Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

အောင်လင်း - အရိုင်းစံပယ်

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out

အရိုင်းစံပယ်

[ ၁ ]

မ,ကို မေ့၍ မုန်းရမည်လား။

မကို မွန်မြတ်သောမေတ္တာဖြင့် မျှော်လင့်တသနေရမည်လား။ ဤနှစ် လမ်းကို ယခုတိုင် မှန်းဆဝေခွဲ၍ မရသေးချေ။

ပြန်တွေးလျှင် `မနှင့် တွေ့ရပုံကား ဆန်းကြယ်လှသည်။ မ,ဟူသော နာမည်ကို ကြားရရုံမျှဖြင့် စိတ်ထဲတွင် ဆန်းနေသည်။ ပညတ်သွားရာ ဓာတ် သက်ပါသည်ဆိုသော စကားအရ မ,ဟူ၍ ပညတ်ထားသော အမည်နာမ နောက်ဆွယ်တွင် အဘယ်ဓာတ်သက်များ ပါလေမည်နည်းဟူ၍ကား ကိုဘခက်အဖို့ စဉ်းစားရခက်ချေသည်။

မသည် မိုးပေါက်ကဲ့သို့ အေးမြစေသလော။

သို့တည်းမဟုတ် မီးကဲ့သို့ ပူလောင်စေသလော။ မ,ကို အကဲခတ်ရ သည်မှာ မိုးကဲလေကဲထက်ပင် ခက်လှပေသည်။

မ,ကို တွေ့စကမူ မွန်မြတ်သော စိတ်ထားရှိသူတစ်ယောက်၊ မေတ္တာ တရား ကြီးမားသူတစ်ယောက်ဟု ယုံကြည်ခဲ့ရသည်။ .

မ,၏ မျက်နှာကို ကြည့်လိုက်ရလျှင် မနုမရင့် အငုံအဖူးကလေးများကိုကြည့်လိုက်ရသလို စိတ်ကို ကြည်လင်နူးညံ့စေ၏။

မ’ ၏ မျက်နှာသည် ကြည့်လိုက်တိုင်း မပွင့်တပွင့်သဏ္ဌာန်ကိုသာ တွေ့ ရသည်။ မျက်နှာကို မြင်ရုံမျှဖြင့် အတွင်းစိတ်ကို အကဲမခတ်နိုင်ချေ။ သို့ပေမဲ့ မသည် ရိုးသားသူတစ်ယောက်၊ သိမ်မွေ့သူတစ်ယောက်၊ အပြစ်ကင်းစင်သူ တစ်ယောက်ဟူ၍ကား ခဏမြင်ရုံမျှဖြင့် အကဲခတ်နိုင်ပေသည်။

ထိုမှတစ်ဆင့်တက်၍ မ,၏ အတွင်းစိတ်ကို အကဲခတ်၍ မရနိုင်ချေ။ အပေါ်ယံအားဖြင့် သိမ်မွေ့နူးညံ့သော်လည်း မ,၏အတွင်းစိတ်သည် ကျောက် စာတိုင်ကဲ့သို့ ပကတိ မယိမ်းမယိုင် မာကျောခိုင်မာသူတစ်ယောက်ပေလော၊ သို့တည်းမဟုတ် လေသိမ်းတိုင်း က,တတ်သည့် ပန်းအလှလေးကဲ့သို့ လှုပ် ရှားတတ်သူလောဟူ၍ကား ဆုံးဖြတ်၍ မရနိုင်ချေ။

ထို့ကြောင့်လည်း ကိုဘခက်အဖို့ မ,ကိုတွေ့ခဲ့ရသည့်နောက်ပိုင်းတွင် ပဟေဠိတစ်ခုကို အဖြေရှာရသလို ချာချာလည်ခဲ့ရလေသည်။

သို့ချာချာလည်ခဲ့သည့်တိုင်အောင် မ,၏အပါးမှ တစ်ဖဝါးမှ မခွာနိုင်ခဲ့ ချေ။

မ’ သည် သူမျှော်လင့်သလို မာန်မာနကင်းမဲ့သူတစ်ယောက် ဖြစ်ပါစေ ဟူ၍သာ အကြိမ်ကြိမ် ဆုတောင်းခဲ့ရလေသည်။

အမှန်တော့လည်း မ,၏မေတ္တာကို မျှော်လင့်စောင့်စားခဲ့သည်မှာ နွေလ တွင် ပူလောင်သော ကန္တာရထဲမှ မိုးရေကို မျှော်လင့်တောင့်တရသလို ရှိလေ တော့သည်တကား။

[၂]

ကိုဘခက်သည် တစ်ခုတည်းသော အနုပညာ ယုံကြည်ချက်ဖြင့် တယောကို ပိုက်ကာ ရန်ကုန်သို့ ဆင်းခဲ့သူဖြစ်သည်။

ဂီတသုခုမအဖွဲ့ ချုပ်ကြီးမှ ကြီးမှူးကျင်းပသော ဂီတပြိုင်ပွဲကြီးကိုလည်း ဝင်ရောက်ဆင်နွှဲရန် အားခဲလာသူဖြစ်သည်။ ကိုဘခက်သည် ပြိုင်ပွဲမကျင်းပမီ တစ်ပတ်လောက်စော၍ ရန်ကုန်သို့ ရောက်ခဲ့သည်။ ရန်ကုန်၌ သူ့အတွက် ခြေချစရာ မရှိချေ။

ပြိုင်ပွဲကဝန်ခံ လူကြီးတစ်ယောက်၏ အိမ်တွင် ကပ်၍ နေခဲ့ရသည်။ ပြိုင်ပွဲမကျင်းပမီရက်များတွင် ကိုဘခက်သည် တယောနှင့် လက်ကို အပြတ် မခံဘဲ လေ့ကျင့်ခဲ့သည်။ သူ၏ ဇွဲနှင့် စွမ်းရည်ကို သည်ပွဲတွင် မှတ်ကျောက် တင်ရတော့မည်ဟု အားခဲခဲ့သည်။ အားခဲထားသည့်အတိုင်းလည်း ပြိုင်ပွဲတွင် . ရဲဝံ့သောသတ္တိဖြင့် ယှဉ်ပြိုင်ခဲ့လေသည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်ကား အကွာကြီးကွာလှပေသည်။ ဝင်ရောက်ယှဉ်ပြိုင်သော ဘာသာသုံးရပ်တွင် ကိုဘခက်သည် တစ်ခုမျှပင် နံပါတ်မချိတ်ခဲ့နိုင်ပေ။

အနုပညာကို ဘယ်အရာဖြင့် တိုင်းတာဆုံးဖြတ်ကြသည်ကို စဉ်းစား၍ မရနိုင်အောင် ရှိလေသည်။ အနုပညာကို ဆုံးဖြတ်ရာ၌ လူပုဂ္ဂိုလ်သံယောဇဉ် ကို မူတည်၍ ဆုံးဖြတ်ကြသလော၊ ဂုဏ်ဓနကို လိုက်၍ ဆုံးဖြတ်ကြသလော၊ ဂုဏ်အရှိန်အဝါမြင့်ရာကိုလိုက်၍ ဆုံးဖြတ်ကြသလော၊ သူ့စိတ်ထဲတွင်ကား ဝေခွဲ၍ မရနိုင်အောင် ရှိတော့သည်။

စန္ဒရားတွင် ပထမရသူသည် သူ၏နာမည်ကို ကြေညာစဉ်ကပင် နောက်ဆွယ်မှ ဘွဲ့ ထူးစာလုံးများ မဆီမဆိုင် ထည့်သွင်းကြေညာခဲ့လေသည်။

“စန္ဒရားပြိုင်ပွဲမှာ ပထမရရှိသူကတော့ ပရိသတ်အများ သိပြီးဖြစ်ကြတဲ့ တက္ကသိုလ်မြမြကြည် (ဘီအေ)ပါပဲခင်ဗျာ ...”

ပြိုင်ပွဲခန်းမတစ်ခုလုံးတွင် သြဘာသံများသည် နားကွဲလုမတတ် ဆူညံ ၍လာသည်။ ကိုဘခက်သည် အံကို တင်းတင်းကြီး ကြိတ်ထားလိုက်သည်။

အများသိပြီးဖြစ်တဲ့ တက္ကသိုလ်မြမြကြည် (ဘီအေ)”

ကိုဘခက်စိတ်ထဲတွင် ဤနာမဝိသေသနများ ဘာကြောင့် ထည့်သွင်း ကြေညာရသည်ကို စဉ်းစား၍မရအောင် ရှိတော့သည်။

အခမ်းအနားမှူးက အနိုင်ရရှိသူများ၏ နာမည်ကို ဆက်၍ ကြေညာပြန် သည်။

“စောင်းပြိုင်ပွဲမှာ ပထမရသူကတော့ ဂီတတံခွန်ကိုအောင်ဌေးပါပဲ”

ကိုဘခက်သည် ဆုယူသူကို ငေး၍ကြည့်နေမိသည်။ အမှန်၌ ဂီတ တံခွန် ကိုအောင်ဌေးသည် စောင်းကို ကြိုးလွတ်အောင်ပင် တီးနိုင်သူ မဟုတ်ချေ။

ဤသို့ စောင်းပညာအရာတွင် နုနယ်လှသေးသူတစ်ယောက် ပထမ ရသည်မှာ ... ကိုဘခက်သည် လက်ထဲမှတယောကို ခပ်တင်းတင်းဆုပ်ထား လိုက်မိသည်။

 ‘တယော ပထမဆုရသူကတော့ ကိုဖေသန်းမောင်ပါပဲခင်ဗျာ”

ကိုဘခက်သည် ပို၍ အံ့ဩမိပြန်သည်။ ခုတစ်ကြိမ်တွင် သူ့စိတ်ထဲ၌ ခံပြင်းလာသည်။ မကျေချမ်းနိုင်အောင် ရှိတော့သည်။ ဤအကဲဖြတ် လူကြီးမင်းတို့ ဂီတအနုပညာကို အဘယ်အရာဖြင့် တိုင်းတာဆုံးဖြတ်ကြသည် ကို နားမလည်နိုင်အောင် ရှိတော့သည်။ ဘေးမှ တီးတိုးပြောသော စကားသံ များသည် သူ၏ဒေါသစိတ်ကို ပို၍ ပြင်းထန်စေတော့သည်။

‘ရှင်းနေပါတယ်ကွာ၊ စောင်း ပထမရတဲ့လူက ဦးချမ်းမြရဲ့ တပည့်ကွာ၊ စန္ဒရားပထမရတဲ့ တက္ကသိုလ်မြမြကြည်က ဒေါ်မြသန်းကြည်ရဲ့ တပည့် ၊ တယော ပထမရတဲ့ကောင်က ဒေါ်မြသန်းကြည်ရဲ့ ယောက်ျား ကိုမှင်ရဲ့ တပည့် သူတို့လူသူတို့ပေးတာပဲ”

ကိုဘခက်သည် နေရာမှထလိုက်သည်။ သူ့တစ်ကိုယ်လုံးသည် ဒေါသ စိတ်ဖြင့် တဆတ်ဆတ်တုန်၍နေသည်။ ဘေးမှလူများက သူ့ကို ဝိုင်း၍ကြည့် ကြသည်။ ကိုဘခက်သည် လက်တစ်ဖက်မှ တယောဘိုးတံကို ကိုင်၍ တစ်ဖက်မှ တယောကိုကိုင်ထားရင်းက ဒေါသဖြင့် အော်၍ပြောလိုက်သည်။

“ဒီမှာခင်ဗျာ ... ကျွန်တော် စကားနည်းနည်းပြောချင်ပါတယ်။ ကျွန်တော်ဟာ ဒီဂီတပညာကို ချစ်လို့ ၊ မြတ်နိုးလို့ ရန်ကုန်နဲ့ မိုင်ပေါင်းနှစ်ရာ နီးပါးဝေးတဲ့ခရီးက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ အညတရတစ်ယောက်ပါ။ ကျွန်တော် ယှဉ်ပြိုင်တဲ့ စောင်း၊ တယော၊ စန္ဒရား သုံးမျိုးစလုံးမှာ ကျွန်တော့် ရဲ့ ပညာကို အကဲဖြတ်လို့ရနိုင်ပါတယ်။ ကျွန်တော်နားလည်ခဲ့တဲ့ ဂီတအနု ပညာဆိုတာ ပုဂ္ဂိုလ်သံယောဇဉ်လည်း မပါပါဘူး။ မဆိုင်တဲ့ ဂုဏ်ဒြပ်ဘွဲ့ ထူး တွေလည်း မပါပါဘူး။ ဂီတပညာဆိုတာ ကလေးများစာကျက်သလို ကျက် လို့ ရတာမျိုးလည်း မဟုတ်ပါဘူး။ သင်ရိုးဦးနှောက်နဲ့ မှတ်ရပါတယ်။ လက် နဲ့ လေ့ကျင့်ရပါတယ်။ ဒါပေမဲ့ နှလုံးသားက ရိုက်ခတ်လာတဲ့ အသိအရ နားထောင်သူတွေကို ခံစားချက်တစ်ခုခုရအောင် တီးနိုင်တာဟာ ဂီတပညာပါ ပဲ။ စည်း၊ ဝါး၊ မှင်မောင်းကို လှအောင်မတီးတတ်ဘဲ၊ အတွဲအဖက် ဒရန့်ညွန့် ကို မှန်အောင်မတီးနိုင်ဘဲ အကဲဖြတ်လူကြီးများက အနိုင်ပေးပြီး ဆုံးဖြတ်တာ ဟာ ဂီတကို ဆုံးဖြတ်တယ်လို့ ကျွန်တော် လုံးဝမယုံကြည်ပါဘူး။ ပုဂ္ဂိုလ် သံယောဇဉ်လိုက်ပြီး ဆုံးဖြတ်တာ ဖြစ်ချင်ဖြစ်မယ်၊ ဂိုဏ်းဂဏအရလိုက်ပြီး ဆုံးဖြတ်တာ ဖြစ်ချင်ဖြစ်မယ်၊ ဂုဏ်အရှိန်အဝါကိုလိုက်ပြီး ဆုံးဖြတ်တာ ဖြစ်ချင်ဖြစ်မယ်။ ဒီလို ဂီတပညာကို အလွဲသုံးစားလုပ်တဲ့ပြိုင်ပွဲကို ဝင်ခဲ့မိတာဟာ ကျွန်တော့်ရဲ့ အမှားပဲ။ ဒီလိုပြိုင်ပွဲမျိုးတွေ ကြီးစိုးနေသမျှ ကျွန်တော်ဟာ တစ် သက်နဲ့တစ်ကိုယ် ပြိုင်ပွဲမဝင်တော့ပါဘူးလို့ ပရိသတ်ရှေ့မှာ ကြေညာပါ တယ်”

ပြိုင်ပွဲခန်းမတစ်ခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ အကဲဖြတ်လူကြီးများသည် ပြူးကြောင်ကြောင်ဖြင့် ကိုဘခက်အား ဝိုင်း၍ ကြည့်ကြသည်။ ကိုဘခက်ကမူ စကားဆုံးသည်နှင့် တစ်ပြိုင်နက် တယောကို လက် နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ စင်မြင့်အစွန်းတွင်တင်၍ ရိုက်ခွဲလိုက်သည်။ ပြီးမှ ပြိုင်ပွဲခန်းမအတွင်းမှ တစ်လှမ်းချင်း ထွက်ခဲ့လေသည်။ ။

ကိုဘခက်သည် ဒေါသစိတ်ဖြင့် ဦးတည်ရာမရှိ ထွက်လာခဲ့သည်။ - သူ့အဖို့ သွားစရာ၊ နေစရာမရှိ။ တည်းအိမ်သို့ပြန်ရန်လည်း မျက်နှာမပြရဲတော့ချေ။

ကိုဘခက်သည် ခေါင်းငိုက်စိုက်ဖြင့် လျှောက်၍လာမိသည်။ ထိုအတွင်း ကားတစ်စီးသည် သူ့နောက်မှ ကပ်၍ရပ်လိုက်သည်။ ကိုဘခက်သည် ရုတ် တရက် လှည့်၍ကြည့်လိုက်မိသည်။ ကားပေါ်မှ လူကြီး၏မျက်နှာကို မြင် လိုက်ရသောအခါ သူ့မျက်နှာသည် အလိုလို တင်းမာ၍လာသည်။ ။

စောစောကတွေ့ခဲ့သော အကဲဖြတ်လူကြီးများထဲမှ မြင်ခဲ့ရသော မျက်နှာကို ကောင်းကောင်းမှတ်မိလိုက်သည်။

ကားတွင်းမှ အသက်လေးဆယ်ကျော် ငါးဆယ်ခန့် လူကြီးတစ် ယောက်သည် ပြုံးချိုသောမျက်နှာဖြင့် သူ့အနားသို့ ရောက်၍လာသည်။

ကိုဘခက်သည် ထိုလူကြီးမျက်နှာကိုပင် ကြာကြာမကြည့်နိုင်တော့ ချေ။ မကျေမချမ်းသောစိတ်ဖြင့် မျက်နှာကိုလွှဲ၍ ဆက်၍လျှောက်ခဲ့လေသည်။

“ဟေ့ ... သူငယ်၊ နေပါဦး .. ခဏ၊ ဦး စကားနည်းနည်းပြောပါရစေ”

ကိုဘခက်သည် မျက်မှောင်ကိုကုတ်၍ ကြည့်လိုက်သည်။ ယခုတစ် ကြိမ်တွင် ထိုလူကြီး၏မျက်နှာကို မြင်လိုက်ရုံဖြင့် သူ၏ဒေါသစိတ်များသည် တဖြည်းဖြည်း ပြေ၍လာလေသည်။

“မောင်ရင် အခု ဘယ်သွားမလို့လဲ”

“ဘယ်ရယ်လို့မဟုတ်ပါဘူး၊ ခြေထောက်က မညောင်းမချင်း လျှောက် သွားနေရမှာပဲ”

လူကြီးသည် သူ့အား အံ့သြဟန်ဖြင့် ငေးမောကြည့်နေလိုက်သည်။

“ဟင် ... ဒါဖြင့် နေတော့ရော ဘယ်မှာနေသလဲ”

“ကျွန်တော့်မှာ နေစရာအိမ် မရှိပါဘူး”

“ဟင် .. နေစရာမရှိဘဲ ရန်ကုန်မှာ ဘယ်လိုလုပ်နေသလဲ၊ နို့ . နေပါဦး၊ မောင်က ဘယ်မြို့ကလဲ”

မန္တလေးနဲ့ အနီးတစ်ဝိုက်မြို့ကပဲ၊ ပြိုင်ပွဲဝင်ချင်လွန်းလို့ စွန့်ပြီးလာတာ၊ ရန်ကုန်မှာ အသိလည်းမရှိဘူး၊ တည်းအိမ်လည်းမရှိ။ အရင်တော့ ပြိုင်ပွဲအ တွင်းရေးမှူး ဦးဘရီအိမ်မှာ အိပ်တယ်။ ခုတော့ သူ့ဆီပြန်သွားလို့လည်း မကောင်းတော့ဘူး”

လူကြီးသည် ကိုဘခက်အား အကဲခတ်သလို ခြေဆုံးခေါင်းဆုံး ကြည့် လိုက်သည်။ သို့ကြည့်နေရင်း သူသည် ကိုဘခက်အား သနားလာဟန် ရှိလေ သည်။

“ကျုပ် မောင်ရင့် ရဲ့ တီးကွက်တီးဟန်တွေ အားလုံးကြိုက်တယ်၊ မောင်ရင့်ကိုပဲ ကျုပ် အမှတ်အများဆုံးပေးတာပဲ။ ဒါပေမဲ့ ရှစ်ယောက်နဲ့ တစ်ယောက်ဆိုတော့ မောင်ရင် ဘယ်ရတော့မလဲ။ မောင်ရင့်ရဲ့ ပညာမာနကို လည်း ကျုပ် သဘောကျတယ်” ။

ကိုဘခက်သည် သူ့နားကိုသူ မယုံနိုင်သလိုရှိတော့သည်။ မတ်ရား ရှုံးခဲ့ရသောပွဲအတွက် ခံပြင်းခဲ့သောစိတ်တို့သည် ထိုလူကြီး၏စကားကြောင့် ပြေပျောက်သွားလေတော့သည်။ ကိုဘခက်သည် ဘာမျှပြန်မပြောနိုင်ဘဲ ငိုင်၍ နေမိသည်။ လူကြီးကား ကိုဘခက်ကို အကဲခတ်နေသလို ကြည့်ရင်း တစ်စုံ တစ်ခုကို စဉ်းစားနေဟန် ရှိသည်။ အတန်ကြာမှ တစ်ခုခုကို ဆုံးဖြတ်လိုက် ဟန် ရှိသည်။

 “ကဲ ... မောင်ရင် မြို့ကိုမပြန်ခင် ကျုပ်ဆီမှာ အလုပ်လုပ်မလား၊ ကျုပ် မောင်ရင့်ကို နေစရာအခန်းလည်းပေးမယ်၊ လခလည်းပေးမယ်”

“ခင်ဗျား ... ကျွန်တော့်ကို အလုပ်ပေးမယ် .... ဟုတ်လား၊ ကျွန်တော်က အတီးအမှုတ်ကလွဲလို့ တခြား ဘာမှမလုပ်တတ်ဘူး”

ကိုဘခက်၏စကားကိုပင် လူကြီးက သဘောကျသွားဟန်ရှိသည်။ လူကြီးသည် ကိုဘခက်အား ပြုံး၍ကြည့်လိုက်ရင်း ပုခုံးကို အသာပုတ်လိုက် သည်။

“ကျုပ် လူကဲခတ်မညံ့ပါဘူး၊ မောင်ရင်ကလည်း ဒီအလုပ်ကလွဲလို့ တခြားအလုပ်ကိုလုပ်မယ့်သူ မဟုတ်ဘူးဆိုတာ ကျုပ် အကဲခတ်မိပါတယ်။ အခု မောင်ရင်လုပ်ရမှာလည်း ဒီအလုပ်ပါပဲ။ ကျုပ်အိမ်က ကလေးတွေကို စန္ဒရားနဲ့ စောင်း သင်ပေးပါ။ ကျုပ် မောင်ရင်ကျေနပ်အောင်လည်း လခ ကြည့်ပေးပါ့မယ်”

ကိုဘခက်သည် သူ့အဖြစ်ကိုပင် သူ မယုံနိုင်အောင် ရှိတော့သည်။ အမှန်၌ ရန်ကုန်ဆင်းလာခြင်းကပင် သည်ပညာဖြင့် ထူးချွန်အောင် ကြိုးစား မည်ဟူသော ဇွဲဖြင့် ဆင်းလာခြင်းဖြစ်သည်။ ရန်ကုန်သို့ ဆင်းလာစဉ်ကမူ မျှော်လင့်ချက်ကလေးတစ်ခုဖြင့် စိတ်ကူးယဉ်ခဲ့မိသည်။ ရန်ကုန်ရောက်လျှင် ပြိုင်ပွဲတွင်ဝင်၍နွှဲမည်။ ပြိုင်ပွဲကနေ နာမည်တစ်လုံးရအောင်လုပ်မည်။ သည် `နာမည်တစ်လုံးဖြင့် ရန်ကုန် ဂီတလောကတွင် ဝင်၍တိုးမည်။ နောက် ကျော် စောခြင်းကို ရအောင်ယူမည်။

ဤကား ကိုဘခက်၏ စိတ်ကူးယဉ်ချက်ဖြစ်သည်။ သို့သော် ကနေ့ တွေ့ ရသော အဖြစ်အပျက်များက သူ စိတ်ကူးယဉ်ခဲ့သမျှကို ပျက်ပြားစေခဲ့ သည်။

ထို့ကြောင့်လည်း ရည်ရွယ်ချက်ကင်းမဲ့စွာ လျှောက်၍လာခဲ့မိသည်။ ယခုမူ မမျှော်လင့်သောအဖြစ်နှင့် ရင်ဆိုင်တိုးရပြန်သည်။ အစ၌ ထိုလူကြီး ပြောနေသော စကားများကိုပင် မယုံနိုင်အောင် ရှိတော့သည်။ မယုံနိုင်သော စိတ်ဖြင့် သူ့မျက်နှာကို အကဲခတ်လိုက်ပြန်တော့လည်း လူကြီး၏ တည်ကြည် ခန့်ညားသော ဣန္ဒြေက သူ၏သံသယစိတ်ကို ပြေပျောက်သွားစေတော့ သည်။

“ကျွန်တော့်စိတ်ကြိုက် သင်ရမယ်ဆိုရင် ဦးအလုပ်ကို လက်ခံမယ်။ မသင်ရဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဘုရားပေါ်မှာပဲ စိတ်ချမ်းသာ ကိုယ် ချမ်းသာ အိပ်ပြီး ပြန်စရိတ်ရအောင် တယောထိုးပြီး တောင်းမယ်” ။

လူကြီးသည် ကိုဘခက်စကားကို နားထောင်ရင်း အသံထွက်အောင် ရယ်လိုက်သည်။

“ကြိုက်တယ်ပေါ့ .... အနုပညာသမားဆိုတာ ဒီလိုသတ္တိရှိမှ ကျုပ်က ကြိုက်တာ၊ ဒီမှာ မောင်ရင့်စိတ်ကြိုက်ပဲ သင်ပါ။ ဦးတို့ မတတ်လို့သာ ဆရာ ခေါ်ပြီး အသင်ခိုင်းတာပဲဟာ၊ ဘာမှဝင်စွက်စရာ မလိုပါဘူး။ မောင်ရင့်အဝတ်