အရှင်ဆန္ဒာဓိက - ကိုယ့်စိတ်ကိုယ်စစ်
မရှိမဖြစ်မှန်
ပုံစံပြောင်းပြီး ပြန်ထုတ်လိုက်တဲ့ “ကိုယ့်စိတ်ကိုယ် စစ်' စာအုပ်ရဲ့ မျက်နှာဖုံးပန်းချီကို ကြည့်လိုက်ပါ။
“ကိုယ့်စိတ်ကိုယ်စစ်တယ်ဆိုတာ မှန်ကြည့်တာနဲ့ အတူတူပဲ” ဆိုတဲ့ အတွင်းပါစာသားတစ်ခုကို သရုပ်ဖော် ထားတာပါ။ ကြာပွင့်တစ်ပွင့် မှန်ကြည့်နေတဲ့ပုံပေါ့။ကြာပွင့်လေးက သူ့ကိုယ်သူ ကြာပွင့်ထင်ပြီး မှန် ကြည့်လိုက်တာ၊ မှန်ထဲမှာ ကြာဖူးဖြစ်နေတာကို တအံ့တဩ တွေ့လိုက်ရပါတယ်။
လူတွေလည်း ကိုယ့်စိတ်ကိုယ် ... ကြာပွင့်အဆင့် ရောက်နေပြီလို့ ထင်မှတ်နေပေမယ့် မြတ်ဗုဒ္ဓရဲ့ “တရားဓမ္မ မှန်” ထဲမှာ သေချာကြည့်လိုက်တော့မှ ကြာဖူးအဆင့်ပဲ ရှိနေသေးမှန်း အတိအကျ သိလိုက်ကြရပါတယ်။
ပုထုဇဉ်လူသား အများစုရဲ့ စိတ်ဟာ ကြာဖူး အဆင့်ပဲ ရှိတာပါ။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ် ကြာပွင့်အဆင့် ရှိနေပြီလို့ ထင်မှတ်နေကြသူ များပါတယ်။
စိတ်ရဲ့ အရည်အသွေးက အမျိုးမျိုးရှိတဲ့အတွက် စိတ်နှလုံးမှာ ဖူးပွင့်ခွင့်ရှိတဲ့ ကြာဖူး၊ ကြာပွင့်တွေကလည်း ပုံစံအမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ တချို့ စိတ်အရည်အသွေး က ကြာဖူးအဆင့်၊ တချို့ စိတ်အရည်အသွေးက ကြာပွင့် အဆင့်။ ကြာဖူးအဆင့်စိတ်လည်း အမျိုးမျိုး၊ ကြာပွင့်အဆင့် စိတ်လည်း အမျိုးမျိုးပေါ့။
လူတိုင်းအပေါ် တကယ် မေတ္တာမထားနိုင်သေးဘဲ နဲ့ ထားနိုင်ပြီ ထင်နေတာ၊ လူတိုင်းအပေါ် အကောင်းမမြင် နိုင်သေးဘဲနဲ့ မြင်နိုင်ပြီ ထင်နေတာ၊ လူတိုင်းအပေါ် သည်းခံ ခွင့်လွှတ်နိုင်စွမ်း မရှိသေးဘဲနဲ့ ရှိပြီထင်နေတာ၊ ... ဒါတွေဟာ ကိုယ့်စိတ်နဲ့ ကြာဖူးအဆင့်ကို ကြာပွင့်အဆင့် ထင်မှတ်နေတာပါပဲ။
“အခုတော့ ကျွန်တော်၊ ကျွန်မရဲ့ စိတ်တွေ ရင့် ကျက်နေပါပြီ” လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသူတွေရဲ့ စိတ်ဓာတ်မရင့်ကျက်မှု၊ သဘောထား သေးသိမ်မှု ပြယုဂ် တချို့ကို မျက်မြင်ဒိဋ္ဌ ကြုံတွေ့ရတိုင်း ကြာပွင့်လေးရဲ့ ကြာဖူးပုံရိပ်ကို သတိရပြီး သူများစိတ်ကို ကိုယ်စစ်ရာကနေ ကိုယ့်စိတ်ကိုယ် ပြန်စစ်မိအောင် ကြိုးစားကြရပါမယ်။
ပုထုဇဉ်တွေရဲ့ စိတ်ဆိုတာက ကောင်းချင်တဲ့သူ အပေါ် ကောင်းပြီး မကောင်းချင်တဲ့သူအပေါ် မကောင်း တတ်ပါဘူး ကောင်းချင်တဲ့ ကိစ္စအပေါ် ကောင်းပြီး မကောင်းချင်တဲ့ ကိစ္စအပေါ် မကောင်းတတ်ပါဘူး။ ပုဂ္ဂိုလ်တိုင်း၊ ကိစ္စတိုင်းအပေါ် တစ်သမတ်တည်း ကောင်းတဲ့သူ ဆိုတာ အင်မတန်ကို ရှားပါးပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ လူတိုင်းအပေါ် ကောင်းတယ်၊ ဖြစ်ရပ်တိုင်းအပေါ် ကောင်းတယ်လို့ ထင် မှတ်ပြီး အထင်ကြီးနေကြတာ များပါတယ်။ ဘယ်သူ့အပေါ် မကောင်းပါလား၊ ဘယ်ဖြစ်ရပ်မှာ မကောင်းပါလား လို့ထောက်ပြပြန်တော့လည်း “ဒါကတော့ ...”“ဒါကတော့ ...” လို့ ဆင်ခြေဆင်လက် တက်ပြီး ကိုယ့်ရဲ့ မကောင်း တဲ့ စိတ်သဘာဝကို ဖုံးဖိဟန်ဆောင်လိုက်ကြပြန်ပါရော။
အမြဲတမ်း မရင့်ကျက်သေးတဲ့စိတ်ကို အမြဲတမ်း ရင့်ကျက်ပြီလို့ ထင်မှတ်ပြီး ကိုယ့်စိတ်ရဲ့ မရင့်ကျက်သေးတဲ့ အပိုင်းကဏ္ဍလေးတွေကို မပြုပြင်ဘဲ ပစ်ထားလိုက်မယ်ဆို ရင်တော့ ကိုယ့်စိတ်ဟာ ကြာပွင့်တွေချည်း ပွင့်နေတဲ့စိတ်မျိုး မဖြစ်တော့ဘဲ ကြာဖူးတွေရော၊ ကြာပွင့်တွေရော ရောနှောနေတဲ့ စိတ်ပဲ ဖြစ်နေတော့မှာပါ။
စိတ်ရဲ့ ဘယ်သဘာဝဟာ မကောင်းတဲ့ သဘာဝလဲ၊ ဘယ်သဘာဝဟာ ကောင်းတဲ့သဘာဝလဲ ဆိုတာကို အမှားအယွင်းမရှိ အမှန်အတိုင်း သိနိုင်ဖို့ကတော့ မြတ်ဗုဒ္ဓ ရဲ့ “တရားဓမ္မမှန်' ကလွဲလို့ တခြားအားကိုးစရာ မရှိတော့ ပါဘူး။
သူတစ်ပါးအကျိုး ပျက်စီးအောင် ကြံစည်တဲ့စိတ်၊ မကောင်းမှု ဒုစရိုက် ပြုလုပ်ချင်တဲ့စိတ်ဟာ မကောင်းတဲ့စိတ် ပဲ၊ သူတစ်ပါးအကျိုး ပြည့်စုံအောင် ကြံစည်တဲ့စိတ်၊ ကောင်း မှုသုစရိုက် ပြုလုပ်ချင်တဲ့စိတ်၊ ပါရမီကုသိုလ် ဖြည့်ဆည်းချင် တဲ့စိတ်ဟာ ကောင်းတဲ့စိတ်ပဲ ... ဆိုတဲ့ အခြေခံ အကြမ်း ဖျင်းသဘောကိုတော့ လူတိုင်း သိကြပါတယ်။
ဒီထက် အဆင့်မြင့်တဲ့ စိတ်အရည်အသွေးကို လို လားတယ်ဆိုရင်တော့ စွဲလမ်းမှု လောဘ၊ အမျက်ထွက်မှု ဒေါသ၊ ဘဝင်မြင့်မှု မာန၊ မနာလိုမှု ဣဿာ၊ ဝန်တိုမှု မစ္ဆရိယ ... အစရှိတဲ့ ကိလေသာတွေနဲ့ ယှဉ်တွဲနေတဲ့စိတ် ကိုလည်း မကောင်းတဲ့စိတ်လို့ သိမြင်ပြီး ကိုယ့်သန္တာန်မှာ မဖြစ်အောင် ကြိုးစားပယ်သတ်ကြရပါမယ်။
တစ်ခါတစ်ရံမှ အထိမ်းအမှတ် တစ်ခုခုအနေနဲ့ ကုသိုလ်ပြုတာမျိုး မဟုတ်ဘဲ ... အမြဲမပြတ် ဝတ်ထားပြီးကုသိုလ်ပြုတာ၊ နေ့စဉ် အချိန်မှန်မှန် တရားအားထုတ်တာ၊ တွေ့သမျှအာရုံ ကြုံသမျှပုဂ္ဂိုလ်တိုင်းအပေါ် စိတ်ကောင်း နှလုံးကောင်းထားတာမျိုးတွေကိုလည်း ကောင်းတဲ့စိတ် အဖြစ်နဲ့ ကိုယ့်သန္တာန်မှာ ခိုင်ခိုင်မြဲမြဲ စွဲနေအောင် ကြိုးစား အားထုတ်ကြရပါမယ်။
“အဆင့်အမြင့်ဆုံး စိတ်အရည်အသွေးကို တည်ဆောက်ချင်တယ်ဆိုရင်တော့ လူမှုနယ်ပယ်မှာ ကိလေသာ လို့ မသတ်မှတ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ကိလေသာအနုစားလေးတွေကိုလည်း မကောင်းတဲ့ စိတ်လက္ခဏာလို့ သဘောပေါက်ပြီး ပယ်နိုင်သမျှ ပယ်နိုင်အောင်၊ နောက်ဆုံးလုံးဝ အမြစ်ပြတ်သွားအောင် ကြိုးစားကြရပါမယ်။
လူတိုင်းသိတဲ့ ကုသိုလ်ကောင်းမှု အထင်အရှားမျိုး ကိုသာ ပြုလုပ်တာ မဟုတ်ဘဲ နေ့စဉ်ဘဝထဲက လုပ်ရိုးလုပ် စဉ် အလုပ်တွေထဲကနေပါ ကုသိုလ်အနှစ် တွဲပါသွားအောင် ပြုလုပ်တာမျိုး၊ သတိ၊ မေတ္တာ အခြေခံတဲ့ ယောနိသော စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားပြီး အာရုံတိုင်း၊ ပုဂ္ဂိုလ် တိုင်းအပေါ် ကုသိုလ်ဖြစ်အောင် တုံ့ပြန်တာမျိုး၊ “နေ့စဉ်နည်း’ နဲ့သာမကဘဲ “နေစဉ်နည်း' နဲ့ပါ ကိုယ်အမူအရာ ဘာပဲပြုပြု ပြုနေစဉ်၊ စိတ်အခြေအနေ ဘာပဲဖြစ်ဖြစ် ဖြစ် နေစဉ်၊ နေစဉ်တိုင်း နေစဉ်တိုင်းမှာ သတိ၊ ဉာဏ် ရှေ့သွားပြုပြီး တရားအားထုတ်တာမျိုးလည်း ပြုလုပ်ကြရပါမယ်။
ဒုက္ကရစရိယာ ၆-နှစ်ကျင့်လို့ အသွေးအသားခန်းခြောက်နေရာက အစာအာဟာရပြန်လည်မှီဝဲလို့ အသွေး အသား ပြန်လည်ပြည့်ဖြိုးပြီး အသားအရေ စိုပြည်ဝါဝင်း ကြည်လင်တောက်ပလာတာကို “ဪ ... ဒီလောက် ညှိုးချုံးပိန်ကပ်နေတဲ့ ခန္ဓာကိုယ်တောင် အခုလို နဂိုအတိုင်း ပြန်ဖြစ်လာပါလား” လို့ စဉ်းစားမိလိုက်တာလေးကိုပဲ ဘုရား အလောင်းတော်က “ဒါ ကာမဝိတက်ပဲ” လို့ နှလုံးသွင်းပြီး ရှုမှတ်ပယ်သတ်တော်မူခဲ့ပါတယ်။
သမင်၊ ဒရယ် စတဲ့ သားကောင်တွေ၊ ဥဒေါင်း၊ တောကြက် စတဲ့ ကျေးငှက်သာရကာတွေ၊ ကြာဖြူ၊ ကြာနီ၊ ကြာမျိုးစုံနဲ့ ဝေဆာနေတဲ့ ရေအိုင်တွေ၊ စံပယ်၊ မြတ်လေး စတဲ့ ပန်းမျိုးစုံ ဖူးပွင့်နေတဲ့ တောအုပ်ခင်တန်းတွေ၊ ရေကြည် ကြည်, သဲသန့်သန့်လေးတွေနဲ့ လှပအေးချမ်းနေတဲ့ မြစ် ချောင်းတွေကို မြင်တွေ့ရလို့ “ဪ ... သားကောင်လေး တွေ၊ ကျေးငှက်လေးတွေနဲ့ သာယာလိုက်တာ၊ ရေအိုင်လေး တွေ၊ တောအုပ်လေးတွေနဲ့ တင့်တယ်လိုက်တာ၊ စမ်းချောင်း လေးတွေ၊ မြစ်ပြင်လေးတွေနဲ့ အေးချမ်းလိုက်တာ၊ တောထဲ တောင်ထဲ နေရတာ သိပ်ကြည်နူးဖို့ ကောင်းတာပဲ” လို့ တွေး တောမိလိုက်တာလေးကိုပဲ ဒီဘဝ ဘုရားအလောင်းတော်က“ဒါကာမဝိတက်ပဲ” လို့ နှလုံးသွင်းပြီး ရှုမှတ်ပယ်သတ်တော် မူခဲ့ပါတယ်။
မိုးသိပ်ရွာခြင်း၊ နေသိပ်ပူခြင်း၊ လေသိပ်အေးခြင်း ... စတဲ့ သဘာဝအခြေအနေဆိုးနဲ့ ကြုံတွေ့ရလို့ စိတ် အနှောင့်အယှက် နည်းနည်း ဖြစ်သွားတာကိုပဲ ဒီဘဝ ဘုရားအလောင်းတော်က “ဒါ ဗျာပါဒဝိတက်ပဲ” လို့ နှလုံးသွင်းပြီး ရှုမှတ်ပယ်သတ်တော်မူခဲ့ပါတယ်။
ခြင်္သေ့၊ ကျားစတဲ့ သားရဲကြီးတွေက သမင်၊ ဝက် စတဲ့ သားကောင်ငယ်တွေကို ညှဉ်းဆဲသတ်ဖြတ်နေတာ မြင်ရတဲ့အခါ၊ ကြောင်စတဲ့ သတ္တဝါတွေက ကြက်၊ ကြွက်စတဲ့ သတ္တဝါတွေကို ဖမ်းဆီးစားသောက်နေတာ တွေ့ရတဲ့အခါ တွေမှာ “... ဒီလောက် ဘေးကင်းတဲ့ တောထဲတောင်ထဲမှာတောင်မှ တိရစ္ဆာန်တွေမှာ ရန်သူကိုယ်စီ ရှိနေ ကြပါလား၊ အားကြီးတဲ့သတ္တဝါတွေက အားနည်းတဲ့ သတ္တဝါ တွေကို ညှဉ်းဆဲသတ်ဖြတ်နေကြတာပါလား” လို့ စဉ်းစား လိုက်မိတာလေးကိုပဲ ဒီဘဝ ဘုရားအလောင်းတော်က “ဒါ ဝိဟံသာဝိတက်ပဲ” လို့ နှလုံးသွင်းပြီး ရှုမှတ်ပယ်သတ် တော်မူခဲ့ပါတယ်။
ရွာထဲ ဆွမ်းခံထွက်ရင်း မင်းချင်းယောက်ျားတွေက အရပ်သားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ညှဉ်းပန်းနှိပ်စက်နေကြတာကို မြင်တွေ့ရလို့ “ ... လူတွေခမျာ ကုန် သွယ်၊ လယ်လုပ် စတဲ့ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ် ပြီး အေးအေးချမ်းချမ်း အသက်မွေးဝမ်းကျောင်းခွင့် မရကြ ပါလား” လို့ တွေးလိုက်မိတာလေးကိုပဲ ဒီဘဝ ဘုရားအလောင်းတော်က “ဒါ ဝိဟံသာဝိတက်ပဲ” လို့ နှလုံးသွင်းပြီး ရှုမှတ်ပယ်သတ်တော်မူခဲ့ပါတယ်။
ဘုရားမဖြစ်မီ ဒီဘဝရဲ့ တရားအားထုတ်နေစဉ် ကာလအတွင်း ဘုရားအလောင်းတော် အခုလို စဉ်းစားတွေးတောမိခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်သူကမှ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟံသာဝိတက်လို့ ထင်ကြမှာ မဟုတ် ပါဘူး။ ဒီအတွေးတွေကို လောဘအတွေး၊ ဒေါသအတွေးတွေလို့ ဘယ်သူကမှ သတ်မှတ်ကြမှာ မဟုတ်ပါဘူး။ ဘုရား အလောင်းတော်ကတော့ သတ်မှတ်တော်မူပြီး စွန့်ပယ်တော် မူခဲ့ပါတယ်။
ကိုယ့်စိတ်ကိုယ် အရည်အသွေး အကောင်းဆုံး ဖြစ်စေလိုသူတိုင်း ဘုရားအလောင်းတော်ရဲ့ “ကိုယ့်စိတ်ကိုယ် စစ်နည်း” ကို အတုယူကျင့်သုံးသင့်ပါတယ်။ သိမ်မွေ့နူးညံ့ လွန်းလှတဲ့ စိတ်အညစ်အကြေးလေးတွေကိုတောင် ကိုယ့် စိတ်မှာ အတင်မခံတဲ့ မြတ်ဗုဒ္ဓဟာ ဘယ်လောက်များ ကြည် ညိုစရာ ကောင်းလိုက်ပါသလဲ။စိတ်တစ်ခုကို ကောင်းတယ်၊ မကောင်းဘူး သတ် မှတ်တဲ့နေရာမှာ အများအားဖြင့် ကိုယ့်အထင်နဲ့ကိုယ် သတ် မှတ်နေကြတာ များပါတယ်။ အထင်ဟာ အထင်မျှသာဖြစ် တဲ့အတွက် စစ်မှန်တဲ့ စိတ်ကောင်းစိတ်မြတ်ကို ဘယ်လိုနည်း နဲ့မှ မရနိုင်ပါဘူး။
ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်တစ်ခုကို စိတ် ကောင်းလား၊ စိတ်ဆိုးလား ခွဲခြားသိနည်း အစစ်အမှန်ကို လိုချင်ရင်တော့ မြတ်ဗုဒ္ဓရဲ့ တရားဒေသနာတွေကို ကျယ် ကျယ်ပြန့်ပြန့်နှံ့နှံ့စပ်စပ် လေ့လာထားဖို့ လိုအပ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ 'တရားဓမ္မမှန်' ရှေ့မှာ စစ်ဆေးကြည့်မှ ကိုယ့်စိတ်ကိုယ် အမှန်အတိုင်း သိနိုင်မှာပါ။ နောက်ကိုယ့်စိတ်ကို ကိုယ်က “စိတ်ကောင်း” ထင်နေပေ မယ့် တကယ်တမ်းကျတော့ “စိတ်ဆိုး” ဖြစ်နေတာမျိုး လုံးဝ မဖြစ်စေဖို့အတွက် စိတ်ကို လှည့်ပတ်တတ်တဲ့ ဝဉ္စနာတရား တွေကို သေသေချာချာ သိထားသင့်ပါတယ်။ ၀ဉ္စနာတရား (၃၇)ပါးကို အကျဉ်းချုပ်ခေါင်းစဉ်အနေနဲ့လောက်ပဲ ပြောရ မယ်ဆိုရင် ... . ။