Skip to product information
1 of 4

Other Websites

အရှင်ဆန္ဒာဓိက - ထူးမှထူး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အလုပ်ထူးမှ ဘဝထူးမယ် 

           'ထူးမှထူး’ ဆိုတဲ့ စကားရပ်က ပြောသူရဲ့ နှလုံးသွင်းပေါ် မူတည်ပြီးတော့ နားထောင်သူရဲ့ နှလုံးသွင်းပေါ် မူတည်ပြီးတော့ အဓိပ္ပာယ်အမျိုးမျိုး သက်ရောက်နိုင်ပါ တယ်။ အကြမ်းဖျင်းအားဖြင့်တော့ အဓိပ္ပာယ်နှစ်မျိုးပေါ့။

          ထူးမှထူးဆိုတဲ့ စကားအသွားအလာမျိုးကို ဦးဇင်း တို့ မွန်ပြည်နယ်မှာ အသုံးများလေ့ရှိပါတယ်။ အစား အသောက်လေးတစ်ခု စားလို့ကောင်းတယ်ဆိုရင် ဘယ်လို ပြောလဲ။ “ကောင်းမှကောင်း” တဲ့။

           ‘ကောင်းမှကောင်း’ ဆိုတာ သိပ်ကောင်းတယ်။ အရမ်းကောင်းတယ်၊ အလွန်တရာကောင်းတယ်၊ အင်မတန်ကောင်းတယ်၊ အကြီးအကျယ်ကောင်းတယ်၊ ရက်ရက် စက်စက်ကောင်းတယ်၊ ရှယ်ကောင်းတယ်၊ ဒီလိုဆိုလိုတာ ပေါ့။

          အနံ့အသက်တွေက သိပ်နံနေပြီဆိုရင် ဘယ်လို ပြောလဲ။ နံမှနံ။ ဒါ... မွန်ပြည်နယ်မှာ ပိုပြောကြတာပေါ့။ ရန်ကုန်မှာကတော့ အရမ်းနံတယ်လို့ပဲ ပြောကြပါတယ်။ အညာမှာဆိုရင်တော့ “နံချက်ကတော့ ရက်စက်တယ်” ပြောမှာပေါ့။

           အဲဒီတော့ ... သိပ်ကောင်းတယ်ဆိုရင် ကောင်းမှကောင်း၊ သိပ်နံတယ်ဆိုရင် နံမှနံ၊ သိပ်ဆိုးတယ်ဆိုရင် ဆိုးမှဆိုး။ သိပ်လှတယ်ဆိုရင် လှမှလှ၊ သိပ်များတယ်ဆိုရင် များမှများ၊ သိပ်နည်းတယ်ဆိုရင် နည်းမှနည်း၊ သိပ်ချစ် တယ်ဆိုရင် ချစ်မှချစ်၊ သိပ်မုန်းတယ်ဆိုရင် မုန်းမှမုန်း။

        "မှ'' ကို 'သိပ်” ဆိုတဲ့ အဓိပ္ပာယ်၊ “အရမ်း” ဆိုတဲ့ အဓိပ္ပာယ် ယူလိုက်တာပေါ့။ '' ရဲ့ ရှေ့နဲ့နောက်မှာပါတဲ့ စကားလုံး(ထပ်တူကြိယာပုဒ်)ကို ပိုပြီးလေးနက်သွားအောင်၊ ပိုပြီး ကြီးကျယ်သွားအောင် စံချိန်မြှင့်တင်လိုက်တာပါပဲ။

           အဲဒီတော့ ထူးမှထူးဆိုတာလည်း သိပ်ထူးတယ်၊ အရမ်း ထူးတယ်၊ အလွန်တရာ ထူးတယ်၊ အင်မတန် ထူး တယ်၊ အကြီးအကျယ် ထူးတယ်၊ ရက်ရက်စက်စက် ထူးတယ်၊ ရှယ်ထူးတယ် လို့ အဓိပ္ပာယ် ရပါတယ်။ ။

           ဦးဇင်းတို့ ရေနံချောင်းဘက်မှာကတော့ (ရေနံ ချောင်းက အညာမဟုတ်ဘူးနော်၊ မြေလတ်။) အရမ်းထူး တယ်ဆိုလို့ရှိရင် “ဟာ .. ထူးတာတော့ ရက်စက်တယ်၊ ထူးချက်ကတော့ ရက်စက်တယ်၊ ထူးလိုက်တာ ရက်စက်တယ်” စသည်အားဖြင့် ရက်စက်တယ်ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးပြီး အမွှန်းတင်ကြတယ်နော်။ ကောင်းတာဆို“အမွှန်း တင်' တယ်၊ ဆိုးတာဆို “အညွှန်းတင်' တယ်ပေါ့လေ။

          'ဟာ ... ထမင်းကလည်း စားလို့ကောင်းလိုက် တာ ရက်စက်တယ်”

         “ဘယ်သူတို့များ ချောချက်ကတော့ ရက်စက်တယ်"

         “သူ စာတော်တာကတော့ ရက်စက်တယ်"

         “သူတို့နှစ်ယောက်က ချစ်သလား မမေးနဲ့၊ ရက်စက်တယ်"

          “ရက်စက်တယ်' ဆိုတဲ့ စကားလုံးက အရမ်းချီး မွမ်းချင်ရင်လည်း ပါတာပဲ။ အရမ်းကဲ့ရဲ့ချင်ရင်လည်း ပါ တာပဲ။ အရမ်းချီးမွမ်းချင်ရင်လည်း “ရက်စက်တယ် အရမ်း ကဲ့ရဲ့ချင်ရင်လည်း “ရက်စက်တယ် ...။

         “သူသိပ်ရက်စက်တယ်” ဆိုတဲ့ စကားမျိုးထဲမှာပါတဲ့ “ရက်စက်တယ် ́နဲ့ မတူဘူးနော်။ မကြင်နာ စိမ်းကားတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ကိုယ်ချင်းမစာနာတာကို ရည်ညွှန်း တဲ့ 'ရက်စက်တယ်” နဲ့ ဘာမှမဆိုင်ဘူး။ သူ့ဒေသနဲ့သူ သုံး နှုန်းတဲ့ ဒေသသုံးစကားပါပဲ။ သူ့နေရာနဲ့သူ သုံးနှုန်းရမှာ ပေါ့။ဟို ရက်စက်တာနဲ့ ရောထွေးပြီး“အဓိပ္ပာယ်မရှိဘူး၊ နိမိတ်မကောင်းဘူး၊ မသုံးသင့်ဘူး” လို့ ပြဿနာမရှာပါနဲ့။ မဝေဖန်ပါနဲ့။ သူ့အဓိပ္ပာယ်နဲ့သူပဲနော်။ “မိုက်တယ်” ဆိုတဲ့ ခေတ်သုံးစကားလုံးတွေလည်း နည်းတူပါပဲ။ သူ့အဓိပ္ပာယ်နဲ့ သူ၊ သူ့ရည်ညွှန်းချက်နဲ့သူပါ။

          “မိုက်တယ်” ဆိုတာကို ... ကောင်းတဲ့အဓိပ္ပာယ် အတွက် သုံးတဲ့အခါမျိုးမှာ ရိုင်းတယ်လို့ သဘောမထားပါ နဲ့။ သူ့ခေတ်နဲ့သူ သုံးတာကို နားလည်ခံစားတတ်ဖို့ လိုပါ တယ်။ ပေါ့ပေါ့ပါးပါး ပြောလို့ရတဲ့ အခြေအနေမျိုးမှာ ပေါ့ ပေါ့ပါးပါးပဲ ပြောမှာပေါ့။ တစ်ခါတစ်ရံမှာ ခေတ်သုံးစကားနဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်မှ အဓိပ္ပာယ် ပိုပေါ်လွင်သွားတာ မျိုး၊ ရင်ထဲ ပိုရောက်သွားတာမျိုးလည်း ရှိပါတယ်။

           ဒါကြောင့် ထူးမှထူး ဆိုတာ အညာသံ၊ မြေလတ် သံနဲ့ပြောရင် ရက်ရက်စက်စက် ထူးတယ်ပေါ့။

          နောက်တစ်မျိုးအဓိပ္ပာယ်ကျတော့ ထူးမှထူးဆိုတာ “ထူးမှပဲ ထူးတယ်” လို့ ဆိုလိုပါတယ်။ ထူးမှပဲ ထူးတယ်၊ မထူးရင် မထူးဘူးပေါ့။ အကြောင်းထူးမှ အကျိုးထူးတယ်၊ အကျိုးထူးမှ အကြောင်းထူးတယ်၊ အကြောင်းထူးလို့ အကျိုး ထူးတယ်၊ အကျိုးထူးလို့ အကြောင်းထူးတယ် ဆိုတဲ့သဘော ပါပဲ။

          " မှ'' ကို “ကြောင့်" ဆိုတဲ့ အဓိပ္ပာယ်၊ 'လို့” ဆိုတဲ့ အဓိပ္ပာယ် ယူလိုက်တာပေါ့။ မှ' ရဲ့ ရှေ့နဲ့နောက်မှာပါတဲ့ စကားလုံးတွေဟာ အကြောင်းနဲ့အကျိုး၊ ဒါမှမဟုတ် အကျိုး နဲ့ အကြောင်းကို ညွှန်ပြနေပါတယ်။

          လောကနယ်ပယ်မှာရော၊ ဓမ္မနယ်ပယ်မှာပါ အကြောင်းနဲ့အကျိုး ဆက်နွယ်မှု၊ အကျိုးနဲ့အကြောင်း ယှက် သွယ်မှုတွေက မရေမတွက်နိုင်အောင် အများကြီးရှိတဲ့အ တွက် ဒီ “ထူးမှထူး’ ရဲ့ ဒုတိယအဓိပ္ပာယ်ကတော့ အရမ်းကို ကျယ်ပြန့်ပါတယ်။ အရမ်းကို အရေအတွက် များပါတယ်။ အကြောင်းအကျိုးနေရာမှာ ပုဂ္ဂိုလ်ကို ထားပြီး သူထူးမှ ကိုယ်ထူးတယ်၊ ကိုယ်ထူးမှ သူထူးတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ယူလို့ရသေးတယ်နော်။သူက ကိုယ့်အပေါ်မှာ ထူးထူးခြားခြား ကောင်း ထားမှ ကိုယ်ကလည်း သူအကူအညီလိုတဲ့အခါ ထူးထူး ခြားခြား ပြန်ကောင်းတယ်။ သူထူးမှ ကိုယ်ထူးတယ်ပေါ့။

         ကိုယ်က သူ့အပေါ်မှာ ထူးထူးခြားခြား ကောင်းထားမှ သူကလည်း ကိုယ်အကူအညီလိုတဲ့အခါ ထူးထူးခြား ခြား ပြန်ကောင်းတယ်။ ကိုယ်ထူးမှ သူထူးတယ်ပေါ့။အပြန်အလှန်သဘောပဲနော်။ “ထူးမှထူး’ ကို သူ ထူးမှ ကိုယ်ထူးတယ်လို့လည်း ယူလို့ရသလို ကိုယ်ထူးမှ သူ ထူးတယ်လို့လည်း ယူလို့ရပါတယ်။ နှစ်မျိုးလုံး ရတာပါပဲ။

          'မှ'ရဲ့ ရှေ့နောက်က အကြောင်းအကျိုးနေရာမှာ ပုဂ္ဂိုလ်နှစ်ယောက် မထားတော့ဘဲ တစ်ယောက်တည်း ထားလိုက်ရင်တော့ အဲဒီတစ်ယောက်တည်းရဲ့ သဘောတရားအကြောင်းနဲ့အကျိုး ဖြစ်သွားမှာပေါ့။ ကိုယ့်အကြောင်းနဲ့ ကိုယ့်အကျိုး၊ သူ့အကြောင်းနဲ့ သူ့အကျိုးပေါ့လေ။

         တခြားလူနဲ့ မနှိုင်းယှဉ်တော့ဘူး။ ကိုယ့်တစ် ယောက်တည်းပဲ။ ကိုယ်က ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်ချင်တယ်ဆို ရင် ထူးအောင် လုပ်ရတယ်။ ကိုယ့်ဘက်က ထူးမှ ထူးတယ် ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

         ထူးတဲ့အကြောင်းရှိမှ ထူးတဲ့အကျိုးရှိမယ်၊ အ ကြောင်းထူးမှ အကျိုးထူးတယ်လို့ ဆိုလိုပါတယ်။ “ထူးမှထူး မှာ ရှေ့ ‘ထူး’ က အကြောင်းထူးတာပါ။ နောက် “ထူး' က အကျိုးထူးတာပါ။

          ထူးမှထူး အကြောင်းထူးမှ အကျိုးထူးတယ်ကိုယ့်ဘက်က ထူးအောင်လုပ်မှ၊ ထူးအောင် ကြိုးစားမှ ထူး တဲ့ကောင်းကျိုးတွေ ရနိုင်တယ်၊ ထူးတဲ့ ချမ်းသာတွေ ခံစား နိုင်တယ်၊ စိတ်ဓာတ်ထူးမှ ဘဝထူးတယ်၊ အပြောအဆိုထူး မှ ဘဝထူးတယ်၊ လုပ်ရပ်ထူးမှ ဘဝထူးတယ်ဆိုတဲ့ အဓိပ္ပာယ်၊ စိတ်ဓာတ်နဲ့လုပ်ရပ် ထူးမှ ဘဝထူးကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ထူးဖြစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ကို အဓိကပြောချင် တာပါ။ “ထူးချင်ရင် ထူးအောင်လုပ်” ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ထူးမှထူးပါတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပေါ့။ ထူးမှထူး ထူးမှ ထူးပါတယ်။ -

         ဒီနေ့ ဦးဇင်းတို့ပြောမယ့် ‘ထူးမှထူး’ ရဲ့ အဓိပ္ပာယ် ကတော့ စိတ်ဓာတ်နဲ့လုပ်ရပ် ထူးမှ ဘဝထူးကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ထူး ဖြစ်နိုင်တယ်။ ထူးမှပဲ ထူးပါတယ်။ ထူးအောင် စိတ်ထားမှ၊ ထူးအောင် အလုပ်လုပ်မှပဲ ထူးတဲ့ပုဂ္ဂိုလ်၊ ထူးတဲ့ ဘဝပိုင်ရှင် ဖြစ်နိုင်ပါတယ်။

          ထူးမှထူး - ထူးမှပဲ ထူးပါတယ်။ စိတ်ဓာတ်နဲ့ လုပ်ရပ်ထူးမှ ဘဝနဲ့အကျိုးပေး ထူးပါတယ်။ စိတ်ဓာတ်နဲ့ လုပ်ရပ်ထူးမှ ... ဆိုတာက အကြောင်းတရားအားလုံးကို အကျဉ်းချုံးပြီး ပြောလိုက်တာပါ။ အသေးစိတ် ပြောမယ်ဆို ရင်တော့ အများကြီးပေါ့။ အသိဉာဏ်၊ အတွေးအခေါ်၊ အ ယူအဆ၊ ခံယူချက်၊ နှလုံးသွင်း၊ မိတ်ကောင်းဆွေကောင်း... စသည်အားဖြင့် ထူးရမယ့် အကြောင်းတရားတွေ အ များကြီး ပါဝင်ပါတယ်။

          စိတ်ဓာတ်နဲ့ လုပ်ရပ်ထူးလို့ ဘဝထူးကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ထူး ဖြစ်သွားတယ်ဆိုရင် “ဟာ ... ဒီပုဂ္ဂိုလ်ကတော့ ထူးမှထူးပဲ။ သိပ်ထူးတာပဲ၊ အရမ်းထူးတာပဲ၊ အလွန်တရာ ထူးတာပဲ၊ အင်မတန် ထူးတာပဲ၊ အကြီးအကျယ် ထူးတာပဲ၊ ရက်ရက်စက်စက် ထူးတာပဲ၊ ရှယ်ထူးတာပဲ” ဆိုတဲ့ အဓိပ္ပာယ်ကလည်း အလိုလို ပြည့်စုံသွားတာပါပဲနော်။

          'ထူးမှပဲ ထူးတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ပြောလိုက် ရင် “သိပ်ထူးတယ်” ဆိုတဲ့ အဓိပ္ပာယ်လည်း အလိုလိုပြောပြီးသား ဖြစ်သွားပါတယ်။ ဒါ့ကြောင့် ထူးမှပဲ ထူးတယ် ဆိုတဲ့ “ထူးမှထူး’ ကို နမူနာသဘောလောက် ပြောကြတာပေါ့။ နမူနာရရင် ချဲ့ထွင်စဉ်းစားလို့ ရပါပြီ၊ ချဲ့ထွင်ကျင့်သုံးလို့ ရပါပြီနော်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)