အောင်လှိုင် - ဦးနှောက်ကျန်းမာရေးနှင့်စွမ်းရည်တိုးမြင့်ရေး
အခန်း (၁)
သင့်ဦးနှောက်အသိဉာဏ်
စကြဝဠာထဲက ထူးခြားဆန်းကြယ်တဲ့ အရာတွေထဲမှာ လူသားရဲ့ ဦးနှောက်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ စွမ်းဆောင်မှုတွေအားလုံးဟာ စိတ် ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေရဲ့ အံ့ဖွယ်စွမ်းပကားတွေကို တစ်ခါတည်း ထုတ်ဖော်ပြသပေးပါတယ်။ ကွန်ပျူတာတီထွင်ထုတ်လုပ်လာနိုင်ခြင်း ဟာ သိပ္ပံလောကနယ်ပယ်အတွက် အကြီးမားဆုံးသော အောင်မြင်မှု တစ်ခုဖြစ်ခဲ့သော်လည်း လက်တွေ့ ကျကျ ဆန်းစစ်လိုက်တဲ့အခါမှာတော့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်နဲ့ ညီမျှတဲ့ ကွန်ပျူတာကို မထုတ်လုပ်နိုင် ပါဘူး။ လူသားရဲ့ ထူးခြားဆန်းကြယ်တဲ့ ဦးနှောက်အသိဉာဏ်ကသာ သိပ္ပံလောကကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်တာ တွေ့ရပါတယ်။
သင့်ဦးနှောက်၏ မြန်နှုန်းနှင့်စွမ်းရည်
သင့်စားပွဲတင်ကွန်ပျူတာက လုပ်ငန်းစဉ်ပေါင်း ၂.၅ ဘီလီယံခန့်ကို တစ်စက္ကန့်တည်းနဲ့ ညွှန်ကြားပို့ချမှုတွေ လုပ်ပေးနိုင်ပါတယ်။
ကွန်ပျူတာအနေနဲ့ ဒီအနေအထားဟာ များပြားလှတဲ့ စွမ်းဆောင် နိုင်မှုတစ်ခုဖြစ်သော်လည်း လူသားရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကတော့ တစ်စက္ကန့်ကို လုပ်ငန်းစဉ်အချက်အလက်ပေါင်း ၁ဝဝ တြီလီယံအထိ ညွှန်ကြားချက်ပေးနိုင်တာကြောင့် ကွန်ပျူတာထက် မြန်နှုန်းနဲ့ စွမ်းရည် က အဆပေါင်းများစွာ စွမ်းအားကြီးတာကို တွေ့ရပါလိမ့်မယ်။
စက်ပစ္စည်းတွေဟာ သူတို့နဲ့ သက်ဆိုင်တဲ့ အလုပ်တစ်ခုတည်းကို သာ တစိုက်မတ်မတ် မှန်မှန်လုပ်တတ်ကြပေမယ့် လူသားရဲ့ ဦးနှောက် ကတော့ အလုပ်တစ်ခုတည်းကို အာရုံစိုက်ရုံနဲ့ မပြီးသေးပါဘူး။ ထို့ အတူ အလုပ်တစ်ခုတည်းကိုပဲ လုပ်ဖို့ စိတ်ကြိုက်ရွေးချယ်ခွင့်မရှိပါဘူး။ ဥပမာအနေနဲ့ ကျွန်တော်တို့ အလုပ်တစ်ခုကိုလုပ်တဲ့အခါ အသက်ရှူ ခြင်း၊ ကိုယ်ဟန်အနေအထားကို မျှတအောင်လုပ်ခြင်း၊ နားထောင်ခြင်း၊ မြင်ခြင်း .. စတဲ့ အလုပ်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ လုပ်ပေးရပါတယ်။ ဒီအနေအထားကို မရောက်ဘဲ မလိုလားအပ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ စိတ်ခံစားမှုလွန်ကဲစေတဲ့ ပြဿနာတွေရှိလာခဲ့ရင်တော့ အာရုံစိုက်လုပ်ဆောင်ရတဲ့ ဘယ်လုပ်ငန်းမှ အောင် မြင်မှုမရှိနိုင်ပါဘူး။
အာရုံကြောကလာပ်စည်းများ
အာရုံကြောကလာပ်စည်း ၂ ခု ဆုံတွေ့ရာနေရာ
ဦးနှောက်မှာ အဓိကကျတဲ့ ဆဲလ်အမျိုးအစား ၂ ရပ်ပါရှိပါတယ်။အဲဒီဆဲလ်အမျိုးအစား ၂ ရပ်ကတော့ neurons (nerve cells) ဆိုတဲ့ အာရုံကြောကလာပ်စည်း ဆဲလ်အမျိုးအစားနဲ့ (Synapse) ခေါ်တဲ့ အာရုံကြော ၂ ခုဆုံတွေ့ရာနေရာ (သို့) နာဗ်ကြောဆက်(သို့)အာရုံကြောမြွှာဆုံမှာရှိတဲ့ ဆဲလ်အမျိုးအစားတို့ပဲ ဖြစ်ပါတယ်။
နျူရွန် (neurons) (32) nerve cells ဆိုတဲ့ အာရုံကြော ကလာပ်စည်းမှာရှိတဲ့ ဆဲလ်တွေဟာ သတင်းအချက်အလက်တွေကို သယ်ဆောင်ပေးရတဲ့ အရေးကြီးတဲ့အလုပ်ကို ဆောင်ရွက်ပေးကြပါ တယ်။
အာရုံကြောကလာပ်စည်း(ရွန်)ဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှ သတင်းအချက်အလက်တွေကို အာရုံခံနာ့ဗ်ကြောတွေကတစ်ဆင့် လက်ခံရယူပေးပါတယ်။ ဥပမာအနေနဲ့ ကျွန်ုပ်တို့ရဲ့ မြင်ခြင်း၊ ကြားခြင်း၊ အနံ့ခံခြင်း၊ ထိတွေ့ခြင်း၊ အရသာခံခြင်းဆိုတဲ့ အာရုံခံစားမှုနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုသာမက ကျွန်ုပ်တို့ရဲ့ ကိုယ်စိတ် ၂ ပါး အခြေအနေမျှတမှု၊ နာကျင်မှု၊ စိတ်ခံစားမှု (ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း) ကိုယ်အပူချိန်၊ ကိုယ်အလေးချိန်တို့နဲ့ပတ်သက်တဲ့ သတင်းအချက်တွေ ကိုပါ အာရုံကြောကလာပ်စည်းတွေ လက်ခံရယူပြီး ဦးနှောက်ဆီ သတင်း ပို့ပေးပါတယ်။
အာရုံကြောကလာပ်စည်းတစ်ခုချင်းစီဟာ အရေအတွက်ပေါင်း ထောင်ချီရှိတဲ့ အခြားသော အာရုံကြောကလာပ်စည်းတွေနဲ့ ဆက်သွယ် လျက်ရှိပါတယ်။
ကျွန်ုပ်တို့ကို မမွေးဖွားခင် အာရုံကြောကလာပ်စည်းတွေဟာ တစ်မိနစ်လျှင် ၂၅ဝဝဝဝ အထိ ပွားများနေတတ်ပါတယ်။
လူသားတိုင်းရဲ့ ဦးနှောက်မှာ ဦးနှောက်ဆဲလ်ပေါင်း အရေအတွက် များစွာရှိနေပြီး အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဦးနှောက်မှာတော့ အာရုံကြောကလာပ်စည်းပေါင်း ၁ဝဝ ဘီလီယံအထိ ရှိနေတတ်ပါ တယ်။
အပျိုပေါက် လူပျိုပေါက်ဖြစ်ပြီးနောက်ပိုင်း ၂ နှစ်အတွင်းမှာတော့ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ သဘာဝအရ မလိုလားအပ်သော အရာတွေကို ပြောင်စင်အောင် ရှင်းလင်းတတ်တာကြောင့် စက္ကန့်တိုင်းမှာ အာရုံကြော ကလာပ်စည်း ၂ ခုဆုံတွေ့ရာနေရာ (နာဗ်ကြောဆက်) ပေါင်း ၅၀၀၀ ခန့် ဆုံးရှုံးလျက်ရှိပါတယ်။
အဲဒီလိုမျိုး ဦးနှောက်ရဲ့ ဆဲလ်တွေ ဆုံးရှုံးနေရပေမယ့် စိတ်ပူစရာမရှိ ပါဘူး။ အကြောင်းကတော့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဦးနှောက်မှာ နာဗ်ကြောဆက်ပေါင်း ၅ဝဝ တီလီယံထိ ရှိနေသေးလို့ ဖြစ်ပါတယ်။
နာဗ်ကြောဆက်တွေရဲ့ လုပ်ငန်းတာဝန်ကတော့ သင်က အသစ် အဆန်းဖြစ်တဲ့ တစ်စုံတစ်ရာအပေါ် လေ့လာမှတ်သားသင်ယူခြင်းတွေ လုပ်တဲ့အခါ သင်မှတ်မိနိုင်အောင် အားဖြည့်ကူညီပေးကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ဦးနှောက်အတွက် အာရုံကြောကလာပ်စည်းထဲက ဆဲလ်တွေနဲ့ အာရုံကြောဆုံတွေ့ရာနေရာတွေက ဆဲလ်တွေက မရှိမဖြစ် အရေးပါလှပါ တယ်။
ဦးနှောက်အသိဉာဏ်နှင့်ဆိုင်သောနေရာ (ဦးနှောက်အပြင်လွှာ)
ဦးနှောက်အပြင်လွှာ (The Cerebral Cortex) ဟာ ဦးနှောက်ရဲ့ အလေးချိန် ၃ ပုံ ၂ ပုံခန့်အထိ နေရာယူထားတာကို လေ့လာတွေ့ရှိရပါ တယ်။
ဦးနှောက်အပြင်လွှာဟာ သိစိတ်၊ အကျိုးအကြောင်း ဆင်ခြင်ခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ ဖန်တီးနိုင်စွမ်းရှိခြင်းဆိုတဲ့ ကိစ္စရပ်အမျိုးမျိုးကို ပြုလုပ်ပေးပါတယ်။ ဦးနှောက်အပြင်လွှာရဲ့ အောက်တည့်တည့်နေရာ၊ ဦးခွံရဲ့ အနောက်ပိုင်းရှိ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Cerebellum)ကတော့ ကြွက်သားများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ခြင်း၊ အလျင် အမြန်တုံ့ပြန်ခြင်း၊ ကနဦး တုံ့ပြန်ခြင်း၊ သိစိတ်၏တုံ့ပြန်ခြင်း၊ အသက် ရှင်စေဖို့ ဘေးကင်းရာလွတ်မြောက်အောင် ကြံစည်ခြင်းဆိုတဲ့ ကိစ္စရပ် များစွာကို အလျင်အမြန်ပြုလုပ်ပေးတဲ့နေရာဖြစ်ပါတယ်။
The Cerebral Cortex (ဦးနှောက်အပြင်လွှာ)ကို ယာဘက် ခြမ်းနှင့် ဝဲဘက်ခြမ်းဟူ၍ ခွဲခြားလေ့လာနိုင်ပါတယ်။ ယာဘက်ခြမ်းနှင့် ဝဲဘက်ခြမ်းကို များစွာသော နာဗ်ကြောဆက်တွေက ချိတ်ဆက် ဆက် သွယ်ထားပါတယ်။
အများအားဖြင့် ဦးနှောက်အပြင်လွှာရဲ့ ဝဲဘက်ခြမ်းဟာ တိကျသော ကိုယ်တွယ်ဖြေရှင်းမှုများ၊ အသေးစိတ် ခိုင်လုံသော အကြောင်းကိစ္စများ အတွက် အဓိကအလုပ်လုပ်ပေးပြီး ဦးနှောက်အပြင်လွှာ ယာဘက်ခြမ်း ကတော့ စဉ်းစားတွေးခေါ် ယူဆခြင်း၊ ထူးခြားလေးနက်စွာ ရှုမြင်တတ် ခြင်းနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို ကျယ်ပြန့်စွာ ဆောင်ရွက်ပေးပါတယ်။
ကျွန်ုပ်တို့ လူသားတွေအနေနဲ့ ဦးနှောက်ရဲ့ ဝဲဘက်ခြမ်းတစ်ခုတည်း (သို့) ယာဘက်ခြမ်းတစ်ခုတည်းကို သုံးတယ်ဆိုတာမရှိပါဘူး၊ လက်တွေ့ မှာ ကျွန်ုပ်တို့အားလုံးက ဦးနှောက်ရဲ့ ဝဲဘက်ခြမ်းကိုရော ယာဘက်ခြမ်း ကိုပါ တစ်ချိန်တည်း (သို့) တစ်ချိန်လုံး ပြိုင်တူအသုံးပြုလျက်ရှိပါ တယ်။ ဦးနှောက်ရဲ့ ဝဲ-ယာ နှစ်ခြမ်းစလုံးကို အသုံးပြုနိုင်ခြင်းဖြင့် စိတ် ပိုင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ကိုက်ညီစွာ တွဲဖက်လုပ်ကိုင် နိုင်တာ ဖြစ်ပါတယ်။
ဦးနှောက်ဝဲယာ ၂ ခြမ်းစလုံးကို ကောင်းမွန်စွာ အသုံးချပြီး စဉ်းစား တွေးခေါ်နိုင်စွမ်းတွေ ကျွမ်းကျင်မြင့်မားလာတဲ့အခါ ခက်ခဲနက်နဲတဲ့ ပြဿနာပုစ္ဆာများနဲ့ ပဟေဠိအမျိုးမျိုးကိုပါ အကောင်းဆုံးအဖြေထုတ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။