အောင်သင်း - ပေးသူနှင့်ယူသူ
ပေးသူနှင့် ယူသူ
သူများခိုင်းလို့ လုပ်ရခြင်း
အလုပ်တစ်ခုကို သူတစ်ပါးခိုင်း၍ လုပ်ရခြင်း နှင့် ကိုယ်လုပ်ချင်၍ လုပ်ရခြင်းတို့မှာ အတော်လေး ကွာကြောင်း အထူးပြောစရာမလိုပါ။
ကျောင်းသား လူငယ်များ ပညာသင်ကြားနေ ရခြင်းကို သေချာစဉ်းစား ကြည့်လိုက်မည်ဆိုလျှင် သူများခိုင်း၍ သာလုပ်နေရခြင်းဖြစ်ကြောင်း သိသာပါ သည်။ သို့သော်လည်း လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင် သည်ဖြစ်စေ၊ နာဖျားမကျန်းဖြစ်၍ ဆေးခါးကြီးသောက်ရသလို ကိုယ့်ဘဝအတွက် ဖြစ်ကြောင်းကို ဝိုးတဝါးမျှဖြစ်စေ သိနေသောကြောင့် ပညာကို ကြိုးစားသင်ယူနေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။
ကျွန်တော့် ကိုယ်တွေ့ ကလေး တစ်ခုကို တင်ပြလိုက်ရပါဦးမည်။ စစ်ကြီးအတွင်း တောရွာလေး တစ်ခု၌ စစ်ပြေးခိုလှုံနေစဉ်တွင် ဝိဇယပြဇာတ်နှင့်ရေသည်ပြဇာတ်တို့ကို ဖတ်ခဲ့ရသည်။ ကျွန်တော် ကြိုက်လိုက်သည်မှာ ပြောမပြနိုင်လောက်အောင်ပင် ဖြစ်သည်။ ဝိဇယပြဇာတ်ဆိုလျှင် အထပ်ထပ် ဖတ်လွန်း သောကြောင့် အချို့စာပုဒ်များကို ယခု အသက်အရွယ် တိုင်အောင်ပင် နှုတ်တက်ရွရွ ရွတ်နိုင်ပါသေးသည်။
သည်လိုနှင့် စစ်ကြီးအပြီး ဟိုရောက်သည် ရောက် လွင့်ပါးနေရာမှ ဆယ်တန်းစာမေးပွဲကို ပြန်ဖြေရန် ပြင်ဆင်လိုက်သောအခါ “ဝိဇယပြဇာတ်” ကိုပြဋ္ဌာန်း ထားသည်နှင့် ကြုံပါလေတော့သည်။ ဘယ်မျှဝမ်းသာစရာ ကောင်းပါသနည်း။ ကျွန်တော် အလွန်ဝမ်းသာ သွားပါသည်။ သို့သော် စာမေးပွဲဖြေရန်အတွက် ဖတ်မည်မှတ်မည်ဟု စာအုပ်ကို ကောက်ကိုင်လိုက်တိုင်း စိတ်မပါလက်မပါ ပျင်းသလိုလို ဖြစ်ဖြစ်သွားတတ် သည်ကို ကျွန်တော် သတိရနေမိသည်။ ယခုမှ သတိရ ဆင်ခြင်မိသည်မဟုတ်၊ ကျွန်တော့်စိတ်ထဲ ထိုသို့ ဖြစ်ဖြစ် သွားသည်ကို ထိုစဉ်ကပင်လျှင် သတိပြုမိခဲ့ပါသည်။ ဝတ္တရားအရ ဖတ်ရခြင်းဖြစ်၍ ထိုသို့ တွန့်တွန့်သွားခြင်း ဖြစ်ကြောင်း မိမိကိုယ်မိမိ သတိပေးဆုံးမပြီး လေ့ကျက် ခဲ့ရပါသည်။ စာမေးပွဲအတွက် အပြဋ္ဌာန်းခံလိုက်ရသည့် စာပေဟူသမျှမှာ ထိုသို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင် ရမြဲဖြစ်သည်ဟုသာ ဆိုလိုက်ချင်ပါတော့သည်။
သိစရာ၊ မှတ်စရာ၊ ကျင့်စရာ
ပြဋ္ဌာန်းစာအုပ်များနှင့် ပတ်သက်ပြီး ကျွန်တော်ကျက်စားရာ မြန်မာစာအကြောင်းကိုသာ ပြောပါမည်။သင်ရိုးညွှန်းတမ်း ရေးဆွဲ၊ ရွေးချယ်၊ ပြဋ္ဌာန်းကြသော ပညာရှင်များက သိစရာ၊ ကျင့်စရာပါသော စာပေများကို ပြဋ္ဌာန်းပေးကြသည်ကို သံသယဖြစ်နေစရာ မလိုတော့ ပါ။ ကျောင်းသားများကလည်း စာမေးပွဲကို ရင်ဆိုင်ကြရ မည် ဖြစ်သောကြောင့် သိစရာမှတ်စရာများကို ကြိုးစား ပမ်းစား ဖတ်ကြ မှတ်ကြပါသည်။ နှုတ်လွတ် အာဂုံဆောင်တန်သည် တို့ကိုလည်း ဆောင်ကြပါသည်။ အိမ်တိုင်းလိုလိုတွင် ရှိသော ကျောင်းသားငယ်များ နေ့တစာစာ၊ ညတစာစာ ကျက်မှတ်နေသည်ကို တွေ့ရ သည့်အခါ သူတို့တစ်တွေကို သနားများပင် သနားမိ ပါသည်။ ထိုကဲ့သို့ စာမေးပွဲများအတွက် သိစရာ မှတ်စရာများကို အာရုံ ပြုကြရလွန်းသောကြောင့် “ကျင့်စရာ” တို့ကို မျက်ခြည် ပြတ်နေကြပြီ ထင်ရဲ့ ဟုလည်း အောက်မေ့ လိုက်မိပါသည်။
ကျင့်စရာကောင်းသော စာ
ဒဿမတန်းပင်ရင်း မြန်မာစကားပြေ လက်ရွေး စင်ထဲက နည်းနည်းလောက် ထုတ်ပြလိုက်ချင်ပါသည်။လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး၏ပညာ သင်ခါ မရှက်ရာ ဟူသော ကောက်နှုတ်ချက်တစ်ခု ပါပါ သည်။ ထိုစာထဲတွင် ... ။
ယခုအခါ အင်္ဂလိပ် ပညာသင်ကျောင်းမှာ နေထိုင်ကြသော ကျောင်းသား လူငယ် တို့သည် အဝတ်အစားများကိုများစွာ ဂရုစိုက်၍ အတုအပ ပြုလုပ်တတ်ကြကုန်သည်။ ပညာရေးထက် အဝတ်တန်ဆာ အရေးကို အထူးဂရုစိုက်သလိုပင် ဖြစ်နေကြကုန်သည်။ ထို အဝတ်အစားများသည် မိဘတို့ ကထောက်ပံ့သော အရာများသာ ဖြစ်ချေသည်။ မိမိတို့ အစွမ်းသတ္တိနှင့် ရှာကြ၍ ရသော အရာများ မဟုတ်ကြလေကုန်။
ဆရာကြီးက သူ့ခေတ်သူ့အခါကို ကြည့်ပြီး ရေးလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ယခုခေတ် အ တွက်လည်း တန်ဖိုး ရှိလှသော အဆုံးအမများ ဖြစ်နေ ပါသည်။ တံခါးဖွင့် စီးပွားရေးကို ကျင့်သုံးလိုက်ပြီးသည် နှင့် ဒလဟော ဝင်လာလိုက်သော အဝတ်အစား အသုံးအဆောင် စသည်တို့မှာ ကျွန်တော်တို့လို လူကြီးများအဖို့ ဘာတွေမှန်းကို မသိနိုင်လောက် အောင် ဖြစ်ပါသည်။ တချို့ ကျောင်းသား ကျောင်းသူတို့၏ အဝတ်အစားများ၏ တန်ဖိုးကို အမှတ်မထင် မေးကြည့်လိုက်တော့ “အမယ်လေး ငါတို့ မိသားစု သုံးလေးငါးလစာပါကလား” ဟု ရင်ဖိလိုက်မိပါသည်။ ဆရာကြီးခေတ်က လိုပါပဲ၊ သူတို့ချင်းလည်း အပြိုင် အဆိုင်ကလေးတွေ ရှိကြသည်။ သို့သော် ကိုယ်စွမ်း ကိုယ်စချင်း ပြိုင်နေကြသည် မဟုတ်ဘဲ မိဘချင်း ပြိုင်နေခြင်းသာ ဖြစ်သည်။ ဆရာကြီးက ပြိုင်ဆိုင်မှုကို တားမြစ်ရုံသာ မဟုတ်၊ အားပေးခြင်းလည်း ပြုပါ သေးသည်။ သူ အားပေးသော ပြိုင်ဆိုင်မှုက ... ပညာချင်း ဂုဏ်ပြိုင်သင်လျှင် တတ်မြောက် လွယ်၏။ အဝတ်အစားချင်း ဂုဏ်ပြိုင်လျှင် ပညာကို ဆုတ်ယုတ်စေတတ်၏။ အဝတ် အစားချင်း ကြွားဝါခြင်းသည် မာန်မာနကို အား ပေး၏။ ထိုမာန်မာနသည် ပညာ၏အန္တရာယ်ဖြစ်၏။
ဆရာကြီးက မိဘများသည်လည်း အဝတ် အစား ပြိုင်ဆိုင်မှုကို အားပေးခြင်း မပြုကြဘဲ ပညာပြိုင် ထားပါသေးသည်။ ကျွန်တော်အကြိုက်ဆုံး စကား လေးမှာ.. ထိုသို့ ပညာသင်ခိုက် နှိမ့်ချလေသမျှသည် ပညာတတ်မြောက်၍ ကြီးမြင့် ဖို့ရန်သာဖြစ်လေသည် ဟူသော စကားစုပင် ဖြစ်ပါသည်။
ဤသည်တို့မှာ သိရုံ၊ မှတ်ရုံမျှ အတွက်သာလျှင် မဟုတ် မိမိဘဝအတွက် ဆင်ခြင်ကျင့်သုံးရမည့် အရာများ ဖြစ်ကြောင်း ပြောစရာ မလိုပါ။ သို့သော်ကျောင်းသားအဖို့ စာမေးပွဲကိုသာ အာရုံပြုမှု များနေ သောကြောင့် “ကျင့်စရာ” တွေပါကလား ဟု သတိမရ နိုင်ကြောင်း ဖြစ်နေကြသည်ဟု ထင်မိပါသည်။
နောက်စာတစ်ပုဒ်ကို ထုတ်ပြလိုက်ပါရစေဦး။
ပီမိုးနင်း၏ “အားလပ်သော အချိန်ကလေးများ” ဟူသော ကောက်နှုတ်ချက် ဖြစ်ပါသည်။ ဆရာကြီးပီမိုးနင်းက အချိန်၏ အဖိုးတန်လှပုံ၊ အချိန်ကို ခုံမင်စေးနှဲစွာ အသုံးချသင့်ကြပုံကို အကျယ်တဝင့် တင်ပြ ပြီးနောက် ပန်းထိမ်ဆရာများ ရွှေတိုရွှေစ ကလေး များကို တရိုတသေ စုဆောင်းသကဲ့သို့ အားလပ်သော အချိန်ကလေးများကိုပင် အသုံးချကြရမည်ဟု ဆုံးမပါသည်။ ဆရာကြီး ရေးပုံကို ကြည့်ပါဦး ... ။
တန်ဖိုး မဖြတ်နိုင်သော စက္ကန့်မိနစ်တည်း ဟူသော ရတနာတို့ကို ဖမ်းဆီး ယူငင် အသုံး ပြုတတ်သူတို့သည် တောတောင်၌ သတ္ထုကို လည်ရှာတတ်သူထက် ကြီးပွားရမည်ကား မည်သူမျှ မငြင်းနိုင်ချေ။ပေါ့လျော့သော သူသည် ဆင်းရဲသောအခါ ကံကို ယိုးမယ်ဖွဲ့၏၊ လူမတန်လို့ ကံကို ချသော်လည်း မတန်သောသူကို ကံသည် မစခြင်းငှာ မစွမ်းနိုင်သဖြင့် ထိုလူမျိုးကို ကံ သည် လက်ပိုက်ကာ ဝမ်းနည်းလျက် ကြည့်၍သာ နေရလေသည်။
ထိုစာများကို ဖတ်လိုက်ရသောအခါ အရေးတကြီး ချမ်းသာချင်သောကြောင့် ကျောက်တွင်းဒေသ များသို့ စွန့်စားသွားရောက်ကြသည့် လူငယ်များကို သတိရမိသည်။ “မတန်သူကို ကံသည် မ,မနိုင်”ဟူသော စကားသုံးကလေးကိုလည်း ချစ်မိပါသည်။ အားလပ် ချိန်ဟူ၍ မထား၊ အလုပ်ကို မပြတ် လုပ်နေရသူတို့နှင့် ပတ်သက်၍ ဆရာကြီး ရေးလိုက်ပုံမှာ ... ထိုပုဂ္ဂိုလ် ကြီးများ၏စိတ်သည် မအားလပ်သဖြင့် အခြားသာမန် သူတို့ကဲ့သို့ သေးနုပ်သိမ်ဖျင်းသော အကြံအစည် တို့ကိုလည်းကောင်း၊ မကောင်းသော စိတ်အကြံအစည် တို့ကိုလည်းကောင်း ကြံဖို့ရန် အချိန်မရ။ ထို မကောင်းသော စိတ်အကြံအစည်တို့သည်လည်း ဝင်ရောက်ခွင့် မရကြသဖြင့် ၎င်းတို့၏ စိတ်သည် မြင့်သည်ထက် မြင့်၊ မြတ်သည်ထက် မြတ်၊ ရင့်သည် ထက်ရင့်၊ ကြီးမားထက်သန်သည်ထက် ကြီးမားထက်သန်ပြီးလျှင် အများသောသူတို့၏ လေးစားကိုင်းညွတ် ပူဇော်ခြင်းကို အလိုအလျောက် ခံကြရလေသည်။
ဤစာများမှာ ဖတ်ရုံ၊ မှတ်ရုံမျှသာမဟုတ်၊ ကျင့်ရမည့် စာများ ဖြစ်ကြောင်း ယုံမှားစရာ မရှိပါ။
ပေးသူနှင့် ယူသူ
စာရေးသူနှင့် စာဖတ်သူတို့၏ အနေအထားကို ကြည့်မည်ဆိုလျှင် စာရေးသူက ပေးသူ” စာဖတ်သူ က “ယူသူ” ဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ သူက မကြိုးစားလျှင် ပေးသလောက်ကို ရနိုင်မည် မဟုတ်ပါ။ အထက်တွင် ဆိုခဲ့သော ဆရာဦးမောင်ကြီးတို့၊ ဆရာ ကြီး ပီမိုးနင်းတို့က ပေးလိုက်သလောက် စာဖတ်သူ ကျောင်းသား ကျောင်းသူများ ရနိုင်ကြပါ၏လော။
ပြဋ္ဌာန်းစာ ဖြစ်နေ၍ စာမေးပွဲဆိုတာကြီး ခံနေ သောကြောင့် သိခြင်း မှတ်ခြင်း တွင်သာ ရပ်သွားနိုင် ပါသည်။ ကျင့်ခြင်း ထိအောင် ရောက်သွားဖို့ မလွယ် လှ ထင်ပါသည်။စာရေးဆရာကြီးများက ပေးခဲ့သည်။ တစ်ဖန် သင်ရိုးညွှန်းတမ်းအဖွဲ့ ပညာရှင်များက ပြဋ္ဌာန်းပြီး ပေးလိုက်ပြန်သည်။ နောက်ထပ် လက်ဆင့်ကမ်းပြီးပေးရမည့် သူများက မြန်မာစာဆရာများ ဖြစ်ကြသည်။