အောင်အေး(ရန်ကုန်တက္ကသိုလ်) - နားလည်ပေးခြင်းနှင့်စိတ်အားဖြည့်ဘဝဇတ်လမ်းများ
နားလည်ပေးခြင်း
ကျွန်မ ကလေးဘဝတုန်းက အမေနဲ့ အဖေရဲ့ နားလည်မှုရှိပုံလေးတစ်ခု ကို ကြုံတွေ့ခဲ့ရဖူးပါတယ်။ အမေနဲ့ အဖေ ဘယ်သူက အလုပ်ပိုလုပ်သလဲ လို့ ကျွန်မကို မေးရင် အမေက အလုပ်ပိုလုပ်တယ်လို့ပဲ ဖြေမှာပါ။ ဘာဖြစ် လို့လဲဆိုတော့ အမေရော အဖေရော အပြင်မှာ ထွက်ပြီး အလုပ်လုပ်ကြတာ ဖြစ်ပေမယ့် အမေက အိမ်မှုကိစ္စတွေဖြစ်တဲ့ မနက်စာ၊ ညစာ ချက်ပြုတ်တာ၊ မိသားစုအဝတ်တွေ လျှော်ဖွတ် မီးပူတိုက်တာတွေကိုပါ လုပ်ရလို့ ဖြစ်ပါ တယ်။
အမေဟာ အဖေနဲ့တကွ ကျွန်မတို့ မောင်နှမတွေ အိပ်ရာက မထခင် မနက် ငါးနာရီလောက် ကတည်းက အိပ်ရာက ထပါတယ်။ မနက်စာချက် ရင်း အလုပ်သွားမယ့် အဖေနဲ့ အမေရဲ့ နေ့လယ်စာ၊ ကျောင်းတက်မယ့် ကျွန်မတို့ မောင်နှမနှစ်ယောက်ရဲ့ နေ့လယ်စာတွေကို ချက်ပြုတ်ရပါတယ်။ နေ့လယ်စာဘူးတွေ ပြင်ဆင်ပြီးနောက် မနက်စာကို စားပွဲမှာ ပြင်ဆင်ထား ပြီး အဖေနဲ့ ကျွန်မတို့မောင်နှမနှစ်ယောက်ကို လာနှိုးပါတယ်။ ကျွန်မတို့ မျက်နှာသစ် ရေချိုးတဲ့အချိန် အမေလည်း ရေချိုးပါတယ်။ အားလုံး ရေချိုး ပြီးသွားတော့ မနက်စာ အတူစားကြပါတယ်။ မနက်စာ စားပြီးတဲ့အခါအမေ အသင့်ပြင်ထားတဲ့ နေ့လယ်စာဘူးတွေယူပြီး အဖေနဲ့ အမေက အလုပ် သွား၊ ကျွန်မနဲ့ မောင်လေးက ကျောင်းသွားကြပါတယ်။
ပုံမှန်အားဖြင့် ညနေသုံးနာရီမှာ မောင်လေးနဲ့ ကျွန်မက အိမ်ပြန်ရောက် ပါတယ်။ အိမ်ရောက်တာ နဲ့ မောင်နှမနှစ်ယောက် အိမ်စာတွေ လုပ်ကြပါ တယ်။ ညနေ လေးနာရီခွဲမှာ အဖေနဲ့ အမေ အိမ်ပြန်ရောက်ပါတယ်။ အဖေက စာဖတ်နေတဲ့အချိန်မှာ အမေက မီးဖိုချောင် ဝင်ပါတယ်။ ညစာ အတွက် ချက်ပြုတ်ရတာပါ။ အမေ ညစာ ချက်ပြုတ်ပြီးတဲ့အချိန်မှာ ကျွန်မတို့မောင်နှမနှစ်ယောက်ကလည်း ကျောင်းက ပါလာတဲ့အိမ်စာတွေ လုပ်ပြီးသွားသလို အဖေကလည်း စာဖတ်ပြီးသွားပါပြီ။ ကျွန်မတို့ အားလုံး ရေမိုးချိုးပြီး ညစာကို အတူတကွ စားကြပါတယ်။
ညစာ စားပြီးတော့ မိသားစုတစ်စုလုံး ဧည့်ခန်းမှာ ထိုင်ပြီး တီဗီကြည့် ကြပါတယ်။ အဖေနဲ့ ကျွန်မတို့ မောင်နှမတွေက တီဗီကို အေးအေးဆေးဆေး ထိုင်ကြည့်နေကြပေမယ့် အမေကတော့ မီးပူတိုက်ရင်း ကြည့်တာပါ။ အမေဟာ မနက်ဘက် ရေချိုးတဲ့အချိန်မှာ ပြီးခဲ့တဲ့နေ့က ကျွန်မတို့ ချွတ်လဲ ထားခဲ့တဲ့အင်္ကျီအဝတ်အစားတွေကို လျှော်ဖွပ်ပြီး လှမ်းထားခဲ့တာပါ။ ညနေပိုင်း ခြောက်သွားပြီမို့ တီဗီကြည့်ရင်း မီးဖိုတိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ အမေဟာ အချိန်ကို အကျိုးရှိရှိ အသုံးချနေခဲ့တာ ဖြစ်ပါ တယ်။
တစ်မနက်ခင်းမှာတော့ အမေ ပြင်ပေးတဲ့မနက် စာပေါင်မုန့်မီးကင်ဟာ တူးသွားပါတယ်။ အဖေရယ်၊ ကျွန်မရယ်၊ မောင်လေးရယ် မနက်စာစားတဲ့ စားပွဲမှာ ထိုင်မိကြတော့ အမေက မရောက်သေးပါဘူး။ အမေက လျှော်ရ တဲ့အဝတ် နည်းနည်း များသွားလို့ ရေချိုးခန်းထဲက ထွက်တာ နောက်ကျ နေပါတယ်။ အခုမှ အဝတ်အစားလဲနေတုန်းပါ။
ကျွန်မဟာ အမေ ပြင်ဆင်ပေးထားတဲ့မနက်စာ ပေါင်မုန့်မီးကင်ကို ကောက်စားလိုက်တော့ တူးနေတာမို့ ဆက်မစားတော့ဘဲ အသာ ကိုင် ထားပြီး နွားနို့ကို တစ်ငုံ ငုံသောက်ရင်း လျှာပေါ်က ပေါင်မုန့်မီးကင်အခါး အရသာကို ဖြေဖျောက်လိုက်ပါတယ်။ မောင်လေးကို ကြည့်လိုက်တော့ တူးနေတဲ့ပေါင်မုန့်မီးကင်ရဲ့ အခါးအရသာကိုတောင် သတိထားမိပုံမပေါ်ဘဲ ပုံမှန်အတိုင်း ဒိန်ခဲစားမြိန်စာရည် သုတ်လိမ်းပြီး အားရပါးရ တစ်ကိုက်ပြီး တစ်ကိုက် ကိုက်စားလိုက်၊ နွားနို့ တစ်ငုံသောက်လိုက် လုပ်နေတာပါ။ ဒါကတော့ မောင်လေးရဲ့ အကျင့်ပါ။ သူက ဘယ်အစားအစာကိုမှ အရသာ နဲ့ပတ်သက်လို့ ချေးမများဘဲ အားရပါးရ စားတတ်သူပါ။
ဒီအိမ်မှာ အရသာခံတတ်တာက ကျွန်မနဲ့ အဖေ ပဲ ဖြစ်ပါတယ်။ အဖေ က အစားအသောက်တစ်ခုခု မှာ အရသာ ချို့ယွင်းနေပြီဆိုရင် ချက်ချင်း ထုတ်ပြောတတ်ပါတယ်။ အမေ့ကိုလည်း ဝေဖန်တတ်ပါတယ်။ ဒါကြောင့် အခုလည်း အဖေ ဘာပြောမလဲ ဆိုပြီး ကျွန်မ အကဲခတ်လိုက်ပါတယ်။ အဖေ က ဘာမှမပြောဘဲ အဲဒီတူးနေတဲ့ပေါင်မုန့်မီးကင်တွေကို အေးအေး ဆေးဆေး စားနေပါတယ်။ ဒါပေမဲ့ ခါးတဲ့ အရသာကိုတော့ သူလည်း ခံစားမိပုံရပါတယ်။ ဒိန်ခဲ စားမြိန်စာရည်ကို များများ သုတ်လိမ်းပြီး စားနေ တာကို ကျွန်မ သတိထားမိပါတယ်။ ဒါနဲ့ ကျွန်မက အဖေ့ကို ပြောလိုက်ပါ တယ်။
“အဖေ ... အမေ့ပေါင်မုန့်မီးကင်က တူးခါးနေတာပဲ၊ အဖေမို့ စားနိုင် တယ်၊ သမီးတော့ မစားနိုင်ဘူး” လို့။ ။ ဒီတော့ အဖေက ပြုံးပြီး ပြန်ပြောပါတယ်။ ။
“စားနိုင်အောင် စားလိုက်ပါ သမီး၊ ဒီအိမ်မှာ အလုပ်အလုပ်ဆုံးက သမီးရဲ့ အမေလေ၊ အလုပ်များတဲ့လူဟာ တစ်ခါတလေ ချို့ယွင်းချက် ဖြစ်သွားတတ်တာပဲ၊ နားလည်ပေးရမှာပေါ့ ၊ အဖေတောင် အရင်တုန်းက အဲဒီလို မတွေးမိလို့ သမီးအမေ ဟင်းချက်ညံ့သွားရင် အမြဲလိုလို ဝေဖန်ခဲ့ တာ၊ နောက်တော့ သမီးအမေ အရမ်းအလုပ်များတာကို သတိ ထားမိသွားတော့မှ အဖေ့အကျင့်ကို ပြင်လိုက်တာ၊ အခုလည်း ဒိန်ခဲ စားမြိန်စာရည်ကို သာ များများ သုတ်ပြီး စားလိုက်ပါသမီးရယ်၊ ဒီလောက်မခါးတော့ပါဘူး”
အဖေ့စကားကြောင့် ကျွန်မ ပီတိဖြစ်ခဲ့ရပါတယ်။ အဖေဟာ အမေ့ကို ချစ်သားပဲ၊ အမေ အလုပ်များတာကို အသိအမှတ်ပြုထားသားပဲလို့ တွေးမိ လို့ပါ။ ဒါ့ကြောင့် ကျွန်မ အဲဒီတူးနေတဲ့ ပေါင်မုန့်မီးကင်တွေကို အားရပါးရ စားလိုက်ပါတယ်။ တတ်နိုင်သလောက် အမေ့အလုပ်တွေကို ကူညီလုပ် ကိုင်ပေးမယ်လို့လည်း ဆုံးဖြတ်လိုက်ပါတယ်။