စိတ်ကူးချိုချိုစာပေ
အောင်ကောင်းမြစ် - ဒီနေ့ပန်းတွေပွင့်တယ်
အောင်ကောင်းမြစ် - ဒီနေ့ပန်းတွေပွင့်တယ်
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
ပြဒါးလူးမြား
မသေချာမှုတွေက
အပြင်းစားငလျင်တစ်ခုလို
ဘဝကို ဗဟိုပြုရိုက်ခတ်
တရစပ် ပေါက်ကွဲ
ရင်ထဲက ချော်ရည်ပူတွေဟာလည်း
လူနေမှုတွန့်ခေါက်တောင်ကြောမှာ
ကွေ့ကောက်စီးဆင်း
အမှုအခင်းဖြစ်
အဲဒီ မြစ်မှာ
သေရည်ယစ်မူး
လူးလှိမ့်နေတဲ့
အမှန်တရားရဲ့ လှေငယ်တစ်စင်း
မွန်းကျပ် စီးမျော ဝဲလည်လို့။
ဒါဟာ ရိုးသားမှု မဟုတ်ချေဘူး
ဝေဒနာကိုရင်း
စတေးခံခြင်းကို ပွေ့ဖက်
အောင်ကောင်းမြစ်အိပ်မက်တွေ
မှေးစက်ရာ ကွန်းခိုအိမ်
တိမ်တွေကို ကျောသပ်
အတောမသတ် ရယ်သွမ်းသွေးနေတာကတော့
ဟိုး အဝေးက တောင်တန်းကြီးတွေလေ။
အဲဒီမှာ
ငါ့ရဲ့ဒိုင်ယာရီဟာ
ယုံကြည်နှင်းထဲ ကခုန်
လင်းယုန်တောင်ပံ တဖျပ်ဖျပ်နဲ့
မြင့်မြတ်တေးကို ကျူးရင့်
ဆူးဝင်နှင်းဆီ ဖြစ်ခဲ့။
ဟောဒီ တိတ်ဆိတ်လွန်းလှတဲ့ ညတွေက
ဝံပုလွေတစ်ကောင်ရဲ့ အပြုံး
သင်တုန်းဓားလို ထက်ရှ
ဒါတစ်ခုတည်းကိုပဲ ထုပ်ပိုးပြီး
အရုပ်ဆိုးအောင် ပူးပေါ့။
ငါ့ အသက်ရှူသံ
ပြန်ကြားရတဲ့ ည
မာရသွန် ကကြိုးရုပ်ရဲ့
ငုတ်တုတ် လင်းခဲ့ရတဲ့ ည
အဲဒီလို ညတွေရဲ့
လှိုင်းအလျားမဲ့ သံစဉ်တွေဟာ
ရာဇဝင်တွင်မယ့် တေးသွားတွေဖြစ်ရဲ့။
အရည်ပျော်ကျနေတဲ့
နာရီအိုများထဲက
လူ့ဆင့်ကဲဖြစ်စဉ် တစ်ခုဟာလည်း
ငိုချင်းသံရှည် ပျင်းတွဲတွဲ
နွမ်းယ့်ဟောက်ပက်မျက်လုံးကို
အဆုံးစွန် အမှောင်ချ
အသေကောင်လို အိပ်ခြင်းမျိုးနဲ့
အိပ်လို့။
ဒီမှာ လောကမှော်ဆရာရဲ့
မလှည့်ဖြားနဲ့ကွဲ
ငါဟာ လက်စားချေခြင်းကို
ဟင်းကောင်းလို ချိုမြိန်တဲ့
စစ္စလီကျွန်းသား မဟုတ်
ဗုဒ္ဓရဲ့အဆုံးအမကို နာခံ
ကံကိုယုံ
သက်လုံကို အားကိုး
လွန်းထိုးနေတဲ့ မသိစိတ်ရထားကတော့
အက်စစ်မိုးခါးတွေကြားမှာ
ပြဒါးရည် လိမ်းကျံ
မိုးယံကို ဖောက်ထွင်း
မြားတစ်စင်း ဖြစ်ခဲ့ပေါ့။
စာပေဂျာနယ်၊ မတ်၊ ၁၉၉၅။
တောင်ပံကျိုးည
နေလောင်သစ်သီးတွေနဲ့
ရိက္ခာဖူလုံနေတဲ့ အထီးကျန်မှုဟာ
လရောင်ဆမ်းညကို တရားမဝင် ပေါင်းသင်းလို့။
အိပ်မက်တွေဟာ
ကင်းစောင့်ခြေသံရဲ့
အခိုးအငွေ့တွေ ဖြစ်သွားခဲ့ပြီ။
ကောင်းကင်ရဲ့
ပုစ္ဆာတွေနဲ့ လင်းလက်
မျက်စိမှိတ်ပြနေတဲ့ ကြယ်ကလေးတွေက
ညရဲ့ မေးခွန်းလွှာတွေပေါ့။
ကြေကွဲဖွယ် တိတ်ဆိတ်မှုဟာ
ဆည်းလည်းသံသီချင်းနဲ့
လေညင်းလေးတောင်မှ
ကြောက်ရွံ့စွာ ဖျားနေရှာခဲ့တယ်။
မွန်းကျပ်မှုတွေကြောင့်
အိုဇုန်းလွှာပါးပါးလာ
တနေ့တခြား ဒေါသကြီးလာတာက
လက်ဆုပ်လက်ကိုင်မိထားတဲ့ ကမ္ဘာကြီးပါပဲ။
ဘော်ငွေရောင် ကြိုးကြီးချိတ်နဲ့
ဧရာဝတီကတော့
ရာဇဝင်တွေကို သယ်ဆောင်ပြီး
ပင်လယ်တွေနဲ့ တွေ့ဆုံပွဲကို ခရီးထွက်ခဲ့ပေါ့။
စကားလုံးမရှိတဲ့
မိုးယိုပေါက်အကြည့်တွေနဲ့
ကြိုးမဲ့ရင်ခွင်တစ်လက်ကို
ထမ်းထွက်လာမယ့်ညဟာ ငါပေါ့။
နေကြာပန်းခင်းထဲ
ရေလောင်းပေါင်းသင်နေတဲ့
အလင်းရောင်ရဲ့အသံတွေက
ကြိုးကြာတွေနဲ့အတူ ပျံသန်းသွားကြပြီ။
စတိုင်သစ်မဂ္ဂဇင်း၊ ဇွန်၊ ၁၉၉၅။
Share













