Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်ဝင်းထွဋ် - ကြက်မွေးမြူရေးအကြောင်းသိကောင်းစရာ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

၁။ ကြက်မွေးမြူရေးလုပ်ငန်း

ခန့်မှန်းရန်အခက်ခဲဆုံးလုပ်ငန်းသည် သက်ရှိသတ္တဝါမွေးမြူရေး လုပ်ငန်းပင်ဖြစ်သည်။ တွက်ရေးတွင် စက်သူဌေးဖြစ်ပြီး လုပ်ကြည့်မှ အရင်းလုံးလုံးပြုတ်တတ်ပေသည်။ မွေးမြူရေးလုပ်ငန်းသည် စွန့်စားမှု ဖြင့် စခန်းသွားနေရသည်။ ကြက်မွေးမြူရေးတွင် ကြက်များသည် အချိန်မရွေး သေကျေနိုင်သည့်ပြင် ကာလရောဂါများလည်း အချိန် မရွေးကျရောက်နိုင်ပေသည်။

အချို့ကဆိုလျှင် သူများလုပ်တာ အောင်မြင်နေသည်ကို အားကျ ၍ ဝင်ငွေကောင်းလိုသော ဆန္ဒတစ်ခုတည်းဖြင့် ကြက်မွေးကြသည်။ မွေးမြူရေးနှင့် ပတ်သက်၍ မည်သည့်ပညာဗဟုသုတမှလည်းမရှိ လေ့လာစူးစမ်းမှုလည်းမလုပ်ဘဲ သူများယောင်လို့ လိုက်ယောင်ကြသည့် သဘောမျိုးသာဖြစ်သည့်အလျောက် မမျှော်လင့်နိုင်သော ပြဿနာ အခက်အခဲများ ကြုံတွေ့ ရကာ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရတတ်ပေသည်။ မည်သည့်လုပ်ငန်းကိုမဆို လက်တွေ့ စတင်မလုပ်မီ ယင်းလုပ်ငန်း နှင့်ပတ်သက်၍ သိကောင်းစရာအချက်အလက်မှန်သမျှကို ကြိုတင် လေ့လာရှာဖွေမှတ်သားပြီး အကောင်အထည်ဖော်လုပ်ကိုင်ခြင်းသည် အကောင်းဆုံးဖြစ်နိုင်ပေသည်။

အမှန်တော့ ကြက်မွေးမြူရေးလုပ်ငန်းသည် လွယ်ကူသော အလုပ် တစ်ခုမဟုတ်ပေ။ သိသင့်သိထိုက်သော အချက်ပေါင်းများစွာရှိပေ သည်။ သိပ္ပံနည်းကျမွေးမြူရေးအကြောင်းကို လေ့လာတတ်ကျွမ်း ထားရန် လိုအပ်သည်။ နိုင်ငံရပ်ခြားမှ မွေးမြူရေးလုပ်ငန်းရှင်ကြီးများ ၏ နည်းစနစ်များကိုလည်း မှတ်သားအတုယူထားတတ်ရန် လိုအပ် ပေသည်။ ကြက်မွေးမြူရေးလုပ်ကိုင်သူကိုယ်တိုင် အချက်အလက်များ ကို နားလည်သဘောပေါက်ပြီး တကယ့်စက်မှုလက်မှုလုပ်ငန်းကြီး တစ်ခုလုပ်သလို အလေးအနက်ထားလုပ်ကိုင်လျှင် အောင်မြင်မှုရလဒ် မလွဲမသွေရရှိလာမည်ဖြစ်သည်။

၂။ ပတ်ဝန်းကျင်အခြေအနေ

ကြက်မွေးမြူရေးကို စနစ်တကျလုပ်ကိုင်တော့မည်ဆိုလျှင် ကြက် များထားရာနေရာ၏ ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးဂရုစိုက်ရမည်ဖြစ်ပေသည်။ ကြက် မွေးမြူရေးထိခိုက်ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သော ကြက်များရောဂါဖြစ်ခြင်း၊ သေကျေပျက်စီးခြင်းတို့သည် ပတ်ဝန်း ကျင်အခြေအနေမကောင်းမွန်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကြက် များထားရှိရာ ကြက်အိမ် (သို့မဟုတ်) ကြက်ခြံများ၏ ပတ်ဝန်းကျင်ကိုကောင်းမွန်သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာထားရှိရန် အလွန် အရေးကြီးပါသည်။

ကြက်များသည် အခြားသတ္တဝါများနည်းတူ လေထဲ၌ပါသော အောက်စီဂျင်ဓာတ်ကိုရှူရှိုက်ကြရာ ကြက်များထားရှိရာ ပတ်ဝန်းကျင် လေထုသည် သန့်ရှင်းသောလေကောင်းလေသန့်ရှိမှသာ ကြက်များ အနာရောဂါကင်းပြီး ကျန်းမာနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ကြက်ငယ်များမွေးမြူရာတွင် အောက်စီဂျင်ဓာတ်သည် အရေးကြီးသည်။ လေထဲ၌ အောက်စီဂျင်ဓာတ်နည်းပြီး မလုံမလောက်ဖြစ်နေလျှင် ကြက် ကလေးများ၏ ကျန်းမာသန်စွမ်းမှုကို မလွဲမသွေထိခိုက်နိုင်သည်။

လေထုထဲအောက်စီဂျင်လျော့နည်းနေခြင်းကို မီးခြစ်၊ ခြစ်၍ အလွယ်တကူစမ်းသပ်ကြည့်နိုင်သည်။ ကြက်ကလေးများထားရာ ကြက်ခြံအတွင်း မီးခြစ် ခြစ်ကြည့်ပြီး မီးတောက်ကိုကြည့်ပါ။ မီးတောက်သည် သာမာန်အတိုင်း မတောက်ဘဲ အနည်းငယ်အရှိန်လျော့ နေလျှင် အောက်စီဂျင်ဓာတ်နည်းနေပြီဟု တထစ်ချမှတ်ယူပါ။ လေထဲ ၌ အောက်စီဂျင်ဓာတ်အလုံအလောက်ရှိလျှင် မီးတောက်သည် သဘာဝ အတိုင်းကောင်းစွာတောက်နေရမည်။ အောက်စီဂျင်ဓာတ် လျော့နည်း နေပြီဆိုလျှင် အောက်စီဂျင်ဓာတ်လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရန် မသန့်ရှင်းသောလေဟောင်းများထွက်ပြီး သန့်ရှင်းသော လေများဝင် ရောက်လာစေနိုင်ရန် လေဝင် လေထွက်ပေါက်များ ပြုလုပ်ပေးထား ရမည်။

ကြက်များစွန့်သည့် အညစ်အကြေးမစင်များကိုလည်း ဖယ်ရှား ပစ်ရမည်။ အညစ်အကြေးများမှ ထွက်တတ်သော အခိုးအငွေ့များ သည် လေကောင်းလေသန့်ကို ဖျက်ဆီးတတ်သည့် အဓိကအကြောင်း အရင်းတစ်ရပ်ဖြစ်သည်။ အောက်စီဂျင်ဓာတ်လျော့နည်းနေသော ကြက်ခြံများတွင် အညစ်အကြေးမစင်နံ့ တွေက ပို၍ပင်အခြေအနေ ဆိုးအောင်ဖန်တီးတတ်သည်။ ကြက်များဝပ်ရာနေရာတွင် သန့်ရှင်းစင် ကြယ်နေအောင် လုပ်ငန်းရှင်က အပင်ပန်းခံကြိုးပမ်းထားရပေမည်။

လေကောင်းလေသန့်မရရှိပါက ကြက်ကလေးများသည် လေးလံ ထိုင်းမှိုင်းခြင်း၊ အမွေးအတောင်များကောင်းစွာမပေါက်ခြင်းတို့ဖြစ် တတ်သည့်အပြင် အခြားရောဂါများဝင်လာခြင်း၊ ရောဂါပိုးများကိုခုခံနိုင်သည့် သဘာဝသတ္တိအင်အားနည်းပါးခြင်း စသည်တို့ဖြစ်တတ် သည်။

ကြက်ကလေးများတဖြည်းဖြည်း အရွယ်ကြီးလာလေ သန့်ရှင်းသော လေကောင်းလေသန့်ရှိဖို့လိုအပ်လာလေဖြစ်သည်။ ထို့ကြောင့် ကြက် မွေးမြူရေးကို စနစ်တကျလုပ်ကိုင်မည်ဆိုလျှင် လေကောင်းလေသန့် ရရှိရေးသည် မရှိမဖြစ်လိုအပ်သော လိုအပ်ချက်တစ်ခုပင်ဖြစ်လေသည်။

၃။ ကြက်စတင်မွေးမြူခြင်း၊

ယခုအခါ မြန်မာနိုင်ငံတွင် ကြက်မွေးမြူသူဦးရေ များစွာတိုးလာ ပြီဖြစ်သည်။ ထို့ကြောင့် ကြက်မွေးမြူရန်စိတ်ကူးသူသည် ယခင်နှစ် များစွာကကဲ့သို့ စမ်းတဝါးဝါးဖြစ်စရာမလိုဘဲ စာအုပ်များ၊ အတွေ့ အကြုံရှိသော မွေးမြူသူများထံမှ အကူအညီယူကာ ရဲရဲတင်းတင်း မွေးမြူနိုင်ပြီဖြစ်လေသည်။

မွေးမြူရာတွင် ရက်သားမှ တစ်လခွဲထိ မီးလွတ်အောင် မွေးရ သည့်ကာလသည် အခက်ခဲဆုံးကာလနှင့် အသေအပျောက်ရှိသော ကာလဖြစ်သည်။ မီးလွတ်ပြီးလျှင် အစာမှန်မှန်ကျွေး၊ ကာကွယ်ဆေး ပုံမှန်ထိုး၊ လိုအပ်သည့် အိပ်တန်းနှင့် ဥကျင်းများပြင်ဆင်ပေးရန်သာ ရှိတော့သည်။ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လျှင် မီးလွတ်မွေးမြူ ခြင်းထက် ရက်သားမှ စတင်မွေးရန် အကောင်းဆုံးဖြစ်ပေမည်။ ရက် သား၊ ကြက်ငယ်ကလေးများ တစ်ဖြည်းဖြည်းရှင်သန်ကြီးထွားလာ သည်အထိ တောက်လျှောက်အချိန်ပြည့် လက်တွေ့ သင်တန်းတက်သကဲ့သို့ရှိရာ တကယ်တမ်းစိတ်ဝင်စားသူသည် လောမကြီးဘဲ စိတ်ရှည်ရှည်ထားလုပ်ဆောင်လျှင် ရက်သားမှ စတင်မွေးမြူခြင်းကို မကြောက်တော့ဘဲ အကျိုးအမြတ်ရှိမှာဧကန်ပင်။

မီးလွတ်မှ စတင်မွေးမြူခြင်းသည် မိမိယူလာသည့် ကြက်များ သည် အမှန်တကယ် မီးလွတ်ဟုတ်မဟုတ်၊ ကြီးထွားနှုန်းကောင်း သည့် ကြက်များဟုတ်၊ မဟုတ် ထည့်တွက်ရမည်ဖြစ်သည်။

အနွေးဓာတ်ပေးရာတွင် လျှပ်စစ်မီးရသောဒေသများတွင် လျှပ် စစ်ကြိုးခွေ၊ လျှပ်စစ်မီးသီးကို အသုံးပြုကြသည်။ မီးသီးအပူချိန် သည် လျှပ်စစ်ကြိုးခွေထက် အပူချိန်လျော့နည်းသော်လည်း လွယ် ကူ၍ အန္တရာယ်နည်းပါးသည်။ ဆောင်းတွင်းကာလတွင် ညဘက် ၌ မီးသွေးအိုးဖြင့် အုပ်ဆောင်းထပ်ဆောင်း၍ အပူဓာတ်ပေးကြသည်။ လျှပ်စစ်မီးမရှိသောဒေသများတွင် ရေနံဆီ၊ ဖန်မီးခွက်ကို အသုံးပြု နိုင်သည်။ မီးအိမ်ဖန်ပြောင်းမှ တက်လာသောအပူသည် အပေါက် ပါသောသံအုပ်ဆောင်းကို ပူစေ၍ အနွေးဓာတ်ပေးနိုင်သည်။ ရေနံ ဆီမီး၊ ထင်းမီးများအသုံးပြုပါက အောက်စီဂျင်လျော့နည်းမှုကို မပြတ် သတိထားစောင့်ကြည့်စစ်ဆေးရန်လိုသည်။ ပိုအေးသောဒေသတွင် ဖန်မီးအိမ်နှင့် မီးသွေးအိုးတွဲပေးနိုင်သည်။ မီးပေါက်သော မီးသွေး မဖြစ်စေရန် အထူးဂရုစိုက်ရပါမည်။

၄။ အမျိုးအစားရွေးချယ်ပါ

ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူသည် ပထမဦးဆုံးလို အပ်ချက်မှာ မိမိမွေးမြူမည့်ကြက်အမျိုးအစားကို ရွေးချယ်ဆုံးဖြတ် ရန်ပင်ဖြစ်ပေသည်။ ယထာဘူတကျကျ စဉ်းစားဆုံးဖြတ်ရန်အရေး ကြီးသည်။

အချို့က မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေအရ ပြည်တွင်း ၌ရှိသော တိုင်းရင်းကြက်များနှင့်သာ သင့်လျော်သည်။ နိုင်ငံခြား ကြက်အမျိုးအစားများ တင်သွင်းမွေးမြူလျှင်ရေရှည်အောင်မြင်မည် မဟုတ်ဟုယူဆကာ တိုင်းရင်းကြက်များကိုသာ မွေးမြူကြပေသည်။ တိုင်းရင်းကြက် (မြန်မာကြက်)များသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိ သည့် ယူဆချက်ကို ငြင်း၍မရပေ။ သို့သော် သိပ္ပံပညာထွန်းကားနေသောခေတ်ထဲတွင် ကြက်မွေးမြူရေးကို စီးပွားရေးအဖြစ် လုပ်ကိုင်ပါက စီးပွားရေးအရ အကျိုးအမြတ်လျင်မြန်စွာခံစားနိုင်ရန် ကမ္ဘာ့အဆင့် အတန်းမီ မျိုးကောင်းမျိုးသန့် ကြက်များသာ မွေးမြူသင့်ပေသည်။

ထိုကြက်များသည် တိုင်းရင်းကြက်များထက် ဥထွက်နှုန်းကောင်း ခြင်း၊ ကြီးထွားမှုလျင်မြန်ခြင်း၊ အသားထွက်နှုန်းကောင်းခြင်း၊ အမွေး အတောင်ပေါက်မှုလျင်မြန်ခြင်းစသော အကျိုးတရားဧကန်ခံစားရရှိ နိုင်မည်။ ထို့အပြင် တိုင်းရင်းမြန်မာကြက်နှင့် နိုင်ငံခြားဥမျိုးကောင်းသောကြက်များမျိုးစပ်လိုက်ပါက မြန်မာနိုင်ငံအတွက် အသင့်တော် ဆုံးဥကြက်မျိုးကောင်းတစ်မျိုးရရှိနိုင်ပေသည်ဟု ကျွမ်းကျင်ပညာရှင် များက ဆိုကြသည်။