Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

အထောက်တော်လှအောင် - မိုရှေဒါရန်၏အာရပ်မစ္စရေးလ်စစ်ပွဲမှတ်တမ်း

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

အခန်း (၁)

နောက်ခံသမိုင်း

(၁)

ဆီနိုင်းစစ်ပွဲဟူသည်မှာ

အစ္စရေးလ်နိုင်ငံနှင့် သူ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အာရပ် နိုင်ငံများကြား နိုင်ငံရေးနှင့် လုံခြုံရေးပဋိပက္ခများ ဖြစ်ပွားရခြင်း။

စူးအက်တူးမြောင်းနယ်မြေကို အင်္ဂလိပ်နှင့် ပြင်သစ်တို့က စစ်အင် အား အသုံးပြုပြီး ထိန်းသိမ်းထားရန် ဆုံးဖြတ်ခြင်း။

စသော အကြောင်းနှစ်ရပ်ကြောင့် ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်လေသည်။

အင်္ဂလိပ်နှင့် ပြင်သစ်တို့ ပါဝင်တိုက်ခိုက်ခြင်း မပြုကြဟု ဆိုပါလျှင် အစ္စရေးလ်နိုင်ငံအနေဖြင့် ဤစစ်ပွဲကို ဆင်နွှဲရေးမှာ သံသယဖြစ်ဖွယ်ရာ အကြောင်းပါရှိသည်။ အကယ်၍ အစ္စရေးလ်က တိုက်ခိုက်မည်ဆိုပါလျှင်မူ သူ၏ စစ်ရေးနှင့် နိုင်ငံရေးပုံသဏ္ဌာန်များ၊ အနှစ်သာရများသည် ယခု အခြေအနေနှင့်မတူ ကွဲလွဲနေပေလိမ့်မည်။

အီဂျစ်ခေါင်းဆောင်သော အာရပ်နိုင်ငံများက အစ္စရေးလ်အပေါ် မလိုမုန်းထားသည့်၊ ရန်မီးပွားသည့်လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေခြင်း မပြုပါလျှင် အစ္စရေးလ်အနေဖြင့် လက်နက်ကိုင်ဖွယ်ရာ အကြောင်းမရှိ။စူးအက်တူးမြောင်း ပြဿနာအတွက် အီဂျစ်နိုင်ငံနှင့် အင်္ဂလိပ်၊ ပြင်သစ်တို့ စစ်ဖက်ပြိုင် တိုက်ခိုက်နေကြလင့်ကစား အစ္စရေးလ်နိုင်ငံသည် လွတ်ရာကင်း ရာမှ နေသာပါသည်။

အင်္ဂလိပ်နှင့် ပြင်သစ်တို့က စူးအက်တူးမြောင်းနယ်မြေတွင် “စစ်သည် တော်စစ်ဆင်ရေး”ကို ဆင်နွှဲကြသည်။ အစ္စရေးလ်နိုင်ငံက ဆီနိုင်းကျွန်းဆွယ် စစ်ပွဲကို ဆင်နွှဲသည်။ ယင်းစစ်ဆင်မှုကြီး နှစ်ရပ်တို့၏ ဆက်သွယ်မှုကို ယခု နေ့စဉ်မှတ်တမ်း၌ ဖော်ပြထားပါသည်။ သို့သော် ထိုသို့ စစ်ပွဲတစ်ခုတွင် ပါဝင်တိုက်ခိုက်ရန် အစ္စရေးလ်နိုင်ငံက ဆုံးဖြတ်လိုက်ရသည့် အကြောင်းများ ကိုလည်း ဖော်ပြရန် လိုပါလိမ့်ဦးမည်။

ကျွန်ုပ်တို့ လွတ်လပ်ရေးစစ်ပွဲအပြီး ၁၉၄၉ ခုနှစ်က စစ်ပြေငြိမ်းရေး သဘောတူစာချုပ်ကို အစ္စရေးလ်နိုင်ငံနှင့် အာရပ်နိုင်ငံများ လက်မှတ်ရေးထိုး ခဲ့ကြသည်။

ယခုမူ အစ္စရေးလ်နိုင်ငံကို တိုက်ခိုက်ရန်နှင့် မြေပုံပေါ်ရှိ အစ္စရေးလ် နိုင်ငံကို ဖယ်ထုတ်ပစ်ရန် ရည်စူးချက်များကို အာရပ်နိုင်ငံခေါင်းဆောင်များက အသစ်တစ်ဖန် ပြုလုပ်လာကြပြန်၏။ စစ်ပြေငြိမ်းရေးစာချုပ်ပါ အချက် များကို လိုက်နာပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန် ငြင်းဆန်နေရုံမျှမက အပစ်အခတ်ရပ်စဲပြီးသည်နှင့် တစ်ပြိုင်တည်း နယ်ခြားတွင် လှုပ်လှုပ်ရှားရှား ပြုလုပ်လာကြခြင်း၊ အစ္စရေးလ်အရပ်သားများကို တိုက်ခိုက်ခြင်း စသည်ဖြင့် ပြုလုပ်ကျူးကျော်လာကြပြန်သည်။ ။ ယင်းအပြုအမူများသည် စစ်ရှိန်မသေမှုနှင့် စစ်၏ အကြွင်းအကျန်များ အဖြစ်ဖြင့် အစ္စရေးအစိုးရက အစပထမပိုင်းတွင် သဘောထားခဲ့သည်။ သဘောတူညီချက်ပါ အချက်အလက်များကို လိုက်နာလေးစားရန် အာရပ် နိုင်ငံများကို တောင်းဆိုခဲ့သည်။ သည်းခံမှုနှင့် ချုပ်တည်းမှုလမ်းစဉ်ကိုလည်း အစ္စရေးလ်က ကျင့်သုံးခဲ့သည်။

မည်သို့ပင်ဆိုစေ ၁၉၅၄ ခုနှစ် နှစ်ဝက်ကျော်လာသောအခါတွင် အစ္စရေးဆန့်ကျင်ရေးအကြမ်းဖက်ဝါဒသည် ပိုမိုဆိုးရွားသည်ထက် ဆိုးရွား လာ၏။ နောက်ပိုင်းလများ၌ ထိုအဖြစ်အပျက်များသည် တစ်ဦးချင်း၊ တစ်ယောက်ချင်းက ပြုလုပ်ကျူးလွန်နေခြင်းမဟုတ်ကြောင်း၊ အသင်းအဖွဲ့ဖြင့် စနစ်တကျ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အီဂျစ်နိုင်ငံက တာဝန်ယူပြီး အာရပ်နိုင်ငံအစိုးရများကပါ အသိအမှတ်ပြု ကျူးကျော်အကြမ်းဖက်နေကြ ခြင်းဖြစ်ကြောင်း ထင်ရှားသည်ထက် ထင်ရှားလာသည်။ အစ္စရေးလ်နိုင်ငံက အဖြစ်မှန်ကို နားလည်သဘောပေါက်သည်ထက် ပေါက်လာသည် ။ လုံခြုံရေး အခြေအနေများမှာ တစ်နေ့တခြား ပိုမိုဆိုးရွားလာသည်။ ၁၉၄၈ ခုနှစ် စစ်ဖြစ်ခဲ့ရသည့် နေ့ရက်များမှစပြီး တစ်စတစ်စ ကြီးထွားလာရာ ယခု ၁၉၅၅-၅၆ ခုနှစ်တွင် ဆိုးရွားသည့် အခြေအနေသို့ ရောက်လာသည်။

ဤတင်းမာမှုကြီး၏ အရင်းခံအကြောင်းသုံးချက်မှာ အစ္စရေးလ်ကို အပြီးတိုင် ချေမှုန်းနိုင်မည့် စစ်ကြီးတစ်ခုပြုရန် အီဂျစ်တို့က စစ်ပြင်ဆင်ခြင်း၊ အာရပ်နိုင်ငံများက လေ့ကျင့်ထားသည့် ပြောက်ကျားများဖြင့် အစ္စရေးလ်ကို ခြိမ်းခြောက်ခြင်း၊ အက္ကဘာပင်လယ်ကွေ့၌ အစ္စရေးလ်သင်္ဘောများ သွားလာ ခွင့်ကို ပိတ်ပင်တားမြစ်ခြင်း စသော အကြောင်းသုံးချက်ဖြစ်၏။

(၂)

၁၉၅၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အီဂျစ်နိုင်ငံနှင့် ချက်ကိုဆလို ဗားကီးယားနိုင်ငံတို့၏ လက်နက်အပေးအယူ ပြုလုပ်မှုသည် အစ္စရေးလ်နိုင်ငံ ကို အီဂျစ်က စစ်ပြုရန် အဆုံးအဖြတ်ပေးလိုက်ခြင်းနှင့်ပင် တူညီချေသည်။ ချက်နိုင်ငံမှ ခေတ်မီစစ်လက်နက်ပစ္စည်း အမြောက်အမြားကို အီဂျစ်နိုင်ငံက ရရှိလိုက်၏။ အဆိုပါ စစ်လက်နက်ပစ္စည်းများသည် အီဂျစ်နိုင်ငံက မိမိ တို့ကို စစ်ပြုရန် ဦးတည်ရည်စူးချက်ကို ဖြည့်စွက်အားတင်းပေးလိုက်ခြင်း ဖြစ်ကြောင်း၊ စစ်ပြုရန် ခြေလှမ်းပြင်လိုက်ခြင်းဖြစ်ကြောင်း အစ္စရေးလ်နိုင်ငံက သဘောပေါက်နားလည်ခဲ့၏။ ခေတ်မီစစ်လက်နက်ပစ္စည်း အမြောက်အမြား ကို အာရပ်များ ကိုင်စွဲလာခြင်းအား အမြန်ဆုံး ဟန့်တားရန်နှင့် ထိုအပေါ် တွင် စစ်ရေးအရ အမြတ်ထုတ်နိုင်ရန်ကိုပါ အစ္စရေးလ်တို့ ဆုံးဖြတ်ခဲ့ကြရ လေသည်။

အီဂျစ်တို့ ရရှိလိုက်သည့် ချက်ကိုဆလိုဗားကီးယား စစ်လက်နက် ပစ္စည်းများထဲတွင် သံချပ်ကာကား (၅၃၀)၊ တင့်ကား (၂၃၀)၊ သံချပ်ကာ ကားတပ် သယ်ယူပို့ဆောင်ရေးယာဉ် (၂၀၀)၊ ယန္တရားအမြောက်ကြီး (၁ဝဝ)၊ အရွယ်အစားအမျိုးမျိုးအတွက် အမြောက်ပစ္စည်း (၅ဝဝ)၊ တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ် (၂၀၀)၊ စစ် သင်္ဘောများ၊ ဖျက်သင်္ဘောများ၊ တော်ပီတို တိုက်ရေယာဉ်များနှင့် ရေငုပ် သင်္ဘောများ စသည်ဖြင့် စစ်လက်နက်ပစ္စည်းအမြောက်အမြား ပါဝင်သည်။

အဆိုပါ စစ်လက်နက်ပစ္စည်းများသည် ထိုအချိန်က အရှေ့အလယ် ပိုင်းဒေသတစ်ခုလုံးတွင် အလွန့်အလွန်များပြားသည့် အင်အားကောင်းသည့် အရေအတွက်ပင် ဖြစ်လေသည်။ ယခင်က ရှိခဲ့ဖူးသည့် အင်အားများထက် မတန်တဆ ပိုမိုများပြားသည့် အင်အားများ ဖြစ်လေသည်။ အီဂျစ်၏ ရှိရင်းစွဲတပ်အင်အားကို ယခုလက်နက်များ ဖြည့်စွက်ပေးလိုက်ခြင်းအားဖြင့် အစ္စရေးလ်နှင့် အာရပ်နိုင်ငံများ၏ စစ်အင်အားသည် မနှိုင်းယှဉ်သာအောင် ကွာခြားသွားတော့သည်။ မူလက အီဂျစ်နိုင်ငံတွင် တင့်ကားပေါင်း ၂၀၀ ရှိ၏။ အစ္စရေးလ်နိုင်ငံ၌လည်း တင့်ကားပေါင်း ၂၀၀ မျှပင် ရှိခဲ့သည်။

ယခုမူ အခြားအာရပ်နိုင်ငံများ၏ အင်အားကို ထည့်မပေါင်းဘဲ အီဂျစ်တစ်နိုင်ငံတည်း၏ သံချပ်ကာကားတပ်အင်အားသည် အစ္စရေးထက် လေးဆမျှ သာလွန်သွားချေပြီ။

လေတပ်အင်အားလည်း အလားတူပင်ဖြစ်၏။ ယခင်က အီဂျစ်တွင် ဂျက်လေယာဉ်ပျံ (၈၀) ရှိပြီး အစ္စရေးလ်တွင် (၅၀) သာ ရှိ၏။ ယခု အီဂျစ် ၏ တိုက်လေယာဉ်နှင့် ဗုံးကြဲဂျက်လေယာဉ်မှာ (၂၀၀) အထိ မြင့်တက်သွားတော့သည်။ ထို့ကြောင့်လည်း လေတပ်အင်အားပါ လေးဆလုံးလုံး ပိုမိုကြီး မား အားကောင်းနေသည်။ အမြောက်တပ်၊ ရေတပ်အင်အားနှင့် တိုက်ခိုက် ရေး လက်နက်အင်အားများနှင့် ပတ်သက်၍ အစ္စရေးလ်၏ အင်အားသည် အားရ ဖွယ်ရာ မကောင်းလှချေ။ အီဂျစ်တို့က အရေအတွက်သာ သာလွန်နေ သည် မဟုတ်။ ခေတ်မီမှု၊ အစွမ်းထက်မှုတည်းဟူသော အရည်အချင်းများပါ သာလွန်ကောင်းမွန်နေ၏။

အီဂျစ်တို့၏ လက်ဝယ်ရှိသည့် မစ်တိုက်လေယာဉ်ပျံများနှင့် အီလူး ရှင်း လေယာဉ်ပျံများသည် အစ္စရေးလ်လက်ဝယ်ရှိသော မီတီယော်နှင့် အော်ရာဝင် အမျိုးအစား လေယာဉ်ပျံများထက် အနည်းဆုံး နှစ်ပြန်မျှ ပိုမို ကောင်းမွန်နေသည်။ အစွမ်းထက် ခေတ်မီနေသည်။ ၎င်းတို့၏ တီ (၃၄) အမျိုးအစား ရုရှားလုပ်တင့်ကားများသည် ကျွန်ုပ်တို့သုံးစွဲနေရသည့် မတ် (၃) အမျိုးအစား ရှားမင်း တင့်ကားအဟောင်းကြီးများထက် များစွာ သာလွန် ကောင်းမွန်နေ၏။

စစ်အင်အားကြီးထွားလာသည်နှင့် တစ်ပြိုင်တည်း အာရပ်ပြည်သူများ ကြားတွင် နတ်ဆာ၏ ဂုဏ်သိက္ခာနှင့် သြဇာအာဏာသည် များစွာ မြင့်တက် သွားတော့၏။ အာရပ်နိုင်ငံများအဖွဲ့တွင်လည်း ထင်ရှားသော ခေါင်းဆောင် ကြီးတစ်ဦးအဖြစ် အများက အသိအမှတ်ပြုလာကြတော့၏။

၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် အီဂျစ်၊ ဆီးရီးယား ပူးတွဲစစ်ဦးစီးဌာနကို စတင် အကောင်အထည်ဖော်သည်။ ၁၉၅၆ ခုနှစ်၊အောက်တိုဘာလသို့ ရောက်သည်တွင် မျှော်မှန်းထားသည့်အတိုင်း ဂျော်ဒန် နိုင်ငံပါ ပါဝင်လာပြီး သုံးနိုင်ငံ ပူးတွဲစစ်ဦးစီးဌာနကို ဖွဲ့စည်းကြ၏။

ထိုသို့သော အခြေအနေများကြောင့် အစ္စရေးလ်နိုင်ငံသည် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ စစ်ဦးစီးတစ်ယောက်တည်း၏ ကွပ်ကဲမှုအောက်ဝယ် တည်ရှိနေကြရသည့် ရန်သူ အာရပ်စစ်တပ်ကြီးသုံးခု၏ အလယ်တွင် ကြားညပ်နေတော့ကြောင်း သူ့အခြေအနေမှန်ကို သူ ပြန်လည် မြင်တွေ့ လာသည်။ ညီညွတ်ပူးပေါင်းနေကြသော ကျူးကျော်စစ်တပ်ကြီး သုံးခုဖြင့် ရင်ဆိုင်နေရပြီဖြစ်လေရာ မည်သူ့ကို တိုက်ရိုက်ဆန့်ကျင်ရမည် ဟူသော အချက်နှင့် ပတ်သက်၍ တွေဝေဖွယ်ရာ အကြောင်းမရှိတော့ချေ