အောင်နှင်းသစ် - အိမ်ပြန်ညလမ်း
အောင်နှင်းသစ်
ပြတ်ကျနေတဲ့ ဝိုင်ယာကြိုး
(၁)
ယိုင်နဲ့ ဇရပ်အိုကြီးပေါ်က ညတွေ
လေတဖြူးဖြူး တောင်သမန် ညတွေ
ငါတို့ အော်ကျယ် အော်ကျယ်
ငါတို့ မူးခဲ့ တောမ ညတွေ
မင်းက
ငါတို့ခွက်တွေထဲ ဝီစကီတွေ လောင်းထည့်လို့
မင်းဖောက်ခဲ့တဲ့ ဗြောက်လိပ်တွေလို
ငါတို့ တရုန်းရုန်း
တဝုန်းဝုန်း ပေါက်ကွဲလို့
ငါတို့ လေးလေးနက်နက်
တဝေါဝေါ အသံမြည်လို့။
မိုးတွေကရွာ
ဓာတ်ငွေ့အိုးပေါ်မှာ
ငါတို့အသက်တွေကို တင်ပြီး
ဆက်ခဲ့ရတဲ့ ခရီး
ခရီးက မပြီးသေး
လေးဘီးကားစုတ်နဲ့ ငါတို့ လူအုပ်
ဘယ်လိုမှ အလုပ်မဖြစ်ခဲ့တဲ့ နောက်ဆုံး
မြက်ရိုင်းတော အလယ်က ရတနာပုံလမ်းကို
ငါတို့ ခြေကျင်လျှောက်ခဲ့ကြ။
နိုဝင်ဘာည
မင်းရော ငါတို့ရော
မိုးစက် တဖျောက်ဖျောက်ကြားကနေ
ခရီးကို ရှေ့ဆက်ခဲ့။
နိုဝင်ဘာည
ငါတို့အရေပြားတွေကို ကုတ်ခြစ်နေတဲ့
ဆောင်းလေအေးအေး
ငါတို့ကို လာလှဲနေတဲ့ သူစိမ်းတွေကို
ငါတို့ ရင်ကော့ပြီး ရင်ဆိုင်ခဲ့ပေါ့
နိုဝင်ဘာည။
နှစ်တွေ ကြာခဲ့တယ်
နောက် မင်းဆံပင်တွေ ရှည်လာခဲ့တယ်
နောက် မင်းအတွေးအခေါ်တွေ
ရဲဝင့် ပြောင်လက်လာခဲ့တယ်
ဆံပင်တွေရှည်လာတဲ့ မင်းကို
ငါတို့က ကိုဆံရှည်လို့ ခေါ်ခဲ့ကြတယ်။
ငါတို့ဟာ
လောကကို ချစ်ခဲ့ကြတယ်
ဒါပေမဲ့
မင်းက ငါတို့ချစ်တာထက် ပိုခဲ့တယ်။
ကြာခဲ့တဲ့ နှစ်တွေထဲမှာ
အချိန်တွေက
ငါတို့ကို တတိတိနဲ့ ကိုက်ဖြတ်ခဲ့ပေါ့။
ရှင်သန်ခြင်းကို နှောင့်ယှက်နေတဲ့
အငွေ့အသက်တွေကိုလည်း
ငါတို့ ရင်ဆိုင်ရှူရှိုက်ခဲ့ရပေါ့။
မင်းလည်း နှစ်တွေထဲမှာ
တွန်းထိုးခံခဲ့ရမှုတွေနဲ့
ငွေကုန်ကြေးကျမှုတွေနဲ့
နေရောင်ခြည် ဝဝလင်လင် မရခဲ့တဲ့နေ့တွေနဲ့
စိတ်မှာ
နှလုံးသားမှာ
ဒဏ်ရာတွေနဲ့
ပြေးလွှားရှင်သန် အမောတွေနဲ့။