စိတ်ကူးချိုချိုစာပေ
အောင်မှူး၀ေ - ဘဝပေးပြီးပြုံးတဲ့ရုပ်ရှင်
Couldn't load pickup availability
လွမ်းစေတီ
ဝဋ်ကြွေးဟာ
ထန်းတောထဲကလေပြည်နဲ့အတူတဝှေ့ဝှေ့
ဆည်းလည်းသံကိုမှန်းပြီးငိုရတယ်။
ရင်ပြင်တော်ပေါ် ကိုယ့်စိတ်ကိုယ် မကြည့်ပြီး
“သူ... ကျွန်တော့်ကိုလွမ်းနေတယ်ဆို ပေါ့ပါစေသား”
အဓိဋ္ဌာန်ခဲ့။
မြစ်ဟိုဘက်မှာ
ကျောင်းပြေးလေးရဲ့ဆိုင်ကယ်သံတွေရှိမယ်
ချစ်သူရယ်သံတွေစွန်းပေနေတဲ့
သုံးပြီးသားတစ်ရှူးလေးတွေရှိမယ်
ပြီးတော့... ။
အတူတူမကြည့်လိုက်ရတဲ့ ရုပ်ရှင်လက်မှတ်နှစ်စောင်ရှိမယ်။
မြစ်ကမ်းနဖူး ခြင်္သေ့ရုပ်ပေါ်က ခုန်ချလိုက်ရမလား။
ကုန်းတော်ပေါ်က တရားသံတွေ ကျွတ်လွင့်လာတိုင်းပဲ
အကျွတ်တရားရချင်မိပါတယ်။
ရင်တွင်းဖြစ်ငရဲများငြိမ်းပါရစေ
ဆုတောင်းက ထနောင်းရွက်တွေနဲ့အပြိုင်ကြွေခဲ့ပြီ။
လွမ်းစေတီ ၂
သွေးသံတရဲရဲ အတိတ်က
ဘလိတ်ဓားပေါ်မှာ ပြေးနေတုန်း
ဆုတောင်းတွေ
လက်ထဲက လွတ်ကျ ပျောက်ပျက်ပုံ
စနေထောင့်မှာ
ကိုယ့်အတွက် မိုးခေါင်နေတဲ့
ချောကလက်ရောင်ကံဇာတာတွေ ရှိတယ်။
သူ့အလှကြောင့်
ကိုယ့်ရမ္မက်က
သက်ရှိထဲ ပူးဝင်ပြီး
အစွမ်းကုန် ပုထုဇဉ်ပီသနေခဲ့ပုံ
သူ့ ယောဂီတဘက်ဖျားက
မေတ္တာပို့တွေ စိုစွတ်နေတဲ့
နံ့သာဖြူရနံ့လေးကို အားနာလို့
ခေါင်းလောင်းထိုးသံကိုပဲ
ရင်ထဲ ကောက်ထည့်ပြီး ပြန်ခဲ့တယ်။ ။
လွမ်းစေတီ ၃
သံဆူးကြိုးမှာ အတောင်ပံငြိတွယ်သူ ငှက်ကလေးလို
လွတ်လပ်မှုကို စိတ်ကငြိတွယ်ချင်မိတယ်
ပန်းခြောက်တွေထဲသောကတွေ ၊
ဝင်ရောက်ခြောက်သွေ့သွားပါစေတော့ကွယ်
“အချစ်ရှိရာအရပ်မှာ စစ်မက်ကင်းရှင်းပါစေသား”
ပန်းအိုးအပဲ့လေးထဲ
ဆုတောင်းတွေသာ ထိုးစိုက်ပူဇော်နိုင်ခဲ့သူ
ပြန်မရောက်နိုင်တော့တဲ့ သနပ်ခါးတောကလေးဆီအငေး
တိမ်ညိုတွေစေတီတော်ပေါ် မိုးအုပ်ခဲ့ပေါ့
“တရားတစ်ပုဒ်တော့ နှလုံးဝင်ဖြောင့်ပါရစေ”
အမွှေးတိုင်အကျိုးလေးထဲ
မပြည့်ဆုတောင်းတွေသာ ထည့်မွှေးစေနိုင်သူ
နောက်တစ်ခါ ထပ်မစိမ်းနိုင်တော့တဲ့ မြစိမ်းတောကလေးဆီ အဆွေး
စောင်းတန်းလှေကားထစ်များအတိုင်း
ကြေကွဲမှုကလိမ့်ဆင်းသွားခဲ့တယ်။ ။
လွမ်းစေတီ ၄
ဖြူစင်တတ်သောအရာများအတွက်
အစွမ်းကုန်ဖြူစင်ပေးခဲ့မိသူပါ
အတွေးက
နေရောင်ခြည်တော် မတ်တတ်ရပ်ပြီး
ခံစားချက်က
အလှူခံဖြတ်ပိုင်းလေးပေါ် ခုန်ချတယ်
“ဘဝတိုင်းဆုံရပါစေသား”
မျက်စိတွေ ကန်းသွားခါနီးအထိ
သူ့ကိုမြင်တွေ့သွားချင်လို့
သစ္စာတရားကို တစ်ဘဝလုံးစိုက်ပျိုးခဲ့သူပါ
စေတီကုန်းတော်ခြေရင်းက
ဓာတ်လှေကားနေရာမှာရှိဖူးတဲ့
ကံ့ကော်ပင်လေးကို သတိမရတော့သလို
ကိုယ့်နာမည်ကို သူမေ့ခဲ့ပြီထင်ပါတယ်။ ။
လွမ်းစေတီ ၅
လွမ်းနေတဲ့သစ်ရွက်တွေမကြွေဖို့
လရောင်က
အေးအေးလူလူသာတယ်
စိတ်ရှိတိုင်းမလင်းတဲ့ကြယ်ကလေးရေ
ကျွမ်းလောင်လက်စ
တောင်ယာမီးခိုးလေးတွေရေ
ကိုယ့်ဆီပြန်စီးမလာနိုင်တော့တဲ့
နေရောင်ကြောက်သူ
စမ်းချောင်းမကလေးကိုတွေ့မိသလား
ဘဝတံတိုင်းက
သိပ်မြင့်မားလွန်းလို့
ဆယ်ဘဝစာ ခုန်မကျော်ရဲခဲ့တဲ့
နှင်းဆီပန်းခြင်းကလေးကို တွေ့မိသလား
အနူးညံ့ဆုံးဓားသွားတွေ
သူ့အသိုင်းအဝိုင်းမှာ
တညိုညိုဆိုင်းပြီးတော့
မိုးအဖြစ်ရွာခဲ့ပုံ
ကိုယ်တို့မနီးစပ်ကြတော့ပါဘူးလို့
လွမ်းစေတီဆီမျှော်ရင်းတမ်းတတယ်
လွမ်းနေတဲ့သစ်ရွက်တွေမကြွေဖို့
လရောင်က
အေးအေးလူလူ သာပါတယ်။ ။
လွမ်းစေတီ ၆
နီးရကောင်းစေ လို့
မမျှော်လင့်တော့တဲ့ခဏ
ဝေးရလေခြင်းလို့လည်း ယိုးမယ်မဖွဲ့လိုတော့ပြီ။
ခက်သည်ခဲသည် ခက်ခဲသည်
စာတန်းကလေး ဘဝပေါ်လောင်းချကြည့်မိတိုင်း
အလွမ်းက သွေးသံတရဲရဲ အသားတံဆိပ်ထင်ခဲ့။
သူ ကျွန်တော့်ကို သတိရပါစေ
ကံ့ကော်ပင်ကလေး စနေထောင့်မှာ စိုက်မိတယ်
ငွေသံကြားလို့ ဖျားနာသေသွားခဲ့။
ကောင်းကင်ဦးနဲ့လွဲတဲ့ နက္ခတ်ကလေးမို့
ဘယ်ကြယ်တာရာကိုမှလည်း ကပ်ပြီးမလင်းချင်တော့ပါ
ရှိစေ.. ရှိပါစေ.. ရှိပါစေတော့
သူနဲ့ကျွန်တော် ဝေးကွာစေမယ့်အမှောင်ကို သရော်လှောင်ပြောင်ရင်း
မွေးနံထောင့်က ရွှေအနည်းဆုံးဘုရားကိုပဲ
သဒ္ဓါအပြည့်နဲ့ ရောင်တော်ဖွင့်မိနေတော့တယ်။
နီးရကောင်းစေ... လို့ ၊
မမျှော်လင့်တော့တဲ့ခဏ
ဝေးရလေခြင်းလို့လည်း ယိုးမယ်မဖွဲ့လိုတော့ပြီ။ ။







