Skip to product information
1 of 5

Other Websites

ဥတ္တရလမင်း - ခံစားသူအကြိုက်မဂ္ဂဇင်းဝတ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ပွဲထိန်း
ဦးဆွေ (ဒဿနိက)

 

         မကွေးကနေလာရင် နှစ်ဆယ့်လေးမိုင်အကွာ၊ နတ်မောက်ကလာရင် ဆယ့် နှစ်မိုင်အကွာ၊ အဲဒီနေရာမှာ ကြာကန်ရွာရှိပါတယ်။ မကွေးမြို့နယ်ရဲ့ အဆုံး၊ အုပ်စုရွာကြီးပေါ့ ။ နတ်မောက်မြို့နယ်ထဲက တမလန်းပင်၊ တက်ဝန်ဆိုတဲ့ ရွာတွေက ထွေလာတွေ၊ ထော်လာဂျီတွေ၊ ကားတွေ၊ မြို့သစ်မြို့နယ်ထဲက လေးတိုင်စင်၊ ဖိုကြီး၊ နတ်ရွာဆိုတဲ့ ရွာတွေကထွက်တဲ့ကားတွေကြောင့်မကွေးနဲ့နတ်မောက်ကားလမ်းပေါ်မှာရှိတဲ့ကြာကန်ကားဆိပ်ဟာ နေ့ရော ညပါ စည်ကားပါတယ်။ ကားဆိပ်မှာ ထမင်းဆိုင်၊ အရက်ဆိုင်၊ အအေးနဲ့ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲဆိုင်၊ ကွမ်းယာဆိုင် စုံအောင် ရှိတာပေါ့။ ရန်ကုန်-မန္တလေး ကားလမ်းပေါ်က ဆိုင်တွေလောက် မခမ်းနား ပေမယ့် သူ့အတိုင်းအတာနဲ့ သူတော့ ပြည့်စုံပါတယ်။

          ကားဆိပ်မှာလည်း မကွေးပြန်၊ နတ်မောက်ပြန် စောင့်တဲ့ လှည်း သမားတွေနဲ့လှည်းတွေကလည်း အမြဲလိုလိုရှိနေတတ်တာဆိုတော့ရောင်းအားလေးလည်းမဆိုးကြပါဘူး။အဲဒီကားဆိပ်မှာရှိတဲ့ဆိုင်တွေထဲကအအေးနဲ့လက်ဖက်ရည်၊လိုချင်လို့မှာရင်အရက်လည်းရောင်းပါတယ်။အဲဒီဆိုင်မှာညနေတိုင်းထိုင်လေ့ရှိတဲ့သူကတော့ ဆရာဗေဒါပါပဲ။ ကြာကန်ရွာက အုပ်စုဝင် ကျေးရွာခုနစ်ရွာရှိတဲ့ရွာကြီးဆိုတော့ အထက်တန်းကျောင်းလည်း ရှိတယ်။ ဆေးရုံလည်းရှိတယ်။ဆရာဗေဒါကကြာကန်ကျောင်းကကျောင်းဆရာပါပဲ။ထူးခြားတာက သူ မူလတန်းပြတုန်းကလည်း ဒီကျောင်း၊ အလယ်တန်းပြ ဆရာဖြစ်တော့လည်း ဒီကျောင်း၊ အခု အထက်တန်းပြ ဆရာဖြစ်တော့လည်း ဒီကျောင်း ဖြစ်နေတာကိုပါပဲ။

          ညနေကျောင်းဆင်းချိန်ရောက်တာနဲ့စောစောကပြောတဲ့“ကိုနိုင်”ဆိုင်မှာလက်ဖက်ရည်အေးစက်စက်တစ်ခွက်ကို ဇိမ်ဆွဲသောက်နေတဲ့ ဆရာ ဗေဒါကို တွေ့ရတာဟာ ကြာကန်ဆိပ်ရဲ့ ဖက်ရှင်တစ်ခုပါပဲ။ လူက ညိုတုတ် တုတ်ကြီး၊မျက်နှာကတည်တည်၊အရပ်အမောင်းကကောင်းကောင်းဆိုတော့တော်ရုံလူကသူ့ကိုကျောင်းဆရာလို့ကို မထင်ကြဘူး။ 

          ရုပ်ကလည်းတောပြဇာတ်ထဲကလူကြမ်းရုပ်မျိုးလေ။ ရုပ်ကလည်းအဲသလိုဆိုးတာ။ စကားပြောကြည့်မလား။တကယ့်ဘုနဲ့ခွ။ ထန်းသီးလုံးနဲ့နောက်ကျောလှမ်းထုတာခံရတာကမှသက်သာချင်သက်သာ လိမ့်မယ်။သူနဲ့ စကားပြောမိလို့ကတော့ အဆင်မသင့်ရင် မလွယ်ဘူး။ အဲ.. စာသင်ကတော့ တော်တော်ကောင်းသတဲ့။ ကျောင်းသားတွေကရော၊ တခြားဆရာ။ ဆရာမတွေကပါ ပြောကြတာပဲ။ကျောင်းသားတွေကတော့သူ့ကွယ်ရာမှာ စိန်ဗေဒါကြီးလို့ပဲ ခေါ်ကြတယ်။ ဆုံးမရင် လက်သံကလည်း ပြောင်ဆိုပဲ။

          ဒါကြောင့် ထင်ပါရဲ့။ ကြာကန်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေ အဆက်ဆက်၊ ဘယ်ဆရာကြီး၊ ဆရာမကြီးကိုမှ ကျောင်း သားတွေက သူ့လောက် မကြောက်ကြဘူး။ သူမို့ ဖြတ်လျှောက်လာရင် သူငယ်တန်းကဆယ်တန်းအထိအကုန်ငြိမ်၊အကုန်တိတ်ပဲ။ပိုပြောတာမဟုတ်ဘူး၊ကျောင်းထဲကဟောင်နေတဲ့ခွေးတောင် အဟောင်ရပ်သွားတယ်။ တကယ် ...တကယ်၊ ဆရာဗေဒါက အသက်သာ လေးဆယ်ကျော်သွားတယ်။ ခုထိ လူပျိုကြီးပဲ။ အဖေအမေက မရှိရှာတော့ဘူး။ ညီမတစ်ယောက်နဲ့ အတူနေတယ်။ ညီမအိမ်ကလည်း ယောက်ဖရော၊ တူ၊ တူမတွေကိုရော သူက သြဇာညောင်းပြီးသား။ ပြီးတော့ သူက ဘာမှ ဝိစိကိစ္စများတတ်တဲ့ သူလည်း မဟုတ်တော့ အဆင်ပြေပါတယ်။ သူ့အလုပ်က စာသင်ဖို့၊ ညနေ စောင်းရင် ကိုနိုင်ဆိုင်မှာ ထိုင်ဖို့၊ ကျောင်းမှာ အလုပ်ရှိရင် လုပ်ဖို့၊ ဒီလောက် ပါပဲ။ မပူမပင် မကြောင့်မကြ ဘဝလို့ ပြောလို့လည်း ရတာပေါ့လေ။

          ဒါပေမဲ့ အခုတလော ဆရာဗေဒါ မျက်နှာမကောင်းဘူး။ တည်နေ တာထက် မရွှင်မ ဖြစ်နေသလိုပဲလို့ ကိုနိုင်က ထင်နေတယ်။ ဖွင့်တော့ လည်း မမေးရဲသေးဘူး။ ငယ်ကြောက်ဆရာလေ။ သူရော၊ သူ့မိန်းမ နော် ကြည်ထွေးရော ဆရာဗေဒါရဲ့ တပည့်တွေ ဖြစ်ခဲ့တာမို့လား။ လက်ဖက် ရည်ဖိုး၊ ဆေးလိပ်ဖိုး ပိုက်ဆံတောင် စားပွဲပေါ် ချထားမှ ယူရဲတာ။ 

          လောက်ကျပါတယ်ဆိုပြီး တောင်းရဲတာ မှတ်လို့။ တစ်ခါတစ်ခါ ဘေးက အကြောင်းမသိတဲ့ ဧည့်သည်တွေ ဆရာဗေဒါရှိတဲ့အချိန် ခွက်ပုန်းမှာသောက် ရင်တောင် မျက်နှာရိပ်၊ မျက်နှာကဲ ပြပြီးမှ ရောင်းရဲတာလေ။ မဆူနဲ့၊ စကားမများနဲ့၊ သောက်ပြီး တန်းပြန်။ နို့မို့ဆို မရောင်းဘူးဆိုတဲ့ မျက်နှာပေး ထားရသေးတာ။ ဒါတောင် ဆရာက မျက်နှာဆိုးဆိုးနဲ့ လှည့်ကြည့်ရင် လင်မယား နှစ်ယောက်စလုံး ဖျာလို့။ အဲလို ကြောက်ရတာမျိုးလေ။

          “ဆရာ အဆင်ပြေရဲ့လား”

          ဖျော်ပြီးသား လက်ဖက်ရည်ခွက် ရှေ့ရောက်ပြီး တစ်ငုံ မသောက် မချင်း သည်မေးခွန်းကို ကိုနိုင် မမေးရဲသေးဘူး။ တစ် သောက်ပြီးပြီ။ဆရာဗေဒါက သူ့အကြိုက် မလှရှင်လိပ် အတုတ်ကြီးကိုညှိပြီး ရှူးခနဲပြီ ဆိုမှ သည်ကား မေးခွင့်ဘာ၊ မေး။ အဲဒီလိုမေးရင် ဆရာ ဗေဒါက လှည့်ကြည့်ပြီး “အေး” လို့ တစ်ဥန်းဖြေမယ်။ ခေါင်းကို တစ် ချက်၊ နှစ်ချက်လောက် ညိတ်မယ်။ ပြီးရင် ကားလမ်းဘက်ဆီ လှမ်းပြီး ရီရီ ကြည့်နေမယ်။ ဒါက ထုံးစံ။ 

          သည်ညနေလည်း မားမား မားမားနဲ့ ဆရာမဗေဒါ လျှောက်လာတာ မြင်ကတည်းက လက်ဖက်ရည်ကို ဖျော်ထားနှင့်ပြီးသား ရှေ့ချပေးပြီး လှည့်ထွက်၊ မလှမ်းမကမ်းက ဆရာ တစ်ငုံသောက်ပြီလား၊ မသောက်သေး ဘူးလား စောင့်ကြည့်နေမိတယ်။ ဆရာ့အကျင့်ကလည်း ပထမတစ်ငုံကို ပူတုန်းသောက်တာ။ ကျန်တာကို အေးစက်ပြီး အပေါ်ရည်တင်းမှကိုပဲသောက်တတ်တယ်။ ခုလည်း တစ်စုံကို ဂွတ်ခနဲ ကျိုက်ချလိုက်တယ်။ ကိုနိုင်က မေးမလို့ ပါးစပ်ပြင်တုန်း ရှိသေးတယ်။ ဆရာဗေဒါက လှမ်း ခေါ်လိုက်တာပဲ။

         “ငနိုင် လာဦး” 

         “ဟုတ်ကဲ့ ဆရာ၊ ဘာလိုလို့လဲ မသိဘူး”

          ဆရာက ကိုနိုင့်ကို ဘာမှပြန်မပြောဘဲ သူ့ရှေ့က မြင်ကွင်းကိုပဲ ကြည့်နေတယ်။ သူဘာကြည့်မှန်းမသိတော့ ကိုနိုင်လည်း ဘာဆက်ပြော ရမှန်း မသိဘူး။ သူ့ဆရာ ကြည့်တဲ့ဘက်ပဲ ဘာမှန်းမသိ လိုက်ကြည့်နေတယ်။

          “မင်း တွေ့လား”

          ကြည့် ... ခက်ပုံက။ ဘာကိုကြည့်လို့ ဘာကို တွေ့ရမှန်းလည်းမသိ။ ကားဆိပ်မှာ လူတွေက ဟိုကသည်၊ သည်ကဟို သွားလာနေကြတာရော။ ကားနှစ်စင်း ရပ်ထားတာမို့ ဆင်းတဲ့၊ တက်တဲ့သူတွေကော တစ်ပုံကြီး။ ကိုနိုင်က ဘာပြန်ဖြေရမှန်း မသိလို့ ခေါင်းကုတ်တော့ ထပ်မေးတယ်။

               “တွေ့လား ဟေ့ကောင်” 

          “ဟုတ်ကဲ့၊ အဲ ... ဘာကိုလဲ ဆရာ”

           ဆရာဗေဒါက မျက်မှောင်တစ်ချက်ကုတ်ပြီး ကိုနိုင့်ကို ပြန်ကြည့် တယ်။

          “ဟိုမှာလေကွာ၊ ဟိုကောင် ... ဟိုကောင်”

          “ဪ ... လှမင်းလား ဆရာ”

           “အင်း ...”

           ဆရာဗေဒါက ခုမှ သူ လိုချင်တဲ့အဖြေ ရသွားတဲ့ပုံနဲ့ အင်းခနဲ လေရှည်ဆွဲ ဖြေလိုက်ပြီး သူ့ဆေးပေါ့လိပ်ကို ကောက်ညှိတယ်။ လှမင်းက အောက်က ဘောင်းဘီရှည်နဲ့ အပေါ်က ပုဆိုးကို ခပ်တိုတို ထပ်ဝတ်ထား တယ်။ ဘယ်ကားသမားက နောက်ပြီး ပေးထားတယ်မသိပါဘူး။ လည်ပင်းမှာ နက်ကတိုင်လိုအပြားကြီးကကြောင်လျှာသီး ဆွဲထားသလို တန်း လန်း တန်းလန်းနဲ့။ ခါးမှာလည်း ကလေးကစားတဲ့ ခြောက်လုံးပြူး သေနတ်နှစ်လက်ကို ထိုးလို့။ တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက် လုပ်နေတယ်။ သူ ခံတွင်းမတွေ့တဲ့ လူတစ်ယောက် အနားရောက်ရင် ခါးက ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး ပါးစပ်က တဒိုင်းဒိုင်းနဲ့ ပစ်။ တချို့ အဘွားကြီးတွေက လန့်သွားရင် သူက တဟားဟားအော်ရယ်။ ဒါကိုပဲ မြင်လိုက်ရတဲ့ သူတွေက ဝိုင်းဟားကြ လုပ်နေတယ်လေ။ ဒါလည်း အခု တလော သည်ကားဆိပ်မှာ မြင်နေကျ မြင်ကွင်းတစ်ခု ဖြစ်နေပြီမို့ ဆိုင်ကလူတွေကအထူးအဆန်းလို့ သဘောမထားကြတော့ပါဘူး။

          “လှမင်းကတော့ သည်လိုပါပဲ ဆရာ။ မနက်မိုးလင်းရင် ကားဆိပ်ကို ရောက်လာပြီး ညနေမောင်ရင် ပြန်တာပဲ။ ထမင်းတော့ ဘယ်ကစားတယ် မသိဘူး။ တစ်ခါတလေ ဆေးလိပ်လေး ဘာလေး ကျွန်တော်တို့ဆိုင် လာ တောင်းတတ်တယ်။ အန္တရာယ်မရှိပါဘူး ဆရာ။ အေးအေးဆေးဆေး သမားမို့ ကျွန်တော်ကလည်းပေးလိုက်တာပါပဲ။ အခုတလော နည်းနည်း ကြမ်းတာက ဟိုကောင်ဆရာ။ ကျွန်တော့်ဆိုင် အနောက်ကအိမ်က ဇော်မင်း လေ။ သည်ကောင် ခုတလော ဖောက်နေတယ်။ ဟိုနေ့ကတောင် ကျွန် တော့် အိမ်ရှေ့ ဓားကြိမ်း လာကြိမ်းနေတယ်” 

          “ဟုတ်လားကွ၊ သူ့အိမ်ကရော မထိန်းကြဘူးလား”

          “ထိန်းတော့ ထိန်းတာပဲ ဆရာ။ ဒါပေမဲ့ အဘိုးကြီး၊ အဘွားကြီးက လူအိုတွေမို့လား။ သည်ကောင့်အားကို ဘယ်နိုင်မှာလဲ။ တော်သေးတယ်၊ အရှေ့ဘက် ကွမ်းယာဆိုင်က သူ့အစ်ကို လာလာဆွဲလို့”

          ဆရာဗေဒါက စဉ်းစားသလို တစ်ချက် တွေခနဲ ဖြစ်သွားတယ်။ 

          “ဘာဖြစ်လို့ မင်းဆိုင်ကို ကြိမ်း လာကြိမ်းရတာလဲကွ”

          “ဒီလို ဆရာရေ။ ဒီကောင်က ချောင်းဆိုးသံ၊ သလိပ်ဟပ်သံတွေ ကြားရင် သူ့ကို စိန်ခေါ်တယ်လို့ ထင်နေတော့တာ။ သူ့အမေ ပြောတာ ကတော့ သူက အိမ်မှာ အေးအေးဆေးဆေး မှိန်းနေတာပဲ။ သူ့စိတ်ကူး ထဲမှာ နတ်သမီးလေးတွေနဲ့ တွေ့နေတယ် ပြောတာပဲ။ ချောင်းဟန့်သံ။ သလိပ်ဟပ်သံတွေ ကြားတော့ သူ့ အာရုံပျက်ပြီး လန့်နိုးသွားတယ်။ ဒါကြောင့် ဒေါသဖြစ်တာလို့ ပြောတာပဲ”

          “အင်း ... ခက်တော့လည်း ခက်သားကွ။ အေးလေ ... ဒါမျိုးက ဖြစ်ချင် ဖြစ်နိုင်တာပဲ”

          “အဲဒီနေ့က ကျွန်တော့်ဆိုင်က ဧည့်သည်တစ်ယောက်က နေ မကောင်းလို့ ချောင်းဆိုးတာ ဆရာရေ။ အဲဒါ သူ့ကို စိန်ခေါ်ပါတယ်ဆိုပြီး ဆိုင်ရှေ့က ဓားတကိုင်ကိုင်နဲ့ ထွက်ခဲ့ချည်း ခေါ်နေတာပဲ။ ဟိုဧည့်သည် လည်း အအေးပတ်ပြီး ချောင်းဆိုးနေတာ အင်္ဂလိပ်ဆေးနဲ့လည်း မပျောက်၊ ဗမာဆေးစားလည်း မပျောက်ဘူးလို့ ပြောတာ။ ဇော်မင်း ထကြမ်းရော၊ ဘာသံမှကို မကြားရတော့ဘူး။ တစ်ခါတည်းကို ပျောက်ကရော”

          ဣနြေတော်တော်ကြီးတဲ့ ဆရာဗေဒါတောင် ခပ်ပြုံးပြုံး ဖြစ်သွား တယ်။ သည် ဇော်မင်းနဲ့ လှမင်း နှစ်ယောက်စလုံးက သူ့တပည့်တွေချည်း ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်စလုံး ဆယ်တန်းရောက်တယ်။ တစ်နှစ်စီဖြေပြီး ဘာအကြောင်းကြောင့်ရယ်လို့ မည်မည်ရရ မသိရဘဲ စိတ်နောက်သွားကြတာလည်း အတူတူပဲ။ လှမင်းက အရင်က အလွန်အေး တဲ့ကောင်။ မေးတစ်ခွန်း၊ ပြောတစ်ခွန်းသမား။ အခုတော့ လူကြားထဲမှာကို ပျော်နေတော့တာ။ ဇော်မင်းက အရင်က သွက်သွက်လက်လက်၊ ကျောင်း လက်ရွေးစင် ဘောလုံးသမားလေ။ ခုတော့ အိမ်ထဲက အိမ်ပြင်ကို လုံးဝ မထွက်ဘူး။ အဲ ... ချောင်းဆိုးသံ မကြားရရင်ပေါ့။ သူတို့ မိဘတွေကလည်း ဟိုရွာက၊ ဒီရွာက ဆရာတွေနဲ့ရော ပယောဂလိုလို ဘာလိုလိုတွေနဲ့လည်း ကုကြတာပါပဲ။ မြို့တက်ပြီးတော့ ဆရာဝန်နဲ့တော့ စနစ်တကျ မကုနိုင်ကြ ဘူး။ ခမျာများမလည်း ဆင်းရဲကြတယ်လေ။

          “ငါ အဲဒါ ဘာလုပ်ပေးရမလဲ စဉ်းစားနေတာကွ” ၊

          ဆရာဗေဒါက သူ့ရဲ့ အေးစက်စက် လက်ဖက်ရည်ကို တစ်စုံ ထပ်ငုံပြီး ကိုနိုင်ကို ပြောတယ်။ ကိုနိုင်က ဆရာ ဘာဆက်ပြောမလဲဆိုပြီး ငြိမ်နားထောင်နေလိုက်တယ်။

          “ပြီးခဲ့တဲ့အပတ်က ငါ ဇော်မင်း အဖေနဲ့ရော လှမင်း အမေနဲ့ပါ တွေ့တယ်။ မကွေးဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ် သွားဆေးကုဖို့ပေါ့ကွာ။ ငါ လည်း တတ်နိုင်သလောက် ထောက်ပါ့မယ်လို့ ပြောတာ။ အဲဒါ သူတို့ သားတွေက လူပြုစားတာ ခံရတာလိုလို၊ အရင်ဘဝ သိုက်ဟောင်းက ဘာ ပြုတယ်ဆိုလား၊ မသိပါဘူးကွာ။ အချိန်တန် သူ့အလိုလို ပြန်ကောင်းသွား မယ့်ပုံမျိုး ပြန်ပြောလွှတ်တယ်။ ဒီလောက် တိုးတက်နေတဲ့ ခေတ်ထဲမှာကွာ၊ တောက် ...........

          ဆရာဗေဒါက ပြောရင်းဆိုရင်း ဒေါသထွက်လာပြီး တောက်တစ် ချက် ပြင်းပြင်းခေါက်လိုက်တယ်။ ခုမှ ကိုနိုင်လည်း ခုတလော ဆရာ့ မျက်နှာ သိပ်မကောင်းတဲ့ အဓိပ္ပာယ်ကို ရှင်းသွားတော့တယ်။

          “မင်း စဉ်းစားကြည့် ငနိုင်။ ငါ့တပည့်တွေထဲမှာ ဆရာဝန်၊ အင် ဂျင်နီယာ၊ စစ်ဗိုလ် အများကြီး။ မင်းတို့လို ဘွဲ့ရပြီး ဈေးရောင်းနေတဲ့ကောင်တွေ၊ ယာလုပ်၊ ထန်းတက်နေတဲ့ ကောင်တွေလည်း အပုံကြီး။ ဘာပဲဖြစ်ဖြစ် သူတို့တွေက ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်မိသားစုကိုရော၊ ကြီးကြီးကျယ်ကျယ်ပြောရရင် တိုင်းပြည်ကို၊ လူ့လောကကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အကျိုးပြုနေကြတာကွ။ ခုတော့ ဒီနှစ်ကောင်မှာက ...ငါ စိတ်မကောင်းတာ အဲဒါပဲ”

          ကိုနိုင်ကတော့ သူ့ကို တစ်ခါမှ ရှည်ရှည်ဝေးဝေး စကားမပြောဘူး တဲ့ ဆရာဗေဒါကိုသာ အံ့သြသလို ငေးကြည့်နေမိတယ်။ ဆရာ့ စေတနာကို လည်း တရေးရေး သဘောပေါက်လာတယ်။ ဆရာလည်း ပြောရင်းက သည်အကြောင်းကို ဆက်ပြောချင်ဟန် မတူတော့ဘူး။ အိတ်ကပ်ထဲက လက်ဖက်ရည်ဖိုး ပိုက်ဆံကို စားပွဲပေါ်ချပြီး မီးသေနေတဲ့ သူ့ ဆေးလိပ် တယ်။ ကိုနိုင် သိလိုက်တယ်။ လက်ကျန် လက်ဖက်ရည်ခွက်ကို အကုန် မော့ပြီး သူ့ဆရာ ပြန်တော့မယ် ဆိုတာကိုပေါ့။ အဲသည်အချိန်မှာ နတ် မောက်ဘက်က ကားတစ်စီး ဝင်လာတယ်။ ဒိုင်နာအပြာလေးပါ။ ခရီးသည် တွေ ဆင်းကြ၊ တက်ကြ။ တချို့ခရီးသည်တွေ ကိုနိုင့်ဆိုင်ထဲ ဝင်လာပြီးကော်ဖီမစ် သောက်သူသောက်လို့ ဖျော်ပေးရသေးတယ်။ တချို့လည်း အပေါ့အပါးသွားကြပေါ့ ။ ဘေးဆိုင်ထဲမှာ မုန့်ဟင်းခါးလေး ဘာလေး မှာ စားတဲ့သူ၊ ကွမ်း၊ ဆေးလိပ် ဝယ်တဲ့သူတွေလည်း ရှိတယ်။ ကားပေါ်က ဆင်းလာတဲ့ သူတစ်ယောက်က ဆရာဗေဒါ အသိထင်တယ်။ ဆရာဗေဒါနဲ့ ရပ်စကားပြောတာ တွေ့လိုက်ရတယ်။ ခဏကြာတော့ ကားသမားက ကားထွက်တော့မယ်ဆိုတဲ့ သဘောနဲ့ သူ့ခရီးသည်တွေကို ဟွန်းတီးပြီး ခေါ်တယ်။ ဆရာဗေဒါလည်း စိုက်စိုက် စိုက်စိုက်နဲ့ ထွက်သွားတာ လှမ်း မြင်လိုက်ရလေရဲ့။

        

(၃)

         အဲဒီအချိန်မှာပဲ ထိတ်လန့်တကြား စီခနဲ အော်သံတွေကို ကြားလိုက်ရတာပဲ။

         “လုပ်ကြပါဦး။ တုတ်ကြီးနဲ့တော့၊ တုတ်ကြီးနဲ့” 

         “ဟေ့ကောင် ... ဘေးဖယ်၊ ဘေးဖယ်”

         လူတွေလည်း ပြေးတဲ့လူက ပြေး၊ ကားပေါ် ဇွတ်ခုန်တက်တဲ့သူက တက်၊ ရှုပ်ယှက်ကို ခတ်သွားတာပဲ။ ကိုနိုင်က လှမ်းကြည့်လိုက်သလို ဆိုင်ကနေ ထွက်သွားတဲ့ ဆရာဗေဒါကလည်း ကားဆီကိုရပ်ပြီး ကြည့် နေတယ်။

          ဘယ်နေရာကဘယ်လိုပြေးထွက်လာတယ်တော့မသိဘူး။ဇော်မင်း...ဇော်မင်း၊လက်ထဲမှာသစ်သားချောင်းကြီး ကိုင်လို့။ ကားနား ရောက်တော့ ကားမှန်ကို ခွမ်းခနဲ၊ ခွမ်းခနဲ သုံးချက်ပဲ ရိုက်ခွဲလိုက်တာ။ အိုး ...ဘာပြောကောင်းမလဲ၊ အော်သံတွေဆိုတာ ကမ္ဘာပျက်နေတဲ့အတိုင်းပဲ။ ကားမှန်က အက်ရာတွေ ထင်လာတယ်။ အစကလေးတွေ ထွက်လာပေမယ့် ရိုးရိုးမှန်လို ခွမ်းခနဲ ကွဲမသွားဘူးဗျ။ အော်ရီဂျင်နယ်မှန်မို့ ထင်ပါရဲ့။ ကားခေါင်းထဲ ထိုင်နေတဲ့ ဘုန်းကြီးနှစ်ပါးကတော့ အကြောက်ပဲလွန်လို့လား၊ ဣန္ဒြေပဲ ကြီးလွန်းလှသလားတော့ မပြောတတ်ဘူး။ ပါးစပ်အဟောင်းသားနဲ့ မျက်လုံးကြီးတွေပြူးပြီး ကြည့်နေလိုက်ကြတာ၊ တုတ်တုတ်ကို မလှုပ်ဘူး။

          ဆိုင်တွေထဲက လူတွေရော၊ လမ်းပေါ်က လူတွေကလည်း ဒီအတိုင်း ပဲ။ ဘယ်သူမှ ဝင်မဆွဲရဲကြဘူး။ ဆရာဗေဒါက ဖျတ်ခနဲ ကားဆီ ခြေလှမ်း လှမ်းလိုက်ပြီးမှ သူလည်း တုံ့ခနဲ ပြန်ရပ်လိုက်တယ်။ ဟုတ်တယ်လေ။ တပည့်က တပည့်ပဲ။ ခုအချိန်မှာ သူ ပြောရင် ရချင်မှရမှာလေ။ ဟိုက စိတ်ကောင်းတာမှ မဟုတ်တာ။ နောက်ပြီး လက်ထဲမလည်း တုတ်ကြီးနဲ့။ မတော် လို့ ကိုယ့်ဆော်လွှတ်လိုက်ရင် ဒုက္ခ။ သတိဝင်လာတဲ့ ကားဒရိုင်ဘာက ကားတံခါးကိုဖွင့်ပြီး ဆင်းပြေးမယ် လုပ်တယ်။ ကားမှန်ကို ရိုက်နေတဲ့ ဇော်မင်းက သူ့ကို ရန်မူဖို့ ဆင်းလာတယ် ထင်လို့လား မသိဘူး။ ကားပေါ်က ဆင်းလာတဲ့ ဒရိုင်ဘာကို ရိုက်မလို့ တုတ်နဲ့ အားပါးတရ ရွယ်လိုက်တယ်။ တချို့မိန်းမတွေဆို မကြည့်ရဲလို့ မျက်လုံးကို လက်နဲ့ ကာလိုက်ကြတယ်။ အဲဒီအချိန်မှာ အေးစက်မာကျောတဲ့ အသံတစ်သံ ထွက်လာတာပါပဲ။

          “ဟေ့ကောင် ... လက်ထဲကတုတ်ကို ချလိုက်စမ်း”

          ဇော်မင်းရဲ့ ရိုက်တော့မယ့်တုတ် တန့်ခနဲ ဖြစ်သွားပြီး နောက်ကို ပြန်လှည့်ကြည့်တယ်။ အနောက်တိုင်း ရုပ်ရှင်တွေထဲက ကောင်းဘွိုင် မင်းသားလို ခြေနှစ်ဖက်ကားပြီး ခြောက်လုံးပြူး နှစ်လက်နဲ့ ဖြောင့်ဖြောင့် တန်းတန်းချိန်လို့။ ဘယ်သူရှိမလဲ၊ လှမင်းပေါ့။ ထပ်ပြောလိုက်သေးတယ်။

          “မင်း တုတ်ကို ချရင်ချနော်၊ မချရင် ငါ တကယ်ပစ်မှာ”

           ဇော်မင်းက မျက်လုံး ကလယ်ကလယ်ဖြစ်သွားပြီး တုတ်ကို မချ ချင် ချချင် ချလိုက်တယ်။ ဒရိုင်ဘာကတော့ ဘယ်ရောက်သွားမှန်းကို မသိ ဘူး။ ပြေးပြီလေ။ ဇော်မင်း တုတ်ကိုချလိုက်တော့ လှမင်းက ဘယ်လက်နဲ့ ကိုင်ထားတဲ့ သေနတ်ကို ခါးကြားထဲ ပြန်ထိုးလိုက်တယ်။ ညာဘက်လက်က သေနတ်ကတော့ ချိန်ထားတုန်းပဲ။ ပြီးမှ ဇော်မင်းဆီကို တစ်လှမ်းချင်း ဟန်ပါပါ လျှောက်လာတယ်။

 

 

 

 

 

         

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)