Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - သင့်မေးခွန်းများကိုပြောင်းလဲခြင်းဖြင့်သင့်ဘဝကိုပြောင်းလဲပေးပါ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

အခန်း (၁)

အမှန်တရား၏ အခိုက်အတန့်

ကျွန်ုပ်တို့ က ပညာဗဟုသုတွေကို အလို ရှိတယ်ဆို ရင် မေးခွန်းသစ်တွေရှိနေတဲ့ လောကသစ်တစ်ခုလုံးကို ကျွန်ုပ်တို့ ပိုင်ဆိုင်နိုင်အောင် လုပ်ရပါလိမ့်မယ်။

စူဆန်နီကေလန်ဂါ

ကျွန်ုပ်တို့ရဲ့ဘဝတွေကို အမှန်တကယ်ပြောင်းလဲပစ်ဖို့ အမှန်တရားကို သိမြင်လိုက်တဲ့ အခိုက်အတန့်သောအချိန်လေးမှာ ကျွန်ုပ်တို့အားလုံးအတွက် မှန်ကန်တဲ့အဖြေကို ရရှိဖို့ တိကျတဲ့မေးခွန်းတွေ မေးနိုင်ဖို့လိုပါတယ်။

ဘင်န်၏ ဇာတ်လမ်း

ကျွန်တော့်ရဲ့ စားပွဲပေါ်မှာရှိတဲ့ ရနံ့သင်းတဲ့ သစ်နက်နဲ့ပြုလုပ်ထားတဲ့ စက္ကူဖိပေါ်မှာ ရေးသားထားတဲ့ စာတန်းလေးကတော့ အခုလိုဖြစ်ပါတယ်။

“ကြီးကျယ်မြင့်မြတ်တဲ့ အကျိုးရလဒ်တွေကို ကြီးကျယ်ခမ်းနားတဲ့ မေးခွန်းတွေနဲ့သာ အစပြုရရှိနိုင်ပါတယ်”

ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အဲဒီစာတန်းလေးပါတဲ့ စက္ကူဖိကို ကျွန်တော့်ရဲ့ မိတ်ဆွေ ဂျိုးဇက်အက်စ်အက်ဒ်ဝပ်ဆီကနေ လက်ဆောင်အဖြစ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂျိုးဇက်အက်စ်အက်ဒ်ဝပ်ဟာ ဘဝကို အပြောင်းအလဲဖြစ်စေမယ့် မေးခွန်းတွေကို စဉ်းစားခြင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ကို စတင် မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်။ သူက ကျွန်တော့်ကို မေးခွန်းတွေ စဉ်းစား ခြင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိလာအောင် သင်ပြပေးသလို ပြဿနာ အခက်အခဲတွေ ဖြေရှင်းခြင်းနဲ့ ပတ်သက်ပြီးတော့လည်း မှန်ကန်တဲ့နည်း လမ်းတွေကို လမ်းညွှန်ပေးခဲ့ပါတယ်။

ဂျိုးဇက်ရဲ့ ကျေးဇူးနဲ့ မေးခွန်းတွေကို စဉ်းစားတတ်လာတဲ့အခါ အဲဒီ စဉ်းစားနိုင်စွမ်းကြောင့် ကျွန်တော် တစ်ကြိမ်တစ်ခါမှ ရှာမတွေ့၊ မခံစားခဲ့ ဖူးတဲ့ “စိတ်ရဲ့ ပွင့်လင်း လွတ်လပ်ခြင်းနဲ့ ကြုံတွေ့ခွင့် ရရှိခဲ့ပါတယ်။

ကျွန်တော့်ဘဝဟာ ဂျိုးဇက်ရဲ့ သင်ပြလမ်းညွှန်ပေးမှုကြောင့် မေးခွန်း တွေကို စဉ်းစားနိုင်စွမ်းမှာ ကျွမ်းကျင်မှုရှိလာပြီး အဲဒီကျွမ်းကျင်မှုတွေက ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်၊ ကျွန်တော့်ရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ အခြားသောကိစ္စရပ်တွေမှာ အကောင်းဆုံးဖြစ်စေခဲ့ပါတယ်။

ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အဘက်ဘက်ကနေ ပြင်ဆင်နေတဲ့ ကုမ္ပဏီတစ်ခုနဲ့ စတင်ခဲ့ပါတယ်။ ကျွန်တော် ဝင်ရောက်လုပ် ကိုင်တဲ့ ကုမ္ပဏီက QTec ဖြစ်ပြီး အဲဒီကုမ္ပဏီရဲ့ ရာထူးတစ်ခုကို လက်ခံ ခြင်းအားဖြင့် ကျွန်တော့်အတွက် စွန့်စားစရာတွေ ရှိလာနိုင်တယ်လို့ မိတ်ဆွေ တစ်ဦးက သတိပေးခဲ့ပါတယ်။ ကျွန်တော်လုပ်တဲ့ QTec က စီအီးအို အလက်ဆာဟတ်တီကို ကျွန်တော် ယုံကြည်မှုရှိခဲ့သလို အဲဒီ စီအီးအိုက ကျွန်တော့်ကို ရာထူးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အလက်ဆာနဲ့ ကျွန်တော်ဟာ ကေဘီ ကော်ပိုရေးရှင်းမှာ နှစ်ပေါင်း ကြာရှည်စွာ အလုပ်အတူတွဲလုပ်ခဲ့ကြသလို အလက်ဆာက ကျွန်တော့်ရဲ့ အလုပ်ရှင်ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ တကယ်တော့ အလက်ဆာ ဟာ ကျွန်တော့်အတွက်တော့ ဘုရားသခင်ပေးသနားချီးမြှင့်တဲ့ လက်ဆောင် ကောင်းတစ်ခုလို တန်ဖိုးရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်က အင်ဂျင်နီယာပိုင်းဆိုင်ရာကိစ္စတွေကို ကျွမ်းကျင်သူအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ ကျွန်တော် Q Tec ကုမ္ပဏီမှာ အလုပ်ဝင်တဲ့အခါ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေ၊ အခြားသော လုပ်ငန်းဆိုင်ရာ ပြဿနာ အမျိုးမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အလက်ဆာကတော့ ကျွန်တော့်ကို တိုက်တွန်းတယ်။ ခေါင်းဆောင်မှု ပညာဆိုင်ရာမှာ ကျွန်တော့်ကို အကောင်းဆုံးကြိုးစားဖြစ်ထွန်းလာစေဖို့ သူမ က စေတနာနဲ့ တိုက်တွန်းမှန်း ကျွန်တော် နားလည်ခဲ့ပါတယ်။

ကျွန်တော် တာဝန်ယူဦးဆောင်တဲ့ အသင်းအဖွဲ့ က တက်ကြွစွာနဲ့ ဆောင်ရွက်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် မဖြေရှင်းနိုင်တဲ့ အခက် အခဲတွေ များလာတာကြောင့် အလုပ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ဒီတော့ ကျွန်တော် အလက်ဆာဟတ်တီရဲ့ ရုံးခန်းကို ဦးတည်လျှောက်သွားပြီး ရောက်တာနဲ့ စားပွဲပေါ်မှာ ကျွန်တော့်ရဲ့ အလုပ်ထွက်စာ ကို တင်လိုက်တယ်။

ပြီးတော့ ကျွန်တော် ဘာမှမပြောသေးဘဲ အလက်ဆာရဲ့ ရုံးခန်းကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ သူမရဲ့ ရုံးခန်းက တော်တော်ကို ခမ်းနားထည် ဝါလှပါတယ်။ အခန်းက ဧည့်ခန်းကျယ်ကြီးထက်တောင် ကြီးတယ်လို့ ထင်ရပါတယ်။

ကျွန်တော်ဖြတ်လျှောက်လာခဲ့တဲ့ ရုံးခန်းရဲ့ ကြမ်းပြင်ကို ကြည့်လိုက် တော့ အစိမ်းရောင်ကော်ဇော ခင်းထားတာတွေ့ရပြီး ခြေဖဝါးနဲ့ထိတွေ့လိုက် တဲ့အခါတိုင်း နူးညံ့သိမ်မွေ့မှုကို ခံစားရပါတယ်။ ရုံးခန်းရဲ့ အလယ်တည့် တည့်နေရာမှာတော့ သစ်ကြားပင်ရဲ့ အသားနဲ့ လုပ်ထားတဲ့ ကော်ဖီစားပွဲ ကြီးကို တင့်တယ်စွာတွေ့ရပြန်တယ်။

“ထိုင်ပါဦး” အလက်ဆာက ကျွန်တော့်ကို ထိုင်ခုံမှာထိုင်ဖို့ အမူအရာ နဲ့ရော၊ စကားနဲ့ပါ ပြောလိုက်တယ်။ ပြီးတော့ အလက်ဆာကိုယ်တိုင် ထိုင်ခုံ အလွတ်မှာ ဝင်ထိုင်လိုက်ပြီး ကျွန်တော်ပြောမယ့်စကားကို နားထောင်ဖို့ ပြင်လိုက်တယ်။

“ကဲ ... ပြောပါဦး၊ ဘာများ ကူညီပေးရမလဲ”

အလက်ဆာရဲ့ စကားဆုံးတာနဲ့ ကျွန်တော်က စားပွဲပေါ်တင်ထားတဲ့ စာအိတ်ကို လက်ညှိုးညွှန်ပြလိုက်ရင်း “အဲဒါ ကျွန်တော့်ရဲ့ အလုပ်နုတ်ထွက် စာပါ။ ကျွန်တော် ဆက်မလုပ်နိုင်တော့တာကို စိတ်မကောင်းပါဘူး အလက် ဆာ”လို့ ပြောလိုက်တယ်။

ဒီအခါ အလက်ဆာက စာအိတ်ကိုကောက်ယူပြီး ကျွန်တော့်ရှေ့ကိုတွန်းလိုက်တယ်။

“ဒီအလုပ်ထွက်စာကို ရှင်ပြန်ယူသွားပါ။ ကျွန်မက ရှင့်အခြေအနေ တွေအားလုံးကို ရှင့်ထက်ပိုပြီးသိတယ်။ ရှင် ကျွန်မအတွက် အနည်းဆုံး လအနည်းငယ်လောက်တော့ လုပ်ပေးစေချင်တယ်။ ကျွန်မပြောတာကို လက်ခံစေချင်ပါတယ် ဘင်န်”

အလက်ဆာက ပြောစရာရှိတာကို ပြောပြီး ကျွန်တော့်ရဲ့ ပြန်ပြောမယ့် စကားကို စောင့်နေလိုက်တယ်။ ခဏအကြာမှာတော့ သူမဘက်က အခုလို ဆက်ပြောတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာတုန်းက ကျွန်မလည်း ရှင့်လိုပဲ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက ရှောင်လွှဲ မနေဘဲ ကြုံလာသမျှကိစ္စတွေကို ရင်ဆိုင်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မ နားလည်ထားတာက ကျွန်မ အောင်မြင်ချင်တယ်ဆိုရင် အခြေခံကျကျပြောင်းလဲပစ်ဖို့လိုတယ်ဆိုတာပါပဲ။ ကျွန်မ ခက်ခဲပင်ပန်းစွာနဲ့ အသည်း အသန် ကြိုးစားခဲ့ရတာပါ။ လွယ်လွယ်လေးနဲ့ အခုလို စီအီးအိုဖြစ်လာတာ မဟုတ်ပါဘူး။ အဲဒီအချိန်အတောအတွင်း ဂျိုးဇက်ဆိုတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲဒီလူက ကျွန်မကို ရိုးရှင်းလွယ်ကူပြီး အခြေခံကျတဲ့မေးခွန်း တွေ မေးခဲ့တယ်။ အဲဒီမေးခွန်းတွေက ကျွန်မ ဘယ်တော့မှ ထွက်လို့မရ နိုင်ဘူးထင်တဲ့ တံခါးပေါက်တွေအားလုံးကို ဖွင့်ပေးခဲ့တယ်။

ဂျိုးဇက်က ကျွန်မကို အရေးပါတဲ့ မေးခွန်းတစ်ခု ထပ်မေးသေးတယ်။ “မင်းရဲ့ အမှားတွေကို မင်းကိုယ်တိုင် တာဝန်ယူချင်စိတ်ရှိသလား'တဲ့။ ပြီးတော့ သူက ဆက်ပြောတယ် “မင်းဆန္ဒရှိတယ်ဆိုင် မင်းကိုယ်မင်း ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ မင်းကိုယ်တိုင် ရယ်နိုင်၊ ပြုံးနိုင်၊ ပျော်ရွှင်နိုင်အောင် အားထုတ်ပါ ။ မင်းရဲ့ အတွေ့အကြုံတွေထဲက တန်ဖိုးတွေကို ရွေးထုတ်ပြီး လက်တွေ့ အကျိုးရှိစွာအသုံးချပါ။ မင်းတွေ့ကြုံဖြစ်ပျက်ခဲ့တာတွေကနေ တစ်ဆင့် သင်ခန်းစာယူပြီး လိုအပ်သလို ပြောင်းလဲပစ်နိုင်ဖို့ စိတ်ပါလက်ပါ အားထုတ်ကြိုးစားပါ”

အလက်ဆာက အထက်ပါစကားတွေအပါအဝင် သူမနဲ့ ဂျိုးဇက် ဘယ်လိုလက်တွဲပြီး အလုပ်တွေအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာရယ်၊ဂျိုးဇက်ရဲ့ ကျေးဇူးကြောင့် သူမရဲ့ဘဝကိုသာမက သူမခင်ပွန်း စတန်းန်ရဲ့ ဘဝကိုပါ အပြောင်းအလဲကြီး ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ အဘက်ဘက်မှာ တိုးတက်အောင်မြင်မှုတွေ ရခဲ့တယ်ဆိုတာကို ရွှင်လန်းတက်ကြွစွာနဲ့ ကျွန်တော့်ကို ပြောပြနေခဲ့ပါတယ်။

စတန်းန်ကိုယ်တိုင် ထုတ်ပြောချက်အရ သိရတာက ဂျိုးဇက်ရဲ့ သင်ပြ လမ်းညွှန်မှုတွေကြောင့် သူ့ရဲ့ ကုမ္ပဏီလုပ်ငန်းတွေအားလုံးကို လိုအပ်သလိုပြောင်းလဲပြီး အောင်မြင်တိုးတက်အောင် လုပ်နိုင်ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါ တယ်။

နောက်ဆုံးမှာ ကျွန်တော်နားလည်လိုက်တာက မေးခွန်းတွေမေးခြင်း ဖြင့် ဘဝပြောင်းလဲတိုးတက်မှုတွေဖြစ်စေသလို၊ မေးခွန်းတွေကို ပြောင်းလဲ မေးမြန်းခြင်းဖြင့်လည်း ဘဝတိုးတက်မှုအခြေအနေ အမျိုးမျိုးကို ဖြစ်စေတယ် ဆိုတာပါပဲ။ စီအီးအိုအလက်ဆာက ကျွန်တော့်အတွက် အရမ်းကိုတန်ဖိုးရှိ တဲ့ အကြံပြုချက်တစ်ခု ပေးခဲ့တယ်။ သူမအကြံပြုချက်က ကျွန်တော့်အတွက် အစပိုင်းမှာ နားလည်ရခက်ခဲ့သော်လည်း အသေအချာ အလေးအနက်ထား ပြီး စဉ်းစားရင်တော့ အနှစ်သာရပြည့်ဝတဲ့ အကြံပြုစကားတွေဖြစ်တာကို သိလိုက်ရပါတယ်။

“လူတွေရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်တာက မေးခွန်းတွေပဲ”လို့ ကျွန်မပြောတဲ့စကားကို ရှင် မကြာခင်သဘောပေါက်လာပါလိမ့်မယ်။ နောက်တစ်ခုပြောချင်တာက ကျွန်မရဲ့ မိတ်ဆွေကောင်းလည်းဖြစ်၊ ကျွန်မဘဝ တိုးတက်အောင်မြင်အောင် အကြံပြုလမ်းညွှန်ပေးခဲ့သူလည်းဖြစ်တဲ့ ဂျိုးဇက် နဲ့ ရှင့်ကို အလုပ်တွဲလုပ်စေချင်တယ်။ ဒါမှ အချိန်တိုအတွင်း ရှင် သိသိသာသာ တိုးတက်လာမှာ။ ဒီတော့ ရှင့်ကို ဂျိုးဇက်နဲ့တွေ့ ပေးမယ်။ ရှင်တို့ချင်း ဘယ်နေ့မှာ ဘယ်အချိန်၊ ဘယ်နှနာရီတွေ့မယ်ဆိုတာကို အချိန်ဇယားဆွဲပြီး ညှိနှိုင်းကြပေါ့။ ဂျိုးဇက်နဲ့ အလုပ်တွဲလုပ်ရင် ရှင့်အတွက် အကျိုးရှိမယ်ဆို တာ ကျွန်မ ရဲရဲကြီးအာမခံပါတယ်ရှင်”

ကျွန်တော့်အတွက် ဒီအနေအထားက စဉ်းစားစရာဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်ဘဝရဲ့ အလှည့်အပြောင်းတွေကို ကျွန်တော် အခုပဲ ကိုယ်တိုင် ဆုံးဖြတ်ရတော့မှာမဟုတ်လား။ ကျွန်တော် အလုပ်ကနေ နုတ်ထွက်ဖို့အစီအစဉ်တွေ ခေါင်းထဲမှာမရှိတော့ပါဘူး။ ဂျိုးဇက်နဲ့ တွေ့ဆုံရဖို့အရေး အတွက်သာ စိတ်စောနေမိပါတယ်။ ။

အလက်ဆာက ကျွန်တော် ခေါင်းရှုပ်နေပုံကို ရိပ်မိပြီး ပြုံးနေလိုက် တယ်။ ပြီးမှ သူမက အခုလို ဆက်ပြောတယ်။

“ကျွန်မကတော့ ဂျိုးဇက်ကို မေးမြန်းစုံစမ်းခြင်းဆိုင်ရာ နည်းပြတစ် ယောက်လို့ ခေါ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ သူက မေးခွန်းအမျိုး မျိုးကို ပြောင်းပြီးမေးတတ်တယ်။ သူပြောင်းလဲပြီးမေးတဲ့ မေးခွန်းတွေက ကျွန်မတို့ရဲ့ ဘဝတွေကို အပြောင်းအလဲဖြစ်စေတဲ့ မေးခွန်းတွေပါပဲ”

အလက်ဆာက ခဏအကြာ ကျွန်တော့်ကို စာအိတ်တစ်အိတ် ကမ်း ပေးတယ်။ ပြီးတော့ အခုလိုပြောပြတယ်။

“အခု ဒီစာအိတ်ထဲကို ကျွန်မရဲ့ ကြိုတင်ခန့်မှန်းချက်တစ်ခု ရေးပြီး ထည့်ထားတယ်။ ရှင်နဲ့ ဂျိုးဇက် အလုပ်တွဲလုပ်တာတွေ မပြီးပြတ်ခင်အထိ ဒီစာအိတ်ကို ဖွင့်မကြည့်ရဘူး။ ရှင်တို့ အလုပ်တွေကို လက်စသတ်ပြီးမှသာ ဖွင့်ကြည့်ပါလို့ ကျွန်မပြောချင်တယ်။ ကျွန်မက ဖွင့်ဖို့အချိန်တန်ပြီ၊ ဖွင့် ကြည့်လိုက်တော့ လို့ ပြောမှသာ ဖွင့်ဖတ်စေချင်တယ်။ ကျွန်မပြောတာကို လက်ခံတယ်မဟုတ်လား ဘင်န်”

စကားဆုံးတာနဲ့ အလက်ဆာက ဂျိုးဇက်ရဲ့ Business Card ကို   ကျွန်တော့်ဆီ ကမ်းပေးတယ်။ ကတ်ကို ကျွန်တော် လှန်ကြည့်လိုက်တော့ ကျောဘက်မှာ မေးခွန်းအမှတ်အသား “?” အကြီးကြီးတစ်ခု ရေးထားတာ တွေ့ရတယ်။ ကျွန်တော် အဲဒါကိုမြင်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားတာတော့ အမှန်ပါပဲ။ ကျွန်တော့်အတွက် စဉ်းစားစရာတွေအများကြီး ဖြစ်သွားပါ ပြီ။ ဘစ်ဇနက်ကတ်ပြားမှာ မေးခွန်းအမှတ်သား ? အကြီးကြီးတပ်တဲ့လူ နဲ့ ကျွန်တော် အလုပ်တွဲလုပ်ရမှာကို ကြိုတွေးပြီး စိတ်ဓာတ်တွေကျသွား တယ်။ ကျွန်တော်ယုံကြည်ထားတာတွေနဲ့ ဖီလာဆန့်ကျင်တဲ့သူဖြစ်နေ မလား၊ ဂျိုးဇက်ဆိုသူက ဘယ်လိုလူမျိုးလဲ ဆိုတဲ့ မေးခွန်းတွေက ကျွန်တော့်ခေါင်းထဲကို စီတန်းဝင်ရောက်လာပါတော့တယ်။ ခဏအကြာ ကျွန်တော့်ရုံးခန်းဆီ ပြန်လျှောက်သွားလိုက်တယ်။ ခေါင်းတွေလည်း မူး နေပါပြီ။ ကျွန်တော့်စားပွဲအနောက်က ကုလားထိုင်မှာ ခြေပစ်လက်ပစ် ဝင်ထိုင်ပစ်လိုက်တယ်။ ကျွန်တော် ဘာတွေဆက်လုပ်ရမှာလဲ၊ ကျွန်တော် ဘာ တွေဖြစ်ပြီး ဘာတွေလုပ်ရမယ်၊ ဘာတွေကြုံတွေ့ရဦးမှာလဲ။ မေးခွန်းတွေက တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ကျွန်တော့်ခေါင်းထဲမှာ ပေါ်လာပြန်တယ်။

ကျွန်တော့်ရဲ့ မျက်လုံးတွေက အဓိပ္ပာယ်မဲ့စွာနဲ့ ရုံးခန်းနံရံတွေဆီ ရောက်သွားတယ်။ အဲလ်ဘတ်အိုင်းစတိုင်း ကိုးကားပြောဆိုဖူးတဲ့စကားကို ပြန်လည်ကြားယောင်နေမိတယ်။ “အရာရာတိုင်းကို မေးခွန်းထုတ်ပါ”တဲ့။ လူတိုင်း နားလည်ထားတာက ခေါင်းဆောင်မှန်ရင် အမြဲတမ်း အဖြေမှန် ရှိရမယ်၊ မေးခွန်းထုတ်စရာမလိုဘူးဆိုတာဟာ မှန်သလား၊ မှားသလားဆို တာကို ကျွန်တော်ကိုယ်တိုင် အဖြေထုတ်ပေးဖို့ အချိန်တန်နေပါပြီ။

ကျွန်တော် ထိုင်ခုံမှာ ဆက်ထိုင်နေရင်းနဲ့ အလက်ဆာပေးလိုက်တဲ့ ဂျိုးဇက်ရဲ့ business card ကို ထပ်ကြည့်မိပြန်တယ်။ ကျွန်တော် နောက် တစ်ခု စဉ်းစားမိတာက အလက်ဆာဟာ ကျွန်တော့်ရဲ့ ဇနီးသည် ဂရေ့စ် အကြောင်း လုံးဝမမေးတာပါပဲ။ အလက်ဆာက ကျွန်တော့်ဇနီးကို အရမ်း ချစ်တဲ့သူပါ။ ကျွန်တော်တို့လက်ထပ်မင်္ဂလာပွဲတုန်းကတောင် အလက်ဆာ ရောက်လာပါသေးတယ်။

ကျွန်တော်တို့ဇနီးမောင်နှံ စီးပွားရေးအဆင်မပြေဘဲ ဒုက္ခရောက်နေ တာကို တွေ့ရလို့ သူမ စိတ်မချမ်းမသာဖြစ်သွားပုံကို ကျွန်တော် သတိထား လိုက်မိပါတယ်။ ကျွန်တော် ဂျိုးဇက်ရဲ့ business card ကို ပြန်ကြည့်ပြီး အလက်ဆာနဲ့ သူမရဲ့ ခင်ပွန်း စတန်းန်တို့ကို ဂျိုးဇက်က အများကြီးကူညီ ပေးခဲ့တဲ့အကြောင်း ပြန်ပြီးစဉ်းစားနေမိတယ်။ နောက်တော့ ကျွန်တော် ရှေ့ဆက်ပြီး ဘယ်လိုစခန်းသွားမလဲလို့တွေးပြီး အဲလ်ဘက်အိုင်းစတိုင်းရဲ့ အရာရာကိုမေးခွန်းထုတ်ပါ ဆိုတဲ့အတိုင်း လိုက်နာဖို့ ကျွန်တော် ဆုံးဖြတ် ချက် ချလိုက်ပါတော့တယ်။