Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အရှင်သုမင်္ဂလ(စစ်ကိုင်း) - စံပယ်သုံးကုံး

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type

ဟန်လင်းမိတ်ဆက်

(၁)

ရှေးဟောင်းရာဇဝင်များအကြောင်းကို ပြောဆိုဆွေးနွေးကြရာ၌ အယူအဆ အမျိုးမျိုး၊ ကြားဖူးနားဝ အဖုံဖုံပေမို့ “သူ့ဟာက အမှား၊ ငါ့ဟာက အမှန်” စသည်ဖြင့် မိုးမဆုံးမြေမဆုံး ငြင်းလို့မဆုံးဖြစ်ရတတ်သည်။ အငြင်းအခုံ ကိစ္စများ ပါလာလေ့ရှိသောကြောင့် “တုတ်ထမ်း၊ ဓားထမ်းပြီး ပြောကြရ သည်” ဆိုသော အဆိုတစ်ရပ်ပင် ပေါ်ခဲ့ဖူးသည်။

“တုတ်ထမ်းပြီး မငြင်းကြနဲ့၊ ပေါက်ပြားထမ်းပြီးငြင်းကြ” ဟု ဆရာကြီး ဦးဖေမောင်တင်က အမိန့်ရှိခဲ့ဖူးသည်။ မြေသားအတွင်းမှ တူးဖော်တွေ့ရှိသော ကျောက်စာချပ်၊ရုပ်တုလက်ပြတ်၊ အုတ်ကျိုးအုတ်ပဲ့နှင့် စဉ့်အိုးကွဲစသည်တို့ကသာ ရာဇဝင်ဆိုင်ရာ အချက်အလက်တို့ကို အတိကျဆုံး ပြောနိုင်၊ အဆုံးအဖြတ်ပေးနိုင်လိမ့်မည်ဟု ဆိုလိုကြောင်းနားလည်ရပါသည်။

(၂)

တိမ်မြုပ်ပျောက်ကွယ်လေပြီးသော ရှေးဟောင်းမြို့တော်ကြီးများ၏ သမိုင်းကြောင်းအမှန်ကို ဆန်းစစ်ရာ၌ တူးဖော်တွေ့ရှိမှုအသစ်များက ကြီးစွာသော အထောက်အပံ့ကို ဖြစ်စေသည်။ ထိုအချက်အလက်များကို ကြည့်၍ အဆင့်ဆင့် တိုးတက်လာသော လူ့သမိုင်းကြောင်းကို ခြေရာခံနိုင်သည်။ ရှေးဟောင်းမြို့ပြများ တည်ရှိခဲ့ဖူးကြောင်း သက်သေထူနိုင်သည့် ရှေးခေတ်လူသားအသုံးအဆောင် ပစ္စည်းများကို တူးဖော်တွေ့ရှိရာ အရပ်ဒေသ၊ သို့မဟုတ်၊ နှစ်ထောင်ပေါင်းများစွာက ရှေးခေတ်လူသားတို့ တည်ထောင်ခဲ့ သည့်အတိုင်း မူလလက်ရာ မပျက်ယွင်းဘဲ ကြွင်းကျန်ရစ်သည့် ဘာသာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးများရှိရာ အရပ်ဒေသတို့သည် ကမ္ဘာလုံးဆိုင်ရာ သုတေသနပညာရှင်တို့၏ ဉာဏ်ကျက်စားရာ ကွင်းကြီး တစ်ခုပမာ ဖြစ်ခဲ့ရသည်။

ထိုအရပ်ထိုဒေသသည် ထိုတစ်နိုင်ငံတည်းနှင့်သာ သက်ဆိုင်သည် ဟုမဆိုသာ။ လူ့သမိုင်းကြောင်းတိုးတက်မှုဖြစ်စဉ်နှင့် ဆက်နွယ်ပတ်သက် လေရကား လူသားအားလုံးနှင့် သက်ဆိုင်ရာရောက်သည်။ လူသားအားလုံးနှင့် ဆိုင်သည့် အဖိုးတန်သမိုင်းအချက်အလက်တို့ ဖြစ်ရတော့သည်။ သို့ရကား၊ ထိုအရပ် ထိုဒေသတို့ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း၍ တလေးတစား ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်း ဖြစ်ပါ၏။

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ပြုလုပ်သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံက မြန်မာနိုင်ငံရှိ ရှေးဟောင်း ပျူမြို့ကြီး သုံးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် အသိအမှတ် ပြုခဲ့ပြီးဖြစ်သည်။ ထိုမြို့ဟောင်း သုံးမြို့သည်ကား မကွေးတိုင်း၊ တောင်တွင်း ကြီးမြို့နယ်အတွင်းရှိ “ဗိဿနိုးမြို့ဟောင်း၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ “ဟန်လင်းမြို့ဟောင်း” နှင့်၊ ပဲခူးတိုင်း၊ ပြည်မှော်ဇာအရပ်ရှိ “သရေခေတ္တရာ မြို့ဟောင်း” တို့ဖြစ်သည်။

(၃)

အဆိုပါ ပျူမြို့တော်ဟောင်း သုံးမြို့တို့တွင် မိမိ ပထမဆုံးရောက်ခဲ့ ဖူးသည့် မြို့ဟောင်းက “ဟန်လင်း”ဖြစ်သည်။ လွန်ခဲ့သည့် အနှစ် ၃ဝ ကျော် ကာလက မုဆိုးခြုံရွာသို့ အလည်အပတ်ရောက်ခဲ့စဉ် ဒေသခံမိသားစုက မိမိတို့ ဦးဇင်းငယ် သုံးပါးကို ဟန်လင်းမြို့ဟောင်းသို့ လိုက်ပို့သည်။ နွားလှည်းဖြင့်သွားခဲ့ရသော ထိုခရီးကို စိတ်ထဲမှတ်မိနေသည်။ ဟန်လင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ နေ့ဆွမ်းစားခဲ့ရသည်။ ထိုအခေါက်က ရေပူ ရေအေးတွင်းကလေးများကို တွေ့ခဲ့ရသည်။ နောက်တစ်ခုက၊ မြို့ရိုးဟောင်းဟုဆိုသည့် ယာခင်းအစပ်မှ အုတ်ခုံရိုးကြီးများ။

ထိုအချိန်အထိ ဟန်လင်းက မိမိစိတ်ထဲ စူးစူးနစ်နစ် ရောက်မလာ သေး။ ပြောကြစတမ်းဆိုလျှင် “” ဆိုသော ဝေါဟာရကို ကြားဖူးနားဝ ရှိခဲ့သော်လည်း “ဟန်လင်း” ကိုတော့ ထိုအချိန်ရောက်မှ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ထို့နောက်၊ ဆရာကြီးရွှေဥဒေါင်း၏ ပထမံဆရာသိန်း”ကို ဖတ်ရ သည်။ ဟန်လင်း၏ နဂါးကျစ်အိုင်ကြီးများ အကြောင်းကို အံ့သြထိတ်လန့် ဖွယ်ရာ ဖတ်ရှုရသည်။ ဆရာနိုင်ဝင်းဆွေ၏ မဟူရာမေတ္တာကို ဖတ်မိချိန်၌ ဗိဿနိုးမြို့ဟောင်း၊ ရန်ပယ်ချောင်းနှင့် ပန်ထွာဘုရင်မတို့ကို တွေ့လိုက်ရ ပြန်သည်။ ပျူမြို့တော်ဟောင်း နောက်တစ်ခု၏ လွှမ်းမိုးမှုကို နောက်တစ်ကြိမ် ကြုံတွေ့ လိုက်ရခြင်းဟု ဆိုနိုင်သည်။ သို့ဖြင့် မိမိ၏စိတ်၌ ရှေးဟောင်း မြို့တော်ကြီးများကို စိတ်ဝင်စားမှုက တစ်စတစ်စ မြင့်တက်လာခဲ့ပုံရသည်။

ပြီးခဲ့သည့်နှစ်က သရေခေတ္တရာကို ရောက်သည်။ ပျူမြို့တော် ဟောင်းတစ်ခုပင်ဖြစ်သော သရေခေတ္တရာက ပြည်မြို့အနီး၌တည်ရှိသည်။ ငယ်စဉ်က မိမိရောက်ခဲ့ဖူးသော ပျူမြို့ဟောင်း ဟန်လင်းထက် သရေခေတ္တရာ က ပိုမိုလင်းလက်တောက်ပ၏ဟု ထင်သည်။ ပြတိုက်ရှိသည်။ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များရှိသည်။ စေတီပုထိုးတို့တွင် ရှေးအကျဆုံးဟု ဆိုနိုင် သည့် “ဘောဘောကြီး” စေတီတော်ကို ဖူးခဲ့ရသည်။ ရှေးဟောင်း မြို့တော်ကြီး ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်သွားရသလိုမျိုး ခံစားမှုအသစ်ကိုလည်း ရခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဟန်လင်းမြို့ဟောင်းသို့ ဒုတိယ အခေါက် ရောက်ဖြစ်သည်။ ယခင်ကနှင့်စာလျှင် လမ်းပန်းဆက်သွယ်ရေး ကလည်း ပိုမိုကောင်းမွန်ခဲ့ပြီ ဖြစ်သည်။ ဟန်လင်း၌ လျှပ်စစ်မီးလည်းရနေပြီ။ ပြတိုက်အသစ်ကိုလည်း တွေ့ရသည်။ မိမိတို့ရောက်သွားချိန်၌ ပြတိုက်က ပိတ်သွားပြီမို့ ပြတိုက်တွင်း၌ ဘာတွေရှိသည် မမြင်တွေ့ခဲ့ရ။ ဂူသင်္ချိုင်းကိုကား ဝင်ရောက်လေ့လာခွင့်ရခဲ့သည်။ ဟန်လင်း၏အုတ်ခုံရိုးများ၊ စေတီအဟောင်း များ၊ ကုက္ကိုပင်အိုကြီးများ၊ ထန်းပင်၊ လျှားစောင်းပင်များကိုငေးရင်း တစ်ခါက ခမ်းနားထည်ဝါခဲ့သည့် မြို့တော်ကြီးကို စိတ်မှန်းဖြင့် ပုံဖော်မြင်ယောင်မိသည်။

(၄)

ရွှေဘိုသွား မန္တလေးကားလမ်းမကြီး၏ ညာဘက်ခြမ်း၌ ဟန်လင်း လမ်းခွဲရှိသည်။ စိုင်နိုင်ကွေ့ လမ်းခွဲမှ ဟန်လင်းသို့ ၁၁ မိုင်ကျော်မျှ ခရီး ဝေးသည်။ မူးနှင့် ဧရာဝတီမြစ်အကြား အရှေ့အနောက် ၂၇ မိုင်ရှိသည်။ မူးမြစ်မှ ဟန်လင်းလယ်ယာများသို့ ရေပေးသည်။ မြစ်နှစ်သွယ်လုံး နှစ်ပေါင်း ရာထောင်အတွင်း အကြိမ်ကြိမ် ရေကြောင်း ပြောင်းလဲခဲ့၍ ရေကန်များ၊ အင်းများအဖြစ် ကျန်ရစ်သည်ဟုဆိုသည်။

ဟန်လင်းမြို့ဟောင်းနေရာမှ အိုးခြမ်းကွဲ အပုံကြီးတို့ကို တူးဖော် တွေ့ရှိခဲ့သည်။ အောက်ဆုံးအလွှာ မီးသွေး၏ ရေဒီယိုဓာတ်ကြွနှုန်း တိုင်းတာမှု များအရ လွန်ခဲ့သောနှစ်ပေါင်း (၄၅၀၀) ကပင် ထိုဒေသ၌ လူသားတို့နေထိုင်ခဲ့ကြောင်း၊ ဧရာမအိုးခြမ်းကွဲအပုံကြီး တစ်ဒါဇင်ကျော်က ဟန်လင်းဒေသ တစ်က်တွင် ရှေးလူတို့ အဆက်မပြတ် နေထိုင်ခဲ့ကြောင်း သက်သေခံပစ္စည်းများ ဖြစ်၏ဟု ဆိုသည်။ ဟန်လင်းသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ဟူသော ခေတ်အားလုံးကို ဖြတ်သန်းခဲ့သည့် အရပ်ဒေသဖြစ်၏ဟုလည်း ပညာရှင်တို့က ဆိုပါသည်။

ဟန်လင်း၏ဖြစ်တည်မှုက အိန္ဒိယနှင့်ဆက်စပ်မှုရှိခဲ့သည်။ မူလ မြို့တော်အမည်က “ဟံသာနဂရ” ဖြစ်သည်။ မဟာသမ္မတမင်းကြီး၏ သားတော်လတ် “ကရဘော်” မင်းသားသည် ထိုဒေသသို့ ရောက်ရှိလာပြီး နောက် “ဟန်လင်းရွှေပြည်” ကို တည်ထောင်မင်းပြုကြောင်း၊ ဟန်လင်း၌ မင်းပြုခဲ့သောမင်းတို့ အရေအတွက်အားဖြင့် (၉၆)ပါးအထိရှိကြောင်း၊ (၇၉၉-ပါးဟုလည်း အဆိုတစ်မျိုးရှိသည်။) နောက်ဆုံးမင်းသည် ပျူစောထီး” အမည်ရကြောင်း သမိုင်းကျမ်းစာတို့က ဆိုသည်။

ရာဇာဓိရာဇ်မင်းကြီးနှင့် မိဖုရားခေါင်ကြီးစောယုနွယ်တို့မှ ပျူစောထီး၊ ပြူစောထီး” အမည်ရသည့် သားတော်နှစ်ပါးဖွားမြင်သည်။ မင်း၊ ပြုံးမင်းဟုခေါ်ကြသည်။ ခမည်းတော်ကြီးလွန်ချိန်၌ နောင်တော် ပျူမင်းက ဘုရင်ဖြစ်ပြီး ညီတော်ပြုံးမင်းက အိမ်ရှေ့မင်းဖြစ်ခဲ့သည်။ ညီတော် ပြုံးမင်း တစ်ခါပြုံးလိုက်တိုင်း ကောင်းကင်ယံမှ ရတနာမိုးများ ရွာသွန်းဖြိုး၏ဟု ဆိုသည်။ ထိုသတင်းကိုကြားသော် တရုတ်ပြည် ဥတည်မင်းက သံစေလွှတ်၍ စုံစမ်းခဲ့သည်။ ပျူမင်းက ညီလာခံသို့ အရောက်လာရန် ပြုံးမင်းကိုခေါ်သည် တွင် ညီတော်ပြုံးမင်းအနေဖြင့် မပြုံးနိုင်မရယ်နိုင်အနေအထားဖြင့် ကြုံနေခိုက် ဖြစ်၍ အတန်တန်ငြင်းခဲ့သည်။ ထိုအဖြစ်ကို အထင်လွဲခဲ့သော နောင်တော်က ညီတော်ပြုံးမင်းကို ကွပ်မျက်ခဲ့သည်။

ပြုံးမင်း၏သားတော်ငယ် စောတိဿလည်း နေပြည်တော်ကို စွန့်ခွာကာ ရှင်တိဿအမည်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။ ကာလအတန်ကြာသော်၊ ဘကြီးတော်ပျူမင်းကို တရားဒေသနာဟောပြောရန် ဟန်လင်း နေပြည်သို့ ရှင်တိဿကြွရောက်လာခဲ့သည်။ “ထီးနန်းလုရန် လာသည်”ဟုအထင်တော်လွဲသည့် ဘကြီးတော် ပျူမင်းက ရှားမီးဖို၌တင်၍ ကွပ်မျက်ခဲ့သော်လည်း ရှင်တိဿက မသေ။ ဈာန်အဘိညာဉ်ယာဉ်စီးကာကောင်းကင်ခရီးဖြင့် ပျံကြွလွတ်မြောက်သွားသည်။ ထိုအကုသိုလ်အကျိုး ဆက်ကြောင့် သဲမိုးရွာပြီး ဟန်လင်းမြို့ကြီး ပျောက်ကွယ်ခဲ့ရ၏ဟု “ဟန်လင်းရာဇဝင်တော်ချုပ်”၌ ဆိုသည်။

ဟန်လင်းမြို့တော်ဟောင်းသည် ခရစ်နှစ် ရှစ်ရာစုနှင့်ကိုးရာစုကြား ကာလတွင် မီးလောင်၍ ရုတ်တရက်ပျက်စီးခဲ့ရဟန်တူသည်။ သမိုင်းထွက် စကားတို့၌ ပြာပူမိုးရွာခြင်းကြောင့်ဟု ဆိုသည်။ ရန်သူတိုက်ခိုက်ခံရခြင်းကြောင့်ဟု အဆိုမရှိ။ ပြင်ပမှ ရန်သူဝင်ရောက်တိုက်ခိုက်ကြောင်း ပြဆိုနိုင် သည့် မြေလွှာအထောက်အထား တစ်စုံတစ်ရာကိုလည်း မတွေ့ခဲ့လေရကား ရန်သူတိုက်ခိုက်ခြင်းကြောင့် လောင်သောမီးဟု မဆိုနိုင်ကြောင်း၊ မီးလောင်ပြီး သည့်နောက် မြို့ကို အသစ်တစ်ဖန် ပြန်လည်ထူထောင်ခြင်း လက္ခဏာ မတွေ့ရကြောင်း၊ ဦးမြင့်အောင်၏ “ဟန်လင်း မြို့ဟောင်း” စာတမ်း၌ ဆိုသည်။ ဘော့ဟတ်ဆန်၏ ရေဒီယိုဓာတ်ကြွမီးသွေးဖြင့် စမ်းသပ်ချက်အရ ပြာပူမိုးလည်းမရွာ၊ စစ်ပွဲကြီးလည်း မဖြစ်ခဲ့ကြောင်း ဆရာဝန်တင်မောင်ကြည် (မန္တလေး) ၏ “ဟန်လင်း” စာအုပ်၌ ဆိုထားသည်။

(၅)

ဟန်လင်းမင်းဆက်၌ ဉာဏ်ပညာထက်မြက်ပြီး ဘုန်းမီးနေလ တောက်ပခဲ့သည့် ဘုရင်မတစ်ပါး ရှိခဲ့သည်။ ဟန်လင်း၏ ၅၃ ဆက်မြောက် ထီးနန်းစိုးစံသူ ထိုဘုရင်မသည် “ရှင်ဆင်းမောက်” ဟု အမည်ရသည်။ ပျူ ၁၂ ပြည်ထောင်ကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည့် ဘုရင်မတစ်ပါးအဖြစ် ရာဇဝင်၌ ထင်ရှားသည်။ အဆိုပါ ၁၂ ပြည်ထောင်သည်ကား ဟန်လင်း၊ ငမန္တာ၊ အစီရီ၊ မော်ဇာ၊ အေလာ၊ မော၊ မိုးနဲ၊ ပန်းတောင်း၊ ကျောက်ကရီး၊ တိမ်မယ်(ပဲခူး)၊ ပိလင်း (ပင်လယ်) နှင့် တနင်္သာရီတို့ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်က ထင်ရှားခဲ့သည့် မွန်ဘုရင်မ “ရှင်စောပု”ထက် ဟန်လင်းဘုရင်မ ရှင်ဆင်းမောက်က ရှေးကျကြောင်း၊ ထို့ကြောင့် သူမသည်သာ မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်မဖြစ်ကြောင်း “ဟန်လင်း မဟာရာဇဝင်တော်ချုပ်” က ဆိုသည်။

ပျူဒင်္ဂါးများကို ဟန်လင်းသားတို့က “ကိုးမြို့ဒင်္ဂါး” ဟု ခေါ်လေ့ရှိ ကြသည်။ မြို့ရံရှစ်မြို့နှင့် ဟန်လင်းကိုပါ ပေါင်းပြီးကိုးမြို့ဟု ခေါ်ကြခြင်းဖြစ် ကြောင်း မှတ်သားရသည်။ အဆိုပါ မြို့ရံရှစ်မြို့သည်ကား “မြို့လှ၊ ကိုးပင်၊ ကျောက်မြောင်း၊ ရှားကွဲ၊ ရှိန်းမကား၊ ဆင်းကွတ်၊ လှထွေနှင့် မင်းကျီ” တို့ဖြစ်သည်။

Daily Eleven (20-2-2016)

( အကိုးအကား - ဟန်လင်း ရာဇဝင်တော်ချုပ်(ဦးသင်းမောင်၊မန္တလေး၊စီးပွားရေးမြင့်ဦး)

- ဟန်လင်း (ဆရာဝန်တင်မောင်ကြည်) - ဟန်လင်းမြို့ဟောင်း (ဦးမြင့်အောင်)