A Htaut Taw Hla Aung - No Peace for Asia Harold Isaacs
နိဒါန်း
အာရှတိုက်မှာ မငြိမ်းချမ်းနိုင်ပါ။ ဂျပန်တို့ စစ်ရှုံးပြီးချိန်မှစ၍ ဤကမ္ဘာမြေပေါ်တွင် ဤတစ်ဖက်စွန်းမှ အခြားသော တစ်ဖက်စွန်းသို့ တိုင်အောင် နေရာအနှံ့အပြားတို့၌ သေနတ်သံများ စီစီညံခဲ့သည်။ နိုင်ငံတိုင်းတွင် နိုင်ငံရေးနှင့် လူမှုရေး ပြဿနာများ၊ မတူကွဲလွဲမှုများ၊ ဒေါသအမျက်ခြောင်းခြောင်းထွက်မှုများ၊ မကျေနပ်မှုများ၊ အလိုဆန္ဒ မပြည့်ဝမှုများ ရောပြွမ်းရှုပ်ထွေးလျက် ရှိသည်။ တရုတ်ပြည်တွင် ပြည်တွင်းစစ်သည် လည်းကောင်း၊ အင်ဒိုချိုင်းနားနှင့် အင်ဒိုနီးရှားတွင် အမျိုးသားစစ်ပွဲတို့သည် လည်း ကောင်း၊ အိန္ဒိယပြည်တွင် အဓိကရုဏ်းများနှင့် တော်လှန်ပုန်ကန်မှုများသည် လည်း ကောင်း၊ ကိုရီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် နိုင်ငံရေး ပဋိပက္ခများသည် လည်း ကောင်း အတောမသတ်နိုင်အောင် ဖြစ်ပွားပေါ်ပေါက်လျက် ရှိသည်။ ဤကမ္ဘာ၏ နေရာဒေသအသီးသီးတွင် အငတ်ဘေးများ၊ အခြေအနေ ရှုပ်ထွေးမှုများနှင့် စီးပွား ပျက်ကပ်များ ဆိုက်ရောက်လျက် ရှိသည်။
ယင်းသို့သော အခြေအနေများသည် ကြီးမားသည့် ပစိဖိတ်စစ်ပွဲကြီးကြောင့် မလွှဲမရှောင်နိုင်ဘဲ ဖြစ်ပွားပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်ဟု အလွယ်ပြောနိုင်ပါသည်။ သို့သော်လည်း ပစိဖိတ်စစ်ပွဲထက် ပိုမို အရေးကြီးသည့်အကြောင်းများ ရှိသေးသည်။ စစ်ဟူသည်မှာ ဆိုးဝါးသော အဖြစ်ဆိုးကြီး တစ်ခုသာလျှင် ဖြစ်သည်။ တစိုက်မတ်မတ် ဖြစ်ပွားနေသည့် ပဋိပက္ခများက တစ်ဆင့် ပေါက်ကွဲထွက်ပေါ်လာသော အဖြစ်ဆိုးသာ လျှင် ဖြစ်သည်။
အာရှတိုက်မှာ မငြိမ်းချမ်းနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် စစ်ဟူသော အဖြစ်ဆိုး သည် ဘာတစ်ခုကိုမျှ ဖြေရှင်းပေးနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ ထိုကြားထဲကပင် အာရှတိုက်ကြီး တစ်ခုလုံးကို အုပ်စိုးသိမ်းပိုက်နိုင်ရန်အတွက် ဂျပန်တို့က စစ်တစ်ခုကို ဆင်နွှဲလိုက်ကြသေးသည်။
သန်းပေါင်းများစွာသော ပြည်သူတို့သည် နိုင်ငံရေး လွတ်လပ်မှုရရန်အတွက် ရုန်းကန်လှုပ်ရှားမှုများကို ယခင်ကလည်း ပြုလုပ်ခဲ့ကြရသည်။ ယခုလည်း ဆက်လက် ရုန်းကန်ကြရပေဦးမည်။ ။
သန်းပေါင်းများစွာသော ပြည်သူတို့သည် ခေတ်နောက်ကျမှု၊ မဖွံ့ဖြိုးမတိုးတက်မှု နှင့် ငတ်မွတ်ခေါင်းပါးမှုများအကြားမှ လွတ်မြောက်ရန် ယခင်ကလည်း ရုန်းကန်တိုက်ပွဲ ဝင်ခဲ့ကြရ၏။ ထိုနည်းတူစွာ ယခုလည်း ဆက်လက် ရုန်းကန်တိုက်ပွဲဝင်ကြရပေ ဦးမည်။
ပစိဖိတ်စစ်ပွဲကြီးသည် ကမ္ဘာစစ်ကြီး တစ်ခုကဲ့သို့ပင် လူသားတို့၏ အသက်ပေါင်း များစွာတို့ကို သေကျေပျက်စီးစေခဲ့သည်။ လယ်ယာ အိုးအိမ် စည်းစိမ်ချမ်းသာတို့ကို ပြုတ်ပြုတ်ပြုန်းစေခဲ့သည်။ ထိုသို့သော သေကျေဆုံးရှုံးမှုများမှတစ်ပါး မည်သည့် တိုးတက်မှု၊ ဆန်းသစ်မှုကိုမျှ လူသားများအတွက် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ချေ။ သန်းပေါင်းများစွာသော ပြည်သူတို့သည် မရှုမလှ သေပွဲဝင်ခဲ့ကြရပြီး မသေကြွင်းကျန် နေသူများကလည်း အသက်ရှင် ရပ်တည်နိုင်ရေးအတွက်၊ သာယာဝပြောသော လူ့ ဘောင်ကြီး တည်ဆောက်နိုင်ရေးအတွက် နည်းလမ်းကို ရှာဖွေနေကြရရှာသည်။ မျက်မှောက်ကာလ ကမ္ဘာ့ရုပ်ပုံလွှာကိုကြည့်လျှင် ဤသို့သာ မြင်ရပေသည်။
အာရှတိုက်သည် ဤကမ္ဘာ၏ အခြမ်းတစ်ခြမ်းလို ဖြစ်နေသည်။ ယင်းကမ္ဘာ တစ်ခြမ်းသော အာရှတိုက်သည် အမေရိကန်ပြည်သူအားလုံးတို့အတွက် အရေးပါအရာ ရောက်လှပါသည်။ ဤသို့ အရေးပါအရာရောက်သည်ကို အမေရိကန် အများစုတို့က သဘောပေါက် လက်ခံနိုင်ခြင်း မရှိခဲ့ကြချေ။
မဖြေရှင်းနိုင်သည့် တရုတ်လယ်သမား ပြဿနာများသည် လည်းကောင်း၊ မလေး ကူလီတို့၏ ပြဿနာများသည် လည်းကောင်း အမေရိကန် စစ်သားပေါင်းများစွာတို့ကို အာရှတိုက်၏ ချောင်ကျလှသော နေရာဒေသများတွင် ပင်ပန်းတကြီး စစ်တိုက်ရင်း သေပန်းပွင့်စေသည့် ပြဿနာများပင် ဖြစ်ကြောင်း လွန်ခဲ့သည့် နှစ်ပေါင်းအနည်းငယ် ခန့်ကမှ အမေရိကန်အချို့တို့ သဘောပေါက် နားလည်ခဲ့ကြလေသည်။
ထိုပြဿနာများကို အကြောင်းပြုပြီး အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း မြောက်မြားစွာတို့မှ အမေရိကန် စစ်သားများသည် အာရှတိုက်ရှိ စစ်မြေပြင်များသို့ ရောက်လာကြရသည်။ ပစိဖိတ် စစ်မြေပြင်သို့ ရောက်လာကြရသည်။ သို့ကလို ရောက် လာခြင်းသည်လည်း သေပန်းပွင့်ရန် ရောက်လာခြင်းမှတစ်ပါး အခြား မည်သည့် အကြောင်းမျှ မရှိချေ။ အမှန်တကယ်လည်း သေပန်းပွင့်ခဲ့ကြရပါသည်။
ဤအဖြစ်အပျက်တို့သည် ပုလဲဆိပ်ကမ်းကို ဂျပန်တို့ စတင်တိုက်ခိုက်သည့် အတွက် အစပျိုးခဲ့ခြင်း မဟုတ်ပေ။ ထိုနည်းတူစွာ လက်နက်ချ အရှုံးပေးကြောင်း အမေရိကန် စစ်သင်္ဘော မစ်ဆိုရီပေါ်တွင် ဂျပန်တို့ လက်မှတ်ရေးထိုးသည်ကိုလည်း အကြောင်းပြုခြင်း မဟုတ်ပါ။ ဂျပန်တို့ သစ္စာဖောက်ကာ နယ်ချဲ့ ကျူးကျော်ရာမှ စတင် ဖြစ်ပွားလာခြင်း ဖြစ်လေသလောဟုလည်း မေးခွန်းထုတ်ရန် မလိုပါ။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်ကတည်းက အစပျိုး တည်ရှိခဲ့သည့် မီးပွား ဖြစ်သည်။ တစ်နည်းဆိုရသော် အာရှတိုက်၏ ချမ်းသာကြွယ်ဝသော သယံဇာတ ပစ္စည်းများကို အနောက်နိုင်ငံကြီးများက အာသာတငမ်းငမ်းဖြင့် လိုချင်ရမ္မက်ကြီးခဲ့ရာမှ အစပျိုးခဲ့သော ပြဿနာများ ဖြစ်သည်။
အရင်းအမြစ်ကို တူးဖော်ရမည်ဆိုလျှင် အရုပ်ဆိုး အကျည်းတန်လှသော အတိတ် သမိုင်းကြောင်းများကို ပြန်၍ လှန်လှောရတော့မည် ဖြစ်သည်။ အင်ပါယာချဲ့ထွင်လိုမှု၊ ကျေးကျွန်ပိုင်ဆိုင်လိုမှုအကြောင်းများကို ပြန်ပြောင်းဆန်းစစ်ရတော့မည် ဖြစ်သည်။
နယ်မြေနှင့် ကျေးကျွန်ကို တန်ခိုးကြီးနိုင်ငံအချင်းချင်း ယှဉ်ပြိုင်လုခဲ့သည့် အကြောင်းများကို ပြန်လည်ဖော်ထုတ်ရတော့မည် ဖြစ်သည်။ ကျွန်အပြုခံ၊ အဖိနှိပ်ခံ ပြည်သူတို့သည် ကျွန်သပေါက်ဘဝမှ လွတ် မြောက်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီး ခွင့်ရရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် အကြောင်းများကို ပြန်ပြောင်းသတိရ ရတော့ မည် ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကတည်းက အင်အားကြီးနိုင်ငံတို့ မျိုးစေ့ချခဲ့ သည့် ဘေးဒုက္ခများသည် ယခုအချိန်တွင် ပေါက်ကွဲလာခြင်းသာလျှင် ဖြစ်သည်။ ထို့ကြောင့် ဤဘေးဒုက္ခတို့သည် ဂျပန်က စစ်စတိုက်ခြင်းနှင့် လုံးဝ မသက်ဆိုင်သလို ဂျပန် လက်နက်ချ အရှုံးပေးခြင်းနှင့်လည်း မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။
အမေရိကန် ပြည်ထောင်စုသည်လည်း ဤသမိုင်း၏ ဖြစ်ရပ်များတွင် တစ်စိတ် တစ်ပိုင်း ပါဝင်ပတ်သက်ခဲ့သည်။ ထိုအကျိုးဆက်များမှ ဖြစ်ပေါ်လာမည့် အကြောင်းတရားများကို အမေရိကန်သည်လည်း တာဝန်ခွဲဝေယူရမည်သာ ဖြစ်သည်။ ဂိုဏ်းဂဏ စစ်ပွဲကြီးသဖွယ် ဖြစ်ပွားခဲ့သည့် ယင်းအဖြစ်အပျက်တို့သည် နှစ်ကာလ ရှည်လျားလွန်း လှပါသည်။ ယနေ့တိုင်အောင်လည်း ပြီးဆုံးနိုင်ခြင်း မရှိသေး။ ကျွန်ုပ်တို့ ချီတက်နေ သည့် ခရီးလမ်းဆုံးသည်လည်း ယနေ့တိုင်အောင် မရောက်ရှိနိုင်သေး။
ဤပြဿနာသည် အလွန်တရာ ကြီးကျယ်ပြီး ရှုပ်ထွေးလွန်းလှသည်။ ထို့ကြောင့် အလွယ်တကူနှင့် ဖြေရှင်း၍ ရနိုင်ဦးမည် မဟုတ်သေးချေ။ အဖြစ်အပျက်တို့သည် ရှုပ်ထွေးသည်မှာ မှန်သော်လည်း အနှစ်သာရပိုင်းအနေဖြင့်မူ အလွန်တရာ ရှုပ်ထွေး လွန်းလှသည်ဟု မဆိုနိုင်ပါ။
အာရှတိုက်တွင် ပြည်သူကုဋေကုဋာတို့ နေထိုင်လျက် ရှိကြသည်။ သူတို့နေထိုင် သည့် မြေပြင်သည် သယံဇာတ ပေါကြွယ်သည့် မြေအပြင် ဖြစ်သည်။ ထိုသို့ သယံ ဇာတ ပေါကြွယ်သော မြေပြင်အပေါ်တွင် နေထိုင်ကြရလင့်ကစား သူတို့ခမျာမှာ အလွန်တရာမှ ဆင်းရဲနွမ်းပါးရှာကြသည်။ အလွန်တရာမှ ခေတ်နောက်ကျရှာကြပါ သည်။
လွန်ခဲ့သည့် ရာစုနှစ်များကတည်းက အနောက်နိုင်ငံတို့သည် အာရှတိုက်ကို အဆီစား အသားမျိုခဲ့ကြသည်။ ဈေးပေါသော အလုပ်သမားများ၏ လုပ်ခများအပေါ် တွင် ခေါင်းပုံဖြတ်ခဲ့ကြသည်။ ယခု လောလောဆယ်မှာပင်လျှင် ဂျပန်နိုင်ငံသည်လည်း အာရှနိုင်ငံများ၏ အဆီကို စား၍ အသားကိုမျိုးရန်၊ အလုပ်သမားများ၏ လုပ်အားကို လက်ဝါးကြီးအုပ်ရယူရန် ကြိုးပမ်းလာပြန်သည်။ အင်အားကြီးနိုင်ငံတို့သည် ကိုယ်ထိ လက်ရောက် ပြုလုပ်ခွင့် မကြုံသေးသော်လည်း အကြောင်းပေါ်လျှင် အဆင်သင့် ဝင်နိုင်ရန်အတွက် အကွက်ကိုသာ ချောင်းမြောင်းနေခဲ့ကြသည်။
သွေးစုပ်လိုသူတို့သည် အာရှမြေပေါ်မှာ အာရှတိုက်သားများနှင့် အကြိမ်ကြိမ် စစ်ခင်းခဲ့ကြသည်။ ကုပ်သွေးစုပ်လိုသူ သူတို့ အချင်းချင်းလည်း ဤမြေပေါ်မှာပင် စစ်မြေပြင် စစ်တလင်းအဖြစ် စစ်ခင်းခဲ့ကြသည်မှာ အကြိမ်ပေါင်း များပြားလှပါပြီ။ အာရှတိုက်၏ သယံဇာတပစ္စည်းများကို ရရှိနိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် အင်အားကြီး နိုင်ငံတို့သည် အဆက်မပြတ်ပင် အားပြိုင်မှုများ ပြုလုပ်ခဲ့ကြသည်။
လူမျိုးပေါင်းစုံသည် အုပ်စုလိုက်ဖွဲ့ ကာ ဝင်ရောက်လာကြပြီး သူတို့ အကျိုးစီးပွား ရှိရေးအတွက် လောဘဇောတိုက်ခဲ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သူတို့၏ အားပြိုင်မှုများသည် တစ်စထက်တစ်စ ပိုမို ပြင်းထန်လာကြသည်။
နောက်ဆုံး ကုန်သွယ်ရေးနည်းဖြင့် ယှဉ်ပြိုင်ခြင်းကိုပင် မပြုနိုင်တော့ဘဲ လက်နက် စွဲကိုင်ကာ စစ်မက်ဖက်ပြိုင် တိုက်ခိုက်ကြသည်အထိ ဖြစ်လာတော့သည်။ ထိုသို့သော စစ်ပွဲများကိုလည်း အာရှမြေပေါ်မှာပင် ခင်းကျင်းကြခြင်း ဖြစ်လေသည်။
ထိုသို့သော အားပြိုင်တိုက်ခိုက်မှုများ၊ ဈေးကွက်လုမှုများ၊ လောဘဇောတိုက်မှုများ ကြောင့် အာရှပြည်သူများခမျာမှာ အဖြစ်ဆိုး၊ ဘဝဆိုး၊ ကံကြမ္မာဆိုးများအတွင်းမှ ရုန်းမထွက်နိုင်အောင် ဖြစ်ခဲ့ကြရလေသည်။ သူတို့၏ ရင်မှာ အမြစ်တွယ် ပေါက်ဖွား လာသည့် အမျိုးသားရေး စိတ်ဓာတ်များလည်း အမှုန့်ချေ ဖျက်ဆီးခြင်းကို ခံခဲ့ကြရလေတော့သည်။
ထို့ကြောင့်လည်း စီးပွားရေးတွင် ကမ္ဘာ့ပြည်သူများနှင့် မည်သို့သောအခါတွင်မှ ပခုံးချင်းယှဉ် ရင်ပေါင်တန်းနိုင်ကြတော့မည် မဟုတ်ချေ။ သူတို့၏ ရှေးကျသော ရိုးရာဓလေ့၊ ခေတ်မမီတော့သည့် လူမှုဆက်ဆံရေး ဘဝများအတွင်းမှာသာ နစ်မွန်း နေကြရတော့မည် ဖြစ်သည်။
အာရှပြည်သူများထဲမှ အလားအလာရှိသူများကိုလည်း နယ်ချဲ့နိုင်ငံကြီးများက သူတို့၏ လက်သုံးတော်အဖြစ်သာလျှင် အသုံးချခဲ့သည်။ အဆီကိုစား အသားကိုမျိုရာ တွင် သော်လည်းကောင်း၊ ခေါင်းပုံဖြတ်ရာတွင် သော်လည်းကောင်း လက်နက်ကိရိယာ များအဖြစ်နှင့်သာလျှင် သဘောထားခဲ့သည်။
သည်လိုနှင့် အာရှတိုက်သည် ကြွယ်ဝချမ်းသာသည်မှာ မှန်သော်လည်း အာရှ ပြည်သူများအတွက် ကြွယ်ဝချမ်းသာခြင်း မဟုတ်တော့ချေ။ ခေါင်းပုံဖြတ်လိုသူ၊ ကုပ်သွေးစုပ်လိုသူ၊ တန်ခိုးအာဏာ ကြီးထွားလိုသူအချင်းချင်း စစ်မက်ဖက်ပြိုင်ရာ နယ်မြေဘဝမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့။
ရာနှင့်ချီသော နှစ်ပေါင်းများစွာ အချိန်ကြာမြင့်အောင် စစ်ပွဲတို့သည် အသွင်အမျိုး မျိုးဖြင့် ဖြစ်ပွားခဲ့ကြလေသည်။ နယ်ချဲ့ အချင်းချင်း ဆင်နွှဲသည့် စစ်ပွဲများ၊ နယ်ချဲ့နှင့် နယ်အချဲ့ခံပြည်သူတို့ ဆင်နွှဲရသည့် စစ်ပွဲများ၊ ဒေသခံ ပြည်သူအချင်းချင်း ဆင်နွှဲရ သည့် စစ်ပွဲများ၊ စသည်ဖြင့် စစ်ပွဲပေါင်း မြောက်မြားစွာတို့သည် ဈေးကွက်ကို အကြောင်းပြု၍ လည်းကောင်း၊ နိုင်ငံရေးကို အကြောင်းပြု၍ လည်းကောင်း၊ တန်ခိုး အာဏာကို အကြောင်းပြု၍ လည်းကောင်း ဖြစ်ပွားခဲ့ကြရသည်။ နောက်ဆုံး ၁၉၄၀၄၅ ခုနှစ်တွင် ဖြစ်ပွားသည့် ကမ္ဘာစစ်ကြီးကဲ့သို့သော ကြီးမားသည့် စစ်ပွဲကြီးကိုပင် အာရှမြေပေါ်မှာ ခင်းကျင်းကြလေတော့သည်။
အထောက်တော်လှအောင် ထို့ကြောင့်လည်း အာရှတိုက်မှာ ငြိမ်းချမ်းရေး မရနိုင်တော့ပါ။ သွေးပင်လယ်ဝေ စေသည့် စစ်တစ်ခု ပြီးဆုံးခြင်းသည် နောက်ထပ် ဖြစ်ပွားဦးမည့် သွေးပင်လယ်ဝေမည် ဖြစ်သော စစ်တစ်ခုကို ငံ့လင့်ကြိုဆိုခြင်းသာလျှင် ဖြစ်လေသည်။ စစ်တစ်ခု ပြီးဆုံးသွား သည် ဆိုသော်လည်း ကောင်းမွန်သည့် အနာဂတ်ရေးကို မမျှော်မှန်းနိုင်ခဲ့ကြ။
အာရှတိုက်၏ မြောက်ပိုင်းသည် အမေရိကန်နှင့် ဂျပန်တို့ အင်အားဖက်ပြိုင်ရာ နယ်မြေဖြစ်ရာမှ အမေရိကန်နှင့် ရုရှားတို့ အင်အားချင်း ပြိုင်ဆိုင်ရာ နယ်မြေအဖြစ်သို့ ကူးပြောင်းရောက်ရှိလာပြန်သည်။
အာရှတောင်ပိုင်း နိုင်ငံများတွင်လည်း ဗြိတိသျှနှင့် အခြားအင်အားကြီးနိုင်ငံ များ၏ ကိုလိုနီနယ်မြေအဖြစ် ပြန်လည်သိမ်းယူခြင်းကို ခံလိုက်ကြရပြန်သည်။ သည်လို ဖြင့်ပင် အာရှနိုင်ငံများ၊ ခေတ်နောက်ကျသည့် အာဖရိကနိုင်ငံများ၊ အင်အားသေးသည့် ဥရောပမှ နိုင်ငံငယ်များသည် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့ တန်ခိုးအာဏာ ယှဉ်ပြိုင် ကြရာတွင် ဓားစာခံများဘဝသို့သာ ကျရောက်နေကြရသည်။ သူတို့အတွက် ငြိမ်းချမ်း ရေး လမ်းစကား မျှော်မှန်းနိုင်စကောင်းသောအရာ မဟုတ်တော့ချေ။ ထာဝရ ဖြစ်ပွားနေ မည့် စစ်ပွဲများဆီသို့သာ ဦးတည်လျက် ရှိလေသည်။
ဂျပန်နှင့် စစ်ပြီးသောအချိန်တွင် အာရှတိုက်၏ အခြေအနေသည် ထိုအတိုင်းပင် ရှိခဲ့လေသည်။ ထို့ကြောင့်လည်း ဤစာအုပ်တွင် ထိုအကြောင်းများကိုသာ အဓိကထား ပြီး ရေးသားထားပါသည်။ ။
ထာဝရစစ်ပွဲဟူသည်မှာ လုံးဝ မလွှဲမရှောင်သာသောကြောင့် ဖြစ်ပွားလာခြင်း မဟုတ်ပါ။ အာရှတစ်လွှားတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများသည် တန်ခိုးအာဏာ ကြီးထွားလာရေးနှင့် အမြတ်ထုတ် ကုပ်သွေးစုပ်လိုသည့် အကြောင်းများကိုသာ အခြေပြုပြီး ဖြစ်ပွားခဲ့ရခြင်း မဟုတ်ပါ။ ထိုမျှမကသော အကြောင်းများကိုလည်း ကျွန်ုပ် လေ့လာတွေ့ရှိခဲ့ရပါသည်။
အဖိနှိပ်ခံ ပြည်သူတို့သည် အပြောင်းအလဲ တစ်ခုခု ဖြစ်လိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် စိတ်အားတက်ကြွနေကြသည်။ အပျက်အစီးများကို စွန့်လွှတ်လို ကြသည်။ ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည့် ဘဝမှ လွတ်မြောက်လိုကြသည်။ အခြေခံ အုတ်မြစ်အသစ်များအပေါ်တွင် ပုံသဏ္ဌာန် အသစ်များကို တည်ဆောက်လိုနေ ကြသည်။ တစ်စတစ်စဖြင့် ယင်းမျှော်လင့်ချက်သည် ကြီးထွားလာသည်။
လူ့သမိုင်းကြောင်း တစ်လျှောက်တွင် ဤသို့သော ကြီးကျယ်သည့် မျှော်လင့်ချက် မျိုးသည် ကြီးကျယ်သော ဖန်တီးနိုင်စွမ်းကို ပေးခဲ့ကြောင်း သာဓကများလည်း အများရှိပါသည်။ သို့သော် ရိုင်းစိုင်းကြမ်းကြုတ်မှုများ၏ ဟန့်တားချေဖျက်ခြင်းနှင့်သာ ရင်ဆိုင်တိုးနေရသည်။ အကယ်၍ ထိုအဟန့်အတားများကိုသာ တွန်းလှန်ချေဖျက်နိုင်ခဲ့ ကြမည်ဆိုပါက လူ့သမိုင်းတွင် အဓိကကျသော သမိုင်းမှတ်တိုင်တို့ကို ထူဆောက်နိုင် ခဲ့ကြမည် ဖြစ်ပါသည်။ အင်အားကြီးခိုင်သည့် အမှတ်အသားများကို ပြုလုပ်နိုင်ခဲ့ကြ မည် ဖြစ်ပါသည်။ အနာဂတ် အမေရိကန် ပြည်သူတို့သည်လည်း ယင်းအဓိကကျ သော သမိုင်းမှတ်တိုင်များတွင် ပါဝင် သက်ဆိုင်ကြမည် ဖြစ်ပါသည်။ ။
အာရှတိုက်တွင် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများကို မဖြေရှင်းနိုင်သေး သည်နှင့်အမျှ အာရှမြေပြင်သည်လည်း ပဋိပက္ခများ ဖုံးလွှမ်းရာ နယ်မြေပင် ဖြစ်နေ ပေလိမ့်ဦးမည်။ ထိုသို့ ပဋိပက္ခများ ပြွမ်းတီးနေမည်ဆိုလျှင် အာရှတိုက်တွင် ငြိမ်းချမ်း ရေး မရှိနိုင်ပါ။ အာရှတိုက်တွင် ငြိမ်းချမ်းရေးမရနိုင်လျှင် အမေရိကန်အတွက်လည်း ငြိမ်းချမ်းရေးရရှိနိုင်မည် မဟုတ်ပါ။ ထိုမျှမက ဤကမ္ဘာကြီးတစ်ခုလုံးအတွက်လည်း ငြိမ်းချမ်းရေးရနိုင်မည် မဟုတ်တော့ပေ။
ကျွန်ုပ်တို့သည် မည်သို့သော ကမ္ဘာမျိုး တည်ဆောက်ရန် အချိန် ရှိနေသေး သနည်း ဟူသည့် မေးခွန်းကို စဉ်းစားရန် လိုအပ်လာသည်။
ကျွန်ုပ်တို့သည် သယံဇာတပစ္စည်းအားလုံး၊ လူသားတို့အတွက် လိုအပ်ချက် အားလုံးကို စုပေါင်းပိုင်ဆိုင်ကြသည့် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံတို့ကို တစ်အုပ်တစ်ဖွဲ့တည်း စုစည်းတည်ထောင်နိုင်ကြပါမည်လား။ အကယ်၍ စုစည်းတည်ထောင်နိုင်ကြမည်ဆိုလျှင် မည်သို့မည်ပုံ စုစည်းတည်ထောင်ကြမည်နည်း။ မစုစည်းနိုင်ဟုဆိုလျှင် မည်သို့မည်ပုံ ဖြစ်ပေါ်လာဦးမည်နည်း။