အထောက်တော်လှအောင် - မွန်ရိုး
ဇန်လာပြန် ဘယ်ရှေးကံမသိ
ရွှေရောင်ဆံပင်တို့သည် ပျောင်းညံ့နုအိကာ ဖာရရာ လွင့်ကျနေ၏။ သူ့တစ်ကိုယ်လုံးသည် ရေများ ရွှဲရွှဲစိုကာ အေးစက်နေသည်။
အအေးဒဏ်ကြောင့် တအား ဟစ်၍ငိုရန် မျက်နှာကို မဲ့လိုက် သည်။ မဲ့လိုက်သော သူ့မျက်နှာပေါ်မှာ အလှသည် ထင်းထင်းပေါ်လာ သည်။ မှန်ပါသည်။ ၁၃ လသမီးမျှသာ ရှိသေးသော်လည်း သူ့အလှ သည် ထင်ရှားလွန်းချေသည်။
ကလေးငယ်တို့၏ မျက်နှာပေါ်တွင် အလှတရားသည် ထာဝရ တည်ရှိ ကိန်းဝပ်မြဲသာတည်း။
ကလေးငယ်မှန်သမျှတို့သည် လူ့လောကတွင် မစင်ကြယ်သော မည်သည့်အလုပ်ကိုမျှ မပြုလုပ်ကြသေး။ လူ့လောက၏ ပြစ်ချက် တစ်စုံ တစ်ရာသည် သူတို့အပေါ်သို့ ကျရောက်ခြင်း မရှိသေး။
စင်ကြယ်သောဘဝ၊ စင်ကြယ်သောအလှ၊ ပြစ်ချက်အနာအဆာ ကင်းစင်သော ဘဝ၏ အစမို့ ငိုသောအခါတွင်လည်း ထိုမျက်နှာငယ် သည် ချစ်ခင်ကြင်နာဖွယ်အတိ ပြီးချေ၏။ ရယ်သောအခါတွင်လည်း ထိုမျက်နှာငယ်သည် နှစ်လိုမြတ်နိုးဖွယ်၊ ကြည်နူးချမ်းမြေ့ဖွယ်တို့ဖြင့်ထုံမွမ်းချေ၏။
ထို့အတူ အအေးဒဏ်ကြောင့် ဟစ်ငိုလိုက်ရန် မျက်နှာမဲ့လိုက်သည့် ၁၃ လသမီးငယ်ကလေး၏ မျက်နှာသည်လည်း အလှကြီးလှလျက် ရှိပါသည်။ သူ့ အလှသည် အခြားအခြားသော ကလေးငယ်တို့၏ အလှထက် ပိုမို ထင်ရှားလွန်းပါသည်။
သာမန်ထက် ပိုမိုထင်ရှားသောအလှဖြင့် ဖွဲ့စည်းထားသည့် ကလေးက သူ့မျက်နှာကို မဲ့လိုက်လေသောအခါ ချစ်ခင်ကြင်နာတတ် သည့် နှလုံးသည်းပွတ်သည် လှုပ်ရှား၍သွားသည်။ နှစ်လိုမြတ်နိုးတတ် သည့် အသိစိတ်က နိုးထ၍လာသည်။ ကြည်နူးချမ်းမြေ့တတ်သည့် စေတသိက်သည် ပုတ်ခတ်ခြင်းကို ခံလိုက်ရသည်။
“မေမေ...”
ရှိုက်သံနှင့်ရောကာ မပီမသ ဗလုံးဗထွေး ငိုလိုက်သောအသံသည် ဆည်းလည်းပေါင်းများစွာတို့ကို ဆောင်းဦးလေအသာမှာ အညှာမှ ကိုင်လှုပ်သလို နားဝင်ချိုလှပါသည်။
“ပြီးပြီနော် ပြီးပြီ၊ သမီးက လိမ္မာပါတယ်ကွယ်၊ တိတ်တိတ် မငိုနဲ့။ သမီးကို မုန့်တွေအများကြီးကျွေးရမယ်၊ ဟို လက်စတာဆိုတဲ့အကောင်က တော်တော်ဆိုး၊ သူ့ကို အန်တီရိုက်မယ်။ သမီးကို မုန့်တွေအများကြီး ကျွေးမယ်၊ အင်္ကျီလှလှလေးလည်း ဝတ်ပေးမယ်၊ အန်တို့ကို အန်တီ အိုက်ဒါလို့ ခေါ်နော်၊ အန်တီက သမီးမေမေ မဟုတ်ဘူးကွဲ၊ သမီးမေမေ က သမီးဆီကို မကြာခဏလာတဲ့ ဆံပင်နီနီနဲ့ မိန်းမ”
ကြွေရည်သုတ် ရေချိုးကန်အတွင်းမှ သမီးငယ်သည် အိုက်ဒါ ဘိုလင်ဒါ၏ မျက်နှာကို ငေးစိုက်ကြည့်ရင်း အငိုရပ်သွားသည်။
သူ ဘာကို သဘောပေါက်ပါသနည်း။ အိုက်ဒါလင်ဒါ ပြောသည့် စကားများကို သူ နားလည်ပါမည်လော။ မုန့်အများကြီးနဲ့အင်္ကျီလှလှမှလွဲပြီး အခြားစကားများကို သမီးငယ် နားလည်နိုင်မည် မဟုတ်ပါ။ ယခုမှ သူ့အသက်သည် ၁၃ လသာ ရှိပါသေးသည်။ အခြား ကလေးများ ခေါ်သံကြားသဖြင့် “မေမေ” ဟု သံယောင်လိုက်ခြင်းသာ ဖြစ်ပါသည်။
လူ့လောကအတွင်းသို့ လူအဖြစ် ရောက်ရှိလာသော လူသား တစ်ယောက်အဖို့ သူ့ဘဝတွင် ပထမဆုံး စတင်ပြောသည့် လူစကားမှာ “မေမေ” ဟူသော စကားလုံးပင် ဖြစ်ပါသည်။
သို့သော် ကံဆိုးရှာသော သမီးငယ်သည် “မေမေ”ခေါ်တတ်လျှင် ခေါ်တတ်ချင်း မေမေအစစ်ကို မေမေဟု ခေါ်ခွင့် မကြုံရရှာချေ။
သည်လိုဖြင့်ပင် လူ့လောက၏အလယ်သို့ မိဘမဲ့ကလေးဘဝဖြင့် အဖော်မပါဘဲ တစ်ကိုယ်တည်း သူ ရောက်လာခဲ့သည်။
သူကား..
နော်မာဂျီးန်
ရွှေရောင်ဆံပင်တို့သည် ပျောင်းညံ့နုအိကာ ဖာရရာ လွင့်ကျနေ၏။ သူတစ်ကိုယ်လုံးသည် အေးစက်နေသည်။
နှစ်ခြိုက်စွာ အိပ်ပျော်နေသည့်အလား သူ့မျက်လုံးများကို စုံမှိတ် ထားသည်။ နှုတ်ခမ်းအစုံသည် အားပါးတရ ပြုံးလိုက်တော့မလို ထင်မှတ် ရသည်။
အလှသည် ထင်းထင်းကြီးပေါ်နေ၏။ ကျောက်စားပွဲပေါ်မှာ မလှုပ် မယှက် ငြိမ်သက်နေသည့် သူ့မျက်နှာကလေးကို ငုံ့ကြည့်လိုက်မိလျှင် သူနှင့်ဝေးရာသို့ ထွက်မသွားချင်လောက်အောင်ပင် သူ့အလှက ဖမ်းစား လွန်းချေသည်။
ပါးမို့ကလေးများသည် နှင်းဆီရောင်နှုတ်ခမ်းနှင့် အပြိုင်အဆိုင် ပန်းနုရောင် မပြေးနိုင်တော့သော်လည်း ဖျော့တော့သော ပန်းနုရောင် လက်ကျန်ကိုမူ မြင်တွေ့ နေရဆဲ ဖြစ်သည်။
အကြောစိမ်းစိမ်းများ မယှက်သန်းနိုင်တော့သော်လည်း ပြည့်ဖြိုး သည့်လည်တိုင်သည် ချောမွတ်တင်းရင်းကာ ထိရက်စရာမရှိအောင် လှပ နေမြဲပင်။
သူ၏ လက်ဝဲလက်ယာမှာ၊ သူ၏ ခေါင်းရင်းခြေရင်းမှာ ကျောက် စားပွဲတို့သည် အစီအရီ ရှိကြကုန်၏။ ထိုကျောက်စားပွဲ အများစုပေါ်မှာ သူ့လိုပင် ငြိမ်သက်နေကြသည့် ယောက်ျား၊ မိန်းမအရွယ်စုံ၊ ပုံပန်းသဏ္ဌာန် အရောင်အသွေးစုံတို့ ရှိကြကုန်၏။ သူလိုပင် အားလုံးတို့သည်လည်း အဝတ်ဖြူများ တင်းတင်းပတ်ကာ ရှိကြကုန်၏။
နေရာကား လော့အိန်ဂျယ်လိပြည်နယ်ဆေးရုံ၏ ရေခဲတိုက်ဖြစ်ချေသည်။
ကျောက်စားပွဲပေါ်မှာ ရှိနေကြသူအားလုံးတို့သည် အမျိုးအမည် မသိသူများ၊ အမျိုးအမည် မသိသောကြောင့် မည်သို့ သဂြိုဟ်ရမည်ကို မသိသေးသူများ၊ အမျိုးအမည်သိသော်လည်း တာဝန်ခံ သဂြိုဟ်ပေး မည့်သူ မရှိသေးသူများ ဖြစ်သည်။
သူတို့အကြားမှာ အလှထူးနေသူကား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးပင်တည်း။
သူ့ကို သင်္ဂြိုဟ်မည့်သူ ယခုအထိ ပေါ်မလာသေး။ မည်သူကမျှ တာဝန်မယူသေး။ ကြွင်းကျန်ရစ်သော ဤရုပ်အလောင်းသည် မိမိတို့နှင့် သက်ဆိုင်ပါသည်ဟု တင်ပြလာသူ မရှိသေး။ မိမိတို့နှင့် မသက်ဆိုင်သော်လည်း ရင်းနှီးသိကျွမ်းသူဖြစ်သဖြင့် မိမိပင် တာဝန်ယူကာ သင်္ဂြိုဟ် ပေးပါမည်ဟု အကြောင်းကြားလာသူ မရှိသေး။မာရီလင်မွန်ရိုးကား နော်မာဂျီးန်ပင် ဖြစ်ချေသည်။
လူ့လောကအတွင်းသို့ အဖော်မပါဘဲ တစ်ကိုယ်တည်း ရောက် လာခဲ့သည့် နော်မာဂျီးန်သည် မာရီလင်မွန်ရိုးအဖြစ်ဖြင့် လျှမ်းလျှမ်း တောက် ကျော်ကြားအောင်မြင်ကာ လူ့လောကအတွင်းမှ အဖော်မပါဘဲ တစ်ကိုယ်တည်းပင် ပြန်လည်ထွက်ခွာသွားချေပြီ။ တစ်ကမ္ဘာလုံးက သူ့ အလှကို ငေးမောတပ်မက်ခဲ့ကြသော်လည်း သူ့ဘဝဇာတ်သိမ်းချိန်တွင် အထီးကျန်ဘဝဖြင့် ကြုံရရှာချေပြီ။ ။
မိမိ ပထမဦးဆုံးတတ်သည့် “မေမေ” ဟူသောစကားဖြင့် မေမေ အစစ်ကို ခေါ်ခွင့် မကြုံခဲ့ရရှာသော နော်မာန်ခမျာ နာကြည်းရမှန်းမသိခဲ့။ ထို့ကြောင့် နာကြည်းခြင်းကြီးစွာ ငိုရကောင်းမှန်း မသိခဲ့။ ။
မာရီလင်မွန်ရိုးသည်လည်း လောကအလယ်မှာ အဖော်မပါ ဗလာ ကိုယ်ထီး ထွက်သွားရသောအခါ ဇီဝသည် ချုပ်ငြိမ်းပြီးဖြစ်ချေပြီ။
ထို့ကြောင့် သူ မငိုပါ။ ထူးခြားသော သူ့အလှသည်သာ ရေခဲတိုက် အတွင်းမှ ကျောက်စားပွဲပေါ်မှာ ညှိုးရော်နွမ်းခြောက်မည့်အချိန်ကို ငံ့လင့် စောင့်ကြိုလျက် ရှိချေသည်။
အထင်သေးသော မျက်လုံးပေါင်း မြောက်မြားစွာတို့သည် အရပ် ရှစ်မျက်နှာမှ ပြေးလာကာ ကလေးအုပ်ကြီးအတွင်းမှာ ရပ်တန့် နှစ်မြှုပ် ကြကုန်၏။
မိဘမဲ့ကလေးများဂေဟာနှင့် ထိုကလေးများ စာသင်ကြားရာ ကျောင်းသည် လမ်းလေးလမ်းကျော် ကွာဝေးတည်ရှိကြသည်။ မိဘမဲ့ ကလေးများဂေဟာမှ ကလေးတို့သည် နေ့စဉ်နေ့တိုင်း လေးလမ်းကျော် ဝေးသည့် အရပ်ကျောင်းသို့ သွားရောက် စာသင်ကြရသည်။ ကျောင်းတက်ကျောင်းဆင်းခြင်းအလုပ်သည် သူတို့အတွက် နိစ္စဓူဝ ဖြစ်သည်။
ကျောင်းသို့သွားသောအခါ တူညီဝတ်စုံ ဝတ်ရန်မလို။ ဂေဟာမှာ နေချိန် တွင်လည်း ကိုယ်ကြိုက်ရာ၊ ကိုယ့်ရှိရာ အဝတ်အစားကို ဝတ်နိုင်သည်။
သို့သော် ကျောင်းတက် ကျောင်းဆင်းများတွင်မူ နှစ်ယောက် တစ်တွဲတန်းစီကာ ကျောင်းနှင့် ဂေဟာကို ကူးသန်းကြရသည်။ ထို့ကြောင့် တူညီဝတ်စုံ မဝတ်ရသော်လည်း မိဘမဲ့ကလေးများဂေဟာမှ ကလေးများ ဖြစ်ကြောင်းကိုမူ လမ်းသွားလမ်းလာတို့က သိပြီးဖြစ်ကြသည်။
ဆယ်နှစ်သမီးကလေး နော်မာဂျီးန်။
သူ့အသက်နှင့် မလိုက်အောင် ကြီးကောင်ဝင်နေပြီ။ ကိုယ်လုံး ကိုယ်ထည် ဖွံ့ လာသည်။ အရပ်ကြီးရှည်လာသည်။
ထိုထက် ပိုထူးသည်မှာ သိသာထင်ရှား ထူးခြားလှသည့် သူ့အလှ ပင်။ သူဝတ်လေ့ရှိသော သိုးမွေးဆွယ်တာ အနီကလေးသည် သူ့အသားရောင်နှင့် လိုက်လျောနေ၏။ သူ့ရွှေရောင်ဆံပင်နှင့် ဘက်ညီနေ၏။ သူ့အလှ မည်မျှ ထူးခြားနေသည်ကို သူ ကောင်းစွာ သိနေပြီ။ ဂေဟာ ဧည့်ခန်းရှိ ကိုယ်လုံးပေါ်မှန်ကြီးထဲမှာ သူ့ကိုယ်သူ အကြိမ်ကြိမ် ကြည့်ခဲ့ ဖူးပြီ။ သူ့အိပ်ခန်းအတွင်းရှိ မှန်ထဲမှာ သူ့မျက်နှာကို အထပ်ထပ် ကြည့်ဖူး ပြီ။ အခြားအခန်းများရှိ မှန်ထဲမှာလည်း သူ့အရိပ် ထင်ခဲ့ဖူးပေါင်း မရေ မတွက်နိုင်တော့။ ထို့ကြောင့် သူ မည်မျှလှကြောင်း သူ သိခဲ့ပြီ။ အများ တကာ၏ အလှထက် သူ့အလှက ပိုထူးကြောင်း ကောင်းစွာ ယုံကြည်ခဲ့ ပြီ။ ယုံကြည်လောက်သည့် သက်သေခံ အဖြစ်အပျက်များလည်းရှိပါ၏။
စနေနေ့ တစ်နေ့တွင် ဂေဟာညွှန်ကြားရေးမှူးက သူ့ရုံးခန်းအတွင်း သို့ လာရောက်ရန် သူ့ကို ခေါ်ခိုင်းလိုက်သည်။ ဂေဟာစည်းကမ်းဖောက် ဖျက်မှုတစ်ခုခုကို တစ်စုံတစ်ယောက်က တိုင်ကြားသောကြောင့် အရေးယူ ရန် ခေါ်ခြင်းဖြစ်သည်ဟု သူထင်သည်။
သို့ သော် အထင်နှင့်အမြင်ပါ စင်အောင် လွဲသွားသည်။
“သမီးရယ်၊ မင်းအသားကလေးတွေဟာ တယ်လှပါလား” ဟူသော ညွှန်ကြားရေးမှူး ဆရာမကြီး၏ စကားကို ကြားလိုက်ရသော အခါကျမှ သူ့ရင်ထဲက အလုံးကျသွားသည်။
အမှန်တော့ သူ့အလှအပသည် ဂေဟာတစ်ခုလုံးမှာ ဖုံးလွှမ်းစပြု နေပြီ။ အဆောင်မှူးများအားလုံး၊ ဆရာမများအားလုံး၊ ကျောင်းသူများ အားလုံးသာမက ညွှန်ကြားရေးမှူးအဘွားကြီးအထိပင် ပေါက်ရောက် နေပြီ။ အဘွားကြီးက ကရိမ်ပတ်တစ်ဘူး ထုတ်ပေးပြီး မျက်နှာကို လိမ်းခိုင်းသည်။ ပြီးတော့ သူ့ကို ဘယ်ပြန်ညာပြန် ကြည့်သည်။
“သမီး သိပ်လှတာပဲ၊ ဒီနေ့ကစပြီး သမီးမျက်နှာကို အခုအတိုင်း အလှပြင်ပေတော့”
ထိုအကြောင်းကို နော်မာ မမေ့နိုင်။ ဆရာမကြီးကိုယ်တိုင်က သူ့ကို လိုလိုချင်ချင် ခေါ်ပြီး သူ့အလှကို အကဲခတ်ကြည့်ကာ ချီးကျူးထောမနာ ပြုခဲ့ပြီဖြစ်သဖြင့် သူ့အလှ သူ ပိုယုံသွားသည်။
ထို့ကြောင့် ကျောင်းသွားကျောင်းပြန်မှာ သူ့ကိုယ်သူ အလှပိုပြင် တော့သည်။ ကျောင်းသို့ သွားသောအခါတွင်လည်း ဂေဟာမှ ကျောင်းသူ များနှင့် အပေါင်းအသင်းမလုပ်လှဘဲ ထိုကျောင်းမှာပင် ပြင်ပမှ လာတက် နေကြသည့် ကျောင်းသူများကိုသာ ရွေး၍ ပေါင်းသည်။
ဂေဟာနှင့် ကျောင်းအကူးတွင် တန်းစီပြီး လျှောက်နေကြသည့် ကျောင်းသူများထဲမှာ နော်မာကို တွေ့ရမည်မဟုတ်။ ကျောင်းသူများထဲမှ ဘေးသို့ သူ ဖဲ့ထွက်စမြဲပင် ဖြစ်သည်။ သူ့အလှကို လမ်းသွားလမ်းလာ များ မြင်နိုင်စေရန် ဟန်လုပ်ပြရသည်မှာလည်း အမောပင်။
သို့သော်.....
အထင်သေးသော မျက်လုံးပေါင်း မြောက်မြားစွာသည် နော်မာ့ကိုယ်လုံးကို ပြေးလာဆောင့်တိုးကြစမြဲ ဖြစ်၏။ ရှုတ်ချသော မျက်လုံး ပေါင်းများစွာတို့သည် နော်မာ့မျက်နှာပေါ်မှာ အရှိန်သတ်ကြစမြဲ ဖြစ်၏။ မနှစ်လိုသော မျက်လုံးပေါင်းများစွာတို့သည် နော်မာ့အလှကြောင့် မီးဝင်း ဝင်းတောက်ကြမြဲ ဖြစ်၏။ ထိုမျှမက သူတို့ပါးစပ်ဖျားမှာ ကျယ်လောင် သော အသံများကို ကြားရတွတ်စမြဲ ဖြစ်၏။
“ဂေဟာက မိမဲ့ဖမဲ့ ကောင်မလေးတွေပါကွာ” ဟူသတည်း။
ဒုတိယမြောက်ခင်ပွန်းဖြစ်သူ ဒီမက်ဂီယို၏ လက်မောင်းကို ရင်ခွင် မှာ ပွေ့ရင်း လေယာဉ်လှေကားပေါ်သို့ ခြေတစ်လှမ်းချလိုက်၏။ ဟိုနို လူလူလေဆိပ်သည် အမြင်ဆန်းနေသည်။ ဆန်းသစ်သော မြင်ကွင်းများ ကိုကြည့်ရင်း မာရီလင်မွန်ရိုး၏မျက်နှာမှာ ကြည်နူးနှစ်သိမ့်မှုများနှင့် ပြုံးပန်းတွေ ပွင့်နေသည်။ အလှမကလေးသည် ကြည်နူးနှစ်သိမ့်မှုများနှင့် ပြုံးပန်းဆင်ပြီဆိုတော့ အလှနတ်သမီးကလေး ဖြစ်သွားစမြဲပင်။
“မာရီလင်မွန်ရိုး၊ မာရီလင်မွန်ရိုး” ။
ဟူသော အော်သံကြီးကို ဘဝဂ်လျှံမျှ ကြားလိုက်ရသည်။ ဧရာမ လူအုပ်ကြီးသည် စည်းရိုးများကို ဖျက်ဆီးကျော်လွှားကာ လေယာဉ်ရှိရာ သို့ နွားရိုင်းအုပ်လို ပြေးလာကြသည်။ လုံခြုံရေးတာဝန်ခံများနှင့် ရဲအဖွဲ့ ဝင်များသည် လူအုပ်ကြီးကို မတားဆီးနိုင်တော့ဘဲ ဖရိုဖရဲ ဖြစ်သွားကြ သည်။ မျက်လုံးအစုံတို့ ဝိုင်းစက်သွားသော မာရီလင်မွန်ရိုးသည် ချစ်လင် ဒီမက်ဂီယိုကိုဖက်ကာ လေယာဉ်ကွင်းအတွင်းသို့ ပြန်ဝင်ပြေးခဲ့ရသည်။ အပြင်တွင် လူအုပ်ကြီးကို တော်တော်နှင့် ရှင်းလင်းမပေးနိုင်သောကြောင့် လေယာဉ်ပေါ်မှာပင် အချိန်များစွာ ကုန်ဆုံးလိုက်ရသည်။
ပြီးတော့ ဂျပန်ပြည်၊ တိုကျိုမြို့တော်။
ဖော်လိုသည်မှာ သူတို့စနစ်၊ သူတို့ယဉ်ကျေးမှု၊ သူတို့ဘဝနှင့် သူတို့ ပတ်ဝန်းကျင်။