Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အောင်ဟိဏ်း(ကျိုက်ထော်) - အနာဂါတ်အတွေးမြန်မာနိုင်ငံရေးဆောင်းပါးများ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ပြည်သူ့လွှတ်တော်သည် ပြည်သူများအတွက်

လွှတ်တော်ပဲဖြစ်၏

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ် တိုင်းရင်းသား လူမျိုးစုပေါင်း၍ ညီညွတ်စွာ ဒီမိုကရေစီ နိုင်ငံတော်ကြီးတည်ထောင်ရေး စီမံကိန်းချကြိုးစား၍ ဆွေးနွေးကြ၊ ညှိနှိုင်းကြပုံတွေ ပွင့်လင်းမြင်သာစွာ ဆိုသည့်အတိုင်း နေ့စဉ် သတင်းစာတွေ၊ ဂျာနယ်တွေမှာ မြင်ရ၊ တွေ့ရ။ ဖတ်ရ၏။ နိုင်ငံတော် သမ္မတကြီးနှင့် ကိုယ့်နည်းကိုယ်ဟန် အနိုင်ရပါတီ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီနှင့် အတိုက်အခံပါတီများ ပြည်သူ့ လွှတ်တော် ဆိုသောနေရာမှာ ဆုံကြသည်။ ဆွေးနွေးကြ၊ ပြောကြ၊ ဝေဖန်ကြ၊ ကန့်ကွက် ကြသည်နှင့်။

လွှတ်တော်ပြင်ပကို ကြည့်ဦး။ ဟိုမှာ၊ ဒီမှာ ဆန္ဒပြမှုတွေ၊ မကျေ လည်မှုတွေကလည်း နယ်အရပ်ရပ်မှ အာဏာပိုင်အဖွဲ့ အစည်းနှင့် ပြည်သူ တို့၏ မကျေလည်မှု၊ အာဏာပိုင်အဖွဲ့ အစည်းဖြစ်သည့် စစ်တပ်မှ နယ်တွေ မှာ လယ်သမားများ၏ လယ်ယာများကို သိမ်းယူကာ စီးပွားရေးလုပ်ငန်းရှင် များကို ရောင်းစားမှုကြောင့် အလုပ်ရုံများဆောက်လုပ်ထားမှု၊ တချို့ လယ် သမားစစ်စစ်များ၏ လယ်များကိုသိမ်းယူပြီး အခြားစီးပွားရေးသမားကို အခါ ကြေးငွေယူကာ စိုက်ပျိုးစေသဖြင့် လယ်သမားများက အခြားအလုပ်လည်းမလုပ်တတ်သဖြင့် အသိမ်းခံလယ်တွင်ဝင်၍ အလုပ်သမားအဖြစ် လုပ်စား ရပုံ၊ စုံနေအောင် ဖတ်ရသည်။

ထိုသို့သောအကြောင်းကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်အတွင်း မြင်သာအောင်ဆွေးနွေးရာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် (ပြည်သူ့ထံမှ ဆန္ဒမဲမလိုဘဲ အလိုလျောက် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၅ ရာခိုင်နှုန်း ချုံဖွဆိုပြီး ဖြစ်ခွင့်ရလာသူ) တစ်ဦးက တင်ပြနေစဉ်မှာပင် မပြီးဆုံးသေးပါဘဲ ထပြီး တပ်မတော်နှင့်ပြည်သူ သွေးကွဲ စေသည့် စကားမျိုးတွေ ဖြစ်၍ ကန့်ကွက်ခဲ့သည်။ ဤသည်ကိုကြည့်လျှင် ဖြစ်ရပ်မှန် တင်ပြခွင့်မရှိခြင်းလားဟု တွေးကြည့်စရာ ဖြစ်မိ၏။ တပ်မတော် နှင့် ပြည်သူ သွေးကွဲစေမှုစကားဟု ကြားသိရတော့ ...တပ်မတော်နှင့် ပြည်သူတို့ကို သွေးခွဲခဲ့ကြသော တပ်မတော် ခေါင်းဆောင်ကြီးဖြစ်သည့် ဦးနေဝင်းခေတ်မှစ၍ ယနေ့အထိ တပ်မတော်အာဏာရှိရေး၊ ကျင့်သုံးခဲ့မှုဖြင့် တပ်မတော်မှ ပြည်သူကို နှိပ်ကွပ်စေခြင်း၊ တိုင်းရင်းသားပေါင်းစုံကို တိုက်ခိုက် အနိုင်ကျင့်စေခြင်း၊ တပ်မတော်မှ လိုအပ်လျှင် အဓမ္မသိမ်းယူခွင့်မှအစ နှစ်ပေါင်း ၅၀ လောက် ပြုလုပ်ခွင့်ပေး၍ “တပ်မတော်သာအမိ၊ တပ်မတော် သာအဖ”ဟု ပြည်သူနှင့် တပ်မတော် သွေးခွဲအုပ်ချုပ်ခဲ့ကြသော စစ်ခေါင်းဆောင်ကြီးများကို ယခုလို တပ်မတော်နှင့် ပြည်သူကို သွေးကွဲစေသည့် စကားအသုံးအနှုန်းများဟု ဘာကြောင့် မမြင်ကြဘဲ ယခုမှ ထိုသို့ မြင်ခြင်း စိတ်ကို အမြင်မှန်ရပြီဟု ပြောရမည်လား။ တပ်မတော်မှ မတရားသိမ်းယူ မှုတွေ ပိုမြင်သာ ထင်သာဖြစ်မှာစိုး၍လားဟုလည်း စဉ်းစားမိပြန်သည်။ တပ်မတော်နှင့်ပြည်သူ သွေးမကွဲစေချင်သော အယူအဆ စိတ်တရားကို သဘောကျမိပါ၏။ ဘာကြောင့်လဲဆိုတော့ သည်ကနေ့၏ တပ်မတော်သား မှန်သမျှသည် ဟိုစစ်ခေါင်းဆောင်များမှအစ ပြည်သူများက မွေးဖွားပြီး အချိန်တန်၍ တပ်မတော်ထဲရောက် ပြည်သူများထံမှ ကောက်ခံရရှိသော အခွန်မျိုးစုံတို့သည် နိုင်ငံဘဏ္ဍာထဲရောက်ခဲ့သည့်ငွေများဖြင့် တပ်မတော် သားများကို ကျွေးသည်၊ တပ်မတော်သားများကို လစာပေးသည်။ ဘယ် ဗိုလ်ချုပ်ကြီးများကမှ အိတ်ထဲကစိုက်ပြီး ပေးတာ၊ ကျွေးတာမျိုးမဟုတ်ပါဘူး။ ထို့ကြောင့် ပြည်သူ့အတွက် ကာကွယ်မည့် “ပြည်သူ့တပ်မတော်” ဟု မြန်မာပြည်ကို တပ်မတော်ဟု စပြီး ဖွဲ့စည်းတည်ထောင်ပေးခဲ့သည့် တပ်မတော်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သုံးနှုန်းဖြေဆိုခဲ့ခြင်းပင် ဖြစ်သည်။ သေချာစဉ်းစားလျှင် အဖြေပေါ်ပါသည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပြီးနောက် စစ်ခေါင်းဆောင် တို့သည် နိုင်ငံတော်ဘဏ္ဍာမှ တပ်မတော် အသုံးစရိတ်ကို များစွာသုံး၍ တပ်မတော်အာဏာရှိရေး ကြိုးစားသည်။ အခွင့်အရေးတွေပေးသည်။ အဆင့်ဆင့် တိုင်း ဒေသတွေ၊ မြို့နယ်တွေမှာ ခေါင်းဆောင်တို့၏ တပ်မတော် နှင့် ပြည်သူကို သွေးကွဲစေအောင် တစ်ခါတစ်ရံ မှားယွင်းသော ကျူးလွန် မှုများကို မည်သို့ပင်တိုင်ကြားစေ အရေးမယူဘဲနေသည်ကို ဖြစ်ရပ်မှန် နိုင်ငံခြား သတင်းများမှ ကြားသိရသည်။ လူ့သဘာဝသည် တစ်ခါတစ်ရံ မှားယွင်းကျူးလွန်မှုကို အရေးယူလျှင် နောက်နောင် မကျူးလွန်ရဲတော့။ ယခု အရေးမယူ မသိသလိုနေခြင်းက အောက်ခြေ အရာရှိ၊ အရာခံမှ တပ်သားအထိ ဆက်၍ကျူးလွန်ရဲ၏။ တကယ်တော့ စစ်ခေါင်းဆောင်တို့၏ နေရာ၊ အာဏာတည်မြဲရေးအတွက် အောက်ခြေ ဝန်ထမ်းများအား မင်းတို့ ကျူးလွန်တာ ငါသိတယ်။ ငါ အရေးမယူဘူး၊ မသိသလိုနေတယ်။ အဲဒီ အတွက် ငါ့အပေါ် သစ္စာရှိကြဆိုသည့်သဘောနှင့် စည်းရုံး၍ ကျေးဇူးရှင်ဟု မြင်စေပြီး တပ်နှင့်ပြည်သူများ သွေးကွဲစေခြင်းပင် ဖြစ်သည်။

လူ့လောက သဘာဝအတိုင်း စဉ်းစားကြည့်မည်၊ စာနာကြည့်မည် ဆိုလျှင် တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို အရှိန်အဝါအာဏာ ဖြင့် အနိုင်ကျင့်မည်။ သူပိုင်ပစ္စည်းကို သိမ်းယူမည်ဆိုလျှင် ကျေနပ်ကြပါ မည်လား။ အာဏာကြောင့်၊ အရှိန်အဝါကြောင့် ကြောက်၍ မပြောသည်ဘဲ ရှိမည်။ ကျေနပ်စိတ်တော့ လုံးဝ ရှိမည်မဟုတ်။ အကယ်၍ မိမိကိုယ်တိုင် ဖြစ်ခဲ့လျှင် ထိုသို့စိတ်မျိုး မဖြစ်နိုင်ဘူးလား စဉ်းစားကြည့်လျှင် သိ၏။ ယခု လယ်ယာမြေများနှင့် ဆန္ဒပြမှုများ ဖြစ်သည်။ ထွန်တုံးတိုက်ပွဲများဖြစ်သည် ဆိုခြင်းက မတရားအနိုင်ကျင့်ခံထားရမှုများအတွက် မကျေနပ်၍ ဖြစ်နေကြ ခြင်းပင်။ ယခုလို မကျေနပ်မှုဖြစ်လာခြင်းသည် သွေးကွဲနေမှုကြောင့်ဖြစ်၏။ အစကတည်းက တပ်မတော်နှင့် ပြည်သူတို့ ချစ်ချစ်ခင်ခင် တကယ် ပြည်သူ့ အတွက် စောင့်ရှောက်ကာကွယ်သော တပ်မတော်ဖြစ်နေခဲ့လျှင် လယ်ယာ မြေများနေရာ၌ စစ်တန်းလျားများ ဆောက်လုပ်၍ ပြည်သူ့ လုံခြုံရေး အရေး ကြီးသလို တစ်ဖက်ရန်သူတို့ ထိုးဖောက်ဝင်လာနိုင်၍ဆိုသော ရင်းနှီးစွာ ပြောဆိုမှုတို့ဖြင့် အစကတည်းက သွေးကွဲမှုလည်း မရှိခဲ့ပါလျှင် တောင်သူ လယ်သမားများဆိုသည် ရိုးသားကြ၏။ စေတနာ သဒ္ဓါ ဖြည့်ကြ၏။ ဗုဒ္ဓ ဘာသာ သက်ဝင်ယုံကြည်သူများဖြစ်သဖြင့် ထိုစစ်တန်းလျားများအား ဝိုင်း၍ ဝန်း၍တောင် ဆောက်လုပ်ပေးကြဦးမည် ဖြစ်၏။

ယခု ကြားနေရသည့် သတင်းတွေကား အဓမ္မသိမ်းယူသည်ဟုသာ ကြားရ၏။ မ-ဆ-လခေတ်တုန်းကဆိုလျှင် တာဝန်မကျေဟု အကြောင်း ပြချက်နှင့် လယ်သမားများကိုဖမ်း၍ ထောင်ထဲထည့်ပြီး ထိုလယ်မြေများကို ပါတီကောင်စီ လူကြီးတွေက သိမ်းယူပြီး သီးစားချပြီး ကိုယ်ပိုင်အကျိုးစီးပွား လုပ်စားခဲ့ကြ၏။ ဤသည်များကိုကြည့်လျှင် မြို့နယ်အသီးသီး မြန်မာပြည် အနှံ့ လုပ်ပိုင်ခွင့်နှင့် အာဏာအလွဲသုံးစားလုပ်၍ လွန်ခဲ့သောနှစ် ၅ဝ မှ ယနေ့အထိ ရှိနေတုန်း။ ပြည်သူများကို အကြောက်တရားများဖြစ်အောင် လက်တွေ့နှိပ်ကွပ်ပြပြီး အနိုင်ကျင့်ခွင့်တို့အား ခေါင်းဆောင်လုပ်သူတို့သည် ခွင့်ပြုခဲ့၏။ ထိုသို့နှင့် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့ အစည်း များ အဆင့်ဆင့် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူလူထု လူတန်းစားပေါင်းစုံ တို့သည် သွေးကွဲစေအောင် ဖန်တီးခဲ့ကြခြင်းပင် ဖြစ်သည်။ တကယ်တော့ ကျန်အဖြစ်များသည် ပြည်သူက ပြည်သူများကို အနိုင်ကျင့်နေကြခြင်းပဲ ဖြစ်သည်။ အမည်ကင်ပွန်းတပ်ထားသည်က တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ် ရေးအဖွဲ့ ဟူ၍။ သို့သော် ထိုအဖွဲ့အစည်းများသည် နိုင်ငံတော်ကို အုပ်ချုပ် သည့် အစိုးရ၏ ဖွဲ့စည်းပေးထားသော အဖွဲ့ အစည်းဝင် ပြည်သူများပင် ဖြစ်၏။ ထိုသို့ ပြည်သူနှင့်ပြည်သူ သွေးကွဲကြရသည်မှာ ကောင်းသောကိစ္စ မဟုတ်။ “နွားကွဲကျားကိုက်”ဆိုသော စကားလည်းရှိ၏။ ထို့ကြောင့် တပ် မတော်ဖြစ်စေ၊ ရဲတပ်ဖွဲ့ ဖြစ်စေ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသကြီး မှစ၍ နိုင်ငံတော် အကြီးအကဲနှင့် လွှတ်တော်ကိုယ်စားလှယ်များပါ ငါတို့လည်း ပြည်သူတွေပဲ။ ပြည်သူတင်မြှောက် စီမံဆောင်ရွက်ခွင့်နှင့် လုပ်ပိုင် ပြောဆိုခွင့်ရနေသည်ဟူသော အမြင်မျိုးပဲ ရှိနေသင့်၏။ တပ်မတော်ကိုယ် စားလှယ်များသည် ဥပဒေမူကြမ်းရေးဆွဲခဲ့သော ခေါင်းဆောင်၏ အစီအမံ နှင့် ပြည်သူကြိုက်သည်၊ မကြိုက်သည်မလိုဘဲ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်၌ ဖြစ်တည်ခဲ့သော သမိုင်းစဉ်အဟောင်းကို စဉ်းစားပါ။ တပ်မတော်နှင့် ပြည်သူ ဘယ်သူက သွေးကွဲစေခဲ့သည်လဲ၊ ဘာကြောင့် သွေးကွဲခဲ့သည်လဲ။ မှန်ကန်စွာ သုံးသပ်ကြရမည်ဖြစ်သည်။ နောက် ပြည်သူ့ သား၊ သမီးသည် တပ်မတော်ထဲရောက်သည်နှင့် ပြည်သူ့သား၊ သမီးဆိုသည်ကို ဖျောက်ဖျက် ၍ရသည်မှာ မဟုတ်လေတော့။ ပြည်သူ့သား၊ သမီးသည် ပြည်သူပဲဖြစ်၏။ ထိုသို့ အမှန်တရားကို မြင်လာပါမူ ပြည်သူနှင့် ပြည်သူသည် အနိုင်ကျင့်မှု၊ မတရားမှုတွေ ပပျောက်လာမည် ဖြစ်သည်။ ဤကား စာနာစိတ်ဝင်ခြင်းပင်။

သို့ဆိုလျှင် “ပြည်သူ့ လွှတ်တော်”ဟု ကမ္ပည်းတင်ထားသော ပြည်သူ့ လွှတ်တော်ထဲ၌ ပြည်သူ့ကိုယ်စားလှယ်များသည် တာဝန်ကျေစွာ ပြည်သူများဘဝ ဖြစ်ပျက်ခံစားရမှုအတွက် တင်ပြခြင်းသည် တာဝန်သော ဆောင်ရွက်မှုဖြစ်သဖြင့် အဖွဲ့ အစည်းစွဲ၊ ပုဂ္ဂိုလ်စွဲတို့ ခွာချထားပြီး တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းတို့ဖြင့် အမှန်တရားကို ဖော်ကျူး၍ ရှေ့ခရီးတွင် မမှန်တရားတို့ ကင်းရှင်းစွာ လျှောက်လှမ်းနိုင်သော တကယ့် ပြည်သူ့လွှတ်တော်ကြီးဖြစ်၍ ဒီမိုကရေစီအာရုံသည် လွတ်လပ်စွာ ပွင့်လင်း ရှင်းသန့်လာချေမည်ဟု စဉ်းစားကြည့်မိသလို တင်ပြလိုက်ရပါသတည်း။