Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

အောင်လင်း - ငြိမ်းနှင့်ဗေဒါ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ဗေဒါ

[၁]

ငြိမ်သက်နေသော ကန်ရေပြင်ပေါ်တွင် ကြာပွင့်တို့သည် ဝေဝေစီစီ လန်းဆန်းလျက်ရှိလေသည်။

တစ်ခါတစ်ရံ ရေပြင်ပေါ်သို့ အပြေးရှပ်၍ တိုက်ခတ်လိုက်သော လေဟုန်ကြောင့် ကြာပွင့်တို့သည် လှုပ်ရှားလာကြပြန်သည်။ ပြီးတော့ လည်း ပြန်၍ပင် ငြိမ်၍သွားကြပြန်သည်။

အမှန်ကတော့ ကန်ကြာပွင့် ကြာပန်းတို့သည် ကန်၏ ကျက်သရေကို ဆောင်ခဲ့သူများဖြစ်၏။ (ကန်ကြာပန်းတို့သည် ကန်၏ကျက်သရေ၊ ကန်၏ အလှ၊ ကန်၏တင့်တယ်ခြင်းကို မည်မျှပင်ဆောင်ခဲ့ကြစေကာ သူတို့သည် ကန်ရေပြင်၏ ငြိမ့်ညောင်းသောလှိုင်းကို စီးခွင့်မရခဲ့ကြချေ။ သူတို့နေသော နေရာမှတစ်ပါး တခြားသို့သွားခွင့်မရှိခဲ့ကြချေ။ တစ်နေရာထဲ၌သာ ရပ်တည် ငြိမ်သက်နေရသော ကန်ကြာပန်းတို့၏ ဘဝကားအမှန်တော့ သနားစရာ ကောင်းလှပေသည်။)

ဗေဒါသည် စီရရီပွင့်နေသော ကြာပွင့်များကိုကြည့်ရင်း သူ့ဘဝကို သူပြန်တွေးမိလေသည်။ သူ့ဘဝကား ကန်ကြာပန်းတို့၏ဘဝနှင့် လုံးဝ ကွဲပြားခြားနားခဲ့၏။ ကြာပန်းတို့သည် သူတို့အမြစ်တွယ်သောနေရာ တွင် ရပ်တည်၍ ကန်၏အလှ၊ ကန်၏တင့်တယ်ခြင်း၊ ကန်၏ကျက်သရေကို မည်မျှပင် ဆောင်ကြသော်လည်း... သူတို့၏ဘဝကား သနားဖွယ်ရာ ကောင်းလှ၏။

နံနက်ခင်းနေရောင်ခြည်နွေးနွေးနှင့် ထိတွေ့ ရသည့်တစ်ချိန်သာ သူတို့ဘဝသည် လန်းဆန်းခဲ့ကြ၏။ တစ်နေကုန် နေမင်း၏ပူပြင်းသော ဒဏ်ကိုခံကြရ၏။ ကန်ရေပူထဲတွင် ပင်ပန်းနွမ်းနယ်စွာ နေကြရ၏။ အရိပ် ကိုလည်း ခိုခွင့်မရ ရွေ့လျားခွင့်မရ ညအခါ၌လည်း...လမိုက်ရက်များ တွင် မှောင်နှင့်မည်းမည်းနေကြရ၏။ ထို့ကြောင့်လည်း သူတို့၏ ဘဝသည် သနားစရာကောင်း၏။ အားငယ်စရာ ကောင်း၏။ ငြီးငွေ့ စိတ်ပျက်ဖွယ်ရာ လည်း ကောင်း၏။

ဗေဒါသည် သူ့ဘဝနှင့် ကြာပန်းများကိုယှဉ်၍ တွေးကြည့်မိသည်။ အမှန်တော့ သူ့ဘဝနှင့်ကန်ကြာပန်းတို့သည် တစ်ခုသာကွဲပြား၏။ သူသည် ကန်ကြာပန်းများကဲ့သို့ လောကဓံလှိုင်းရေပူတွင် ကျင်လည်ခဲ့ရသည်။ သို့သော် ကန်ကြာပန်းများကဲ့သို့ တစ်နေရာတည်း၌ အမြစ်တွယ်၍ မနေနိုင်ပေ။ ကန်ကြာပန်းများကဲ့သို့ ဣန္ဒြေရရမနေခဲ့နိုင်ပေ။

လောကဓံ လှိုင်းရေပူထဲတွင် အမြဲတမ်းကူးခတ်နေရ၏။ ရေပူချောင်း တွင် အမြဲတမ်းမျောပါနေခဲ့ရ၏။ ကြာပန်းများကဲ့သို့ ကမ်းစပ်ကန်စပ် တွင်မနေနိုင်။ သူ့ဘဝသည် ပူပြင်းလှသော လောကဓံလှိုင်းတွင် ကမ်းမမြင် လမ်းမမြင် စုံဆန်မျောခဲ့ရသည်။ တစ်ခါတစ်ရံ ကမ်းကိုမှန်း၍ ကူးသော်လည်း ပင်ပန်းလာပြန်တော့သည့်အဆုံး ကမ်းနှင့်ဝေးရာသို့သာ မျောခဲ့ရသည်။

အမှန်တော့လည်း သူ့ဘဝသည် ကြာပန်းကဲ့သို့ ချမ်းမြေ့ခြင်းမရှိ။ တည်ငြိမ်ခြင်းမရှိ၊ တပင်တပန်း ကူးခတ်လှုပ်ရှားရုန်းကန်ခဲ့ရခြင်းသာ ဖြစ် သည်။

ဗေဒါသည် သက်ပြင်းကိုလေးရဲ့ စွာ ချလိုက်ပြီးလျှင် ကန်စပ်မှ ထလာခဲ့လေသည်။ တနင်္ဂနွေနေ့ဖြစ်၍ ပန်းခြံတွင်းဝယ် လူစည်ကားလှသည်။ ရေပန်းဘေးတွင် ဗေဒါ၏အဖော်တစ်စု လုံးထွေးသတ်ပုတ်၍ နေကြ သည်။ ဗေဒါသည် သူ့တို့ဘေးတွင် အသာရပ်၍ကြည့်နေလိုက်သည်။

လှမြင့်သည် ဂျော်နီတင်ထွန်းလက်မှ ဓာတ်ပုံကိုအတင်းလု၍ ယူလိုက် သည်။ ပြီးမှ ဗေဒါ့လက်သို့ ထိုးပေးလိုက်သည်။ ဗေဒါသည် လှမြင့်ပေး သောဓာတ်ပုံကို ကြည့်ရင်း မျက်နှာများနီ၍လာလေသည်။ ဗေဒါသည် ဂျော်နီ၏မျက်နှာကို ခပ်တင်းတင်းစိုက်၍ ကြည့်လိုက်သည်။

“ဒါမင်းဘယ်ကရလဲ ဂျော်နီ.........”

ဂျော်နီတင်ထွန်းသည် နေရာမှလူးလဲ၍ထရင်း ဗေဒါ၏လက်မှ ဓာတ်ပုံကို ရုတ်တရက် ပြန်၍ လုယူလိုက်သည်။ ဗေဒါသည် ဂျော်နီ၏ ရင်ပြင်မှ အကျီစကို ဖမ်း၍ဆွဲလိုက်သည်။

“ဒီဓာတ်ပုံကို မင်း ဘယ်ကရသလဲ ဂျော်နီ....”

 “မြသီကပေးတာ....”

“ဟေ့ကောင် မင်းမဖြီးနဲ့ ငါ့ကိုမှန်မှန်ပြော ဒီဓာတ်ပုံ မင်းဘယ်က ရလဲ....”

ဂျော်နီသည် ဗေဒါ့လက်ကို ပုတ်ချလိုက်ပြီးလျှင် တစ်လှမ်းချင်း နောက်သို့ဆုတ်လိုက်သည်။ ဗေဒါက ဂျော်နီနောက်သို့ တစ်လှမ်းချင်းလိုက် ၍ သွားသည်။ လှမြင့်က ဗေဒါ့ နောက်မှ ကပ်၍လိုက်လာသည်။ ဂျော်နီ တင်ထွန်းသည် ကြောက်ရွံ့ဟန်ဖြင့် တစ်လှမ်းချင်းနောက်သို့ ဆုတ်သွား တော့သည်။

“ဟေ့ကောင်.......မေးနေတာ မပြောဘူးလား....” “ငါတကယ်ပြောတာပါကွာ မြသီက ငါ့ကိုပေးတာပါ.....”

ဂျော်နီတင်ထွန်းသည် နောက်သို့ အလန့်တကြားလှည့်၍ ကြည့် လိုက်သည်။ သူ့နောက်တွင် ရေပြင်သာရှိတော့သည်။ သူ့ခြေတစ်ဖက်ပင် လျှင် ရေစပ်သို့နင်းမိပြီး ဖြစ်နေသည်။

“မြသီက မင်းကို ဘာလို့ပေးတာလဲ....”

“မြသီနဲ့ ငါနဲ့..........”

ဗေဒါသည် ဂျော်နီတင်ထွန်း၏ စကားမဆုံးမီ...ခြေထောက်ကို သိမ်း၍ကန်လိုက်သည်။ ဂျော်နီတင်ထွန်းသည် ရေထဲတွင် ပက်လက်လန်၍ ကျသွားလေသည်။ ဗေဒါသည် ဂျော်နီတင်ထွန်းကိုယ်ပေါ်သို့ ခုန်၍ အုပ်လိုက်ပြီး လည်ပင်းကို ကိုင်၍ညှစ်လိုက်သည်။

“ငါမေးတာ မှန်မှန်ပြောမလား၊ မပြောဘူးလား.....”

“တကယ်ပါဗေဒါရာ....မြသီကို နို့တစ်နေ့ ဓာတ်ပုံခေါ်ပြီး ရိုက်ကြ တယ်.....”

ဗေဒါသည် ဂျော်နီ၏စကားအဆုံးကို စောင့်၍နားမထောင်တော့ ချေ။ဂျော်နီမျက်နှာကို ရေထဲတွင် နှစ်လိုက်သည်။ ဂျော်နီက ကြောက်အား လန့်အားဖြင့် ရုန်းလိုက်သည်။ ပြီး

“ငါအမှန်ပြောတာပါကွ....မင်းက မြသီကို သိပ်အထင်ကြီးနေ တာ...မင်းမယုံရင် ငါခေါ်ပြမယ်....”

ဗေဒါသည် ဂျော်နီမျက်နှာတစ်ခုလုံးကို ရေထဲတွင် အတန်ကြာ အောင် နှစ်၍ထားလိုက်သည်။ ဂျော်နီသည် ဗေဒါလက်မှ အတင်းရုန်း၍ ထလိုက် သည်။ ဗေဒါ၏လက်သီးများသည် ဂျော်နီမျက်နှာပေါ်သို့ တစ်ချက်ချင်း ဝင်၍လာတော့သည်။ ဂျော်နီ၏မျက်နှာတွင် သွေးများဖြာ၍ ကျလာသည်။ ဗေဒါသည် နောက်ထပ်ဆက်ထိုးရန် ပြင်လိုက်သည်။ သို့သော် သူ့လက်သီး များသည် ဂျော်နီ၏ မျက်နှာပေါ်သို့မရောက်မီ တစ်စုံတစ်ယောက်က သူ့လက် ကို ဆွဲထားလိုက်သည်။ ဗေဒါက ဆွဲသူကိုပင် ဒေါသတကြီး လှည့်၍ ကြည့်လိုက်သည်။ သည်တော့မှာလည်း တင်းမာခက်ထန်လှသော သူ့မျက်နှာသည် အပြစ်ရှိသော ကလေးငယ်၏ မျက်နှာကဲ့သို့ တဖြည်းဖြည်း ပြောင်း၍လာတော့သည်။

“ဗေဒါ နင်ဘာဖြစ်တာလဲ....ကလေးလည်းမဟုတ်ဘဲနဲ့ကွယ် လူ လယ်ကောင်မှာ ရန်ဖြစ်ရသလား....”

“မဟုတ်ဘူး မမငြိမ်း........ဒီကောင်တွေက ပိုက်ဆံချမ်းသာတယ်ဆို ပြီး မရှိဆင်းရဲမိန်းကလေးတွေကို လိုက်ပြီး ဖျက်ဆီးချင်တယ်......”

ငြိမ်းသည် ဗေဒါ၏ ဂျာကင်အင်္ကျီတွင် ပေကျံနေသော ရွှံ့ရည်များကို သူ၏ဖြူဖွေးသော လက်ကလေးဖြင့် သုတ်၍ပေးလိုက်သည်။ သည်တော့မှ ဗေဒါက သူ့အင်္ကျီကို ချွတ်၍ ခါလိုက်သည်။ သူ့တစ်ကိုယ်လုံးကိုလည်း လက်ကိုင်ပဝါဖြင့် သုတ်လိုက်သည်။

 “ကဲ-လာ ပြန်ကြရအောင်........ဟို ကောင်လေးရော လှမြင့်လည်း ခုတလော တော်တော်ကဲနေတယ်နော် နှင့်အဖေကို တိုင်လိုက်မယ်....”

လှမြင့်သည် ပြုံးဖြဲဖ်ဖြင့် ငြိမ်းကို ကြည့်လိုက်သည်။ “ကျွန်တော် စက်ဘီးပါတယ် မမငြိမ်း ခုပြန်မှာပါ....ကနေ့ ရီဇတ် အောက်မလားလို့ ကျောင်းကိုသွားရင်း ဒီဘက်လှည့်ဝင်လာခဲ့တာပါ......”

“ကနေ့ တနင်္ဂနွေနေ့ဘဲဟာ ဘယ်ကရီဇာတ်အောက်မှာလဲ ကဲလာ ဗေဒါ....”

ငြိမ်းက ပြောပြောဆိုဆို ရှေ့မှထွက်၍ သွားတော့သည်။ ဗေဒါ သည် ခေါင်းငိုက်စိုက်ဖြင့် ဂျာကင်ကိုပခုံးပေါ်တွင်တင်၍ လျှောက်ခဲ့လေ သည်။

“မမငြိမ်း တစ်ယောက်တည်းလား.....”

ဗေဒါက ခေါင်းငုံ့၍လျှောက်ရင်း မပွင့်တပွင့် မေးလိုက်သည်။

“အထွန်းတို့ရောပါတယ်လေ...”

“ဦးတင်အောင်ရော မပါဘူးလား..........”

ဗေဒါက မသိမသာ ပြုံးလိုက်ရင်း မေးလိုက်သည်။ ငြိမ်းသည် ဗေဒါကို သမင်လည်ပြန်လှည့်၍ တစ်ချက်မျှ စိုက်ကြည့်လိုက်သည်။

“ပါတာပေါ့တဲ့ သူလိုက်ပို့လို့ တို့လာရတာပေါ့။ ဒီနေ့ ဆန်းဒေး ဆိုတော့ ဒရိုင်ဘာမှမလာဘဲ၊ ပြီးတော့ ကိုကိုကြည်ကလည်း ဖဲဝိုင်းထိုင်နေ တော့ ကားမောင်းမယ့်လူ ဘယ်ရှိမလဲ.............”

“ကျွန်တော့်ကိုမပြောလို့ပါအစ်မရာ၊ ခါတိုင်း ကျွန်တော် မောင်းပို့ နေတာပဲဟာ....”

“နင်က အိမ်ကပ်တာမှ မဟုတ်ဘဲ...”

ငြိမ်းက မျက်စောင်းကလေးထိုး၍ ပြောလိုက်သည်မှာ ကလေး ဆန်လှ၍ ပိုပြီးပင် ချစ်စရာကောင်းတော့သည်။ ဗေဒါသည် ဂျာကင်အင်္ကျီကို လေထဲတွင် တစ်ပတ်နှစ်ပတ် ဝှေ့ယမ်းလိုက်သည်။ ပြီးမှ ကားဆီသို့ ပြေး တက်သွားတော့သည်။

ဦးတင်အောင်နှင့် အထွန်းတို့က ကားဘေးမှ ငြိမ်းကိုရပ်၍စောင့် နေ သည်။ အထွန်းက နှုတ်ခမ်းလေး စူနေတော့သည်။

“သူများ ထမင်းဆာလှပါပြီဆိုမှ မမငြိမ်းကလည်း ဘာများလုပ်နေတယ် မသိဘူး.....”

ငြိမ်းက အထွန်းခေါင်းကလေးကို ခပ်ဖွဖွ ပွတ်လိုက်သည်။ ဗေဒါက ကားရှေ့မှတက်လိုက်ပြီးလျှင် နောက်တံခါးကိုဖွင့်၍ ပေးလိုက်ရင်း အထွန်းကို စ,လိုက်သည်။

“အထွန်းရှေ့ကတက် ငါမောင်းမလို့ သော့ရော ဦးတင်အောင်.......”

ဦးတင်အောင်က အိတ်ထဲမှသော့ကို ပစ်ပေးလိုက်သည်။ အထွန်း ကမူ စူအောင့်အောင့်ဖြင့် ဗေဒါဖွင့်ပေးထားသော ရှေ့တံခါးကို ဆောင့်၍ ပိတ်လိုက်ပြီး နောက်ခန်းသို့ဝင်၍ထိုင်လိုက်သည်။

“ငါ့ကို စ,မနေနဲ့နော် ဒါပဲ။ ထမင်းဆာလှပြီ အိမ်ကို မြန်မြန် မောင်း” “

ဒီကောင်လေးကို အမြန် အမောင်းမခိုင်းစမ်းနဲ့ သူမောင်းရင် ငါ..ရင် တုန်လွန်းလို့”

ဗေဒါက စက်ကိုနှိုး၍ ကားကို တစ်ရှိန်ထိုးမောင်းထွက်လိုက်သည်။ ဦးတင်အောင်က စီးကရက်တစ်လိပ်ကို မီးညှိဖွာလိုက်ပြီးလျှင် ဗေဒါအတွက် တစ်လိပ်ပစ်၍ ပေးလိုက်သည်။ ဗေဒါ ကားကိုလက်တစ်ဖက်ဖြင့် မောင်း၍ တစ်ဖက်မှ စီးကရက်ကို မီးညှိ၍ဖွားလိုက်သည်။ ဗဟန်းဓာတ်ဆီဆိုင် အကွေ့ သို့ရောက်သောအခါ ဦးထောင်ဘိုလမ်းဘက်ဆီသို့ ချိုးလိုက်သည်။

“ဒီကနေ့ ရီဇာတ်မထွက်တာ တစ်ရက်တော့ ပျော်ရဦးမှာပဲ......”

“ဘာလဲ နင်စာမေးပွဲကျမယ်ဆိုတာ သေချာလို့လား”

“ဗေဒင်မေးစရာတောင် မလိုဘူး...”

“နင့်အဖေအမေများ နင်မသနားဘူးလား ဗေဒါရယ်”

ငြိမ်းက ကရုဏာသံဖြင့် ညည်းလိုက်သည်။ ဗေဒါက စီးကရက် ကို အားရပါးရစွာလိုက်ရင်း ပြုံးလိုက်သည်။ ပြီးမှ ကားကို ဝင်ဒါမီယာသို့ ချိုးလိုက်သည်။

“ဗေဒါ နင်ဘယ်ဝင်ဦးမလို့လဲ ထမင်းဆာလှပြီ...”

“ခဏပါ အထွန်းရာ တစ်မိနစ်မကြာဘူး...”

“ဟေ့-မစောင့်နိုင်ဘူး နင့်ဟာနင်နေခဲ့....”

ဗေဒါက ကားကိုရပ်ကာ သော့ပါဖြုတ်၍ ဆင်းသွားတော့သည်။ အထွန်းသည် ကားကူရှင်ကို လက်ဖြင့်ပုတ်ရင်း ဆောင့်၍နေတော့သည်။