ ဗျိုင်းဆရာအား တိရစ္ဆာန်ဖြစ်လေသောကြောင့် ရှက်ဖွယ်ဟု ထင်မိကာ ဆရာကိုကာပြန်သဖြင့် အာခေါင်ကိုလှံစူး၍ သေရသူလည်း ရှိဖူးလေ သည်။ ဆရာတို့ဂုဏ်ကျေးဇူးကို ပစ်ပယ်မိလျှင် “ဆရာကိုပယ်၊ ကိုယ်ဝယ်လှံစူး၊ အထူးမျက်မှောက်၊ မန္တန်ပျောက်နှင့်၊ အုတ်ကျောက်ခဲပြို၊ မြေခွဲမျို၍” ဟူ၍ မန်လည် ဆရာတော်က မိန့်ဆိုခဲ့ပါသည်။
ဆရာတို့၏ ဂုဏ်ကျေးဇူးကြီးမားလှပုံကို မီးဖိုချောင်တွင် အသေးအဖွဲ့ကိစ္စ ဖြစ်သော ငါးပိဖုတ်သည်ပင်လျှင် “ဆရာမပြနည်းမကျ”ဟု အဆိုရှိပါသည်။ တိုင်း ပြည်၏အမြင့်ဆုံး အရေးပါဆုံးဖြစ်သော ဘုရင်သည်ပင်လျှင် မင်းဆရာပညာရှိ အမတ်ကြီးများထား၍ တိုင်ပင်ရ မေးမြန်းရ နည်းနာခံယူရပါသေးသည်။ ဤလော က၌ ဘုရားမှတစ်ပါး ဆရာနှင့်ကင်းသူဟူ၍မရှိကြပါ။ ဆရာတို့ထံမှပညာကို ဆရာ့ လက်ငုတ် ဆုပ်ဆုပ်ပိုင်ပိုင်ရရှိသူတို့သည် ဆရာကောင်းတပည့် ပန်းကောင်းပန် ဆင်နိုင်ကြပေသည်။ ဘုရားသော်မှ အမှီရှိမှပွင့်ရဟူသကဲ့သို့ ကြီးပွားတိုးတက်လို သူသည် ဆရာကောင်းတည်းဟူသော အမှီသဟဲကောင်းကိုရရှိရန် အရေးကြီးလှ ပေသည်။ ဤလောက၌ ဆရာကောင်းကို ဆည်းကပ်မိသဖြင့် စိန်နားကပ်ရောင်ကြောင့် ပါးပြောင်နေကြသူတို့ အပုံအပင်ရှိကြလေသည်။ ဆရာတို့၏ ဂုဏ်ကျေးဇူး ပေတည်း။
ဆရာတို့၏ ဂုဏ်ကျေးဇူးကြီးမားလွန်ကဲလှပုံကို လောကနီတိတွင် “သစ် ပင်တောတောင်၏ အရိပ်သည်အေးမြ၏။ သစ်ပင်၏အရိပ်ထက် ဆွေမျိုးတို့၏အရိပ်ကပို၍အေးမြ၏။ ဆွေမျိုးတို့အရိပ်ထက် မိဘအရိပ်သည်ပို၍အေးမြ၏။ မိဘ အရိပ်ထက် ဆရာ၏အရိပ်က ပို၍အေးမြ၏” ဟု ညွှန်ပြထားပါသည်။ ဆရာတို့၏ အရိပ်သည် လောကကိုလည်းအေးမြစေပါသည်။ ဘဝကိုလည်းအေးမြစေပါသည်။ လက်ရှိပစ္စုပ္ပန်ဘဝကိုသာမက သံသရာကိုပါအေးမြစေသော ဆရာတို့၏အရိပ်ပင် ဖြစ်ပါသည်။ ကြီးပွားတိုးတက်လိုသော လူသားသည် ထိုမျှဂုဏ်ကျေးဇူးကြီးလှလေ၊ ဆရာတို့၏ကျေးဇူးကို အထူးသတိရနေရန် လိုအပ်လှပေသည်။