အောင်သင်း - မျိုးဆက်သစ်အတွက်-ဂန္တ၀င်မိတ်ဆက်
နိဒါန်း
“မျိုးဆက်သစ်အတွက် ဂန္တဝင်မိတ်ဆက်” ဆိုတဲ့ ခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ ရည်ရွယ်ချက်ကို မှန်းလို့ ရလောက်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အသေးစိတ်ကလေးကိုတော့ ပြောလိုက်ရပါဦးမယ်။
ရည်ရွယ်ချက်
(တစ်) လူငယ်တွေ သိသင့် သိထိုက်တဲ့ဂန္တဝင် စာအုပ်တွေမှာ ဘယ်စာအုပ်မှာ ဘာအကြောင်း
တွေကို ရေးထားတယ်၊ ကောင်းပုံကောင်းနည်းကဘယ်လို၊ ဘာကြောင့် ဂန္တဝင်စာပေဖြစ်လာရတယ် ဆိုတာကို အကြမ်းအားဖြင့် လူငယ်တွေကို သိကြ စေချင်တယ်။
(နှစ်) “စာသွေး” ပါတဲ့ လူငယ်တွေ ကျပြန် တော့ သက်ဆိုင်ရာ စာအုပ်တွေကို ကိုယ်တိုင်ရှာဖွေပြီး သေချာ ဖတ်ကြည့်ချင်စိတ် နိုးကြားလာစေချင်တယ်။
အားလုံးအလေး ပဓာနထားပြီး ပြောချင်တာကတော့ လေးလေးနက်နက် ကျမ်းကြီးတစ်ခု ပြုစုဖို့ ကြိုးစားတာမဟုတ်ပါဘူးဆိုတဲ့အချက်ပါပဲ။ တကယ့်ကို လူငယ်တွေနဲ့ မိတ်ဆက်ပေးရုံသက်သက် လောက်ပါပဲ။
တင်ပြပုံ
လေးလေးပင်ပင်ကြီး မဟုတ်ဘဲ ပေါ့ပေါ့ ပါးပါးရေးဖို့ ရည်ရွယ်တာဖြစ်တဲ့အတိုင်း စာသင်ခန်း ငယ်တစ်ခုမှာ/စကားဝိုင်းကလေးတစ်ခုမှာ စကားစပ်မိ ကြလို့ ပြောကြသလို -
(တစ်) စကားပြောသလိုပဲ ရေးသွားပါမယ်။
(နှစ်) သက်ဆိုင်ရာ စာအုပ်စာပေရဲ့ ကောင်းပုံကောင်းနည်းကို တင်ပြတဲ့ အခါမှာ သင့်နိုးရာရာ ကောက်နှုတ်ချက်ကလေးတွေကို ထည့်သွင်းဖော်ပြ သွားပါမယ်။
(သုံး) သုတေသနကျမ်းကြီးများရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းမဟုတ်ဘဲ စပ်မိစပ်ရာ စိတ်ဝင်စားစရာ၊
မှတ်သားစရာလေးတွေကို သတိရမိလိုက်ရင်လည်းဝန်မလေးဘဲ ထည့်သွင်းသွားပါမယ်။
(လေး) အထူးသဖြင့် လူငယ်တွေမှာ အကြားအမြင်တိုးစေမယ့်၊ ဆင်ခြင်တုံတရား ထက်မြက်စေမယ့်အချက်အလက်မျိုး ဖြစ်မယ်ဆိုရင် သွက်သွက်ကြီး ထည့်သွားမယ်လို့ စဉ်းစားထားပါတယ်။
ပါမောက္ခ ကျောင်းဆရာကြီးနှစ်ပါး
ပါရာယနဝတ္ထုကို ဆရာတော် ရှင်မဟာသီလဝံသ ရေးခဲ့တယ် ဆိုတာလောက်ကိုတော့ဖြင့် လူငယ် တိုင်းလိုလို ကြားဖူးနေကြပါတယ်။ ရှင်မဟာသီလဝံသ လို့ပြောလိုက်ရင် ရှင်မဟာရဋ္ဌသာရကို သတိရကြစမြဲ ပါပဲ။ ရာမလို့ပြောလိုက်ရင် လက္ခဏာဟာ တွဲပြီးပါလာ ရသလိုပဲပေါ့။ ငါတို့ခေတ်မှာလည်း “ဇော်ဂျီ” လို့ ပြော လိုက်ရင် “မင်းသုဝဏ်” ကို တွဲပြီး သတိရလိုက်ကြသလိုပဲပေါ့။ ဒီဆရာတော်ကြီး နှစ်ပါးကိုလည်း ခွဲလို့ မရလောက်အောင် ဖြစ်လာခဲ့ပါတယ်။အရင်ကတော့ဖြင့် “ဆုတောင်းခန်းပျို့” “ပါရမီ တော်ခန်းပျို့” တွေကို သီကုံးရေးစပ် တော်မူခဲ့တဲ့ ရှင်မဟာသီလဝံသ၊ “ကိုးခန်းပျို့” “သံဝရပျို့” တွေကို စီရင်တော်မူခဲ့တဲ့ ရှင်မဟာရဋ္ဌသာရ စသည်ဖြင့် စာပေ ပါရဂူကြီးများအဖြစ် ၊ တစ်နည်းအားဖြင့် မြန်မာစာပေရဲ့ ရှေးဦးကဗျာဆရာကြီးများအဖြစ် ရိုသေသတိရခဲ့ မိပါတယ်။ အခုလို အသက်ကလေးရလာပြီး သူတို့စာ၊ သူတို့ဘဝ ကို သေချာလေ့လာကြည့်လိုက်တော့မှ“မျိုးဆက်သစ် တိုးတက်ရစ်ဖို့” တကယ့်ကို ကြိုးပမ်းတော်မူခဲ့တဲ့ ပါမောက္ခကျောင်းဆရာကြီး နှစ်ပါး ပါကလားရယ်လို့ ရိုသေကြည်ညိုခြင်းအသစ် ဖြစ်ရပြန် ပါတယ်။
စဉ်းစားကြည့်လေ - သူတို့ဟာ ခေတ်ပြိုင် ကျောင်းတိုက်ကြီး (တက္ကသိုလ်ကြီး) နှစ်ခုရဲ့ ပဓာန နာယက ဆရာတော်ကြီး (ပါမေါက္ခချုပ်ကြီး) နှစ်ဦး မဟုတ်ပါလား။
ကျောင်းတိုက်ဆိုမျှ စကားစပ်မိလာလို့ ပြောလိုက်ရဦးမယ်။ “တိုက်” ဆိုတာက အစုအဝေး၊ “အစု” ကိုပြောတာ။ ကျောင်းအုပ်စုကြီးပေါ့ကွယ်။ ဥပမာသရက်တော ကျောင်းတိုက် ဆိုကြပါစို့ - အဲဒီကျောင်းတိုက်ထဲမှာ ကျောင်းသီးခြားတွေ အများ ကြီးပဲ။ သူ့ကျောင်းနဲ့၊ သူ့ကျောင်းထိုင် ဆရာတော်နဲ့ သီးသန့် သီတင်းသုံးနေကြတာပဲ။ ကျောင်းတိုက်ကြီး တစ်ခုလုံးကို စီမံကွပ်ကဲတဲ့ ဆရာတော်ကြီးကိုတော့ တိုက်အုပ် ဆရာတော်ကြီး၊ ဦးစီးပဓာန နာယက ဆရာတော်ကြီးပေါ့။ငါတို့ တက္ကသိုလ်နဲ့တူပါတယ်။ University ဆိုတာ a collection of colleges ပဲမဟုတ်လား။ကောလိပ်တွေ စုထားတာကို တက္ကသိုလ်လို့ ခေါ်ကြတာပါပဲ။ ဒါကြောင့် ရှေးခေတ် စစ်မဖြစ်မီက ရန်ကုန် ကောလိပ်၊ ဂျတ်ဆင်ကောလိပ်၊ ဆရာအတတ်သင် ကောလိပ်၊ ဆေးကောလိပ်ဆိုတာတွေ စုထားတာမို့ “ရန်ကုန် တက္ကသိုလ်ကျောင်းတိုက်” ရယ်လို့ မြန်မာလို ပြန်ဆိုသုံးစွဲခဲ့ဖူးတယ်။ တက္ကသိုလ်မဂ္ဂဇင်း အဟောင်း တွေကို ကြည့်လိုက်မယ်ဆိုရင် “ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်မဂ္ဂဇင်း” ရယ်လို့ ရေးထားတာတွေကို တွေ့ရလိမ့်မယ်။
ရှင်မဟာသီလဝံသနဲ့ ရှင်မဟာ ရဋ္ဌသာရ ဆရာတော်ကြီး နှစ်ပါးဟာလည်း ပဓာနနာယက ဆရာတော်ကြီးများ ဖြစ်ကြလေတော့၊ သူ့ခေတ် သူ့အခါမှာ ပါမောက္ခချုပ်ကြီး တွေပဲပေါ့။ ကျောင်း ဆရာကြီးတွေပဲပေါ့။ တကယ့်ကျောင်းဆရာ ဆိုတာမျိုး က မျိုးဆက်သစ် တိုးတက်ရစ်အောင် ဘာလုပ်ရမလဲ ဆိုတာ နေ့နေ့ညည ကြံစည်နေကြသူတွေ မဟုတ်လား။ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုတာမျိုးလို ကိုယ့်ကျောင်းက ထွက်သွားတဲ့ တပည့် တစ်ယောက်ဟာ လူ့လောကအလယ်မှာ ထည်ထည် ဝါဝါ မဖြစ်လာရင်တောင်မှ လိမ်လိမ်မာမာ ဖြစ်စေချင် ကြတာကိုး။ အဲဒီစေတနာတတွေဟာ သူတို့စာတွေမှာ တဝိုးဝိုး တဝင်းဝင်း တောက်ပ ထင်ဟပ်နေတာကိုတွေ့နေကြရတယ်။
“ပါရာယနဝတ္ထု” လို စာမျိုးကို ဆရာတော်ဟာ ကောက်ကာငင်ကာ ရေးလိုက်တယ်လို့ မထင်မိဘူး။ ၊ တပည့်ဖြစ်သူ ဟောပြောဆုံးမရာကနေပြီး ကျမ်း တစ်စောင်ပြုဖို့ စိတ်ကူးပေါက်လာတယ်လို့ထင်မိ ပါတယ်။ ကောင်းပြီ၊ “ပါရာယနဝတ္ထု” အကြောင်းကိုဆွေးနွေးကြစို့။
တကယ့်ကျောင်းဆရာ ဆိုတာမျိုးက
မျိုးဆက်သစ် တိုးတက်ရစ်အောင်
ဘာလုပ်ရမလဲဆိုတာ နေ့နေ့ညည
ကြံစည်နေကြသူတွေ မဟုတ်လား။
“ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုတာမျိုးလို
ကိုယ့်ကျောင်းက ထွက်သွားတဲ့
တပည့်တစ်ယောက်ဟာ လူ့လောက အလယ်မှာ
ထည်ထည်ဝါဝါ မဖြစ်လာရင်တောင်မှ လိမ်လိမ်မာမာ
ဖြစ်စေချင်ကြတာကိုး။
ပါရာယန၀ထ္ထု
ဆရာတော် ရှင်မဟာသီလဝံသ ၈၁၅-၈၈ဝ (၁၄၅၃-၁၅၁၈) ဟာ ပါရာယနဝတ္ထုကို ၈၆၃(၁၅၀၁) မှာ ပြုစုပြီးမြောက်ခဲ့ပါတယ်။ ခုဆိုရင် ကျမ်းသက်တမ်း အနှစ် ၅ဝဝ လောက်ရှိပြီပေါ့။
“ပါရာယန” ဆိုတာမှာ ပါရာ = တစ်ဘက်ကမ်း + အာယန = လမ်းကြောင်း။ သံသရာ တစ်ဘက်ကမ်း နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဆိုတဲ့ အဓိပ္ပါယ်ရှိပါ တယ်။ ပါရာယနဆိုတဲ့ အမည်ကိုတော့ ဘုရားဟော ခုဒ္ဒကနိကာယ် ပါရာယနသုတ်အမည်ကို ယူလိုက်ခြင်း ဖြစ်ပါတယ်။ ပါရာယနသုတ်ရဲ့ ဝတ္ထုအကြောင်းအကျဉ်း ကတော့ “ဗာဝရီ” ဆိုတဲ့ ရသေ့ပုဏ္ဏားကြီးက သူ့ တပည့်ကြီး တစ်ကျိပ်ခြောက်ယောက်ကို ဘုရားရှင်ထံ စေလွှတ်ပြီး ပုစ္ဆာများကို မေးစေခြင်းဖြစ်ပါတယ်။ မေးပုံက စိတ်နဲပသာလျှင်မေးပြီး ဘုရားရှင်က နှုတ်နဲ့ ဖြေတော်မူခြင်းဖြစ်ပါတယ်။
ဆရာတော် (ပါမောက္ခကျောင်းဆရာကြီး) ရှင်မဟာ သီလဝံသရဲ့ ပဓာန ရည်ရွယ်ချက်က မျိုးဆက်သစ် လူငယ်တွေကို ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ သီလရင်ဖြစ်စေ လူရည်ချွန်၊ လူရည်မွန်ဖြစ်လာ စေချင် တာပါပဲ။ နိဒါန်းပျိုးလိုက်ပုံကို ကြည့်လိုက်ရင် ဆရာတော်ရဲ့ ရည်မှန်းချက်ကို ထင်းထင်းကြီး တွေ့နိုင် ပါတယ်။ ကြည့်ပါ ဘုရားသခင်လက်ထက်၌ သဒ္ဓါကြည်ညို သောလူသူတော်တို့သည်ကား၊ သားချစ် သမီးချစ် တို့ကိုဤသို့ လျှင် ဆုံးမသတတ်။
ချစ်သားတို့ ... ရဟန်းတည်း ဖြစ်မှုကား သာရိပုတ္တရာ၊ မောဂ္ဂလန် အရှင်နှစ်ပါးကို နည်းယူ ကြပါကုန် အရှင်နှစ်ပါးကို နှိုင်းရှည့်စရာမူပါကုန်။
လူတည်းဖြစ်မူကား စိတ္တသူကြွယ်၊ ဟတ္တ ဌာဝကသီတင်းဦး၊ ဤယောက်ျားမြတ်နှစ်ဦးတို့၏ အကျင့်ကို နည်းယူပါကုန် ဟုဆုံးမ၏
သားမိန်းမကိုတည်း ဆုံးမမှုကား -
ချစ်သမီးတို့ ... ရဟန်းတည်း ဖြစ်ပါ လေငြားမူကား ... ခေမာ ၊ ဥပ္ပလဝဏ် ရဟန္တာမိန်းမ နှစ်ပါးတို့၏ အကျင့်ကို နည်းယူပါကုန်။