အောင်အေး(ရန်ကုန်တက္ကသိုလ်) - အကောင်းမြင်စိတ်ဖြင့်အလုပ်လုပ်ခြင်း
အခန်း (၁)
အကောင်းဘက်ကို တွေးတောခြင်းအပြင်
“ခင်ဗျားဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုရင်တောင် ထိုင်နေလို့ မဖြစ်ဘူး၊ အားထုတ်ရလိမ့်မယ်”
- အာသာ ဂေါ့ဒ်ဖရေး (Arthur Godfrey)
“အကောင်းဘက်ကို တွေးတောခြင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့ လိမ်လည်လှည့်စားမှုတစ်ခုပါပဲ” တဲ့။
“ဒေါက်တာ ဖောက်စ်” တို့သို့ ဆိုပြီး ကျွန်တော်နဲ့ ‘ဘာရီ” တို့ဆီ လိပ်မူရောက်ရှိလာတဲ့စာတစ်စောင်ထဲမှာ အထက်ဖော်ပြပါစာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရတော့ ကိုယ့်မျက်စိကိုတောင် ကိုယ်မယုံချင် ဖြစ်သွား ခဲ့ရပါတယ်။ တချို့လူတွေက “အကောင်းဘက်ကို တွေးတောခြင်း” ဟာ ၁၉၆ဝ ပိုင်းနှစ်ကာလတွေမှာ ကျန်ခဲ့ပြီလို့ ပြောကြတယ်။ တချို့လူတွေကျတော့ အကောင်းဘက်ကို တွေးတောခြင်း” ဟာ ကောင်းတော့ကောင်းပါရဲ့၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုဘဝတွေအပေါ် တကယ်တမ်း သက်ရောက်မှုမရှိပါဘူးလို့ ယူဆထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် အများစုကတော့ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ ကျွန်တော်တို့ရဲ့ ကျန်း မာရေးနဲ့ နေထိုင်မှုဘဝတွေအပေါ် အားအင်အပြည့်နဲ့ သြဇာသက်ရောက်မှု ရှိတယ်လို့ လက်ခံထားကြပါတယ်။ “အကောင်းဘက်ကို တွေးတောခြင်း ဟာ ရက်စက်ကြမ်းကြုတ်တဲ့လိမ်လည်လှည့်ဖျားမှု” ဆိုတာမျိုး ကျွန်တော် တို့ တစ်ခါမှ မကြားခဲ့ဖူးပါဘူး။
စိတ်နဲ့ ခန္ဓာကိုယ်အကြားမှာ အားကောင်းတဲ့ဆက်သွယ်မှုတစ်ခု ရှိ နေပြီး အပြန်အလှန်သက်ရောက်မှုတွေ ရှိနေတယ်ဆိုတာကို လူအများက လက်ခံထားတဲ့အပြင် သိပ္ပံသုတေသနပြုချက်တွေကလည်း ထောက်ခံထား ကြပါတယ်။ ပေါ်ထွက်လာတာ နှစ်ပေါင်းဒါဇင်နဲ့ ချီနေပြီဖြစ်တဲ့ဆေးသိပ္ပံ ပညာကလည်း ကျွန်တော်တို့ရဲ့ အတွေးတွေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခံ အားစနစ်၊ သွေးဆိုင်ရာဓာတုဗေဒ၊ နှလုံးသား၊ တခြားကိုယ်အင်္ဂါအစိတ် အပိုင်းတွေအကြား ဆက်စပ်မှုတွေ ရှိနေတာကို လေ့လာတွေ့ရှိထားပါတယ်။ “ဘာရီ” နဲ့ ကျွန်တော်ဟာလည်း အကောင်းဘက်ကိုတွေးတောခြင်းနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်တွေ၊ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ၊ ကျွန်တော်တို့ရဲ့ ကိုလက်စထရောတွေ၊ ကျွန်တော်တို့ရဲ့ ကျန်းမာရေး၊ ကျွန်တော် တို့ရဲ့ နေထိုင်မှုဘဝအတွင်းက ဆက်စပ်မှုအကြောင်း ရေးသားပြုစုခဲ့ဖူးပါ တယ်။ လက်ခံသူ များပါတယ်။
အကောင်းဘက်ကို တွေးတောခြင်းရဲ့ ဖခင်” လို့ နာမည်ကျော်တဲ့ သိက္ခာတော်ရ ‘နော်မန် ဗင်းဆင့် ပီလီ”ဟာ ကျွန်တော်တို့ရဲ့ “နိုးထလော့” ဆိုတဲ့စာအုပ်မှာ မိတ်ဆက်အမှာစာ ရေးပေးခဲ့ပါတယ်။ အဲဒီစာအုပ်ထဲက အခန်းတွေကို သူ ထုတ်ဝေတဲ့ “အကောင်းဘက်ကို တွေးတောခြင်းမဂ္ဂဇင်းအပေါင်းလက္ခဏာ”မှာ ပုံနှိပ်ဖော်ပြပေးခဲ့ပါတယ်။ “ယုံကြည်လော့' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်မှာ “ယုံကြည်မှုက ခင်ဗျားရဲ့ ကျန်းမာရေး ကို ပြန်လည်ထူထောင်ပေးပြီး ပျော်ရွှင်တဲ့နေထိုင်မှုဘဝနဲ့ အောင်မြင်သူ တစ်ယောက် ဖြစ်လာစေနိုင်သလား” ဆိုတဲ့မေးခွန်းတစ်ခု ပါခဲ့ပါတယ်။ အဖြေကတော့ ဖြစ်လာစေနိုင်ပါတယ်ပေါ့။ ဖြစ်လာစေနိုင်တယ်ဆိုတာကို ခင်ဗျား ရဲရဲကြီးပြောလိုက်လို့တောင် တိုက်တွန်းထားသေးတယ်။
ဒေါက်တာ 'ပီလီ” က သူ့မဂ္ဂဇင်းစာအုပ်ထဲမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ စာအုပ်ကို ကောက်နုတ်ဖော်ပြပေးခဲ့တဲ့အတွက် “ဘာရီ” ရော ကျွန်တော်ပါ ဂုဏ်ယူခဲ့ကြပါတယ်။ စာဖတ်ပရိသတ်တွေဆီကနေ သဘော ကျကြောင်း ရေးသားထားတဲ့ စာအတော်များများကို ကျွန်တော်တို့ လက်ခံ ရရှိခဲ့ကြပါတယ်။ “မင်နီဆိုတာ” ကနေ ဆေးရုံဆင်းနိုင်သွားတဲ့အမျိုးသမီး တစ်ယောက်ဆိုရင် သူမဆေးရုံက ဆင်းနိုင်တာဟာ “အတွေးဆေးပညာ”ကြောင့်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ရေးသားပြုစုမှုတွေအပေါ် ဂုဏ်ယူလို့ကောင်းနေတုန်းမှာပဲ ပြင်သစ်နိုင်ငံက အမျိုးသမီးတစ်ဦး ရေးလိုက် တဲ့စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။
ခင်မင်ရပါတဲ့ ဒေါက်တာ အာနိုးနဲ့ ဘာရီ ဖောက်စ်တို့ ရှင့်
ရှင်တို့ရေးတဲ့ “ယုံကြည်လော့”ဆိုတဲ့ဆောင်းပါးကို ဖတ်ပြီးပါပြီ။ ရှင်တို့ရဲ့ နိုးထလော့”ဆိုတဲ့စာအုပ်ကိုလည်း ဖတ်ပြီးပါပြီ။
ကျွန်မဟာ အကောင်းဘက်ကို တွေးတောခြင်း”နဲ့ပတ်သက်ရင် အရမ်းကို ယုံကြည်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒါဟာ အလိမ်အညာတစ်ခုပဲလို့ ခံယူလိုက်ပါပြီ။ ရှင်တို့ တွေးသလို ရှင်တို့ လုပ်နိုင်လို့လား။ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်လိုက်တာနဲ့ ဖြစ်လာ လို့လား။ အကောင်းဘက်ကို တွေးတောခြင်း”ဆိုတာ ဒေါက်တာ ရမ်းကုတွေနဲ့ ပျောက်စေကုထုံးနဲ့ ဘာမှမထူးပါဘူး။ ဒေါက်တာ ရမ်းကုတွေက ပျောက်စေကုထုံးနဲ့ တစ်အိမ်တက်ဆင်း ဆေးလိုက် ကုပေးပြီး နောက်တော့ သူတို့သာ မြို့ကနေ ထွက်ပြေး ပျောက် ကွယ်သွားတော့တာပဲလေ။
ကျွန်မဟာ ကိုယ်ဝန် ငါးခါဆောင်ဖူးပါတယ်။ ဆောင်တိုင်း လည်း ပျက်ကျသွားခဲ့ပါတယ်။ နောက်ဆုံးကိုယ်ဝန်ဆိုရင် ဆရာ ဝန်တစ်ယောက်က ကုထုံးအသစ်တစ်ခုနဲ့ စောင့်ရှောက်ပေးခဲ့ပါ တယ်။ ကျွန်မဟာ အဲဒီကုထုံးအပေါ် တကယ်တမ်း ယုံကြည်ခဲ့ပါ တယ်။ ဒီတစ်ခါတော့ ကိုယ်ဝန်မြဲလိမ့်မယ်လို့ ယုံကြည်ခဲ့တာပါ။ အသည်းနှလုံးထဲကကို စွဲစွဲမြဲမြဲ ယုံကြည်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မမှားသွားပါတယ်။ အကောင်းဘက်ကို တွေးတောတာ အလကား ပါပဲ။ အကောင်းဘက်ကို တွေးတောခြင်းဟာ ရက်စက်ကြမ်း ကြုတ်တဲ့ လိမ်လည်လှည့်စားမှုတစ်ခုပါပဲ။ အကောင်းဘက်ကို တွေးတောခြင်းနဲ့ပတ်သက်တဲ့ ရှင်တို့ရဲ့ အကြံပြုချက်ကို ကျေးဇူးပြုပြီး ပြန်စဉ်းစားကြည့်စေချင်ပါတယ်။
ကျွန်တော်က အဲဒီစာကို ကျွန်တော့်ကလေးခုနှစ်ယောက်ထဲက တတိယမြောက်ကလေးဖြစ်တဲ့ “ဘာရီ” ကို ချက်ချင်းပြလိုက်ပါတယ်။ စာ ဖတ်ပြီးတဲ့အခါ “ဘာရီ” က သဘောတူပါတယ်။ ကျွန်တော်တို့ ဟာ “ အကောင်း ဘက်ကို တွေးတောခြင်း”နဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ အကြံပြု ချက်ကို ပြန်စဉ်းစားဖို့လိုတယ်ဆိုပြီးတော့ပေါ့။ “ဒါ အရေးကြီးတယ်”လို့ သူက ပြောပါတယ်။ ကျွန်တော်တို့ဟာ လူတိုင်းကို အကောင်းဘက် တွေးတောသူတွေ ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အဲဒီဖြစ်စေ ချင်မှုကို ပြောပြရာမှာ ပြည့်ပြည့်စုံစုံ ပြောမပြနိုင်ဘူးဖြစ်နေပါတယ်။
သကြားအုပ် ယုံကြည်မှု
အဆိုးဘက်ကို သွားတဲ့အတွေးတွေဟာ ရုပ်ပိုင်းဆိုင်ရာရောဂါတွေ နဲ့ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ သောကရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်တယ် လို့ ကျွန်တော်တို့အများစု လက်ခံထားကြပါတယ်။ ဒါဆို အကောင်းဘက် ကို တွေးတောခြင်းကရော ဘယ်လိုပါသလဲ။ အကောင်းဘက် တွေးတော ခြင်းက အဆိုးဘက် တွေးတောခြင်းကို တန်ပြန်နိုင်ပါသလား။ အကောင်း ဘက် တွေးတောခြင်းတစ်ခုတည်းနဲ့ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ကျန်းမာရေးကို တိုးတက်စေနိုင်ပါသလား။ အကောင်းဘက်တွေးတောခြင်းကြောင့် ကျွန်တော်တို့ရဲ့ ဘဏ်စာရင်းမှာ ငွေတွေ တိုးပွားလာနိုင်ပါသလား။ အဖြေကတော့ တစ်ခါတစ်ရံ လုံးဝကို အတိအလင်း “ဟုတ်ကဲ့” ဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အားအကောင်းဆုံးစွမ်းအင်တွေထဲမှာ အကောင်းဘက်ကို တွေးတောခြင်း” ဟာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ကျွန်တော်တို့ သက်သေပြနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေး တွေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်၊ ကျွန်တော်တို့ရဲ့ နှလုံးသား၊ ကျွန်တော်တို့ရဲ့ ဟော်မုန်းဓာတ်၊ ကျွန်တော်တို့ရဲ့ ကိုလက်စထရောရေချိန် အစ ရှိတာတွေအကြားက ဆက်စပ်မှုအကြောင်း ဖော်ပြထားတဲ့ စိတ်လှုပ်ရှားဖွယ် လေ့လာရေးအမြောက်အမြားကို နောက်ပိုင်းမှာ တွေ့ကြရပါလိမ့်မယ်။ အခု တော့ 'စိတ်ကျေနပ်ဆေး” လို့ ခေါ်ကြတဲ့ ကျွန်တော်တို့ ဆရာဝန်တွေက ဆေးဝါးအသစ်တစ်မျိုးမျိုးကို စမ်းသပ်ရာမှာ အသုံးချတဲ့ အာနိသင်မရှိတဲ့ သကြားလုံးအကြောင်း အရင်ပြောပြပါမယ်။ ဆေးဝါးအသစ် စမ်းသပ်လေ့ လာရာမှာ လေ့လာရေးအလုပ်ခံမယ့်လူနာတွေကို အုပ်စုခွဲပြီး အုပ်စုတစ်စု ကို တကယ့်ဆေးဝါးအစစ်ကို တိုက်ကျွေးပါတယ်။ တခြားအုပ်စုတစ်စုကို ဆေးဝါးလို ပုံစံတူလုပ်ထားတဲ့ စိတ်ကျေနပ်ဆေး”လို့ခေါ်တဲ့ အဲဒီသကြားလုံး ကို တိုက်ကျွေးပါတယ်။ အတိုက်ခံရတဲ့လူနာတွေက သကြားလုံးလို့မထင် ဘဲ ဆေးအစစ်လို့ ထင်ကြပါတယ်။
အဲဒီလို လေ့လာရေးလုပ်တဲ့အခါ တွေ့ရတာက စမ်းသပ်တဲ့ဆေး အစစ်တွေဟာ ရောဂါပျောက်ကင်းတာတွေ တွေ့ရတတ်သလို မပျောက်ကင်း မသက်သာတာလည်း ရှိပါတယ်။ ဒါပေမဲ့ “စိတ်ကျေနပ်ဆေး” သကြား လုံးကတော့ ၃ဝ ရာခိုင်နှုန်းလောက် ရောဂါသက်သာစေတာတွေ့ရပါတယ်။ တစ်ခါတလေ ၆၀ ရာခိုင်နှုန်းလောက်တောင် ရောဂါသက်သာစေတာကို တွေ့ရပါတယ်။
စိတ်ကျေနပ်ဆေး” ဟာ တကယ်တော့ သကြားလုံးပဲဖြစ်ပါတယ်။ ဘာဆေးဝါးမှမဟုတ်ပေမယ့် လူနာတွေက ဆေးလို့ ထင်နေကြလို့ ရောဂါ သက်သာကုန်တာပဲဖြစ်ပါတယ်။ ဒါမျိုးဟာ သကြားအုပ် ယုံကြည်မှု” (Sugar-coated belief) ပဲ ဖြစ်ပါတယ်။ အဲဒီလို စိတ်ကျေနပ်ဆေး” နဲ့ပတ်သက်တဲ့ ထောင်ချီတဲ့ လေ့လာရေးတွေကနေ ဖော်ပြနေတာကတော့ “အကောင်းဘက်ကို တွေးတောခြင်း” ဟာ စွမ်းအားကြီးတဲ့ဆေးဝါးတစ်ခုဖြစ် တယ်ဆိုတာပါပဲ။
အကောင်းဘက်ကို တွေးတောခြင်း” က ခင်ဗျားရဲ့ ကျန်းမာရေး ကို ပြန်လည်ထူထောင်ပေးပြီး ပျော်ရွှင်တဲ့နေထိုင်မှုဘဝနဲ့ အောင်မြင်သူ တစ်ယောက် ဖြစ်လာစေနိုင်သလား။ ဖြစ်လာစေနိုင်တဲ့အခြေအနေတွေ ရှိပါ တယ်လို့ ရဲရဲကြီး ဖြေလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာရီ” ပြောသလို “အကောင်းဘက်ကို တွေးတောခြင်း” နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အကြံ ပြုချက်ကို ပြန်လည်စဉ်းစားကြည့်ကြပါစို့။ အကောင်းဘက်ကို တွေးတော ခြင်း” ဟာ လောင်စာဆီနဲ့ တူကြောင်း လူတွေကို ပြောပြကြရအောင်။ လောင် စာဆီဟာ ဆီတိုင်ကီနဲ့ အပြည့်ရှိနေရင်တောင်မှ ကျွန်တော်တို့က ကားကို မမောင်းရင်၊ လီဗာကို မနင်းရင် ဘာမှ အသုံးမတည့်ပါဘူး။ အကောင်း ဘက်ကို တွေးတောခြင်း”က လက်တွေ့ လုပ်ဖြစ်လာအောင် လှုံ့ဆော်တယ်။ လက်တွေ့လုပ်မှုက ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့အတွေးတွေကို အသက် သွင်းပေးပါတယ်။ အကောင်းဘက်ကို တွေး၊ လက်တွေ့ အလုပ်ကို ကောင်း အောင် လုပ်ရပါလိမ့်မယ်။
လက်တွေ့အလုပ်အပေါ်မှာ ကခုန်ခြင်း ၊
ကလေးတစ်ယောက်လောက် အရမ်းလိုချင်နေတဲ့ ပြင်သစ်နိုင်ငံက အမျိုးသမီးဟာ “အကောင်းဘက်ကို တွေးတောခြင်း” အပေါ် စိတ်ပျက်လက် ပျက် ဖြစ်သွားခဲ့ပါတယ်။ အကောင်းဘက်ကို တွေးတောခြင်း”ကို သူမက ယုံယုံကြည်ကြည်လုပ်ခဲ့တယ်ဆိုပေမယ့် လက်တွေ့အလုပ်ကိုရော ကောင်းကောင်း လုပ်ခဲ့ပါသလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ကျွန်တော်ဟာ ကာလီဖိုးနီးယားပြည်နယ်၊ “အင်စီနို” မြို့က “ဂျက်ဖ် စတိုင်းဘတ်ဂ်” (Jeff Steinburg, M.D.,F.A.C.O.G.) ကို တယ်လီဖုန်းခေါ်ဆိုလိုက်ပါတယ်။ သူဟာ မျိုးပွားမှုဟော်မုန်းစနစ်နဲ့ မျိုးမအောင်မှုဆိုင်ရာပါရဂူတစ်ဦးဖြစ်ပါ တယ်။ 'အင်စီနို” မြို့ရဲ့ မျိုးအောင်မှုဌာနရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်က “ဂျက်ဖ်” ကို ချာတိတ်ဘဝကတည်းက ရင်းနှီး ကျွမ်းဝင်ခဲ့သူပါ။ သူ့အမေက ကျွန်တော့်ရဲ့ အသိမိတ်ဆွေဖြစ်တာကိုး။ အခု ဆိုရင် “ဂျက်ဖ်” ဟာ နိုင်ငံတော်ရဲ့ ဖန်ပြွန်လူသားသုတေသနလုပ်ငန်းမှာ ပါရဂူတစ်ဦးဖြစ်နေပါပြီ။
ကျွန်တော်က သူ့ကို ပြင်သစ်အမျိုးသမီးရဲ့ အခြေအနေကို ပြောပြ လိုက်တဲ့အခါကျတော့ ကျွန်တော့်ကို ရှင်းပြခဲ့ပါတယ်။
“အာနိုး ... ကိုယ်ဝန် ခဏခဏ ပျက်ကျတဲ့မိန်းမတွေနဲ့ပတ်သက်လို့ အဆက်မပြတ် လေ့လာတွေ့ရှိချက်တွေ ပေါ်လာနေပေမယ့် အဲဒါတွေကမှားနေတယ်။ ငါတို့ ယုံကြည်ခဲ့တာက ကိုယ်ဝန်ပျက်ကျတာဟာ သန္ဓေသား မှာ ပြဿနာရှိနေလို့၊ ဒါမှမဟုတ် မိခင်မှာ ပြဿနာရှိနေလို့ ဆိုတာပဲ။ `အဲဒီယုံကြည်မှုကြောင့် ငါတို့ဟာ ကိုယ်ဝန်ပျက်ကျတဲ့ပြဿနာကို မတားဆီးနိုင်ခဲ့ကြဘူး။ တကယ့်ပြဿနာက အမေနဲ့ အဖေရဲ့ တစ်ရှူးပုံစံ နှစ်မျိုး အကြားက အပြန်အလှန်တုံ့ပြန်မှုကြောင့် ဖြစ်တယ်ဆိုတာကို ငါတို့ တွေ့သွား ပြီ။ သန္ဓေသားဆီမှာ ပါဝင်နေတဲ့ အဖေရဲ့ တစ်ရှူးပုံစံက ကိုယ်ဝန်ဆောင် လိုက်တဲ့အမေ့ဆီကို သူ ရောက်လာပါပြီလို့ သတင်းပို့လေ့ရှိပါတယ်။ အဲဒီ သတင်းပို့ချက်ဟာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ချောချောမွေ့မွေ့ ရောက်ရှိသွားတယ်ဆိုရင် အမေရဲ့ ကိုယ်ခံအားစနစ်က ကိုယ်ဝန်ဆောင်ခြင်း ကို စိတ်ရှည်သည်းခံပြီး လက်ခံသွားမှာဖြစ်ပါတယ်။ အမေ ဖြစ်သူရဲ့ ကိုယ်ခံ အားစနစ်အနေနဲ့ကျတော့ သန္ဓေသား ဟာ ပြင်ပကဝင်ရောက်လာတဲ့ တစိမ်း ပစ္စည်းတစ်ခုဖြစ်သည့်တိုင် တိုက်ခိုက်မှုမလုပ်သင့်ဘူးလို့ ဆုံးဖြတ်လိုက်မှာပါ ...
.. ကိုယ်ဝန် မကြာခဏ ပျက်ကျလေ့ရှိတဲ့ အမျိုးသမီးအများစုမှာ တွေ့ရတာက အဖေဖြစ်သူရဲ့ တစ်ရှူးပုံစံဟာ အမေဖြစ်သူရဲ့ တစ်ရှူးပုံစံနဲ့ တူညီ နေလေတော့ သတင်းပို့မှု ပျက်ကွက်သွားတော့တာပါပဲ၊ သတင်းပို့မှု မရှိ တဲ့အခါကျတော့ အမေဖြစ်သူရဲ့ ကိုယ်ခံအားစနစ်က အခုရောက်ရှိလာတဲ့ သန္ဓေသားကို တစိမ်းအဖြစ် မတိုက်ခိုက်ဖို့ရာ ဘာညွှန်ကြားချက်မှ မရရှိတော့ပါဘူး။ အဲဒီတော့ အမေဖြစ်သူရဲ့ ကိုယ်ခံအားစနစ်ဟာ ဖြစ်တည် လာတဲ့သန္ဓေသားကို ရန်သူဆိုပြီး တိုက်ခိုက်တော့တာပဲ ...
... အဲဒီလို ပြဿနာမျိုးအတွက် ကျွန်တော်တို့က အဖေဖြစ်သူရဲ့ သုက်ပိုးမှာ လှည့်စားမှုတစ်ခု ဖန်တီးပေးလိုက်တယ်၊ အဲဒီတော့ ခုန ပြော ခဲ့သလို တစ်ရှူးပုံစံတူနေပေမယ့်လည်း မတူသယောင် ဖြစ်သွားတာမို့ မိခင် ရဲ့ ကိုယ်ခံအားစနစ်က အခု ရောက်လာတဲ့ သန္ဓေသားဟာ သူစိမ်းဖြစ်ပေ မယ့် တိုက်ခိုက်လို့မဖြစ်ဘူးလို့ ခံယူသွားတော့တာပါပဲ။ အဲဒီလို လှည့်စား ပေးလိုက်တဲ့နည်းဟာ ၈၈ ရာခိုင်နှုန်းလောက် အောင်မြင်နေတယ်” လို့ သူက ကျွန်တော့်ဆီကို စာရွက်စာတမ်း အထောက်အထားတွေ ပေးပို့ပြီး ရှင်းပြခဲ့ပါတယ်။
ကျွန်တော်က အဲဒီစာရွက်စာတမ်းတွေကို မိတ္တူကူးပြီး ပြင်သစ်နိုင်ငံ က အမျိုးသမီးဆီကို ပေးပို့လိုက်ပါတယ်။ အဲဒီမိတ္တူစာရွက်စာတမ်းတွေကို ပြင်သစ်နိုင်ငံက သူမရဲ့ ဆရာဝန်ကို ဖတ်ခိုင်းလိုက်ပါလို့လည်း အကြံပေး လိုက်ပါတယ်။ တစ်နှစ်ကျော်ကျော်လောက် ကြာသွားတဲ့အခါကျတော့ ကျွန် တော်ဟာ အဲဒီအမျိုးသမီးဆီက ပေးပို့လိုက်တဲ့ဓာတ်ပုံတစ်ပုံကို လက်ခံရရှိ ခဲ့ပါတယ်။ သူမရယ်၊ သူမရဲ့ ယောက်ျားရယ်၊ သူတို့ရဲ့ မွေးကင်းစသမီး ငယ်လေးရယ် အတူတကွ ရိုက်ကူးထားတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။
တကယ်တော့ ဒီအမျိုးသမီးဟာ ကလေးလိုချင်တဲ့ အကောင်းဘက် ကို တွေးတောခြင်းအပြင် ဆက်လုပ်ရမှာတွေ ရှိနေသေးတာကို မသိခဲ့တာ ပါ။ အကောင်းဘက်ကို တွေးတောခြင်းဟာ လုပ်ငန်းခွင်တစ်ခုဖြစ်ပြီး လက်တွေ့ လုပ်ခြင်းကျတော့ အဲဒီလုပ်ငန်းခွင်ကို အကောင်အထည်ဖော်မယ့် ကိရိယာတန်ဆာပလာတွေ ဖြစ်ပါတယ်။ သူမအနေနဲ့ လုပ်ရမှာက ကလေး ရအောင် လုပ်ပေးနိုင်တဲ့ဆရာဝန်တွေဆီကို စဉ်ဆက်မပြတ် ဆက်သွယ်မှု လုပ်ရမှာဖြစ်ပါတယ်။ အဲဒီလို လက်တွေ့ အားထုတ်မှုနဲ့ ပေါင်းစပ်ပေးရမှာ ပါ။ သူမက အဲဒီလို အားထုတ်မှုမလုပ်ခဲ့ဘဲ “အကောင်းဘက်ကို တွေးတော ခြင်း” ဟာ အသုံးမကျဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ကံကောင်းတာက အဲဒီလို ဆုံးဖြတ်လိုက်တာကို ကျွန်တော်တို့ဆီ စာပို့ပေးလိုက်တော့ ကျွန်တော်တို့က ဒါကို ဖြေရှင်းချင်တာနဲ့ ဖြေရှင်းပေးလိုက်တဲ့အခါကျတော့ သူမဟာ ကလေး ရသွားတော့တာပါပဲ။ သူမ မလုပ်ခဲ့တဲ့အားထုတ်မှုကို ကျွန်တော်တို့က ဝင် လုပ်ပေးလိုက်လို့ ကံကောင်းတယ်လို့ ပြောရတာပါ။
“အကောင်းဘက်ကို တွေးတောခြင်း” ဟာ အရေးကြီးပါတယ်။ လုံးဝ လိုအပ်ပါတယ်။ အကောင်းဘက်ကို တွေးတောခြင်း” မရှိဘဲနဲ့ အားထုတ် မှုဆိုတာလည်း ပေါ်မလာနိုင်ပါဘူး။ အထက်မှာဖော်ပြခဲ့တဲ့ ပြင်သစ်အမျိုး သမီးက စိတ်ပျက်လက်ပျက်ဖြစ်သွားတာဟာ အကောင်းဘက်ကို တွေးတော ခြင်း” ဆက်မလုပ်တော့လို့ပါ။ အကောင်းဘက်ကို တွေးတောခြင်း’ဆက် မလုပ်ရခြင်းအကြောင်းရင်းကလည်း တိုးတက်မှုကို မတွေ့ရလို့ဖြစ်ပါတယ်။ တိုးတက်မှုကို တွေ့ချင်ရင် အားထုတ်မှုလုပ်ရမှာပါ။ လက်တွေ့ လုပ်ရမှာပါ။ ဇွဲနပဲကြီးကြီးနဲ့ လုပ်ရမှာပါ။ အကောင်းဘက်ကို တွေးပါ၊ ပြီးတော့ လက်တွေ့ အလုပ်ကို ကောင်းအောင်လုပ်ပါ။
အရာကိစ္စ ၉ဝဝဝ ကျော် လုပ်ခြင်း၊
“ခင်ဗျား ရောက်ရှိနေတဲ့နေရာမှာ ခင်ဗျား ပိုင်ဆိုင်ထားသမျှနဲ့ ခင် ဗျား လုပ်နိုင်သလောက် လုပ်ပါ”
-သီအိုဒို ရုစဗဲ့လ်တ် (Theodore Roosevelt)
လက်တွေ့လုပ်ဆောင်မှုက အံ့ဖွယ်သရဲတွေကို ဖြစ်ပေါ်စေနိုင်ပါ တယ်။ ၁၉၈၉ ခုနှစ် နွေရာသီတုန်းက ကျွန်တော်ဟာ တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်မြို့ရဲ့ ခန်းမဆောင်ကြီးတစ်ခုအတွင်းမှာ လူငယ်တစ်ယောက်ဟာပြောခဲ့တဲ့ “လက်တွေ့ လုပ်ဆောင်မှုနဲ့ သတ္တိ” အကြောင်းကို နားထောင်ဖူးပါ တယ်။ သူ့နာမည်က ဒဗလျူ မစ်ရှဲလ်” ဖြစ်ပါတယ်။ လွန်ခဲ့နှစ်အချို့က သူဟာ ပျံသန်းရေးဆိုင်ရာသင်ခန်းစာတွေကို သင်ယူခဲ့ပါတယ်။ တစ်နေ့ မှာ သူဟာ လေဆိပ်ကနေ အိမ်ကို ဆိုင်ကယ်စီးပြီး ပြန်လာတုန်း ထရပ် ကားတစ်စီးနဲ့ တိုက်မိပါတယ်။ “မစ်ရှဲလ်” ဟာ မှောက်သွားတဲ့ဆိုင်ကယ် အောက်မှာ ပိနေပေမယ့် ဆိုးဆိုးဝါးဝါး ထိခိုက်နာကျင်မှုမရှိပါဘူး။ ဒါ့ ကြောင့် သူက တော်သေးတာပေါ့လို့ တွေးနေတုန်း ဆိုင်ကယ်က မီးထ တောက်ပြီး သူ့တစ်ကိုယ်လုံးကို မီးစွဲပါတော့တယ်။ ကံကောင်းချင်တော့ ဖြတ်သွားတဲ့ကားတစ်စီးက ဘရိတ်အုပ် ရပ်လိုက်ပြီး ကားမောင်းသူက မီး သတ်ဆေးဘူးတစ်ဘူးကို ကိုင်ပြီး ဆင်းလာခဲ့ပါတယ်။ ပြီးတော့ “မစ်ရှဲလ်” တစ်ယောက် မီးလောင်သေဆုံးမသွားရလေအောင် မီးတောက်တွေကို ငြိမ်း သတ်ပေးနိုင်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ လည်း ရောက်လာ ပြီး သူ့ကို ဆေးရုံဆီ သယ်သွားခဲ့ကြပါတယ်။
မီးစွဲလောင်ခံရလို့ ခံစားရတဲ့နာကျင်မှုဟာ အတော့်ကို ကြောက်စရာ ကောင်းပါတယ်။ ဆေးရုံခုတင်တွေပေါ်မှာ ထွန့်ထွန့်လူးအောင် မချိမဆံ့ ဝေဒနာ ခံစားနေရတဲ့ မီးစွဲလောင်ခံခဲ့ရတဲ့လူနာတွေကို ကျွန်တော် မြင်ဖူးပါ