အောင်သင်း - သရက်ထောင်ဖောက်ခဲ့စဥ်က
သရက်ထောင် ဖောက်ခဲ့စဉ်က
အောင်သင်း
၁၉၄၉ ခု၊ အောက်တိုဘာလလောက်က ဖြစ်ပေသည်။ ထိုအချိန်ကာလသည်ကား မြန်မာပြည် အလယ်ပိုင်းတွင် ရောင်စုံသူပုန်များအာဏာလွှမ်းမိုးနေဆဲကာလဖြစ်၍ ပြည်၊ အောင်လံ၊ တောင်တွင်း၊ မကွေး၊ နတ်မောက်၊ မြို့သစ်စသည်တို့မှာ လွတ်မြောက်သော နယ်မြေဟု သတ်မှတ်ထားသော ဒေသ များဖြစ်ကြပေသည်။
ရောင်စုံတပ်ပေါင်းစုတို့ သိမ်းပိုက်လိုက်သော နယ်တိုင်းတွင် ၄င်းတို့ နှင့် အခန့်မသင့်သော အရာရှိများ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အစိုးရအမှုထမ်းများကို ဖမ်းစီး၍ “လုံခြုံရေးစခန်း” ဟု သာယာနာပျော်ဖွယ် ကင်ပွန်းတပ်ထားသော အကျဉ်းထောင်သို့ ပို့ ထားကြသည်မှာ အဆန်းမဟုတ်တော့ချေ။ ထိုကဲ့သို့ သော ရောင်စုံသူပုန်တို့၏ အကျဉ်းသားများတွင် နိုင်ငံရေးသမား များ၊ ခရိုင်ရဲဝန်၊ ခရိုင်ဝန်၊ ရဲဝန်ထောက်များစ၍ ကျောင်းဆရာများ၊ မင်းစေများထိအောင် ပါဝင်ပေ သည်။
ရောင်စုံတို့၏ အကျဉ်းသားများဖြစ်သည့်အတိုင်း လူစုံလည်းပါဝင်သည်။ ပုတီးတကိုင်ကိုင်နှင့် အမြဲတမ်း ဘုရားကို ဝတ်ပြု နေသောသူများ၊ ထောင်ကြပ်များနှင့်ပေါင်း၍ သွင်းလာသောအရက်ကို နေ့ ရောညပါ သောက်နေသူများ၊ စာပေကိုချည်း လေ့လာနေသောသူများ၊ ဖဲဝိုင်းကက်ဝိုင်းနှင့် တစ်နေ့ တာအချိန်ကုန်လွန်စေသူများ၊ မာ့က်စ်၏ ရုပ်ဝါဒကို အကြွင်းမဲ့လက်ခံ၍ ဂေါတမကိုပင် ဝေဖန်သူများ၊ ဗေဒင်နှင့် ရတနာဒီပံအင်းကို လေ့လာကျင့်သုံးနေသူများဖြင့် စုံနေပါတော့သည်။
ကျွန်တော်တို့ သရက်ထောင်တွင် အကျဉ်းသားပေါင်း ၁၀၀ ခန့်ရှိပါသည်။ ဤအကျဉ်းသမား များကို ပထမစ၍ဖမ်းဆီးခြင်းခံရစဉ်က မကွေးထောင်ကြီးတွင်ထားပါသည်။ အစိုးရတပ်များက ရေနံ ချောင်းကိုသိမ်း၍ မကွေးကို ထိုးစစ်ဆင်တော့မည့်အသွင် ရှိလာသောအခါတွင် ကျွန်တော်တို့ ကို တောင်တွင်းထောင်သို့ ပို့ လိုက်ပါသည်။ တောင်တွင်းထောင်တွင် တစ်လခန့်မျှကြာသော် 'ပြည်” ထောင်သို့ ပို့ပြန်လေသည်။
'ပြည်” ထောင်ကြီးတွင် အထက်ဗမာပြည်မှ အကျဉ်းသမား၊ အောက်ဗမာပြည် သာယာဝတီ တစ်ရိုးမှ အကျဉ်းသမား စုစုပေါင်း ၅၀၀ ခန့် ရှိလိမ့်မည်ထင်ပါသည်။ အတိအကျကား မသိတော့ပါ။ အားလုံး ပြည်ထောင်တွင် စုနေကြရသဖြင့် “တို့မှ ပြည်ထောင်စုအစစ်ကွ” ဟူ၍ အကျဉ်းသားများ ရယ်မောပြောဆိုလေ့ပင် ရှိကြပါသည်။
ပြည်ထောင်တွင် တစ်လခန့် နေပြီးနောက် သရက်ထောင်သို့ လူ ၁ဝဝ ကျော်ခန့် ခွဲပို့ သည် တွင် ကျွန်တော်တို့ လည်း သရက်ထောင်သို့ ပါလာပါတော့သည်။
ထိုစဉ်က သရက်ထောင်ပိုင်ကြီးမှာ အေ-ကရစ်ရှနားဖြစ်၍ ထောင်ကြပ်များမှာ ဦးထွန်းဝင်း၊ ဦးမောင်ကြီး စသောသူများဖြစ်ပါသည်။ အစိုးရအမှုထမ်း ထောင်အလုပ်သမားများကိုပင် သူ့တာဝန် နှင့်သူ ဆက်လက်၍ ခန့်ထားစေခိုင်းကြပါသည်။ ထောင်အတွင်း၌ ထောင်အမှုထမ်းများကို ခန့်ထားထမ်းဆောင်စေသော်လည်း ထောင်ဗူးဝကြီးနှင့် မျှော်စင်များပေါ်တွင်ကား ရဲဘော်များကို သေနတ် ကိုယ်စီနှင့် စောင့်စေပါသည်။ ထောင်အမှုထမ်းများကိုလည်း တကယ်တမ်း ယုံကြည်မှု ရှိဟန်မတူပါ။
ကျွန်တော်တို့ အကျဉ်းသမားများကို တစ်နေ့လျှင် တစ်ကျပ်တစ်ပဲကျစီ ပေးပါသည်။ အကျဉ်း သမားများမှာ မိမိတို့ ခင်မင်သူအချင်းချင်းစု၍ ချက်ပြုတ်စားရသည်။ တစ်စုလျှင် ၁ဝ ယောက်မှ ၁၇ယောက်အထိ ရှိကြသည်။ ရောင်စုံတို့ ကပေးသော တစ်ကျပ်တစ်ပဲတွင် တစ်ပဲမှ ထင်းဖိုးက ၂ ပြား၊ မိလ္လာသိမ်းသောလူကြီးအတွက်က ၂ ပြား ပေးရသောကြောင့် တစ်ကျပ်စီသာ ရကြသည်။ ထိုငွေ တစ်ကျပ်ကို စု၍ ကိုယ့်အိုးစားနှင့်ကိုယ် ကြိုက်နှစ်သက်ရာ ဟင်းများကို ချက်စားကြသည်။
နံနက်လင်းလျှင် ဈေးဝယ်ပေးရသော ထောင်ကြပ်ရောက်လာတော့သည်။ အိုးစားသူကြီးများ က စာရင်းကိုယ်စီနှင့် ဟင်းလျာများ မှာကြရသည်။ ၉ နာရီခန့်တွင် ဈေးဝယ်ထောင်ကြပ် ပြန်ရောက် လာလျှင် ကိုယ့်ပစ္စည်းကို စာရင်းနှင့်တကွ ယူကြရသည်။ ထမင်းတာဝန်ခံများက ချက်ပြုတ်ပြီးနောက် ၁၀ နာရီခွဲ ၁၁ နာရီခန့်တွင် ထမင်းစားကြရသည်။ ညစာအတွက်မူကား နံနက်ဟင်းလျာမှာစဉ်ကပင် ပို၍မှာကိုက်ပြီး ဖြစ်သောကြောင့် ၄ နာရီခန့်တွင် ချက်ကြ၍ ၅ နာရီခန့်တွင် ထမင်းစားကြသည်။ စားသောက်၍ ခဏတစ်ဖြုတ် လမ်းလျှောက်ကြ၊ စကားပြောကြနှင့် နေကြပြီး ၆ နာရီထိုးလျှင် အိပ်ထောင်ပိတ်တော့သည်။ အိပ်ထောင်ဆိုသည်မှာ သံတိုင်စိုက်တံခါးပေါက်ကြီးများနှင့် တိုက်တန်းလျား ကြီးများပင် ဖြစ်ပါသည်။ အိပ်ထောင်ပိတ်ချိန် ည ၆ နာရီတွင် သော့လာခတ်ပြီး နံနက် ၆ နာရီထိုးမှ ဖွင့်ပေးသည်။
အိုးစားတစ်ဖွဲ့လျှင် ၁၀ ယောက်မှ ၁၇ ယောက်အထိဖွဲ့ကြကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုအဖွဲ့ များတွင် ကိုယ့်အဖွဲ့ နှင့်ကိုယ် သောက်ရေ၊ သုံးရေတာဝန်ခံများ၊ သန့်ရှင်းရေးတာဝန်ခံများ၊ ပန်ကန်ဆေးဘုတ်အဖွဲ့၊ ထမင်းချက်ပါတီ စသည်ဖြင့် တာဝန်ခွဲကြရပါသေးသည်။ ကျွန်တော်တို့ အဖွဲ့ မှာ တောင်းတွင်း၊ နတ်မောက်၊ မင်းဘူးမှ နိုင်ငံရေးသမားများချည်းဖြစ်ကြသည့်အပြင် လူပေါင်း ၁၇ ယောက်ရှိလျက် လူအများဆုံးဖြစ်သည်။
ဗိုလ်တိုင်းမောင် (ယခုလယ်ဝေး ပျဉ်းမနားတွင် နိုင်ငံရေးလုပ်နေသည်။)၊ ဗိုလ်အောင်ကြည် (စစ်ဝန်ထမ်းတပ်ခွဲမှူးအဖြစ်နှင့် တိုက်ကြီးအနီးတွင် ကျဆုံးသွားသူ)နှင့် ကျွန်တော်တို့ ၃ ယောက်မှာ ကျွန်တော်တို့ အိုးစားအဖွဲ့၏ တာဝန်ခံများဖြစ်သည်။ သောက်ရေ၊ သုံးရေ၊ ချိုးရေ အားလုံးကို တာဝန်ခံကြရသည်။ ရေကို ရေတွင်းအနီးရှိ အုတ်ကန်တွင် အပြည့်ထည့်ပေးရသည်။ ရေတွင်းအနီးရှိ အုတ်ကန်တွင် အပြည့်ထည့်ပေးရသည်။ ရေတွင်းမှာ ၁၈ တောင်ခန့်နက်၍ ၃ ယောက်သား တစ် နာရီခန့် ချွေးတလုံးလုံးနှင့် ငင်ကြရပါသည်။ ထိုရေကိုစ္စပြီးလျှင်ကား ကျွန်တော်တို့ အတွက် ဘာအလုပ်မျှ မရှိတော့ပြီ။ ထမင်းကိုခူးပြီး အသင့်လက်လျှိုစားရုံသာဖြစ်၍ စားပြီးလျှင် အသာထသွား ရုံမျှသာဖြစ်သည်။ ပန်ကန်ဆေး တာဝန်ခံများက လိုက်သိမ်းသွားသည်။
မင်းဘူး သခင်ဖိုးဘ (ဖဆပလ)၊ ဘကြီးသစ်(ပမညတ)တို့ တစ်တွေမှာ ထိုစဉ်က ထမင်းချက် ပါတီဖြစ်သည်။ သခင်ဖိုးဘမှ ရင်းနှီးဖော်ရွေစွာ နေတက်သည့်ပြင် ပြောမနာ ဆိုမနာ ပေါင်းတက်သူ ဖြစ်၍ လူတိုင်းက ခင်မင်သည်။ ထမင်းစား၍ မကောင်းကြလျှင် အခြားအကျဉ်းသားများက “ဟေ့ဘွိုင်း၊ မင်းဒီနေ့ချက်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်” စသည်အားဖြင့် နောက်ပြောင်အော်ငေါက်လေ့ရှိပါ သည်။
ထောင်တွင်းသို့ ရောက်လာကြသောသူများမှာ ၇ လမျှ အတူနေခဲ့ကြရပြီးဖြစ်၍ တစ်ယောက် နှင့်တစ်ယောက် အလွန်ရင်းနှီးကြပါသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ အရာရှိများမှာလည်း နိုင်ငံရေး မာန၊ အရာရှိစိတ်ဓာတ်များပျောက်လျက် တစ်ခါတစ်ရံ ကလေးငယ်များသဖွယ် ပျော်ရွှင်မြူးထူးကြပါ သည်။ ထောင်မှူး၏ နွားကြီးနှစ်ကောင်မှာ ထောင်ထဲတွင် လွှတ်ထားလေ့ရှိပါသည်။ တစ်ကောင်မှ အလွန်သဘောကောင်း၍ အစီးခံသည်။ တစ်နေ့တွင် နတ်မောက်မှ စစ်ဝန်ထမ်းတပ်သားပေါ်လာပြီး (ယခုကား စစ်ထဲတွင်ပင်ရှိမည်ထင်ပါသည်။)ကို နွားပေါ်တင်ပေးကြပြီးနောက် တစ်ထောင်လုံးရှင်ပြု အလှူဝတ်လှည့်ကြသည်မှာ ယခုတိုင် တွေးမိတိုင်း ပြုံးမိပါသေးသည်။
နွားပေါ်မှ ရှင်လောင်းပေါ်လာကြီး၊ နွားရှေ့မှ အလှူဝတ်လှည့်လိုက်ပါသူ ၂၀ ခန့်တန်းစီ လျက်။ နွားနောက်မှ ယခုနတ်မောက်အမည် ဦးဘဆိုင်က ရှင်လောင်းအဖေအဖြစ် (ရှင်လောင်းအမေ ကို မမှတ်မိတော့ပါ) အသီးသီးပါဝင်ကြရသည်။ နောက်ဆုံးမှ ဒိုးပတ်ဝိုင်းမှ လူအတောင့်ဆုံးဖြစ်သည်။ ဒိုးပတ်ဝိုင်းခေါင်းဆောင်မှာ ဗိုလ်တိုင်းမောင်ဖြစ်၍ တီးလိုက်ရသည်မှာ ပါးစပ်မှ အမြုပ်ထွက်ခမန်းဖြစ် သည်။ ကျွန်တော်က သီချင်းဆို သံချပ်တိုင်ရသည်။ သီချင်းမရသူများက ဟေး-ဟေး နှင့် ဝါး၍လိုက်ကြရသည်။ ပါးစပ်ဒိုးပတ်ပင်ဖြစ်သော်လည်း အလွန်မြိုင်သည်။ ရှင်လောင်းပေါ်လာကြီးကလည်း နွားပေါ်၌ ခါးတောင်းကျိုက်လျက် ထိုင်နေသည်မှာ အမိန့်သား။
ဤသို့ဖြင့် စိတ်ညစ်စရာ၊ ပျော်စရာ၊ ဝမ်းနည်းစရာ၊ ဝမ်းသာစရာမျိုးစုံနေပါသည်။ တစ်ခါ တစ်ခါ ဖမ်းထားသူများအနက် အချို့ကိုထုတ်၍ သေနတ်နှင့် ပစ်သတ်တတ်သည်လည်း ရှိသေးသောကြောင့် နိုင်ငံရေးပြစ်ချက်မကင်းသူများမှာ တထိတ်ထိတ်နေကြရပါသည်။ စိတ်ဓာတ်တက်ကြွသော လူငယ်ပိုင်းကမူကား နေ့စဉ်နှင့်အမျှ ထောင်ဖောက်ပြေးရန် အခွင့်အရေးကိုသာ ကြည့်ရှုနေတတ်ကြ ပါသည်။ ထိုကဲ့သို့ သော လူငယ်များတွင်ကျွန်တော်တစ်ယောက်အပါအဝင်ဖြစ်သည်။ ဗိုလ်တိုင်းမောင်၊ ဗိုလ်အောင်ကြည်နှင့် ကျွန်တော်တို့ သုံးယောက်မှာ အတွဲမိဆုံးဖြစ်၍ နေရသည်မှာလည်း တစ်အိုးစား တည်း တစ်အိမ်ထောင်တည်းဖြစ်ပါသည်။
ယခုအဖြစ်အပျက်တွင် ဗိုလ်တိုင်းမောင်နှင့် ဗိုလ်အောင်ကြည်တို့မှာ အရေးကြီးဆုံး သူများဖြစ် ၍ ၄င်းတို့ အား ဖော်ပြလိုပါသည်။ ဗိုလ်အောင်ကြည်မှာ နတ်မောက်နယ် အိုင်ပေါက်ကုန်းဇာတိဖြစ်၍ လူလားမြောက်စကပင် စစ်ထဲရောက်လာသူဖြစ်သည်။ ထိုစဉ်က အသက် ၂၄ နှစ်ခန့် ရှိနေပြီး အရပ် ၅ ပေ ၅ လက်မခန့် ရှိပြီးလျှင် ကိုယ်လုံးကိုယ်ဖန် ထွားကျိုင်း၍ ကာယဗလ လေ့လာလိုက်စားသဖြင့် အသားအရေမှာ ဖိတ်ဖိတ်တောက်ချော၍ မာကျောတောင့်တင်းလှသည်။ အသားဖြူသည့်ပြင် ဥပဓိရုပ် ခံညားသည်၊ မျက်လုံးကြည့်ပုံ စူးစူးရဲရဲရှိ၍ သတ္တိကောင်းလှသူတစ်ယောက် ဖြစ်ကြောင်း နဖူးတွင် စာတန်းထိုးထားသကဲ့သို့ ထင်ရှားလှသည်။ အဖမ်းခံရစဉ်က မကွေးစစ်ဝန်တပ်ခွဲမှူးအဖြစ် အဖမ်းခံခဲ့ရသည်။ လယ်ဝေးသူပုန်နှင့်တစ်ပြိုင်တည်း နတ်မောက်သူပုန်ထစဉ်ကလည်း စစ်ရေးဘက်မှ တာဝန်ခံတစ်ယောက်ဖြစ်၏။ နှာတံပေါ်ပေါ် မေးရိုးဒေါင့်ကျကျ ပါးသွယ်ရိုး အနည်းငယ်ထွက် သယောင်ယောင်ရှိ၍ မျက်လုံးတစ်ဖက်တွင် မှဲ့ကလေးတစ်ခုပါသည်။ အမြဲတမ်း သပ်သပ်ရပ်ရပ် နေတတ်သည်။ ရင်းနှီးသူများမှအပ အခြားသူများနှင့်စကားပြောလျှင် အလွန်ပြီးခဲ့၍ ပြတ်ပြတ်ပြော တတ်သည်။ စိတ်လည်းဆတ်သည်။ စိတ်တိုမိလျှင်ဓားမမြင်၊ တုတ်မမြင် နီးရာနှင့် ဆွဲ၍ ခုတ်တတ်၊ ဌစ်တတ်သော လူစားမျိုးလည်းဖြစ်သည်။ ရင်းနှီးသူများ ခင်မင်သူများအပေါ်တွင်ကား အလွန်သည်း ခံချုပ်တည်းသည်။ ပြောဆိုဖျောင်းဖျလျှင် နာယူတတ်သော သဘောရှိသည်။
ဗိုလ်တိုင်းမောင်ကား အသားအနည်းငယ်မည်းသည်။ တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ဇာတ် ဖြစ်၍ ကျွန်တော်နှင့် တစ်ရပ်တည်းသား အိမ်နီးချင်းပင် ဖြစ်သည်။ ထိုစဉ်က အသက် ၂၈ နှစ်ခန့်ရှိ ပြီး ဘဝအမျိုးမျိုး၊ လောကဓံအသွယ်သွယ်တွင်း ဒိုးကဲ့သို့ လည်းခဲ့ရသူဖြစ်၍ အတွေ့ အကြုံစုံလှသည်။
ကြုံသမျှဘဝ၊ ရောင်းသမျှပတ်ဝန်းကျင်ကို ဆင်ခြင်သုံးသပ်တတ်သော ပင်ကိုစွမ်းရည်ကြောင့် ချက်ချာ ပါနပ်လှသော သူတစ်ယောက်ပါပေ။ လေနုအေးထဲ၌လည်းကောင်း၊ မုန်တိုင်းထဲ၌လည်းကောင်း စုန်ဆန်သွားလာခဲ့သောကြောင့် အသည်းနှလုံးတွင် ကျွဲပခုံးထနေသူပေတည်း။ လက်တွေ့၏ သွန်သင် ချက်တို့ကြောင့် သည်းခံခြင်း၊ ချုပ်တည်ခြင်း၊ ရဲရင့်ခြင်းတို့နှင့် ပြည့်စုံသည့်ပြင် အထူးသဖြင့်ကား လူအများလေးစား ချစ်ခင်အောင် ပေါင်းသင်းရာတွင် အတုခိုးလောက်သော သူပါပေတည်း။
ဗိုလ်တိုင်းမောင်မှာ ပညာအားဖြင့် အလယ်တန်းကုန်အောင်ပင် မသင်ခဲ့ရပေ။ သို့သော် လူ့လောကကို ချဉ်းကပ်ပုံ၊ ရှုထောင့်အသွယ်သွယ်မှ သုံးသပ်ပုံ၊ မိမိကိုယ်ကို ပြန်လည်စစ်ဆေးပုံများ တွင် ကျွန်တော့်ထက် သာသည်ဟုထင်မြင်မိပါသည်။ ကိုယ်လုံးကိုယ်ထည်မှာ အနေတော်ပင်ဖြစ် သည်။ အဝတ်အစားဝတ်လျှင် ချပ်ချပ်ရပ်ရပ်ရှိလှသည်။ စကားပြောချိုသာသည်။ လူတိုင်း၏ ကိစ္စကို စိတ်ဝင်စားစွာဖြင့် မေးမြန်းကူညီတတ်သော အလေ့ရှိသည်။ စွန့်စားခြင်းကိုမူကား မွေးကတည်းက မြတ်နိုးလာသည်။ ကိုတိုင်းမောင်ကို အတိုချုပ်ဖော်ပြရလျှင် လူ့လောကတွင်းသို့ စွန့်စားဝင်ရောက် လာခဲ့ပြီးလျှင် ဘဝသိမှုအရ အောက်တန်းစားတို့ အတွက် တတ်နိုင်သမျှ စွန့်စားရုန်းကန်နေသော သူဖြစ်သည်ဟု ဆိုချင်ပါသည်။ မကွေးခရိုင် စစ်ဝန်ထမ်းတပ်ရင်းတွင်နိုင်ငံရေးခေါင်းဆောင်အဖြစ်နှင့် ဆောင်ရွက်ရင်း ထောင်တွင်းသို့ ရောက်လာခဲ့သည်။
ကျွန်တော့်မှာကား ကိုတိုင်းမောင်နှင့် ဇာတိအတူဖြစ်သည်။ သုံးယောက်ထဲတွင် အရပ်အရှည် ဆုံးဖြစ်သည်။ အနည်းငယ်ပိန်သဖြင့် ပုံပန်းမှာ ကလန်ကလားနေသည်ဟု ဆိုနိုင်သည်။ အသက် ၂၂ နှစ်ခန့် ရှိ၍ အငယ်ဆုံးဖြစ်သည်။ အဖမ်းခံရစဉ်က သရက်ခရိုင်ဆိုရှယ်လစ်ပါတီ စည်းရုံးရေးမှူးအဖြစ် ရဲဘော်မောင်မောင် (ယခုသုံးဘက်မြင်ရုပ်ရှင်ဂျာနယ်)နှင့်အတူ အဖမ်းခံရသည်။ အသိဉာဏ်တွင် လည်း ကိုတိုင်းမောင်ကိုမမီ၊ သတ္တိတွင်လည်း ဗိုလ်အောင်ကြည်ကဲ့သို့ မထက်မြက်၊ သုံးယောက် အနက် အညံ့ဆုံးရဲဘော်ဖြစ်သည်။
“တို့ တစ်တွေကတော့ ထောင်ဖောက်မပြေးဘဲနဲ့ သူတို့လက်ထဲက လွတ်ဖို့ မလွယ်တော့ပါဘူး။ အစိုးရကလာပြီးတိုက်အောင် စောင့်နေဖို့ဆိုတာကလည်း ဘယ်တော့မှ လာမယ်မသိဘူး၊ ကမ်းမမြင် လမ်းမမြင်ကြီးပဲကွ”
အောင်ကြည်က တင်ပြလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ သုံးယောက်မှာ သရက်ထောင်၏ ဗဟိုတွင်ရှိသော မျှော်စင်ထိပ်ဖျားသို့ တက်၍ ညနေတိုင်း လေညင်းခံလေ့ရှိပါသည်။ ဗဟိုမျှော်စင်ကြီး မှာ ထိပ်ဆုံးအဆင့်ပါ ၅ ထပ်ရှိ၍ ပေ ၁၀၀ ခန့်မြင့်ပါသည်။ သီတင်းကျွတ်ပြီးစဖြစ်၍ မြောက်လေရူးမှာ တဝေ့ဝေ့ပင် စပြုလာပါပြီ။ မျှော်စင်မှ ကြည့်လိုက်လျှင် တောင်တွင်းမှ ညနေထမင်းစားပြီး လမ်းလျှောက်နေသူများ၊ မြတ်ခင်းပေါ်၌ထိုင်လျက် အေးအေးလူလူ စကားပြောနေသူများကို ခပ်သေးသေး လှမ်းမြင်ရသည်။ ထောင်၏မြောက်ဘက်မှ မင်းတုန်းလမ်းမကြီးမှာ အပြင်လောကကို လွမ်းဆွတ်မိ အောင် ငြိမ်သက်စွာရှိနေသည်။ ဧရာဝတီမြစ်ရေပြင် တစ်ပိုင်းတစ်စကိုလည်း အရှေ့ဘက်တွင် လှမ်း၍ မြင်မြင်ရသည်။ မြစ်ဆီမှ ပုံစံဖွဲ့၍ ပျံသန်းလာသော ဗျိုင်းဖြူအုပ်များကိုလည်း မကြာခဏ တွေ့ရသည်။ လေမှာ တဟူးဟူးတိုက်နေသည်။
ကိုတိုင်းမောင်က
“အစိုးရကလာပြီး တိုက်စစ်ဆင်ရင်ကော လွတ်မှာတဲ့လား။ သူတို့ က တောထဲကိုဆက်ပြီး ခေါ်သွားတော့ဘာသွားပြီး တတ်နိုင်ဦးမှာလဲ။ ကိစ္စများလှတယ်ဆိုပြီး သတ်မပစ်ရင်ကံကောင်းတယ်ဆိုရမှာပဲ”ကျွန်တော်က“ဒီသရက်ဆိုတာက ထားစမ်းပါဦး၊ ပြည်ကိုတောင်မသိမ်းနိုင်သေးဘဲနဲ့။ အစိုးရအနေနဲ့ လည်း ဒီသရက်မြို့ထက် ပြည်ကို အဓိကထားမှာပေါ့။ အရေးကြီးတဲ့ပြည်ကိုတောင်မတိုက်သေးဘဲနဲ့ သရက်ကို သိမ်းဖို့ စောင့်နေရင်တော့ ရွှေစင်တစ်ထောင်ပေးမယ်ဆိုတဲ့ ခွေးကိုစောင့်တဲ့ ပုဏ္ဏားလို ဖြစ်နေမှာပဲ”
“ငါလည်း ထောင်ဖောက်ဖို့ အခွင့်ကိုချည်း ရှာနေတာပဲ။ ဘယ်လိုမှ စဉ်းစားမရဘဲ ဖြစ်နေလို့ သာငြိမ်နေတာ”ဟု အောင်ကြည်ကပြောလျှင် ကိုတိုင်းမောင်က
“အိပ်ထောင်ကိုဖောက်တာထက် အုတ်ရိုးကိုကျော်ဖို့ ပထမ စဉ်းစားရမှာပဲ။ အုတ်ရိုးကိုကြိုးနဲ့ ပစ်တင်ပြီး ကျော်ဖို့ ကလည်း အမျိုးမျိုးစဉ်းစားပြီးပြီ။ ဖြစ်နိုင်တဲ့လမ်းကို မတွေ့ရဘူး။ အုတ်ရိုးပေါ်မှာစီ ပြီး မထိတထိတင်ထားတဲ့ အုတ်ခဲအရှင်တွေကလည်း တစ်ခုထိလိုက်ရင် တသီကြီး ပြိုကုန်မှာကွ”ဤသို့လျှင် မထွေးနိုင်၊ မအန်နိုင်၊ မတွေးနိုင်၊ မကြံနိုင် သုံးယောက်သား ခေါင်းချင်းဆိုင်လျက် စဉ်းစားကြသည်မှာ နေ့စဉ်လိုလိုပင်ဖြစ်ပါသည်။ ယင်းသို့နှင့်ပင် တစ်နေ့တွင်အောင်ကြည် ဝမ်းသာ အားရ ပေါက်လာပါသည်။ ကျွန်တော်နှင့် ကိုတိုင်းမောင်ကို လက်ကုတ်ခေါ်သဖြင့် မယောင်မလည် လိုက်သွားကြပါသည်။
သရက်ထောင်မှ အိပ်ထောင်များ၏ အနေအထားကို ဖော်ပြပါဦးမည်။ အိပ်ထောင် ၄ ခုကို အပေါ်မှစီး၍ကြည်လျှင် ကြွေပစ်သော ပဆစ်ကွက်သဖွယ်ရှိသည်။ အလယ်ဗဟိုကြွေပန်းကန်ထားသောနေရာမှာ ဗဟိုမျှော်စင်ဖြစ်၍ အိပ်ထောင်တန်းလျားကြီး ၄ ခုမှာ ထိုမျှော်စင်မှ ထောင့်တန်းဖြာ ထွက်သွားသောအိပ်ထောင်မှာ “အေ” အိပ်ထောင်ဖြစ်သည်။ အနောက်တောင်ဘက်သို့ ထိုးထွက်သွား သော အိပ်ထောင်မှာ “ဘီ” အနောက်မြောက် “စီ”ဖြစ်၍ အရှေ့မြောက်မှာ “ဒီ” ဖြစ်သည်။ အိပ်ထောင် အေ-ဘီ-စီ-ဒီ လေးခုအနက် ကျွန်တော်တို့ အိပ်ထောင်မှာ ဒီ ဖြစ်သည်။
အောင်ကြည်က ကျွန်တော်တို့ နှစ်ယောက်ကို အနောက်တောင်ဘက် ဘီအိပ်ထောင်သို့ ခေါ်သွားသည်။ ထိုအိပ်ထောင်ကြီးမှာ စစ်ကြီးအတွင်းက ပျက်စီးခဲ့သောကြောင့် ပြန်လည်ပြင်ဆင် နေရာ ထိုစဉ်က မပြီးသေး၍ အကျဉ်းသမား မထားပါ။ အိပ်ထောင်တိုင်းမှာ အထက်ထပ်၊အောက်ထပ် နှစ်ထပ်ရှိသည်။ ထို ဘီအိပ်ထောင်တွင်လည်း နှစ်ထပ်ရှိရာ အမိုးသာပြီးသေးသည်။ အထက်ထပ်တွင်လည်း ကြမ်းမခင်းရသေး၊ ဆင့်များကာ စီပြီးလေပြီ။ လှေကားလည်းမရှိ။