အရှင်ဆန္ဒာဓိက - ဘ၀အဓိဌာန်
ဘဝအဓိဋ္ဌာန်
ဘဝလူ့ထံ ပြန်လွန်တော်မူခြင်း
ဒီနေ့ကျင်းပတဲ့ တရားပွဲက ဘဝနတ်ထံ ပျံလွန် တော်မူသွားတဲ့ ကျေးဇူးတော်ရှင် ကျမ်းပြုအကျော် မဟာ ဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ဘဝနတ်ထံ ပျံလွန်တော်မူ ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အဖြစ်နဲ့ ကျင်းပ တဲ့တရားပွဲ ဖြစ်ပါတယ်။
ဆရာတော်သံဃာတော်တွေ၊ ရဟန်းသာမဏေ တွေ ပျံလွန်တော်မူသွားတဲ့အခါမှာ သုံးနှုန်းနေကျ စကား လုံးအတိုင်း “ဘဝနတ်ထံ ပျံလွန်တော်မူတယ်” လို့ သုံးနှုန်းရ ပေမယ့် တကယ်တမ်းတော့ ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးဟာ ဘဝနတ်ထံ ပျံလွန်တော်မူတာ မဟုတ်လောက်ပါဘူး။ 'ဘဝလူ့ထံ ပျံလွန်တော်မူတာ' ပဲ ဖြစ် လောက်ပါတယ်။
“ဘဝထံ ပျံလွန်တော်မူတယ်”လို့ ကြားဖူးလား။ မကြားဖူးသေးဘူး။ အခု စ, ကြားဖူးတာပေါ့နော်။ လူ့ပြည် မှာ လူပြန်ဖြစ်တာကိုပဲ “ဘဝလူ့ထံ ပျံလွန်တော်မူတယ်”လို့ ဦးဇင်းက သုံးနှုန်းလိုက်တာပါ။
ဝေါဟာရအနေနဲ့ကတော့ မြန်မာမှုနယ်ပယ်မှာ ဆရာတော် သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားတယ်၊ သေဆုံးသွားတယ်ဆိုရင်ပေါ့လေ။ ဆရာတော် သံဃာတော် တစ်ပါးပါး၊ ရဟန်းပဲဖြစ်ဖြစ်၊ ကိုရင်ပဲဖြစ်ဖြစ်၊ ဆရာတော် ကြီးပဲဖြစ်ဖြစ် သေဆုံးသွားတယ်၊ ကွယ်လွန်သွားတယ်၊ အနိစ္စရောက်သွားတယ်ဆိုရင် ဘဝနတ်ထံ ပျံလွန်တော်မူသွား တယ်လို့ပဲ သုံးနှုန်းကြတာပါပဲ။ တကယ်ဘဝနတ်ထံ ပျံလွန် တော်မူမူ မမူမူပေါ့လေ။
တချို့လည်း ဘဝငရဲထံ လျှိုတော်မူတာလည်း မရှိဘူးလား။ ရှိတာပဲနော်။ ဒါပေမဲ့ ပြုံးတော်မူသည်ဖြစ်စေ၊ မမူသည်ဖြစ်စေ ဘဝနတ်ထံပျံလွန်တော်မူတယ်လို့ပဲ သုံးနှုန်း ရတာပါပဲ။
'သေခြင်းတရားသည် သူတော်ကောင်းတို့၏မိတ်ဆွေ” ဆိုတဲ့ တရားမှာ ပျံလွန်တော်မူတာနဲ့ ပတ်သက်လို့နှစ်မျိုးခွဲပြီးတော့ ပြောခဲ့ဖူးပါတယ်။ ပျံလွန်တော်မူတာနဲ့ ပြန်လွန်တော်မူတာပေါ့။ ရပင့်ပျံနဲ့ ယရစ်ပြန်။
ပြန်လွန်တော်မူတယ်ဆိုတာက .. သတ္တဝါတွေရဲ့ ကိုယ်ပိုင်အိမ်ဆိုတာက အပါယ်လေးဘုံ။ သေဆုံးပြီးတဲ့နောက် အပါယ်လေးဘုံရောက်သွားတယ်ဆိုရင်တော့ ပြန်လွန်တော်မူတယ်လို့ ခေါ်ပါတယ်။ အပါယ်လေးဘုံဆိုတဲ့ ကိုယ့်ကိုယ်ပိုင်အိမ်၊ ကိုယ့်မူလအိမ်ကို ပြန်သွားတာမို့လို့ ပြန် လွန်တော်မူတယ်လို့ ခေါ်ရတာပေါ့။
ရဟန်းတစ်ပါး သေပြီးတော့ သန်းဖြစ်သွားတာ ကြားဖူးကြမှာပေါ့။ ကိုယ်ဝတ်မယ်လို့ရည်စူးထားတဲ့ သင်္ကန်းလေးကို စွဲပြီးတော့ သန်းဖြစ်သွားတာ။ ဝိနည်းသိက္ခာပုဒ် လေးတစ်ခုမှာ သံသယဖြစ်ပြီးတော့ သေသွားလို့ နဂါးဖြစ် သွားတာလည်း ကြားဖူးကြမှာပါ။ နဂါးဖြစ်တယ်ဆိုရင်လည်း တိရစ္ဆာန်ဖြစ်သွားတာပဲ။ အဲဒါကျတော့ ပြန်လွန် တော်မူတယ်လို့ ခေါ်ရတာပေါ့။
ငှက်တွေ ပျံတယ်ဆိုရင် ပစောက်ရပင့်သေးသေး တင်ပျံတယ်လို့ သုံးနှုန်းပါတယ်။ ငှက်တွေ ပျံတယ်ဆိုတာ နိမ့်ရာကနေ မြင့်ရာကို တက်သွားတာမို့ ပျံတယ်လို့ ခေါ်ပါတယ်။
ဒီလူ့ဘဝကနေ သေဆုံးပြီးတော့ နတ်ပြည်ရောက်သွားတယ်၊ ဗြဟ္မာပြည် ရောက်သွားတယ်၊ နိဗ္ဗာန်ရောက် သွားတယ် ဆိုရင် ဒါအမြင့်ကို ပျံသွားတာမို့လို့ ပျံလွန်တော် မူတယ်လို့ ခေါ်ပါတယ်။
တကယ်လို့ သေဆုံးပြီးနောက် လူပြန်ဖြစ်တဲ့အခါ ဒီဘဝထက် အဆင့်မြင့်တဲ့လူ၊ ဒီဘဝထက် အထက်တန်းကျ တဲ့လူဖြစ်တယ်ဆိုရင်လည်း ပျံလွန်တော်မူတယ်လို့ ခေါ်ရ တာပါပဲ။
ဒါက ရဟန်းတော်တွေမှာမှ သုံးရတာ မဟုတ်ဘူး။ လောကဝေါဟာရအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သင်္ကန်း ဝတ်ထားတဲ့ ရဟန်းတော်တွေအတွက်ပဲ သုံးထားတဲ့ စကားလုံးပါ။ လူဝတ်ကြောင်အနေနဲ့ ကြည့်မယ်ဆိုရင်လည်း ပြန်လွန်တော်မူတာနဲ့၊ ပျံလွန်တော်မူတာရယ်လို့ နှစ်မျိုးမရှိဘူး လား။
လူဝတ်ကြောင်တွေလည်း သေဆုံးပြီးနောက် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(တစ္ဆေ၊ သရဲ)၊ အသူရကာယ်၊ အပါယ်လေး ဘုံ တစ်ဘုံဘုံ ရောက်သွားမယ်ဆိုရင် ကိုယ့်အိမ်ကို ပြန်တာ မို့လို့ “ပြန်လွန်တော်မူတယ်" လို့ ခေါ်ပါတယ်။ နတ်ပြည်၊ ဗြဟ္မာပြည် ရောက်သွားတယ်၊ လူပြန်ဖြစ်ရင်လည်း ဒီဘဝထက် အဆင့်မြင့်တဲ့ လူပြန်ဖြစ်တယ်ဆိုရင်တော့ မြင့်ရာကိုပျံတက်သွားတာမို့ “ပျံလွန်တော်မူတယ်” လို့ ခေါ်ပါတယ်။အခု တရားနာပရိသတ်များက ပြန်ချင်တာလား၊ ပျံချင်တာလား။ ပျံချင်တာ။ အဲဒါဆိုရင်တော့ တောင်ပံပါအောင် ကြိုးစားလိုက်ပေါ့။ “တောင်ပံပါရင် မင်းဆီကို” ပျံလို့ မရဘူးလား။ ရတယ်နော်။
တစ်နည်းအားဖြင့် ... ပျံလွန်တော်မူတယ်ဆို တာ ပစောက်ယရစ် နှငယ်သတ်(ပြန်)ကနေ ပစောက်ရပင့် သေးသေးတင် (ပျံ) သတ်ပုံပြောင်းသွားတဲ့သဘောလည်းပဲ ယူလို့ရပါတယ်။ ဆရာတော်သံဃာတော်တွေ ဆိုတာက အများအားဖြင့် ဗြဟ္မာပြည်က လာကြတာလို့ ဒီလိုဆိုတာ ကိုးနော်။
ဗြဟ္မာပြည်က လာတဲ့သူတွေဟာ၊ တစ်နည်းအား ဖြင့် ဗြဟ္မာဝင်စားလူသားတွေဟာ အိမ်ထောင်သားမွေး အလုပ်ကို စိတ်မဝင်စားဘူး။ အိမ်ရာတည်ထောင် လူ့ ဘောင်မှာနေပြီးတော့ လောကီအာရုံ ကာမဂုဏ်တွေနဲ့ မွေ့လျော်ပျော်ပါးနေရတာကို စိတ်မဝင်စားဘဲ တရားဓမ္မ အလုပ်၊ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းအလုပ် တွေနဲ့ပဲ မွေ့လျော်ပျော်ပိုက်နေတယ်။
ဗြဟ္မာဝင်စား လူသားတွေဟာ ဘုန်းကြီးဝတ်ရင်ဝတ်၊ မဝတ်ရင် လူပျိုကြီးပဲလုပ်တယ်။ သီလရှင်ဝတ်ရင်ဝတ်၊ မဝတ်ရင် အပျိုကြီးပဲလုပ်တယ်။ အများအားဖြင့် ပြောတာပါ။ ဗြဟ္မာဝင်စားတိုင်း ဘုန်းကြီး၊ သီလရှင် မလုပ်သလို ဘုန်းကြီး၊ သီလရှင်တိုင်းလည်း ဗြဟ္မာဝင်စားတော့ မဟုတ်ပါဘူး။
ဘုန်းကြီးဆိုတာ များသောအားဖြင့် လူပျိုကြီးတွေပဲ များတာပါပဲနော်။ ကြီးမှဝတ်တဲ့ တောထွက်ဘုန်းကြီးတွေ လည်း ရှိတော့ ရှိတာပေါ့။ နည်းပါတယ်။ လူပျိုဘုန်းကြီးတွေပဲ များပါတယ်။ အခုတရားဟောနေတဲ့ဘုန်းကြီးကရော လူပျိုလား၊ လူအိုလား။ လူပျိုစစ်စစ်နော်။ ကမ္ဘာပေါ်မှာ ရည်းစားမထားဖူးတဲ့ပုဂ္ဂိုလ်တွေထဲမှာ ဦးဇင်းက ထိပ်ဆုံး နံပါတ်(၁) က ပါပါတယ်။
အိမ်ရာတည်ထောင်လူ့ဘောင်ကို စိတ်မဝင်စားတဲ့ သံဃာတော်တွေဟာ အများအားဖြင့် ဗြဟ္မာပြည်က လာကြတာ ... လို့ ဒီလို မြတ်မြတ်နိုးနိုး သုံးနှုန်းကြတာပေါ့။
တကယ့်ဗြဟ္မာပြည်က လာတာ မဟုတ်ဘူးပဲ ထားပါဦး၊ ကာမဂုဏ်စိတ် ခေါင်းပါးတာ၊ သို့မဟုတ် ကာမဂုဏ် စိတ်ကို ထိန်းချုပ်နိုင်တာကိုက ဗြဟ္မာပြည်က လာတာနဲ့ သဘောချင်းတူနေတဲ့အတွက် ဗြဟ္မာပြည်က လာတာလို့ တင်စားပြီး ပြောလို့ ရပါတယ်။
ဗြဟ္မာပြည်မှာက ဈာန်ချမ်းသာနဲ့ပဲ နေကြတာဆိုတော့ ကာမရာဂစိတ် လုံးဝမရှိပါဘူး။ ဗြဟ္မာပြည်ကနေလူ့ပြည်ရောက်လာတော့လည်း ဗြဟ္မာပြည်က ကာမရာဂ စိတ်ကင်းတဲ့ အရှိန်လေး ပါလာတဲ့အတွက် ကာမရာဂစိတ် လုံးဝ မကင်းတောင် အတော့်ကို အားနည်းပါတယ်။ ပန်းသေပန်းညှိုးဖြစ်နေလို့ အားနည်းတာမျိုး မဟုတ်ဘူးနော်။
ဈာန်ချမ်းသာကို နှစ်ပေါင်းများစွာ၊ ကမ္ဘာပေါင်း များစွာ ခံစားလာခဲ့တာဆိုတော့ ကာမဂုဏ်ချမ်းသာကို ချမ်း သာစာရင်းထဲတောင် မထည့်တော့ပါဘူး၊ သာယာစရာလို့ လည်း လုံးဝ မထင်တော့ပါဘူး။ အိမ်ထောင်သားမွေး အလုပ်ကို အလိုလိုနေရင်း စက်ဆုပ်ရွံရှာနေတတ်ပါတယ်။
လူ့ဘဝမှာ ရဟန်းဘဝနဲ့ သာသနာ့အလုပ်တွေ လုပ်တယ်။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရာလွတ် မြောက်ကြောင်းအလုပ်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်တယ်။ သမထကမ္မဋ္ဌာန်းလည်း တွဲအားထုတ်တယ်ဆိုရင်တော့ ဈာန်လည်း ရမှာပေါ့၊ အဲဒီဈာန်မလျှော့ဘဲနဲ့ သေ သွားတယ်ဆိုရင်တော့ ဗြဟ္မာပြည်ကိုပဲ ပြန်ရတယ်။ ဒါ့ ကြောင့် ကိုယ်လာခဲ့တဲ့ ဗြဟ္မာပြည်ကို ပြန်ရလို့မို့လို့ “ပြန်လွန် တော်မူတယ်” လို့ ဒီလို သုံးနှုန်းတာနော်။
အဲဒီကနေ သတ်ပုံအဆင့်ဆင့်ရွေ့လျောပြီးတော့ ပစောက်ရပင့် သေးသေးတင် (ပုံ) ဆိုပြီးတော့ ပြောင်းသွား တာပေါ့။ သတ်ပုံက (ပျံ) လို့ ပြောင်းသွားပေမယ့် အဓိပ္ပာယ်က ကိုယ်လာခဲ့တဲ့ ဗြဟ္မာပြည်ကို “ပြန်” တယ်လို့ပဲ ဆိုလိုပါ တယ်။ အဓိကကတော့ ဗြဟ္မာပြည်ပေါ့လေ။ ဗြဟ္မာပြည်လောက် မစွမ်းဘူးဆိုရင်လည်း နတ်ပြည်ကို ပျံပေါ့။ ဘုန်း ကြီးတွေက နတ်ပြည်၊ ဗြဟ္မာပြည်က လာတာ များတယ် နော်။
ဘယ်လိုပဲဖြစ်ဖြစ် လောကဝေါဟာရအရကတော့ ယဉ်ကျေးသိမ်မွေ့အောင် သူ့နေရာနဲ့သူ သုံးနှုန်းရတာပေါ့။ ရှင်ဘုရင်ကျတော့ နတ်ရွာစံတယ်၊ ကံတော်ကုန်တယ် စသည်အားဖြင့် ပြောကြတာပေါ့။ ရဟန်းသံဃာများကျတော့ဘဝနတ်ထံ ပျံလွန်တော်မူတယ်။ တချို့ကလည်း စကားလုံး ခံ့ခံ့ညားညားဖြစ်အောင်ဆိုပြီးတော့ “ဘဝနတ်ကျောင်း ရွှေ့ပြောင်းကျောင်းထိုင်တယ်” လို့ ဒီလိုလည်း ပြောကြပါတယ်။
နတ်ပြည်မှာ ကျောင်းသွားထိုင်တယ်ဆိုတာ နတ် ပြည်မှာ သူတော်ကောင်းနတ်သားအဖြစ်နဲ့၊ သာသနာပြု နတ်သားအဖြစ်နဲ့ သာသနာပြန့်ပွားရေးအလုပ်၊ တရားဓမ္မပြန့်ပွားရေးအလုပ်တွေ ဆက်လုပ်နေလိမ့်မယ်လို့ ဆိုလိုတာပါ။ ဘုန်းကြီးစိတ်ဓာတ်နဲ့ ဘုန်းကြီးအကျင့်စရိုက် နတ်ပြည်ထိ ပါသွားမှာကို ရည်ရွယ်ပြီး “ဘဝနတ်ကောင်း ရွှေ့ပြောင်းကျောင်းထိုင်တယ်” လို့ တင်စားပြီး ဂုဏ်ပြုပြောဆိုကြတာ ပေါ့လေ။ ပူဇော်တယ် ဆိုပါတော့။
ပျံလွန်တယ်ဆိုတဲ့စကားလုံးက အများသုံးမို့ အများ နဲ့မတူအောင် ကိုယ့်ဆရာသမားကျတော့ ဘဝနတ်ထံစံလွန်တော်မူတယ်လို့ ဒီလိုသုံးနှုန်းကြတာလည်း ရှိပါတယ်။ အခု ရွှေပြည်ဟိန်းတရားပွဲရဲ့ သတင်းစာကြော်ငြာမှာ ကြည့်လိုက်တော့ “ဘဝနတ်ထံ စံလွန်တော်မူတယ်” လို့ 'စံ' ဆိုတဲ့ စကား လုံးလေးကို သုံးနှုန်းထားတာ တွေ့ရတယ်။
ဘဝနတ်ထံ ပျံလွန်တော်မူတယ်လို့ အများက သုံ နှုန်းပေမယ့် ဆရာတော်ဘုရားကြီးကတော့ ဘဝလူ့ထံ ပျံ လွန်တော်မူလိမ့်မယ်လို့ ဦးဇင်းတို့ကတော့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာတော်ဘုရားကြီးက ဒီဘဝသေလွန် သွားရင် နောက်ဘဝလူပဲပြန်ဖြစ်ချင်တာတဲ့။ ဒါဆရာတော် ဘုရားကြီး နှုတ်တော်ကနေ အကြိမ်ပေါင်းများစွာ တိုက်ရိုက် မိန့်တော်မူခဲ့တာနော်။
ဆရာတော်ဘုရားကြီးကိုယ်တော်တိုင်ရေးတဲ့ တစ်ဘဝသံသရာစာအုပ်ထဲမှာလည်း ပါတာပဲ။ ဒီတရားပွဲဟော မယ်ဆိုတော့ ဆရာတော်ဘုရားကြီးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ စုံအောင် ကြည့်မလို့ပဲ ဒါပေမဲ့ တခြား အလုပ်တွေနဲ့ မအားတာနဲ့ တစ်အုပ်မှ ကြည့်ရဘူး ဖြစ်နေတယ်။
ဒီနေ့မနက်လည်း တစ်မနက်လုံး တခြားကိစ္စတွေ နဲ့ပဲ အချိန်ကုန်နေတယ်။ စာအုပ်ကိစ္စတွေ၊ တခြား သာသနာရေးကိစ္စတွေနဲ့ အချိန်က ကုန်သွားတော့ စာကဘာမှကို မကြည့်ဖြစ်ဘူး။ ဒါပေမဲ့ မှတ်မိနေပါတယ်။ တစ်ဘဝ သံသရာစာအုပ်ထဲမှာ ဆရာတော်ဘုရားကြီးကိုယ်တိုင် ရေးထား တာ ... “နောက်ဘဝ လူပြန်ဖြစ်ချင်တယ်” တဲ့။
လူတောင်မှ ဘယ်မှာ သွားဖြစ်ချင်သလဲဆိုတော့ အမေရိကားတို့၊ ဩစတြေးလျတို့မှာ သွားမဖြစ်ချင်ပါဘူး။ မြန်မာနိုင်ငံမှာပဲ လူဖြစ်ချင်တယ် တဲ့။ မြန်မာနိုင်ငံမှာတောင်မှ ရန်ကင်းမှာ လူမဖြစ်ချင်ပါဘူးတဲ့။ စစ်ကိုင်းတိုင်း မှာပဲ လူဖြစ်ချင်တာတဲ့။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက် လက်မြို့နယ်၊ သရိုင်ရွာ။ ဒီဘဝမှာ မွေးခဲ့တဲ့ရွာမှာပဲ လူပြန် ဖြစ်ချင်တာတဲ့။
ဆရာတော်ဘုရားကြီးက ... ရွှေဘိုနယ်ဘက်က သရိုင်ရွာသားကိုးနော်။ နောင်ဘဝ လူပြန်ဖြစ်ရင်လည်း အဲဒီသရိုင်ရွာမှာပဲ လူပြန်ဖြစ်ချင်ပါတယ်ဆိုတာကို ဆရာတော်ဘုရားကြီးကိုယ်တိုင်ရေးသားခဲ့တာ။ အပြင်မှာ အ လွတ်သဘော ဩဝါဒပေးတဲ့အခါမှာလည်း လူပြန်ဖြစ်ချင် တယ်လို့ မိန့်တော်မူပါတယ်။
လူပြန်ဖြစ်ပြီးတော့ ဒီဘဝ ကိုယ်ကိုယ်တိုင် ရေး ထားခဲ့တဲ့ တရားစာအုပ်တွေကို ကိုယ်ကိုယ်တိုင် ပြန်လေ့လာ ပြီးတော့ သာသနာပြုချင်ပါသေးတယ်တဲ့။ ဆရာတော်ဘုရားကြီးက မိန့်တော်မူလေ့ရှိပါတယ်။
တကယ်လို့များ ဆရာတော်ဘုရားကြီး လူဝင်စား ပြန်ဖြစ်တယ်ဆိုရင်တော့ ဆရာတော်ရဲ့ ဆန္ဒ ပြည့်ဝတယ်လို့ပြောရမှာပေါ့။ ဆရာတော်ဘုရားကြီးက ကိုယ်ကိုယ်တိုင် ရေးခဲ့တဲ့ ကျမ်းစာတွေကို ကိုယ်ကိုယ်တိုင် ပြန်ပြီးတော့ လေ့ လာချင်တယ်၊ သင်ယူချင်တယ်၊ ကျက်မှတ်ချင်တယ်။ ပြီး တော့ သာသနာပြန်ပြုချင်တယ်။
ဆရာတော်ဘုရားကြီး ဘာဖြစ်လို့ လူပြန်ဖြစ်ချင် ရတာလဲ၊ မိမိရေးခဲ့တဲ့ ကျမ်းစာအုပ်တွေ မိမိပြန်ဖတ်ပြီးတော့ ဘာဖြစ်လို့ သာသနာပြုချင်ရတာလဲ ဆိုတော့ ဆရာ တော်ဘုရားကြီးက ပါရမီကို တန်ဖိုးထားတယ်။ ပါရမီဖြည့် ချင်တယ်။ ဘုရားသာသနာရှိနေတဲ့အခိုက် သာသနာ့ဝန် ထမ်း ရဟန်းအဖြစ်နဲ့ပဲ ပါရမီဖြည့်ချင်တယ်။