Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဣန္ဒနီ - ဉာဥ်ဆိုးဉာဥ်ကောင်ဝထ္ထုတိုများ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ဉာဉ်ဆိုးဉာဉ်ကောင်း

ဤဝတ္ထု၏ ဇာတ်လမ်းစဉ်ကိုမဖော်ပြမီ ကျွန်ုပ်တို့၏မိတ်ဆွေကြီး ဦးထွန်းလင်းကို စာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးဖို့ လိုလေသည်။ ဦးထွန်းလင်းသည် ရန်ကုန်ယူနီဗာစီတီ တက္ကသိုလ်ကျောင်းတိုက်မှ ဝိဇ္ဇာ စာမေးပွဲကို အောင်မြင်ခဲ့ပြီးနောက် အထက်တန်းကျောင်းများတွင် ဆရာ အဖြစ် သုံးနှစ်လုပ်ခဲ့သည်။ ထို့နောက် ဘီ စီ အက် (စ်) ခေါ် နိုင်ငံတော် အထက်တန်းဝန်ထမ်းရာထူးကို ဝင်ရောက်ဖြေဆိုရာ ကောင်းစွာ အောင် မြင်သဖြင့် အစိုးရအလုပ်တွင် ပထမအလုပ်သင်အဖြစ် မြို့ပိုင်ဘဝနှင့် ကျင်လည်ရပြီးနောက် မကြာမီ နယ်ပိုင်ဝန်ထောက်အလုပ်နှင့် မြန်မာ ပြည်တခွင် ပြဲပြဲစင်အောင် လှည့်လည်သွားလာကာ အစိုးရအမှုတော်ကို ထမ်းရွက်ခဲ့သည်။

အင်္ဂလိပ်၍ ဂျပန်အစိုးရအုပ်ချုပ်သည့်အခါ တောင်ငူ၌ အလုပ်လုပ်ခဲ့ရပြီး အင်္ဂလိပ်အစိုးရပြန်ဝင်လာသည့်အခါ တောင်ငူမှကသာမြို့သို့၊ ယင်းသည့်နောက် ရွှေဘိုမြို့သို့ အပို့ခံရပြီး ဇနီးသည်မှာ ရွှေဘိုဇာတိဖြစ်သောကြောင့် တစ်ကြောင်း၊ အသက်အရွယ်ကလည်းထောင်း၍ သုံးနှစ်ခန့်မျှ အလုပ်လုပ်ပြီးသည့်အခါ ပင်စင်ယူ၍ ရွှေဘိုမြို့ ၌ပင် အငြိမ်းစား နေထိုင်ခဲ့လေသည်။ ဦးထွန်းလင်း၏ ယောက္ခမများမှာ အသင့်အတင့်ချမ်းသာသူများဖြစ်၍ ရွှေဘိုနယ်ထဲတွင် လယ်မြေချောင်းမြောင်းပိုင်သူ လယ်ပိုင်ရှင်၊ မြေပိုင်ရှင်များဖြစ်လေရာ သူတို့ သေဆုံး ကြသောအခါ တစ်ဦးတည်းသော သမီးဖြစ်သူ ဦးထွန်းလင်း၏ဇနီးက အမွေစားအမွေခံအဖြစ် ဆက်ခံပိုင်ဆိုင်ခဲ့ရသည့်အလျောက် ဦးထွန်းလင်း သည် အစိုးရပေးသော ပင်စင်လစာအပြင် ဇနီးသည်၏ ပစ္စည်းများကြောင့် လယ်ပိုင်ရှင်အဖြစ်နှင့် တင့်တောင့်တင့်တယ် ဣန္ဒြေမပျက် နေထိုင်နိုင်ခဲ့လေသည်။

ဦးထွန်းလင်း လယ်မလုပ်ချင်သော်လည်း လယ်တောသို့မဆင်း လျှင် မနေနိုင်အောင် ဖန်တီးလိုက်သောကိစ္စမှာ လယ်မြေချထားရေး အက်ဥပဒေအရ ဘုတ်အဖွဲ့ များသို့ အာဏာပေးလိုက်သောကိစ္စပင် ဖြစ်လေသည်။ ထိုဥပဒေ၏သဘောအကျဉ်းချုပ်မှာ ဘုတ်အဖွဲ့၌ သူကြီး နှင့် ကျေးရွာလူကြီးများ ပါဝင်စေပြီး လယ်ပိုင်ရှင်တို့၏ လယ်မြေများကို သိမ်းကာ သင့်လျော်သော တောင်သူလယ်သမားများသို့ ချထားပေးရ မည်။ လယ်ပိုင်ရှင်သည် မိမိ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်တိုင်လယ်လုပ်သူဖြစ်လျှင် လယ်ဧက ၅ဝ အထိ လုပ်ကိုင်နိုင်ခွင့်ရှိသည်။ ပိုသောလယ်မြေများကို ဘုတ်အဖွဲ့သို့အပ်လျှင် ဘုတ်အဖွဲ့ က သင့်လျော် သည်ထင်သော သီးစားသို့ တစ်ဆင့်ချထားရမည်။ အထူးသဖြင့် ဘုတ် အဖွဲ့က သီးစားချရာတွင် ယခင်နှစ်များက လုပ်ခဲ့သော သီးစားကို ပို၍အခွင့်အရေးပေးရမည်ဟု ဆိုလေသည်။

ထို့ကြောင့် ဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော ညွှန်ကြားချက် စာတမ်းများအရ လယ်ပိုရှင်မှာ မိမိကြိုက်သလို မိမိ နှစ်သက် ရာရာ သီးစားကို လယ်ချထားနိုင်ခွင့် မရှိတော့သည်သာမက ကိုယ်တိုင် လယ်မလုပ်လျှင် ရှိသမျှလယ်များကို ဘုတ်အဖွဲ့သို့ ဝကွက် အပ်လိုက် ရတော့မလို ဖြစ်နေလေသည်။

ထိုဥပဒေ၏ သဘောကို နားလည်သောအခါ အမယ်ကြီးသည် ဦးထွန်းလင်းအား ကိုယ်တိုင် လယ်လုပ်ရန် အတင်းအဓမ္မ တိုက်တွန်း နှိုးဆော်လေတော့သည်။

“အစိုးရခွင့်ပြုတဲ့အတိုင်း အနည်းဆုံး လယ်ဧက ၅၀ လောက် တော့ လက်ထဲက လွတ်မသွားအောင် လုပ်ဦးမှဖြစ်မှာပဲ၊ တစ်ကြိမ် လက်လွတ်သွားရင် နောက်တစ်ကြိမ် ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ ခဲယဉ်းတယ်။ ညွှန်ကြားချက်စာတမ်းတွေအရ အရင်နှစ်ကလုပ်တဲ့ သီးစားကိုသာ လယ်ပြန်ချထားရမယ်လို့ ဆိုတယ်မဟုတ်လား၊ အခုတောင် ကျွန်မတို့မှာ ရှိသမျှလယ်ယာတွေဟာ သီးစားတွေနဲ့ လုပ်ထား တာ...။ ဒါကို မောင်ရင့်သီးစားတွေက မနှစ်က ကျွန်တော်တို့လုပ် တာပါ။ ဒါကြောင့် ဒီနှစ်လည်း ကျွန်တော်တို့သာ လုပ်ပိုင်ခွင့်ရှိလို့ ကျွန်တော်တို့ကိုသာ ချထားပါလို့ ဘုတ်အဖွဲ့ ကိုလျှောက်ထားရင် ဧက ၅ဝ မပြောနဲ့ တစ်ဧကတောင် ကိုယ့်ဟာကိုယ် ပြန်လုပ်ဖို့ ရချင်မှရမှာပဲ”

“ဒါအတွက်တော့.. မပူပါနဲ့ကွာ၊ ငါ့သူကြီးတွေ ရှိသားပဲ”

“ရှင်က အခု နယ်ပိုင်ဝန်ထောက် မဟုတ်တော့ဘူးရှင့်၊ ဘာ အာဏာခွာနာမှ ရှိတော့တာ မဟုတ်ဘူး”

“အာဏာမရှိပေမယ့် မေတ္တာတရားဆိုတာ ရှိပါသေးတယ်ကွာ” “ဒါဖြင့် ရှင် လယ်ဆင်းလုပ်တော့မယ်ပေါ့”

“ငါ လယ်တောဆင်းမယ်လို့ ဝန်မခံရသေးပါကလား။ မင်းကို ပစ်ပြီး ငါ ဘယ်သွားနိုင်ပါ့မလဲကွာ”

“မသွားလို့ မဖြစ်ဘူးရှင့်။ အိမ်မှာ ကျွန်မ မရှိရင် ဖြစ်မယ်မဟုတ် ဘူး။ ဒီတော့ ရှင့်ကို ထမင်းချက်ကျွေးဖို့ နောက်တိုးကို ခေါ်သွား...။ အဖော်လည်းရအောင်”

“အေးကွာ... ဘယ်လိုခွဲလို့မှမရလည်း သွားရတော့တာပေါ့။ ခက်တာက ငါ လယ်မထွန်တတ်တာက ခက်တယ်”

“ရှင်ကိုယ်တိုင် လယ်ထဲဆင်းရမှာ မဟုတ်ပါဘူး။ လုပ်သား ငှားပြီး လုပ်ခိုင်း၊ ရှင်က လယ်ကွက်ဘေးမှာ မျက်နှာပြရုံပေါ့ ။ တကတည်း မသွားချင်တိုင်း ဆင်ခြေတွေများလိုက်တာ...

“ကောင်းပါပြီဗျာ”

ယင်းသို့လျှင် ဦးထွန်းလင်းမှာ အငြိမ်းစားနယ်ပိုင်ဝန်ထောက် ဘဝမှ တောင်သူလယ်သမားကြီးတစ်ယောက် ဖြစ်လာရလေသည်။

ဦးထွန်းလင်း၏ဇနီးဘက်မှ ရွှေဘို ဒိစတြိတ်အတွင်းတွင် လယ် မြေဧကပေါင်း မြောက်မြားစွာ ရလိုက်သည်။ ရွှေဘိုမြို့ အနီးအနားတွင် လယ်များရှိသော်လည်း ဦးထွန်းလင်းသည် အသိမိတ်ဆွေများ ကဲ့ရဲ့ မည်ကို စိုးသဖြင့် ရွှေဘိုမြို့နှင့်ဝေးရာ ရေဦး ဆပ်ဒီဝီဇံနယ်အတွင်း နွားများ” ရွာ၌ ရှိသော မူးရေဝင်လယ်များကို လုပ်မည်ဟု ဆုံးဖြတ် လိုက်သည်။ (နွားများကို နများ ဟု ဖတ်ပါ။)

ထို့အပြင် နွားများရွာသူကြီးမှာ အစိုးရအလုပ်ကို လုပ်နေစဉ် ကတည်းက ဆရာရင်းတပည့်ရင်း ဖြစ်လေရာ၊ လယ်ကိစ္စတို့၌ အစစ အရာရာ အကူအညီရလိမ့်မည်ဟူ၍လည်း မျှော်လင့်သည်။ ထို့ကြောင့် နွားများရွာသူကြီးသို့ အကျိုးအကြောင်း စာရေးလိုက်ပြီး၊ သူ နေထိုင်ရန် အတွက် နေရာကောင်းတစ်ခုတွင် တဲတစ်လုံးပါဆောက်ထားရန် မှာ ကြားလိုက်လေသည်။

(၂)

လယ်တောဆင်းရန် အချိန်မတိုင်မီ တစ်လခန့်က ကြိုတင်၍ ဦးထွန်းလင်းသည် လယ်ကိစ္စအတွက် စီမံစိုင်းပြင်းရန် တပည့် နောက်တိုးနှင့်အတူ ရေဦးမြို့သို့ မော်တော်ကားနှင့် ထွက်ခဲ့လေသည်။ ရေဦးမြို့သို့ရောက်သောအခါ နွားများရွာသူကြီးက လှည်းလွှတ်၍ ကြို နှင့်သဖြင့် ထိုလှည်းနှင့် နွားများရွာသို့ လိုက်သွားလေရာ ညနေစောင်း အချိန်တွင် ရွာသို့ ချောချောမောမော ရောက်သွားသည်။

လှည်းသည် သူကြီးအိမ်ရှေ့၌ ရပ်လေသည်။ သူကြီးအိမ်မှာ ပျဉ်ခင်းပျဉ်ကာနှင့် တော်တော်ထည်ထည်ဝါဝါရှိသော အိမ်ကြီးဖြစ်လေ ရာ အောက်အရပ်အခေါ်နှင့်ဆိုလျှင် မတ်တတ်ရပ် (မဒရပ်) အိမ်မျိုး ဖြစ်သည်။ ဦးထွန်းလင်း ရောက်လာသည့်အချိန်၌ သူကြီးအိမ်အောက် တွင် ယောက်ျား မိန်းမ ၂၀ ခန့် စုရုံးနေ၍ လူငယ်တစ်ယောက်က ထမင်းစားပွဲဝိုင်းကလေးအပေါ်တွင် စာရေးနေသည်။ ဦးထွန်းလင်းကို မြင်လျှင် သူကြီးသည် လူကြားထဲမှ တိုးဝှေ့လာကာ အူယားဖားယား ဆီးကြိုရင်း..

“ဝမ်းသာလိုက်တာခင်ဗျာ။ ဆရာကြီးလာမယ်ဆိုကတည်းက ကျွန်တော်တို့ ဝမ်းသာလိုက်ကြတာ တစ်ရွာလုံးက မျှော်နေကြတာပဲ။ ကြွပါခင်ဗျာ.. ကြွပါ.. ထမင်းလည်း အဆင်သင့်ချက်ထားပါတယ်။ ရေချိုးချင်ရင် ဟိုဘက်မှာ ရေချိုးခန်းရှိပါတယ်ခင်ဗျ”

“ကျုပ် မှာလိုက်တဲ့အတိုင်း နေဖို့ တဲထိုးမထားဘူးလား”

“ထိုးထားပါတယ်ခင်ဗျာ။ ဆရာကြီးမှာလို့သာ တဲထိုးရပါတယ်။ ကျွန်တော့်အိမ်ဟာ အကျယ်ကြီးပါ။ ဆရာကြီးနေမယ်ဆိုရင် ချောင် ချောင်ချိချိ နေနိုင်ပါတယ်ခင်ဗျာ” “နေပါစေ... သူကြီးမင်း နေပါစေ၊ ကျုပ်က တောမှာနေရင်းလွတ်လွတ်လပ်လပ် နေချင်တာနဲ့ တမင်မှာလိုက်တာပဲ”

“ဒါတော့ ဆရာကြီး သဘောအတိုင်းပါပဲခင်ဗျာ။ တဲကတော့ ရွာအပြင်ဘက်နားမှာ ဘုန်းကြီးကျောင်းနဲ့ မလှမ်းမကမ်း အရိပ် အာဝါသ ကောင်းတဲ့နေရာကို ရွေးထိုးထားပါတယ်။ သုံးပင်နှစ်ခန်းဆို တော့ ဆရာကြီးတစ်ယောက်ထဲအတွက် အတော်ပါပဲခင်ဗျာ”

“တော်ပါပြီ... တော်ပါပြီ၊ ကျေးဇူးတင်ပါတယ်” ။

“အညောင်းအညာ ဖြေပါဦးခင်ဗျာ။ ထမင်းစားပြီးမှ စာကို သွားတာပေါ့၊ ကျွန်တော်တို့ လိုက်ပို့ပါမယ်”

ဟု သူကြီးမင်းက တားသဖြင့် ဦးထွန်းလင်းသည် သူ့အတွက် ခင်းထားသော ကြိမ်ကုလားထိုင်ကြီးပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချ လိုက်လေသည်။ မကြာမီ ရွာသားတစ်ယောက်သည် တောဓလေ့ထုံးစံ အတိုင်း အကြမ်းလက်ဖက်ရည်၊ လက်ဖက်အုပ်၊ တရုတ်မုန့်အချိုနှင့် ဆေးလိပ် မီးခြစ်များကို လာချလေရာ ဦးထွန်းလင်းသည် အကြမ်း လက်ဖက်ရည်ကို လက်ဖက်နှင့်မြည်းရင်း သူကြီးအိမ်အောက်ထပ်၌ စုရုံးရောက်နေကြသော လူတစ်စုကို တစေ့တစောင်း ကြည့်နေလေ သည်။

သူကြီးသည် သူ့မူလနေရာသို့ ပြန်သွား၍ လူစုအလယ်တွင် ပုဆစ်တုပ်ထိုင်နေသော မိန်းမကလေးတစ်ယောက်ကို လှမ်းကြည့်ကာ

“ကဲ မိနွယ်၊ နင်တို့ ဘာဖြစ်ကြတာလဲ ပြောစမ်း”

မိန်းကလေးသည် သူကြီးကို လှမ်းကြည့်လေသည်။ ထို့နောက် သူ့ပတ်ပတ်လည်၌ ဝိုင်းနေကြသော ယောက်ျားမိန်းမများကို လှည့် ကြည့်သည်။ မိန်းကလေးမှာ ဆံတောက်သိမ်းစဖြစ်သဖြင့် ဆံတို ကလေးများမှာ နားရွက်နောက်က ထွက်နေလေသည်။ ကျေးတောသူ တို့၏ ဓမ္မတာအတိုင်း အသားညိုရှာသည်။ သို့သော် သူ့ရုပ်သည်တောသူများထဲတွင် တော်တော်ရှားသည့်ရုပ်မျိုးပဲဟု ဦးထွန်းလင်း တွေးမိသည်။ အသက်မှာ ၁၅ နှစ်ခန့်မျှသာ ရှိဦးမည်။ ရင်အုံကလေး မို့ဖောင်းဖောင်းနေပုံနှင့် ကိုယ်လက်အင်္ဂါ စိုပြည်ဝဖြိုးပုံကိုထောက်ပြီး အပျိုပေါက်စကလေး ဖြစ်ဟန်တူသည်။

မိဇွယ်၏ အနားရှိ သူနှင့်ရုပ်ချင်း ဆင်တူတူရှိသော မိန်းမ တစ်ယောက်က မိနွယ်ကို တံတောင်ဆစ်နှင့်တွန်းလိုက်ကာ “ပြော လေ...” ဟု ထောက်လိုက်မှ မိနွယ်သည် အသက်ဝင်လာသလိုဖြစ်ပြီး

“မနေ့ညက သန်းခေါင်လောက်မှာ ကျုပ်က တပိုတပါးသွားချင် တာနဲ့ အောက်ကိုဆင်းလာတာ သူက လက်ပံပင်ကြီးအောက်က စောင့် ပြီး ကျုပ်ကို လက်ဆွဲတယ်တော့။ အတင်းအဓမ္မ ဖက်လှဲတာနဲ့ အင်္ကျီ တောင် ပြေသွားတယ်”

မိဇွယ်၏ စကားဆုံးသောအခါ ပရိသတ်၏မျက်လုံးအစုံတို့သည် မိနွယ်နှင့် မလှမ်းမကမ်း၌ ထိုင်နေသော အသက် ၂၀ အရွယ်ခန့် လူငယ် တစ်ယောက်ကို လှမ်းကြည့်ကြလေသည်။ လူငယ်မှာ ဘိုကေကို သပ်သပ်ရပ်ရပ်ခွဲထား၍ နှာတံပေါ်ပေါ် မျက်ခုံးကောင်းကောင်းနှင့် အတော်အဆင်ပြေသူဖြစ်ရာ မိဇယ်နှင့်ဆိုလျှင် ရှေ့သွားနောက်လိုက် ညီပါပေသည်ဟု ဆိုရပေမည်။

သူကြီးက “ဟေ့.. အောင်ညွန့်၊ မင်း ဘာပြောချင်သေးသလဲ”

“အလကားပါခင်ဗျာ၊ သူက သန်းခေါင်ကိုလာခဲ့ပါ.. စောင့်နေပါ့ မယ်လို့ ခေါ်တာနဲ့ ကျွန်တော်သွားတာပဲ။ ဒါကို သူ့အစ်မ မိသွားတာနဲ့ တမင်တကာ ကျွန်တော့်ကို အမှုရှာတာပါ”

“ဟုတ်လား..... မိနွယ်။ နင်မှာတာဆို...”

“မဟုတ်ပါဘူးတော်။ ဘာကျမ်းပေးပေး ကိုင်ရဲပါတယ်”

“အလကားပြောနေတာခင်ဗျ။ ကျွန်တော်နဲ့ ဖြစ်နေတာ ကြာလှပြီ”

မိဇွယ်အစ်မဆိုသူက ဝင်၍ “ဟဲ့.. နင်နဲ့ဖြစ်နေရင် မိနွယ်က အော်ပါ့မလား။ မိနွယ်က အော်လို့ ကိုလူမောင်တို့၊ ကိုရွှေရတို့ ဝိုင်းလိုက် တာ နင့်ကိုမိတာပဲ မဟုတ်လား။ နင် အခုမှ ဘာငြင်းချင်ရတာလဲ”

“ကျုပ်က မငြင်းပါဘူးဗျာ။ မိတာတော့ မှန်တာပေါ့၊ ဒါပေမဲ့ ခင်ဗျားညီမက ချိန်းလို့ ကျုပ်စောင့်နေရတာ...”

“နင့်ကို ချိန်းရအောင် နင်က သူ့ရည်းစားလား...”

“ဟုတ်တယ်... ကျုပ်က သူ့ရည်းစားပဲ၊ အခုမှ လူတွေမိပြီး ရှက်လို့ တမင်လိမ်နေတာ..”

မိဇွယ်က “ဟဲ့.. ငါမလိမ်ဘူးတဲ့၊ နင့်ကို ငါ ဘယ်တုန်းကများ ကြိုက်ဖူးလို့လဲ”

သူကြီးက ဝင်၍ “တော်... တော်..၊ ကဲ အောင်ညွန့် မင်းကို မနေ့ညက လူတွေဝိုင်းဖမ်းတာ မိသွားတယ်ဆို”

အောင်ညွန့်က မျက်နှာရှုသိုးသိုးနှင့် “ဟုတ်တယ်၊ တမင် သူ့ အစ်မက ထောင်အဖမ်းခိုင်းတာပဲ”

“အေး... ဘာပဲဖြစ်ဖြစ် မင်းကို အချိန်မတော်မှာ မိန်းမပျို မိန်းမ ရွယ်ကလေးရဲ့ အိမ်အနားမှာ မိတာကတော့ အပြစ်ရှိနေတာပဲ၊ အဲဒီတော့ ထုံးစံအတိုင်း မိန်းကလေးရဲ့ အရှက်ကို လျော်ပေးဖို့က မင်း တာဝန်ရှိနေတယ်။ ဒါကြောင့် ငါတို့ဆုံးဖြတ်တာကို မင်းနားထောင် မလား၊ ဒါမှမဟုတ်ရင် တရားရုံးကိုသွားမလား။ အဲဒါသာ ပြောပေ တော့” “သူကြီးမင်းသဘောပါပဲ”

“ဒါဖြင့် အခု ကျေးရွာလူကြီးတွေ အားလုံးရှိကြတယ်။ အဲဒါ ခင်ဗျားတို့က ဘယ်လောက်ဆုံးဖြတ်ကြမလဲ”

အသက်ကြီးလူတစ်ယောက်က “အခုကိစ္စက ငကျွဲတို့၊ ဘရွှေတို့ အမှုတုန်းကနဲ့ အတူတူပါပဲ။ သူတို့အတိုင်း ငွေ ၅၀ လျော်ပြီး ငြိမ်ဝပ် ပိပြားကြစေပေါ့ဗျာ”

“ဘယ့်နှယ်လဲ... ဦးထွားကြီးပြောတာ သဘောတူကြရဲ့လား”

အခြားကျေးရွာသူကြီးများက သဘောတူကြောင်း ဝန်ခံကြ သဖြင့် သူကြီးက

“ကိုင်း... အောင်ညွန့်၊ လူကြီးတွေက ငွေ ၅၀ လျော်စေလို့ ဆုံးဖြတ်လိုက်တယ်။ မင်း ပေးနိုင် မပေးနိုင် သိချင်တယ်ကွာ”

“ပေးရတာပေါ့...”

“ဒါဖြင့် ငွေသွားယူပြီး ပေးလိုက်ပေတော့...” ဟု သူကြီးက နောက်ဆုံးဒီဂရီ ချမှတ်လိုက်သဖြင့် လူငယ်လည်း ထိုင်ရာမှထကာ အပြင်သို့ထွက်သွားလေရာ လူထုပရိသတ်လည်း တစ်ယောက်တစ် ပေါက် ပြောကြဆိုကြရင်း အလျှိုအလျှို ပြန်သွားကြလေသည်။

ဦးထွန်းလင်းသည် ကျေးရွာခုံရုံးကိုကြည့်ရင်း အလွန်သဘော ကျနေလေသည်။ ဤလိုဩဇာရှိသော ခုံရုံးမျိုးကို မြန်မာပြည်အရပ်ရပ်၌ ဖွင့်၍ ဤအတိုင်း အမှုပြီးပြတ်ကြမည်ဆိုလျှင် အစိုးရရုံးများသည် အပိုလိုလိုဖြစ်၍ အမှုသည်များမှာလည်း အဘယ်မျှ ငွေကုန်လူပန်း သက်သာကြပေလိမ့်မည်နည်းဟု တွေးမိလေသည်။

ထို့နောက် ကျေးရွာလူကြီးများနှင့် အာလာပသလ္လာပ ပြောဆိုနေ ရင်း ထမင်းခူးခပ်ကျွေးသဖြင့် ထမင်းစားရလေရာ၊ ထမင်းစားနေခိုက်အောင်ညွန့်ပြန်လာ၍ သူကြီးလက်ထဲ ငွေငါးဆယ် လာပေးသည်ကို တွေ့ရလေသည်။ အောင်ညွန့်သည် ရုတ်တရက် မပြန်သေးဘဲ လူကြီး များနှင့် အတူထိုင်၍ စကားပြောနေသည်။ ဦးထွန်းလင်းသည် ဘာမဆို ခရေစေ့တွင်းကျ သိလိုသူဖြစ်သဖြင့် အောင်ညွန့်ကို ထမင်းစားပွဲနားသို့