အရှင်ဆန္ဒာဓိက - လိုတရနှလုံးသား
လိုတရနှလုံးသား
လိုတရနှလုံးသားဆိုတော့ လိုတိုင်းတ၊ တတိုင်းရနိုင်တဲ့ နှလုံးသားပေါ့။ လိုအင်ဆန္ဒ တောင့်တမှုမှန်သမျှ ပြည့်ဝစေနိုင်တဲ့ နှလုံးသားကို လိုတရနှလုံးသားလို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် လိုသမျှရစေနိုင်တဲ့ နှလုံးသား၊ တသမျှရစေနိုင်တဲ့ နှလုံးသားကို လိုတရနှလုံးသားလို့ ခေါ်ပါ တယ်။
လိုသမျှ ရတာနဲ့ တသမျှ ရတာ မတူပါဘူး။ လိုသမျှ ရတယ် ဆိုတာကတော့ လိုအပ်ချက်တွေ အားလုံး ပြည့်စုံတာကို ပြောတာ ဖြစ်ပါ တယ်။ တသမျှ ရတယ် ဆိုတာကတော့ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝတာ ကို ပြောတာ ဖြစ်ပါတယ်။ ။
လိုအင်ဆန္ဒနဲ့ လိုအပ်ချက်နဲ့ မတူပါဘူး။ လိုအင်ဆန္ဒဆိုတာက တော့ ကိုယ်လိုချင်တဲ့ အရာတစ်ခုခုကို အတိအကျ ရည်ရွယ်ပြီးတော့ စိတ်က တောင့်တလာတဲ့အရာမျိုးကို ခေါ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကအတိအကျ ရွေးချယ်သတ်မှတ်ထားပြီးသား ရှိနေတယ်။
လိုအပ်ချက်ဆိုတာကတော့ ကိုယ့်အနေနဲ့ ဘာလေးလိုချင်တယ် လို့ တောင့်တမှုတော့ မရှိပါဘူး။ တမင်ရည်ရွယ်ပြီးတော့ တောင့်တတာ မျိုး မရှိပေမယ့် ကိုယ့်ဘဝအတွက်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကိစ္စတွေ အတွက် သူရှိလို့ရှိရင် ပြည့်စုံသွားစေနိုင်တဲ့၊ သူရှိလို့ရှိရင် ပိုပြီး အဆင်ပြေ သွားစေနိုင်တဲ့ အရာတွေကို လိုအပ်ချက်လို့ ခေါ်ပါတယ်။ တမင်တကာ ရည်ရွယ် တောင့်တခြင်းမျိုးတော့ မရှိပါဘူး။
အရာဝတ္ထု သီးခြားသတ်မှတ်ပြီးသားကို လိုချင်စိတ်နဲ့ တမင် ရည်ရွယ်တောင့်တတာက လိုအင်ဆန္ဒ၊ အရာဝတ္ထုလည်း သီးခြားသတ်မှတ်ပြီးသားမရှိ၊ တမင်ရည်ရွယ်တောင့်တတာမျိုးလည်းမရှိတဲ့ ပြည့်စုံသင့် ပြည့်စုံထိုက်တဲ့ အရာက လိုအပ်ချက်။
လိုတရ နှလုံးသားဆိုတာ အဲဒီလို တမင်ရည်ရွယ်ပြီးတော့ တောင့်တတဲ့ လိုအင်ဆန္ဒတွေကိုလည်း ပြည့်ဝစေနိုင်တဲ့ နှလုံးသား ဖြစ်ပါ တယ်။ တမင်မရည်ရွယ်သော်လည်းပဲ မိမိဘဝအတွက် ပြည့်စုံသင့် ပြည့်စုံ ထိုက်တဲ့ လိုအပ်ချက်တွေကိုလည်း ပြည့်စုံစေနိုင်တဲ့ နှလုံးသားဖြစ်ပါ တယ်။ လိုအင်ဆန္ဒရော၊ လိုအပ်ချက်ရော ပြည့်ဝစေနိုင်တဲ့ နှလုံးသား၊ ရရှိစေနိုင်တဲ့ နှလုံးသားကို လိုတရနှလုံးသား လို့ခေါ်ပါတယ်။
လိုသမျှ ရစေနိုင်တဲ့ နှလုံးသား၊ တသမျှ ရစေနိုင်တဲ့ နှလုံးသား ကို လူသားတိုင်း၊ လူသားတိုင်း လိုချင်ကြမှာပါပဲ။ လိုတရတယ်ဆိုမှတော့ ဘာမှမလိုတော့ဘူး။ အားလုံးပြည့်စုံနေပြီပေါ့။
ဘယ်လိုနှလုံးသားမျိုးဟာ လိုတရနှလုံးသားလဲဆိုတာ သိပြီဆို ရင်တော့ အဲဒီနှလုံးသားမျိုးဖြစ်အောင် ကိုယ့်နှလုံးသားကို ထုဆစ်ဖို့၊ တည်ဆောက်ဖို့၊ ဖန်တီးဖို့တော့ လိုအပ်တာပေါ့။ ဘယ်လို နှလုံးသားမျိုးဟာ လိုတရ နှလုံးသားလဲဆိုတာတော့ သိပါရဲ့။ အဲဒီလို လိုတရနှလုံး သား ဖြစ်အောင် မတည်ဆောက်ဘူးဆိုရင်တော့လည်း လိုတရတဲ့ အခြေ အနေမျိုးကို ရောက်ရှိမှာ မဟုတ်ဘူး။
လိုတရနှလုံးသား လို့ ဆိုပေမယ့် တကယ် အတိအကျကတော့ လိုတရစိတ်ကို ပြောတာပါပဲ၊ လိုသမျှ ရစေနိုင်တဲ့စိတ်၊ တသမျှ ရစေနိုင် တဲ့ စိတ်၊ လိုတမှန်သမျှ ရစေနိုင်တဲ့စိတ်ကို လိုတရစိတ်လို့ ခေါ်ပါတယ်။
စိတ်ဆိုတာက နှလုံးသားမှာ တည်နေတဲ့အတွက်ကြောင့် တည် ရာဖြစ်တဲ့ နှလုံးသားရဲ့ နာမည်ကိုပဲ တည်တတ်တဲ့ စိတ်အပေါ်မှာ တင် စားပြီးတော့ လိုတရနှလုံးသားလို့ ပြောတာ ဖြစ်ပါတယ်။ အရင်းအမြစ် အတိအကျကတော့ လိုတရစိတ်ပါပဲ။ စိတ်ရဲ့ တည်ရာနဲ့ တင်စားပြီးတော့ လိုတရနှလုံးသားလို့ ပြောထားခြင်း ဖြစ်ပါတယ်။ ။
ဘယ်လို စိတ်မျိုးဟာ လိုသမျှ၊ တသမျှ ရစေနိုင်တဲ့ စွမ်းရည် သတ္တိတွေနဲ့ ပြည့်ဝနေသလဲဆိုတာ သိသင့် သိထိုက်ပါတယ်။
အဲဒီတော့ လိုတရနှလုံးသားကတော့ အဓိပ္ပာယ်တွေ အမျိုးမျိုး ဖွင့်လို့ရတာပေါ့။ ကိုယ်အားသန်ရာပေါ့လေ။ သီလရှိရင် စိတ်ရဲ့ တောင့် တမှုမှန်သမျှ ပြည့်စုံနိုင်တယ် ဆိုတဲ့ ဘုရားအဆုံးအမနဲ့ကြည့်ရင် လိုတရ နှလုံးသားဆိုတာ 'သီလနှလုံးသား ပေါ့။ မကျိုး၊ မပေါက်၊ မပြောက်၊ မကျား၊ ဖြူစင်သန့်ရှင်းနေတဲ့ သီလနဲ့ ထုံမွမ်းထားတဲ့ နှလုံးသားဟာ လိုတရနှလုံးသားပါပဲ။
ကိလေသာကင်းရင် စိတ်ရဲ့ တောင့်တမှုမှန်သမျှ ပြည့်စုံနိုင် တယ်” ဆိုတဲ့ ဘုရားအဆုံးအမနဲ့ ကြည့်ရင် လိုတရနှလုံးသား ဆိုတာ ကိလေသာကင်းတဲ့နှလုံးသား၊ ကိလေသာမဲ့နှလုံးသားပေါ့။ စိတ်ရဲ့ အပူ ဓာတ်၊ အညစ်ဓာတ်ကို ကိလေသာလို့ ခေါ်တာဖြစ်တဲ့အတွက် အပူမဲ့နှလုံးသာ၊ အညစ်မဲ့နှလုံးသားဟာ လိုတရနှလုံးသားပါပဲ။ ငြိမ်းအေး နှလုံးသား၊ ဖြူစင်နှလုံးသားဟာ လိုတရနှလုံးသားပါပဲ။
ဘယ်ဘာဝနာမဆို စိတ်ကို အပူကင်းပြီး ငြိမ်းအေးစေ၊ အညစ် ကင်းပြီး ဖြူစင်စေတာချည်းမို့ ဘာဝနာတစ်ခုခုနဲ့ ထုံမွမ်းထားတဲ့ 'ဘာဝနာနှလုံးသား မှန်သမျှ လိုတရနှလုံးသားတွေချည်းပါ။ 'အာနာပါန နှလုံးသား' လည်း လိုတရနှလုံးသား၊ 'မေတ္တာနှလုံးသား” လည်း လိုတရ နှလုံးသား၊ 'သတိပဋ္ဌာန်နှလုံးသား' လည်း လိုတရနှလုံးသားပါပဲ။
ဒီနေ့တရားကတော့ ဘုရားထီးတင်ပွဲကို အကြောင်းပြုပြီး ဟောတဲ့ တရားမို့လို့ တခြားနှလုံးသားတွေအကြောင်း မပြောတော့ဘဲ ဘုရားနဲ့ ပတ်သက်တဲ့နှလုံးသားအကြောင်းပဲ ပြောပြပါမယ်။
လိုတရနှလုံးသားဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်နဲ့ ထုံမွမ်းထားတဲ့ နှလုံးသားပါပဲ။ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်း ဟူသော ရေကြည်၊ ရေသန့် ၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ လိုတရ နှလုံးသား ဖြစ်ပါတယ်။ တစ်နည်းပြောရင်တော့ “ဂုဏ်တော်နှလုံးသား'ဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။ စာသံပေသံနဲ့ပြောရင်တော့ 'ဗုဒ္ဓါနုဿတိနှလုံးသား'ဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။
ဒါကလည်းပဲ လိုရာဆွဲပြီး ပြောခြင်း မဟုတ်ပါဘူး။ မြတ်စွာ ဘုရားရှင် ကိုယ်တော်တိုင် နှုတ်တော်ကနေ တိုက်ရိုက်ဟောကြားထားတဲ့ ကားအတိုင်း ပြောတာ ဖြစ်ပါတယ်။
ဘာဆဟိ ဗုဒ္ဓါနုဿတိ ဘာဝနာနမနုတ္တရံ။ ဣမံ သတိ ဘာဝယိတွာ၊ ပူရယိဿတိ မာနသံ။ “ချစ်သား ချစ်သမီးတို့၊ သမထကမ္မဋ္ဌာန်းတွေထဲမှာ အမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများကြပါ။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ကို ပွားများကြမယ်ဆိုရင် သင်တို့ရဲ့ စိတ်ကြံစည်မှု မှန်သမျှ ပြည့်ဝလာပါ လိမ့်မယ်”လို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် တိုက်ရိုက် ဟောကြား ထားတာ ဖြစ်ပါတယ်။
'ဗုဒ္ဓါနုဿတိနဲ့ ထုံမွမ်းထားတဲ့ ချစ်သား၊ ချစ်သမီးတို့ရဲ့ နှလုံး သားဟာ လိုတရနှလုံးသားပါပဲ'လို့ဆိုလိုပါတယ်။ ပူရယိဿတိ မာနသံ" ဆိုတဲ့ ပါဠိကိုပဲ ခေါင်းစဉ်ယူပြီးတော့ လိုတရနှလုံးသားလို့ နာမည်ပေး ထားခြင်း ဖြစ်ပါတယ်။ အဆန်းထွင်ပြီးတော့ နာမည်ပေးထားခြင်း မဟုတ်ပါဘူး။
ဗုဒ္ဓါနုဿတိပွားရင် လိုတရတယ်ဆိုပေမယ့် ကိုယ့်ရဲ့ လိုတဟာ ကိုယ့်ရဲ့ ဘဝအခြေအနေနဲ့ ကိုက်ညီတဲ့ လိုတ၊ သဘာဝကျတဲ့ လိုတ၊ အဓိပ္ပာယ်ရှိတဲ့ လိုတတော့ ဖြစ်ဖို့အရေးကြီးပါတယ်။ သဘာဝမကျတဲ့ လိုတ၊ အဓိပ္ပာယ်မရှိတဲ့ လိုတတွေကို ဗုဒ္ဓါနုဿတိနှလုံးသားက ရအောင် ဖြည့်ဆည်းပေးမှာ မဟုတ်ပါဘူး။
'ကံ၊ ဉာဏ်၊ ဝီရိယ' သုံးမျိုးပြည့်စုံမှ လောကီလိုတတွေ ပြည့်စုံ နိုင်တာမို့ လောကီလိုတတွေ ရချင်ရင် ဗုဒ္ဓါနုဿတိနဲ့ တစ်ဖက်က ကံကောင်းအောင် ကြိုးစားရင်း တစ်ဖက်ကလည်း ဉာဏ်ဝီရိယနဲ့လုပ်သင့် လုပ်ထိုက်တဲ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်နေရမှာပေါ့။
"ဝိပဿနာဉာဏ် ရင့်သန်မှ လောကုတ္တရာလိုတတွေ ပြည့်စုံ နိုင်တာမို့ လောကုတ္တရာလိုတတွေ ရချင်ရင် ဗုဒ္ဓါနုဿတိနဲ့ တစ်ဖက်က စိတ်ကြည်လင်အောင်၊ စိတ်ငြိမ်းအေးအောင် ကြိုးစားရင်း တစ်ဖက်က လည်။ သတိပဋ္ဌာန်နည်းလမ်းအတိုင်း ဝိပဿနာအလုပ်တွေကို ဉာဏ်ရင့် သထက်ရင့်အောင် အားထုတ်နေရမှာပေါ့။
ဘေးကင်းချင်ရင်ဘေးကင်းသူကိုသတိရပါ
လောကမှာ လူအမျိုးမျိုး၊ နတ်အထွေထွေ ဆိုတာလိုပဲ သတ္တဝါ တွေမှာ လိုတဆိုတာက အမျိုးမျိုးရှိတယ်။ဟိုလူက ဟိုဟာလိုချင်တယ်၊ ဒီလူက ဒီဟာလိုချင်တယ်၊ တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့အရာတွေ မတူညီကြဘူး။ တူညီတာတွေလည်း ရှိရင်ရှိမယ်ပေါ့။ လူအရေ အတွက် များပြားသလို လိုတတွေကလည်း မရေမတွက်နိုင်အောင် များပြားနေပါတယ်။ အဲဒီလို များပြားနေတဲ့ လိုတတွေကို တူရာတူရာ စုပေါင်းလိုက်မယ်ဆိုရင်တော့ လိုတ သုံးမျိုးပဲ ရှိပါတယ်။
(၁) ဘေးရန်မှန်သမျှ ကင်းရှင်းချင်တဲ့ လိုတ၊
(၂) အခက်အခဲမှန်သမျှ ကျော်လွှားချင်တဲ့လိုတ၊
(၃) ကောင်းကျိုးချမ်းသာမှန်သမျှ ရရှိချင်တဲ့လိုတလို့ လိုတ သုံးမျိုးရှိပါတယ်။
အဲဒီ လိုတသုံးမျိုး ရစေနိုင်တဲ့ အကြောင်းအရာလေးတွေကိုလိုတတစ်မျိုးကို သာဓကတစ်မျိုးစီနဲ့ သက်ဆိုင်ရာ သဘောတရားလေး တွေ ထည့်သွင်းပြီးတော့ အတိုချုပ် ဦးဇင်းတို့ ပြောပြသွားပါမယ်။
ပထမဆုံး ဘေးရန်ကင်းရှင်းချင်တဲ့ လိုတအကြောင်း၊ ဘေးရန် ကင်းရှင်းချင်တဲ့ လိုတကို ရစေနိုင်တဲ့အကြောင်းကို ပြောကြရအောင်။ လူရယ်လို့ဖြစ်လာရင်တော့၊ လူပ် ဦးတည်ပြီးပြောတာမို့လို့ လူတွေကိုပဲ နာမ်စားသုံးခြင်း ဖြစ်ပါတယ်။ သတ္တဝါအားလုံး အတူတူပါပဲ။
လူရယ်လို့ ဖြစ်လာရင်တော့ ဘေးရန်ဆိုတာ အနည်းနဲ့အများ ရှိနေကြတာချည်းပါပဲ။ ဘေးရန်မှန်သမျှ လုံးဝ ကင်းရှင်းနေတဲ့သူရယ်လို့ မရှိပါဘူး။
ဘာလို့လဲဆိုတော့ သံသရာမှာ ကုသိုလ်တွေချည်းပဲ ပြုခဲ့ကြတာ မဟုတ်ဘူး၊ အကုသိုလ်တွေလည်း ပြုခဲ့ကြတယ်။ တချို့ အကုသိုလ်တွေ ဟာ ဝဋ်ကြွေးသဘောမျိုး သက်ရောက်စေနိုင်တဲ့ အကုသိုလ်တွေ။ ဒါကြောင့် မိမိရဲ့ အကုသိုလ်အားလျော်စွာ၊ ဝဋ်ကြွေးအားလျော်စွာ ဘေးရန် တွေဆိုတာလည်း ကြုံတွေ့နေရတယ်။
ကိုယ်တစ်ယောက်တည်းရဲ့ အကုသိုလ် ဝဋ်ကြွေးအားလျော်စွာ ကိုယ့်တစ်ယောက်တည်း ကြုံတွေ့ရတဲ့ ဘေးရန်တွေလည်းရှိသလို အများ ရဲ့ အကုသိုလ်ဝဋ်ကြွေးအားလျော်စွာ အများနဲ့ စုပေါင်းပြီးတော့ ကြုံတွေ့ရ တဲ့ ဘေးရန်တွေဆိုတာလည်း ရှိပါတယ်။
မိမိ ရောက်ရှိနေတဲ့ ခေတ်ကာလရဲ့ အခြေအနေ၊ အချိန်အခါ အဖြစ်အပျက်တွေကို မူတည်ပြီးတော့ အများနဲ့ စုပေါင်းပြီးတော့ ကြုံတွေ့ ရတဲ့ ဘေးရန်တွေဆိုတာလည်း ရှိတာပါပဲ။ ဥပမာအားဖြင့် မီးဘေးတို့၊ ရေဘေးတို့ပေါ့။
ကိုယ့်ရဲ့ အကုသိုလ်ကံကြောင့် ကိုယ်တစ်ယောက်တည်းဖြစ်တဲ့ဘေးရန်ပဲဖြစ်ဖြစ်၊ အများရဲ့ အကုသိုလ်ကံကြောင့် အများနဲ့အတူတူ အခြေ အနေ၊ အချိန်အခါအားလျော်စွာဖြစ်တဲ့ ဘေးရန်ပဲဖြစ်ဖြစ် ဘယ်ဘရန် ကိုမဆို လူသားအားလုံး မကြုံတွေ့ချင်ပါဘူး။ လူသားအားလုံးမှာ မိမိတို့ ကြုံတွေ့နေရတဲ့ ဘေးရန်ကနေ ကင်းရှင်းချင်ကြတဲ့ လိုတကတော့ ရှိကြ တာချည်းပါပဲ။
အဲဒီဘေးရန်တွေ ကင်းရှင်းချင်တဲ့ လိုတကိုလည်း ဗုဒ္ဓါနုဿတိ ကရစေနိုင်ပါတယ်။ ဘာကြောင့် ရစေနိုင်တာလဲဆိုတော့ မြတ်စွာဘုရား ရှင်ဟာ ဘေးရန်ကင်းနေတဲ့ပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ မိမိ အာရုံပြုနေတဲ့ မြတ်စွာဘုရားရှင်ဟာ ဘေးရန်မှန်သမျှ ကင်းငြိမ်းတော်မူတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက်ကြောင့် ဘေးရန်မှန်သမျှ ကင်းငြိမ်းတဲ့ မြတ်စွာဘုရားရှင်ကို အာရုံပြုတဲ့ ပုဂ္ဂိုလ်ရဲ့ဘဝမှာလည်း ဘေးရန်တွေ ကင်းရှင်းရပါတယ်။
မိမိ ပွားများလိုက်တဲ့ ဂုဏ်တော်က 'ဘေးရန်ခပ်သိမ်း ကင်းငြိမ်း တော်မူသော မြတ်စွာဘုရား”လို့ မြတ်စွာဘုရား ဘေးရန်ကင်းတဲ့ဂုဏ်ကို အာရုံပြုသည်ဖြစ်စေ၊ အာရုံမပြုသည်ဖြစ်စေ မိမိမှာ ဘေးရန်ကင်းနိုင်ပါ တယ်။
နှစ်သက်ရာ ဂုဏ်တော်၊ ဘယ်ဂုဏ်တော်ပဲ ပွားပွား၊ ဂုဏ်တော် ပွားနေတယ်ဆိုမှတော့ မြတ်စွာဘုရားရှင်ကို အာရုံပြုနေတာ ဖြစ်တဲ့ အတွက်၊ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားများနေတာ ဖြစ်တဲ့ အတွက် မိမိပွားများတဲ့ ဂုဏ်တော်ပိုင်ရှင် မြတ်စွာဘုရားရှင်ရဲ့ တခြား သော ဂုဏ်သတ္တိတွေလည်း ရရှိစေနိုင်ပါတယ်။
“ မိမိက 'ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား'လို့ မြတ်စွာဘုရား ဘေးရန်ကင်းတဲ့အကြောင်းတွေ ဆင်ခြင်နေတာ မဟုတ် ပေမယ့် မိမိပွားများနေတဲ့ မြတ်စွာဘုရားရှင်က ဘေးကင်း၊ ရန်ကင်း၊အန္တရာယ်ကင်းတဲ့ ဓာတ်တွေနဲ့လည်း ပြည့်စုံနေတာဖြစ်တော့ ဘေးကင်း၊ ရန်ကင်း၊ အန္တရာယ်ကင်းတဲ့ ဓာတ်တွေ ပြည့်စုံနေတဲ့ဘုရားကို အာရုံပြုတဲ့ မိမိမှာလည်းပဲ ဘေးရန်ကင်းရှင်းခြင်းဆိုတဲ့ အကျိုးတရားကောင်းကို ရရှိစေပါတယ်။
တရားနာပရိသတ်များသိကြတဲ့ ဓဇဂ္ဂသုတ္တန်ကို လှမ်းပြီးတော့ အာရုံပြုကြပေါ့ ၊ ပရိတ်ကြီး(၁၁)သုတ်မှာပါတဲ့ ဇဂ္ဂသုတ္တန်၊ ဓဇဂ္ဂသုတ် မှာ မြတ်စွာဘုရားရှင်က ဘယ်လိုဟောထားလဲဆိုတော့ သင်ချစ်သား ချစ်သမီးတို့၊ တောထဲမှာပဲဖြစ်ဖြစ်၊ သစ်ပင်ရင်း မှာပဲဖြစ်ဖြစ်၊ ဆိတ်ငြိမ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ နေထိုင်ပြီးတော့ တရား ဘာဝနာ အားထုတ်ကြလို့ ကြောက်ရွံ့တဲ့ စိတ်တွေများ ဖြစ်ပေါ်လာရင် ငါဘုရားရဲ့ ဂုဏ်တော်တွေ အာရုံပြုလိုက်ပါ။ ငါဘုရားရဲ့ ဂုဏ်တော်တွေ ပွားများလိုက်ပါး ငါဘုရားရဲ့ ဂုဏ်တော်တွေကို ပွားများလိုက်မယ်ဆိုရင် သင်ချစ်သားတို့မှာ ကြောက်ရွံ့ခြင်း ကင်းသွားပါလိမ့်မယ်"
သင်ချစ်သားတို့၊ ကြောက်ရွံ့တဲ့အခါမှာ ငါဘုရား ဂုဏ်တော် ပွားပါ။ ငါဘုရားဂုဏ်တော်ပွားရင် ကြောက်ရွံ့ခြင်း ကင်းသွားပါလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ ငါဘုရားရှင်ဟာ ကြောက်ရွံ့ခြင်း ကင်းတဲ့ ပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ'
သင်ချစ်သား၊ ချစ်သမီးတို့ ငါဘုရားကို သတိရပြီးတော့ ဂုဏ် ဘော်တွေကို ဒီလို ဒီလို ပွားလိုက်ကြပါလို့ ပြောတဲ့ အထဲမှာတော့ကြောက်ရွံ့ခြင်းကင်းတဲ့ဂုဏ်၊ ကြောက်ရွံ့ခြင်းကင်းတယ် ဆိုတဲ့ အဓိပ္ပာယ် မပါပါဘူး။ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ စတဲ့ဂုဏ်တော်တွေကို ပွားများဖို့ ညွှန်ကြားထားတာပါ။ သို့သော်လည်းပဲ “ဒီဂုဏ်တော်တွေ ပွားများနေရုံနဲ့ သင်ချစ်သားတို့မှာ ကြောက်ရွံ့ခြင်း ကင်းသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါဘုရားဟာ ကြောက်ရွံ့ခြင်းကင်းတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့ပဲ' ဆိုပြီး တော့ နောက်ပိုင်းမှာ အကြောင်းပြထားပါတယ်။ ကြောက်ရွံ့ခြင်း ကင်း တော်မူသော မြတ်စွာဘုရား” လို့ တိုက်ရိုက် မပွားပေမယ့် ဂုဏ်တော် တစ်ခုခု ပွားနေရင် ကြောက်ရွံ့ခြင်း ကင်းနိုင်တယ်လို့ ဆိုလိုပါတယ်။
ဒီတော့ ဘေးကင်းတဲ့အကြောင်းကို အာရုံပြုမှ ဘေးကင်းသွား တာ မဟုတ်ပါဘူး၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၊ မြတ်စွာဘုရားရဲ့ ဉာဏ်ပညာ ကြီးပုံတွေ အာရုံပြုနေလည်း ဘေးကင်းတာပါပဲ။
ကိုယ်အာရုံပြုနေတာကတော့ မြတ်စွာဘုရားရှင်ရဲ့ ဉာဏ်တော် ပါ။ ဉာဏ်တော်ကို အာရုံပြုပြီးတော့ ကြည်ညိုနေတာပါ။ ဉာဏ်တော်ကို အာရုံပြုလို့ ဉာဏ်ပဲ ကောင်းလိမ့်မယ်၊ ဉာဏ်ပဲကြီးလိမ့်မယ်လို့ မဟုတ်ပါ ဘူး။ ဉာဏ်တော်ကို ကြည်ညိုပြီး ဂုဏ်တော်ပွားများနေပေမယ့်လည်း ဘေးရန်ကင်းတဲ့ ကောင်းကျိုးကတော့ ရရှိစေနိုင်တာပါပဲ။
ဘာလို့လဲဆိုတော့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီး ဖွားပြီးတော့ ကြည်ညိုနေတဲ့ ဉာဏ်တော်ရှင် မြတ်စွာဘုရားက ဉာဏ်တော် ကောင်း ခြင်း၊ ဉာဏ်တော်ကြီးမားခြင်း ဆိုတဲ့ စွမ်းရည်သတ္တိ တစ်ခုတည်းသာ ပြည့်စုံနေတာမှ မဟုတ်ဘဲ။
ဉာဏ်တော်ကြီးမားခြင်း၊ သိစရာအားလုံးကို အကုန်အစင် အကြွင်းအကျန်မရှိ ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ခြင်းဆိုတဲ့ ဂုဏ်တော်နဲ့ ပြည့်စုံသလို မိမိတမင် မပွားများသော်လည်း မြတ်စွာဘုရား ရှင်ရဲ့ သန္တာန်မှာ ဘေးရန် မှန်သမျှ ကင်းရှင်းတဲ့ ဘေးကင်း၊ ရန်ကင်း၊ အန္တရာယ်ကင်း ဂုဏ်သတ္တိ၊ ဓာတ်သတ္တိ၊ စွမ်းရည်သတ္တိတွေနဲ့လည်း ပြည့် စုံနေပါတယ်။ ဒါကြောင့် ဘေးရန်ကင်းတဲ့ဂုဏ်ကို တမင်အာရုံ မပြု ပေမယ့် ဘေးရန်ကင်းခြင်းဆိုတဲ့ အကျိုးကို ရရှိစေနိုင်ပါတယ်။