Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - သင့်ကံကြမ္မာအားကိုယ်တိုင်ရှာဖွေတွေ့ရှိစေဖို့

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
Type

အခန်း (၁)

စိတ်ပိုင်းဆိုင်ရာအရ အရေးပေါ်ဆောင်ရွက်ရန် အခြေအနေများ

ဘဝက သင့်ရဲ့ ကြောင်းကျိုးဆက်စပ် နားလည်နိုင်စွမ်းတွေ.. စောဒက တက်နိုင်စွမ်းတွေ၊ သင့်ရဲ့ လောဂျစ် (Logic) တွေကို နားထောင် နေမှာမဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ရှေ့ဆက်သွားနေမှာ ဖြစ်ပါတယ်။

သင်က ရရှိထားတဲ့ ဘဝအပေါ် သင်ပြောဆိုလိုတဲ့အကြောင်းအရာ တွေ ပြောဆိုအားထုတ်ခြင်းထက် သင့်ဘဝက သင့်ကိုဘာပြောတယ် ဆိုတာကိုသာ သေချာစွာနားထောင်ပေးဖို့ လိုပါတယ်။

ကျွန်တော်က အေးစက်နေတဲ့ သတ္တုထည်ပစ္စည်းတစ်ခုနဲ့ ဦးခေါင်းရဲ့ အထိအတွေ့ကို ခံစားလိုက်ရတယ်။ ကျွန်တော်က စက်ဆုပ်ပြီး ငြီးငွေ့ ဖွယ်ကောင်းတဲ့ မိုတယ်အခန်းတစ်ခုထဲမှာ ထိုင်နေရင်း ကျွန်တော့်လက် ထဲမှာ ကိုင်ထားတဲ့ သေနတ်ကို နားထင်မှာ အသာလေးကပ်ပြီး အရန်သင့် ပြင်ဆင်ထားလိုက်တယ်။ ကျွန်တော့်အတွက်တော့ သေနတ်မောင်းခလုတ်ကို အသာလေး ဆွဲညှစ်လိုက်ရုံပါပဲ...။

ကျွန်တော်က စိတ်တွေလှုပ်ရှားနေတာကြောင့် နဖူးကနေ သွေးတွေ ကျလာခဲ့တယ်။ ပြီးတော့ ကျွန်တော့်နှလုံးက တဒိန်းဒိန်းခုန်နေပြီး ကျွန်တော့်လက်တွေကလည်း ထိန်းချုပ်လို့မရတဲ့အထိ တဆတ်ဆတ် တုန်လာတာကို တွေ့လိုက်ရတယ်။ ကျွန်တော်ဘယ်ရောက်နေတယ် ဆိုတာကို ဘယ်သူမှမသိကြပါဘူး၊ ဘယ်သူကမှလည်း ကျွန်တော့်ကို နောက်ထပ်သတိပြုမိမှာ မဟုတ်ဘူးလေ...။

ကျွန်တော်က နောက်ထပ်အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း မရှိတော့ ပါဘူး။ ဒါကြောင့်လည်း အခုလိုသေဖို့ ဆုံးဖြတ်ပြီး ပြင်ဆင်လိုက်တာ ပါ။

အခုလောလောဆယ်မှာ ကျွန်တော့်ရဲ့ ဘဝမှတ်တမ်းနဲ့ ပတ်သက် တဲ့ အကြောင်းအရာခေါင်းစဉ်တွေကို ပြန်လည်မြင်ယောင် မိလိုက်တယ်။ ကျွန်တော့်ဘဝမှာ အပြောင်းအလဲ၊ အချိုးအကွေ့တွေကလည်း အများ ကြီး ရှိခဲ့တယ်လေ...။ ကျွန်တော် မျက်စိအစုံကို မှိတ်လိုက်တယ်။ ကျွန်တော်သေရမယ့်အချိန်ကလည်း နီးလာခဲ့ပါပြီ...။ ကျွန်တော် နောက်ဆုံးအနေနဲ့ ဆုတောင်းမှုတစ်ခုကို ရွတ်ဆိုလိုက်တယ်။ ထိုအချိန် မှာ လုံးဝမမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့တယ်။ အဲဒီ အဖြစ်အပျက်က သဘာဝလွန်အဖြစ်အပျက်တစ်ခုပါပဲ...။ ကျွန်တော် ခေါင်းထဲမူးဝေသလိုဖြစ်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ ဒီအခါ ကျွန်တော့်လက်ထဲမှာ ကိုင်ထားတဲ့သေနတ်ကလည်း အောက်ကို လွတ်ကျသွားခဲ့တာပေါ့။ ။

ကျွန်တော်က လဲကျသွားတဲ့နေရာမှာပဲ မလှုပ်မယှက် ဆက်ပြီး ရှိနေခဲ့တယ်။ ခဏအကြာ အဖြူရောင် အလင်းတန်းတစ်ခု ကျွန်တော့် ကိုယ်ပေါ်ကို ကျရောက်လာခဲ့တယ်။ အဲဒီအလင်းရောင်က တဖြည်းဖြည်းပိုပြီး လင်းလက်တောက်ပလာသလိုမျိုး ခံစားလိုက်ရတယ်။ နောက်တော့ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါလာတာကို သတိထားမိလိုက် တယ်။

ကျွန်တော့်ရဲ့ ကိုယ်လုံး၊ လက်မောင်း၊ ခြေထောက်တွေကနေ ချွေးတွေ တဒီးဒီးကျလာတာကို သတိထားမိလိုက်တယ်။ ကျွန်တော်က ညစ်ပတ်ပြီး အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ တစ်ကိုယ်လုံး တုန်ယင်စွာနဲ့ ရှိနေခဲ့တယ်။ ထိုအချိန် ကျွန်တော့်ရဲ့ အတွင်းစိတ်ကနေ ပြောလာတဲ့ စကားသံတွေကို အခုလိုကြားလိုက်ရတယ်...။ “မင်းဘဝက မင်းသိရှိ နားလည်ထားတာထက် ပိုပြီးအဓိပ္ပာယ်လေးနက်မှုရှိသလို မင်းတန်ဖိုး ထားနိုင်စွမ်းထက်လည်း ပိုပြီးတန်ဖိုးရှိတာကို သတိရစမ်းပါ”

ကျွန်တော့်အတွင်းစိတ်က ထွက်ပေါ်လာတဲ့ ဒီစကားသံတွေကို ကြားလိုက်ရတာကြောင့် ကျွန်တော် ကြမ်းပြင်ပေါ်လဲကျရင်း တစ်ကိုယ် လုံးတုန်ယင်၊ လှုပ်ခါနေတာတွေ ချက်ချင်းရပ်တန့်သွားခဲ့တယ်။

ကျွန်တော်စောစောက ကြားလိုက်ရတဲ့ စကားတွေကို ထပ်ပြီး ကြားယောင်နေမိတယ်။ ကျွန်တော်ကြမ်းပြင်ပေါ်ကနေ အားယူပြီး ထလိုက်တယ်။ ပြီးတော့ ကိုယ်ကိုရအောင်ထိန်းပြီး ခြေထောက်ပေါ် မတ်တတ်ရပ်နိုင်အောင် လုပ်လိုက်တယ်။ စောစောက ကြားလိုက်ရတဲ့ စကားတွေကို ပြန်လည်စဉ်းစားကြည့်တော့ ကျွန်တော့်ဘဝက တကယ် ကို တန်ဖိုးရှိပြီး အလွယ်တကူ ဆုံးရှုံးအောင် မလုပ်သင့်ဘူးဆိုတာကို နားလည်လိုက်ပါတယ်။

ကျွန်တော်တို့ဘဝမှာ စိတ်ပျက်ဝမ်းနည်းစရာတွေ မျှော်လင့်ချက်မဲ့ နေတာတွေနဲ့ ကြုံတွေ့ရပြီဆိုရင် စိတ်ဓာတ်တွေပြိုလဲပြီး မူလရည်မှန်း ချက်ကောင်းတွေကိုလည်း လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင် တော့ပါဘူး။ တကယ်တော့ ကျွန်တော်တို့က ဘယ်လိုမကောင်းတဲ့အခြေအနေတွေနဲ့ပဲ ကြုံကြုံ ကောင်းသော အမြင်တွေနဲ့သာ ရှုမြင်နိုင်ဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့က ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ သက်သောင့် သက်သာ အနေအထားနဲ့ ရပ်တည်နိုင်စွမ်းရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝန်းကျင်တစ်ခုလုံး အပါအဝင် တစ်ကမ္ဘာလုံးကို ကောင်းသော အမြင် တွေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့က စိတ်ပျော်ရွှင်ကြည်နူးမှုတွေနဲ့ လောကကို ရှုမြင် တယ်ဆိုရင် လောကတစ်ခုလုံးက ကျွန်တော်တို့အတွက် ခံစားမှုကောင်းတွေ ရှိစေရအောင် တုံ့ပြန်အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောကဟာ ကျွန်တော်တို့အားလုံးအတွက် အရှိကိုအရှိ အတိုင်း အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်ပြသပေးနိုင်တဲ့ လောကကြေးမုံ ပြင်တစ်ခုသာ ဖြစ်ပါတယ်...။

ကျွန်တော်တို့အားလုံးက ဘဝထဲကနေ ကျွန်တော်တို့လိုချင်တာ တွေကို လက်ခံရရှိတာမဟုတ်ဘဲ ကျွန်တော်တို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ အခြေအနေကိုသာ လက်ခံရရှိကြတာဖြစ်ပါတယ်။ ကျွန်တော်တို့လိုချင်တာ မှန်သမျှကို လောကထဲကနေ အလိုလိုရရှိနိုင်တာ မဟုတ်ဘဲ ကျွန်တော်တို့လိုချင်တာရအောင် ကိုယ်စွမ်းဉာဏ်စွမ်းတွေနဲ့ ရယူကြိုစားချင်တဲ့စိတ်ကိုသာ လောကက လက်ခံရရှိမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်သက်တာအတွင်း ရင်ဆိုင်ကြုံတွေ့ရတဲ့ ထိခိုက် နာကျင်ခြင်းတွေဟာ ရေရှည်တည်တံ့နေမှာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေကသာ တစ်သက်တာအတွင်း တည်မြဲနေမှာ ဖြစ်ပါတယ်။

သင့်မှာရှိနေတဲ့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ဆောင်းရာသီ ဟာ နောင်တစ်ချိန်မှာ ပျော်ရွှင်ကြည်နူးမှုတွေ ပြည့်နှက်နေတဲ့ နွေရာသီအဖြစ်သို့ ပြောင်းလဲလာလိမ့်မယ်လို့ ခိုင်မာစွာယုံကြည်ထားပေးပါ။

အလားတူ လင်းလက်တောက်ပတဲ့ နံနက်ခင်းနေရောင် အလင်း တန်းတွေဟာ အမြဲတစေ မှောင်မိုက်ခြင်းတို့ ကြီးစိုးထားတဲ့ ညအချိန်ရဲ့ နောက်ကနေ တစ်ခါတည်းကပ်ပြီး လိုက်ပါလာလေ့ရှိတယ်လို့ ခိုင်မာစွာ ယုံကြည်ထားပေးပါ။

ကျွန်တော့်ရဲ့ အတွင်းစိတ်ကနေ ထွက်လာတဲ့စကားသံတွေကို သေချာစွာ နားထောင်ရင်း ကျွန်တော့်ရဲ့ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း တွေ အားကောင်းလာသလို..အမှောင်ထုထဲမှ ကင်းလွတ်ပြီး အလင်း ရောင်ထဲကို ဝင်လာနိုင်ခဲ့သလိုမျိုး ခံစားလိုက်ရတယ်။

ကျွန်တော်က စိတ်တည်ငြိမ်လာတာနဲ့အမျှ စဉ်းစားတွေးတောမှု တွေကလည်း ကြည်လင် လတ်ဆတ်ပြီး ထက်မြက်လာသလိုမျိုး ခံစား လိုက်ရတယ်။ ဒီအခါ ကျွန်တော့်ဘဝရဲ့ အတိတ်ကာလ အခြေအနေ အရပ်ရပ်အပေါ် ပြန်လည်စဉ်းစားသုံးသပ်မှုတွေ လုပ်လာနိုင်ခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်က လူတိုင်းစိတ်ကူး အိပ်မက်ခဲ့ဖူးတဲ့အရာတွေကို မျှော်လင့်စောင့်ဆိုင်းရင်းနဲ့ ရှင်သန်ခဲ့သူ ဖြစ်ပါတယ်။

ထိုစဉ်က ကျွန်တော့်မှာ ချစ်စဖွယ်ကောင်းပြီး ဉာဏ်ရည်ထက်မြက် တဲ့ ဇနီးတစ်ယောက်ရှိခဲ့ပါတယ်။ ကျွန်တော်က သူမကို ချစ်ခင်စုံမက် သလို သူမကလည်း ကျွန်တော့်အပေါ် လေးစား၊ ချစ်ခင်၊ တွယ်တာမှု တွေ ရှိခဲ့တာပေါ့။

ကျွန်တော်တို့ဇနီးမောင်နှံမှာ ကျန်းမာပြီး ပျော်ရွှင်တဲ့ သားသမီး သုံးယောက်ထွန်းကားခဲ့ပါတယ်။ ကျွန်တော်က မိသားစုအတွက် ဘဝ တိုးတက်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးတွေအတွက် ရည်မှန်း ချက်ကြီးကြီးထားပြီး ငွေများများရအောင် အလုပ်ကြိုးစားခဲ့တယ်။

ကျွန်တော်က ဖက်ရှင်စတိုးဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော့်ဖောက်သည်တွေထဲမှာ နိုင်ငံကျော်အဆိုတော်တွေ၊ ရုပ်ရှင် မင်းသားမင်းသမီးတွေ မော်ဒယ်တွေက အများဆုံးဖြစ်ခဲ့တာပေါ့။ နောက်ပြီး ငွေကြေးကြွယ်ဝတဲ့ လူချမ်းသာသားသမီးတွေလိုချင်တဲ့ ဖက်ရှင်ပစ္စည်း မျိုးစုံကို ကျွန်တော့်ဆိုင်မှာ အကုန်ရနိုင်တာကြောင့် ကျွန်တော့်စီးပွားရေး ကလည်း သပိတ်ဝင်အိပ်ဝင် ဖြစ်ခဲ့ရပါတယ်။ ကျွန်တော့်စီးပွားရေး လုပ်ငန်းရဲ့ သဘာဝအရ ကျွန်တော်ဟာ ဖက်ရှင်ဒီဇိုင်း အသစ်အဆန်းတွေ အမျိုးမျိုးရရှိအောင် ထူးဆန်းမှုတွေရှိတဲ့ နေရာအတော်များများကို ခရီး သွားရလေ့ရှိခဲ့ပါတယ်။

ကျွန်တော်က ရောက်ရာအရပ်ဒေသမှာ ကစားစရာ အရုပ်မျိုးစုံ ဖန်စီပစ္စည်းမျိုးစုံကို လေ့လာစိစစ် ရွေးချယ်ဝယ်ယူပြီး ကျွန်တော့် ဖောက်သည်အလွှာအမျိုးမျိုးကို ပြန်လည်ရောင်းချခဲ့ပါတယ်။

တစ်နေ့မှာတော့ ကျွန်တော်ကိုယ်တိုင် ဖန်တီးတည်ဆောက် ထားတဲ့ ကျွန်တော့်ရဲ့ လှပတဲ့ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲပျက်စီးရခြင်းနဲ့ အမှတ်မထင် ကြုံတွေ့လိုက်ရတယ်။ ကျွန်တော်က အဲဒီနေ့မှာ စီးပွားရေး စကားတွေ ပြောခွင့်ရတဲ့ ညစာစားပွဲတစ်ခုကို တက်ရောက်ပြီးမှ အိမ်ကို ပြန်လာဖြစ်ခဲ့တယ်။

ကျွန်တော် ခါတိုင်းအိမ်ပြန်နောက်ကျတဲ့အခါ ဇနီးသည် “ယေရှဲလ်”က ကျွန်တော့်အတွက် မီးအလင်းရောင်မှိန်မှိန်တစ်ခု ထွန်း ထားပေးတတ်တယ်။ အဲဒီနေ့ညမှာတော့ ကျွန်တော်ပြန်ရောက်ချိန် တစ်အိမ်လုံး မည်းမှောင်နေတာ တွေ့လိုက်ရတယ်။ ဒါဟာ တစ်ခုခုတော့ ထူးခြားတာပဲလို့ စိတ်ထဲကထင်လိုက်မိတယ်..။ အချိန်က ညဆယ်နာရီ ထိုးပါပြီ။ “ယေရှဲလ် ဘယ်သွားပါလိမ့်၊ ကလေးတွေကော ဘယ်ရောက် နေကြလဲ” ကျွန်တော်လုံးဝ တွေးမရအောင် ဖြစ်သွားတာပေါ့ ။