အောင်ဝင်းထွဋ် - ကျွဲ၊နွားမွေးမြူနည်းနှင့်ရောဂါကုသနည်း
အပိုင်း (၁)
၁။ နွားအမျိုးမျိုးနှင့် သဘာဝ
နွားတို့၏ အမွေးအရောင်ကို လိုက်၍အုပ်စုလေးမျိုးခွဲခြားခေါ်ဆိုကြ သည်။ ၎င်းတို့မှာ
(၁) နွားနီအုပ်စု
(၂) နွားပြာအုပ်စု
(၃) နွားနက်အုပ်စု
(၄) နွားဖြူ (ဝါ) စာဥအုပ်စု တို့ဖြစ်ကြသည်။ နွားအုပ်စုတစ်စုတွင် အရောင်အသွေးကွဲပြားမှုကို လိုက်၍လည်းအောက်ပါ အတိုင်း သတ်မှတ် ကြသည်။
(၁) နွားနီအုပ်စု
နွားနီ၊ နွားရွှေနီ၊ နွားကျစ်၊ နွားကျစ်နီ၊ နွားကျစ်ကြား၊ နွားနီထိပ် ကွက်၊ နွားနီမြီးစွပ်၊ နွားနီကြား၊ နွားနီရဲရဲတောက်၊ နွားဝါနီ၊ ချိပ်နီ၊ ပုစွန်ဆီ၊ အုန်းခွံ၊ ဇော်၊ နွားနီကွမ်းသွေး၊ ဇော်နီကွမ်းသွေး၊ နွားဝါ၊ နွားဝါဖွဲနု၊ နွားဝါ ခြောက်တို့သည် နွားနီအုပ်စုဖြစ်သည်။
(၂) နွားပြာအုပ်စု
နွားပြာနီ၊ နွားပြာစိမ်း၊ နွားပြာခြောက်၊ နွားပြာဝါ၊ နွားပြာညို၊ နွား ပြာဖြူ၊ နွားပြာကြား၊ နွားပြာထိပ်ကွက်၊ နွားပြာမြီးစွပ်၊ နွားပြာသံရောင်၊ နွား ပြာနှမ်း၊ နွားပြာနီကွမ်းသွေး၊ နွားနှမ်းတို့သည် နွားပြာအုပ်စုဖြစ်ကြသည်။
(၃) နွားနက်အုပ်စု
နွားနက်၊ သြဇာချိပ်၊ သံရောင်ချိပ်၊ နွားနက်ကြား၊ နွားနက်စွပ်၊ နွားနက်ထိပ်ကွက်၊ နွားညိုသန်ရောင်၊ နွား၊ နွားညို၊ နွားနီ၊ နွားထန်းသီး၊ နွားသံရောင်တို့မှာ နွားနက်အုပ်စုဝင်များ ဖြစ်ကြသည်။
(၄) နွားဖြူ (ဝါ) စာဥအုပ်စု
စာဥ၊ စံပယ်ဖြူ၊ စံပယ်၊ စာဥဝါ၊ စာဥဝါကြား၊ စာဥထိပ်ကွက်၊ စာဥပြာ၊ စာဥအုန်းခွံ၊ စာဥနှာပြောက်၊ စာဥမြီးတန်ကြောင်၊ စာဥမြီးစွပ်၊ စံပယ်နီတို့မှာ နွားဖြူ၊ (ဝါ) စာဥအုပ်စုဝင်များဖြစ်သည်။
နွားများသည် နို့တိုက်သတ္တဝါမျိုးဖြစ်သည်။ နို့တိုက်သတ္တဝါများ တွင် နို့ထွက်ခြင်းသည် အလွန်သိမ်မွေ့ ရှုပ်ထွေးသော သွေးသားလှုပ်ရှားမှု တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် နို့တိုက်သတ္တဝါများသည် ရာသီဥတုဒဏ်နှင့် အစာရေစာ၊ ပတ်ဝန်းကျင်ပြောင်းလဲမှုဒဏ်စသည်တို့ကို ခံနိုင်ရည်မရှိပေ။
နိုင်ငံခြားနွားမျိုးများသည် မြန်မာနွားမျိုးထက် ကိုယ်လုံးကိုယ်ထည် ကြီးထွားတောင့်တင်းသည်။ အမြင်တွင် လှပသော်လည်း ခိုင်းစေရာတွင် မြန်မာနွားများလောက်ခံနိုင်ရည်မရှိပေ။ မြန်မာနွားများမှာ အလွန်တရာထွား ကျိုင်းမှုမရှိလင့်ကစား ကျစ်လျစ်တောင့်တင်းသည်။ ကျန်းမာသန်စွမ်းပြီး ရောဂါ ဖြစ်ပွားမှုနည်းသည်။
၂။ နွားလက္ခဏာများ
ရှေးမြန်မာတောင်သူဦးကြီးများသည် ၎င်းတို့မွေးမြူရန်အတွက် မျိုး နွားသိုးများကိုပင်မအခြေခံအားဖြင့် အချက်လေးချက်ထား၍ ရွေးချယ်လေ့ ရှိသည်။ ထိုအချက်လေးချက်မှာ
(၁) နှာတံခုံး၍မောက်ရမည်။
(၂) နှာတံအရင်းတုတ်၍ အဖျားရှူးရမည်။
(၃) မျက်လုံးပြူး၍ ကြည်လင်တောက်ပရမည်။
(၄) ခွာအိုးလုံး၍ မာရမည်။ တို့ဖြစ်သည်။ ။
အထက်ပါပင်မအချက် (၄)ချက်နှင့် ကိုက်ညီပါက နောက်ထပ် အသေးစိတ်လိုအပ်ချက်များကို ထပ်မံရွေးချယ်ကြသည်။ ၎င်းတို့မှာ
(၁) ထိပ်ခွင်ကျယ်ခြင်း။
(၂) ထိပ်ဝေ့ကြမ်းခြင်း။
(၃) မျက်လုံးကြည်လင်တောက်ပခြင်း။
(၄) မျက်လုံးဖွံ့ဖြိုးအချိုးကျခြင်း။
(၅) သွား(၈)ချောင်း မှန်ကန်စွာပါရှိခြင်း၊ သွားများအကြီးအသေး ညီမျှစွာစီတန်း၍ ပေါက်နေခြင်း။
(၆) သွားများမာကျော၍ သွားပိုးကင်းမဲ့ပြီး သွားတံရှည်ရမည်။
(၇) လည်အိုးထုထူ၍ လည်တံတိုရမည်။
(၈) လည်ပြားအဖျား ကျယ်ရမည်။
(၉) လည်ဘို့ကြီးမား၍ ကောက်ချိတ်နေရမည်။
(၁၀) ရင်အုံကား၍ ရှေ့မြင့်နောက်နိမ့်ဆင်ခြေလျှောရှိစေရမည်။
(၁၁) ကျောရိုးဖြောင့်စင်းရမည်။
(၁၂) တင်ပါးဆုံရိုးမခွက်စေရ။
(၁၃) တင်ပါးသားပြည့်ဖြိုးရမည်၊ ဖင်မရှူစေရ။
(၁၄) အမြီးရင်းတုတ်၍ အဖျားရှူးပြီး အမြီးခါးတောင်းကျိုက်ဖြစ်ရမည်။
(၁၅) မြီးဆံဖာ၍ များရမည်။
(၁၆) သိုမကွဲခြင်း၊ နို့သီးလေးလုံးအပြည့်ပါရှိရမည်။
(၁၇) သိုပမာဏ ကြီးထွားသန်မာရမည်။
(၁၈) ခွာများသမင်ခွာကဲ့သို့ လုံးဝိုင်းနေရမည်။
(၁၉) ခြေ၊ လက်များမခွင်စေရ၊ နောက်ခြေမြေမတိုက်စေရ။
(၂၀) အမွေးအရောင်မှာ အပြာ၊ အနီ၊ နီပြာ၊ စာဥ၊ မန်ကျည်သီးစေ့ညို နှင့် ဆွတ်ဆွတ်ဖြူများ ဖြစ်ရမည်။ အထက်ပါအချက်များသည် နွားများ၏ကောင်းခြင်းလက္ခဏာများဖြစ်သဖြင့် အချက်အားလုံးပြည့်ဝပါက အတိုင်းထက်အလွန်ကောင်းသည်။ သို့ရာတွင် အထက်ပါအချက်များ ပြည့်စုံရန်မှာ လွယ်ကူမှုမရှိပေ။ အထက် ပါအချက်များ ပြည့်စုံသင့်သလောက် ပြည့်စုံသော်လည်း အောက်ပါအချက် များပါရှိပါက ရှောင်ကြဉ်ရမည်။
(၁) အောက်နှုတ်ခမ်းရှည်၍ အပေါ်နှုတ်ခမ်းတိုခြင်း။
(၂) သွားမစုံခြင်း (သို့မဟုတ်) သွား (၆) ချောင်းသာပါရှိခြင်း။
(၃) သွားကျဲ၍ သွားကြားမှ သွားရည်ယိုခြင်း၊
(၄) နံတိုခြင်း။
(၅) နံပျော့ပါခြင်း။
(၆)နို့သီးမစုံခြင်း (နှစ်လုံးသာပါခြင်း)၊ နို့သီးများရိုးရိုးရှိစဉ်မဟုတ်ဘဲ ဘေးသို့လည်းကောင်း၊ အထက်သို့လည်းကောင်း ကောက်ကွေးလန် တက်နေခြင်း။ နို့သီးများ ကြွက်နို့ကဲ့သို့မာကျစ်နေခြင်း။
(၇) အမြီးသေးသိမ်ခြင်း၊ တိုခြင်း၊ အဖျားကောက်ခြင်း။
(၈) ကျောကုန်းခွက်ခြင်း၊ ကော့ခြင်း၊ ပြားခြင်း။
(၉) နှုတ်ခမ်းရွဲ့ခြင်း၊ မညီမညာဖြစ်ခြင်း။
(၁၀) မျက်လုံးသေး၍ မှေးမှိန်ခြင်း။
(၁၁) မျက်လုံးတစ်ဖက်နီ၍ တစ်ဖက်ဖြူခြင်း၊ မျက်ကြားခြင်း။
(၁၂) မျက်မှောင်ကြား (မှန်ဗွေအထက်) ဗွေနှစ်လုံးဆင့်ပါခြင်း။
(၁၃) ချိုတယ်လူး၊ ချိုရှင်၊ ချိုတစ်ဖက်လဲ၊ တစ်ဖက်ထောင်၊ ကြက်တူရွေးချို စသည်တို့တွေ့ရှိရခြင်း။
(၁၄) ချိုရင်းလှုပ်ခြင်း။
(၁၅) ချိုလန်ခြင်း။ ။
(၁၆) ချိုဆွေးမြည့်၍ အဖျားဖွားခြင်း၊ အဖျားကြွေခြင်း။
(၁၇) ခြေခတ်လက်ခတ်တိုခြင်း၊ ကန်လက်ပါရှိခြင်း။
(၁၈) ခွာမြေတိုက်ခြင်း၊ ဘဲသွားသွားခြင်း။
(၁၉) ဗွေမမှန်ခြင်း၊ ဗွေဆိုးပါခြင်း၊ ငွေမစုံခြင်း။
(၂၀) တလားခံ၊ တလားဖုံး အဖြူစင်းပါခြင်း။
(၂၁) မြီးထူးအရင်းတွင် ငွေချေးသုတ်ပါခြင်း။
(၂၂) လက်ပတ်ကြားတွင် တောက်တဲ့၊ အိမ်မြှောင်ကဲ့သို့အရုပ်ပါခြင်း။
(၂၃) ပင်လယ်ရေသောက်မျက်နှာဖုံးပါရှိခြင်း။
(၂၄) နွားမစိတ်ပေါက်ခြင်း (သို့မဟုတ်) နွားမယောင်ယောင်ဖြစ်ခြင်း။
(၂၅) ဝှေးစေ့တစ်လုံးတည်းသာပါရှိခြင်း။
(၂၆) နားရွက်သေး၍ချွန်ခြင်း၊ နားရွက်မွေးပါခြင်း။
(၂၇) အမွေးအရောင်ခြောက်သွေ့၍ ညစ်ထိုင်းနေခြင်း။
(၂၈) မြပုခက်၊ စာဟိန်းစသည့် အချက်များပါရှိခြင်း။
(၂၉) ခွာထဲရှိဘီလားရှည်ခြင်း၊ ခွာပန္နက်ပါရှိခြင်း။
(၃၀) မေးစေ့တစ်လုံးတည်းသာပါရှိခြင်း။
သို့သော် ဆိုရိုးစကားနှင့် အညီအနာလွတ်၊ အပြစ်လွတ်သော နွား ကောင်းရရှိရန် မလွယ်ပေ။ အထက်ပါအချက်များအနက် အချို့အချက်များ မှာ ပြောပလောက်အောင် အရေးမကြီးလှသဖြင့် လက်ခံနိုင်မည်ဆိုပါက လက်ခံနိုင်စရာ အကြောင်းရှိသည်။
မြန်မာမျိုးကောင်းမျိုးသန့်များသည် မြန်မာပြည်အလယ်ပိုင်းတွင် အများအပြားရှိပြီး ရှမ်းနွားဟုခေါ်သော နွားများသည် ရှမ်းကုန်းမြေမြင့်တွင် ရှိသည်။ ရှမ်းနွားများသည် မြန်မာနွားများကဲ့သို့ကောင်းမွန်၍ ခိုင်းစေရာတွင်ကောင်းမွန်မှုရှိသည်။ သို့သော် အပူဒဏ်ကိုမူ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းတို့မှ နွားများလောက်ခံနိုင်ရည်မရှိပေ။
နွားရွှေနီတို့တွင် နွားရွှေနီစစ်ပါက ရင်ဒူးတွင်အဖြူစင်းပါရမည်ဟု ဆိုထားသော်လည်း ယနေ့တွင်နွားရွှေနီအားရွေးချယ်ရာတွင် အကောင် (၁ဝဝ) လျှင် (၁) ကောင်တွေ့ခဲလှသည်။
၃။ အစာစားခြင်းနှင့် စားမြုံ့ပြန်ခြင်း
နွားများအစာစားရာတွင် အခြားသောတိရစ္ဆာန်များနှင့်မတူ၊ တစ်မူ ထူးခြားသော တိရစ္ဆာန်ဖြစ်သည်။ စားကျက်တွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ • အစာစားသောအခါ တရှူးရှူးအသံမြည်အောင် စားသောက်လေ့ရှိကြသည်။ ဤကဲ့သို့အသံမြည်အောင်စားသောက်ခြင်းမှာ စားကျက်တွင်မြွေ၊ကင်းစသည့် အဆိပ်ရှိသောတိရစ္ဆာန်များ၏ ဘေးရန်ကိုအသံဖြင့်ကာကွယ်ခြင်းဖြစ်သည်။
နွားများသည်အစာစားရာတွင် ရပ်နားလေ့မရှိဘဲ တောက်လျှောက် စားသောက်ကြသည်။ အနည်းငယ်သာ ဝါး၍မျိုချသည်။ တစ်နေကုန်စားပြီး အစာများကို ညအခါ၌လည်းကောင်း၊ အားလပ်သောအခါလည်းကောင်း တစ်ဖန် ပြန်ထုတ်၍ အစာကိုကြေညက်အောင်ဝါးစားပြန်သည်။ ဤကဲ့သို့ စားသောက်ခြင်းကို စားမြုံ့ပြန်သည်ဟုခေါ်သည်။
စားမြုံ့ပြန်သည်ဆိုခြင်းမှာ အစာကိုတစ်ကြိမ်တည်းဖြင့် ကြေညက် အောင်ဝါးမစားနိုင်သဖြင့် တစ်ဖန်ပြန်၍ ဒုတိယအကြိမ်ကြေညက်အောင် ထုတ် ယူစားခြင်းဖြစ်သည်။ စားမြုံ့ပြန်သောတိရစ္ဆာန်များတွင် အပေါ်သွား များမရှိဘဲ အောက်သွားများသာပါရှိကြသည်။ ထို့ပြင်ခွာကွဲ သောတိရစ္ဆာန် တိုင်းတွင် အစာအိမ်လေးလုံးပါရှိကြသည်။ ထို့ကြောင့် အစာအိမ်လေး လုံးပါရှိပြီး အပေါ်သွားများမရှိသည့်တိရစ္ဆာန်တိုင်းသည် စားမြုံ့ပြန်သော တိရစ္ဆာန်များဖြစ်ကြသည်။
နွားများသည် စားကျက်မြက်ခင်းသို့ရောက်သောအခါ မြက်များကို အောက်သွားများဖြင့် ကိုက်ဖြတ်၍ဝါးမျိုသည်။ စားသောအခါ မြက်ကိုကြေ ညက်အောင် မဝါးဘဲမနားမနေတစ်ဆက်တည်း စားသောက်ပြီးသော အစာ များသည် အစာပို့ပြွန်ချောင်းမှတစ်ဆင့် အစာအိမ်တွင်းသို့ ဝင်ရောက်လာသည်။
အစာအိမ်လေးလုံးပါရှိသည့်အနက် နွား၏လက်ဝဲဘက်ပိုင်းတွင်အစာ သိုလှောင်အိမ်သုံးလုံးပါရှိပြီး လက်ယာဘက်ပိုင်းတွင် ရေအိမ်တစ်လုံး ရှိသည်။ ၎င်းတို့သည်အစာပို့ပြွန်ချောင်းတစ်လျှောက်တွင် စီစီရီရီတည်ရှိသည်။
အစာသိုလှောင်အိမ်သုံးလုံးအား အမှတ်စဉ် (၁၊ ၂၊ ၃)ဟုအမည်ပေး ကြစို့။ စားလိုက်သောအစာများသည် အစာပို့ပြွန်ချောင်းမှတစ်ဆင့် အမှတ် (၁)အစာအိမ်အတွင်းသို့ ဝင်ရောက်လာကြသည်။ ထိုအစာအိမ်တွင် အစာ များ ပြည့်လာသောအခါ အမှတ် (၂)အစာအိမ်သို့ အစာများရောက် လာပြန် သည်။ အမှတ် (၂) အစာအိမ်ပြည့်သောအခါ အမှတ်(၃)အစာအိမ်သို့ အစာ များရောက်လာပြန်သည်။ အစာအိမ်များအားလုံးပြည့်သောအခါ အမှတ် (၄) အစာအိမ်သို့ ရေများရောက်လာသည်။ နွားများသည်အစာပြည့်၍ အလုပ်ခွင်ရပ်နားအားလပ်ချိန်များတွင် အစာအိမ်အတွင်းရှိ မကြေညက်သေး သည့် အစာများကို တစ်ဖန် ထုတ်ယူစားသောက်ကြသည်။ ဤကဲ့သို့စား သောက်ရာတွင် အစာအိမ်တစ်ခုစီမှ အစဉ်လိုက် အဆင့်ဆင့်ထုတ်ယူစား သောက်သည်။
ပထမစားသောက်စဉ်က အစာကြမ်းတို့သည် အစာအိမ်အတွင်းသို့ အစီအရီအဆင့်ဆင့် ဝင်ရောက်လာကြသကဲ့သို့ အစာချောအဖြစ် (ကြေညက် ပြီးအစာ) တစ်ဖန်ထုတ်ယူစားသောက်ပြန်သည်။ စားမြုံ့ပြန်သည်ဆိုသည်မှာ အစာကြမ်းမှ အစာချောအဖြစ်ထုတ်ယူစားသောက်ခြင်းဖြစ်သည်။
နွားစားမြုံ့ပြန်ပုံမှာ အစာအိမ်အမှတ် (၁)အတွင်းရှိအစာကြမ်းတို့ကို အစာပို့ပြွန်ချောင်းမှ တစ်ဆင့် တဖြည်းဖြည်း ထုတ်ယူပြီး ပါးစပ်အတွင်းရှိ အာပေါင် အာရင်းတို့ဖြင့် ကြိတ်နယ်ဝါးသည်။ အစာကြမ်းများ ချောမွေ့ကြေ ညက်သောအခါမှ အစာပို့ပြွန်ချောင်းအတိုင်း အစာချောတို့ကို အမှတ်(၁) အစာအိမ်အတွင်းသို့ ပို့ဆောင်ပြန်သည်။ ဤကဲ့သို့ စားမြုံ့ပြန်သောအခါ အစာကြမ်းတစ်ကြိမ် ထုတ်ယူတိုင်း လက်သီးဆုပ်ခန့်အစာကြမ်းသည် အစာအိမ်အတွင်းမှ ပါးစပ် အာပေါင်အာရင်းသို့ အလုံးလိုက်တက်လာသည်။
ဤသို့ဖြင့် အစာပို့ပြွန်ချောင်းမှတစ်ဆင့် အမှတ် (၁)အစာအိမ်အတွင်း ရှိ အစာကြမ်းတို့ကို ထုတ်ချည်တစ်ခါ မျိုချည်တစ်လှည့်ဖြင့် အစာကြမ်းများ ကုန်သည်အထိ အကြိမ်ပေါင်းများစွာ စားပြန်သည်။ ဤကဲ့သို့ စားမြုံ့ပြန် ခြင်းဖြင့် အမှတ် (၁)အစာအိမ်အတွင်းရှိ အစာကြမ်းတို့မှာကြေညက်ပျော့အိသော အစာချောများ ဖြစ်သွားသည်။ ထို့နောက်အမှတ် (၂)အစာအိမ်အတွင်း မှ အစာကြမ်းတို့ကို ထုတ်ယူ၍စားမြုံ့ပြန်သည်။ အမှတ် (၂) အစာအိမ် အတွင်းရှိ အစာကြမ်းများ ကြေညက်ပျော့အိသော အစာချောများဖြစ်သွားသောအခါ အမှတ် (၃)အစာအိမ်အတွင်းရှိ အစာကြမ်းတို့ကို အထက်ပါ နည်းများအတိုင်း စားမြုံ့ပြန်သည်။
နွားများသည် ရသမျှသောအချိန် (အားလပ်သောအချိန်)တို့တွင် အစာကြမ်းများကို အစာအိမ်သုံးလုံးအတွင်းမှ ထုတ်ယူစားမြုံ့ပြန်ကြသည်။ အစာကြမ်းများ မကြေညက်သမျှရပ်နားခြင်း၊ အိပ်စက်ခြင်းမရှိပေ။ စားမြုံ ပြန်ရန် အစာကြမ်းများကုန်သွားသောအမ၊မှသာ ပင်ပန်းနွမ်းနယ်သဖြင့် အနားယူကြသည်။
၄။ နွားနှင့် သွား
နွားများတွင်အောက်သွား (၈)ချောင်းရှိသည်။ အပေါ်သွားမရှိချေ။ အံသွားမှာမူ အထက်အောက်တစ်ဖက် (၆)ချောင်း (အထက်(၆)ချောင်းအောက် (၆) ချောင်း) စုစုပေါင်း(၁၂) ချောင်းရှိပြီး နှစ်ဖက်(၂၄)ချောင်းရှိသည်။ ရှေ့ သွားနှင့်အံသွားကို ပေါင်းပါကားတွင် စုစုပေါင်းသွား (၃၂)ချောင်းရှိသည်။ နွား၏အသက်နုစဉ်အသက်တွက်ခြင်းအားရှေ့သွားဖြင့် တွက်ချက်ကြသည်။
မွေးစတွင် အလယ်ဆုံးနှစ်ချောင်းကို ဗဟိုသွားဟုခေါ်သည်။ ထိုသွားနှစ်ချောင်းဘေးမှ ထွက်လာသည့်တစ်ဖက်တစ်ချက်တစ်ချောင်းစီကို အလယ်သွား၊ နောက်ထပ်ထွက်လာသည့် နှစ်ချောင်းစီကိုဘေးသွား၊ ဘေး အဆုံးတစ်ဖက်တစ်ချက်တွင် ထွက်မည့်သွားနှစ်ချောင်းကို ပဲ့သွားဟုခေါ်သည်။
(၇) ရက်အတွင်း - ဗဟိုနှင့်အလယ်သွား
(၂၁) ရက်- ဘေးသွား
(၂၈- ၃၅) ရက်- ပဲ့သွား
ပဲ့သွားသည်မွေးမွေးချင်း မပေါက်ပေ။ အရာလေးမျှသာပါသည်။ ထိုသွားများကို နို့သွားဟုခေါ်သည်။ နို့သွား သွားလဲခြင်း၊ သွားကျိုးခြင်းကို သွားပွန်းသည်ဟုခေါ်သည်။