Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

အထောက်တော်လှအောင် - နီဂရိုးတော်လှန်ရေး

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

အခန်း(၁)

တော်လှန်ရေးခေါင်းလောင်းသံ

တစ်နေကုန်ခဲ့လေပြီ။

မစ္စစ်ရိုဇာပတ်မှာ ပင်ပန်းနွမ်းနယ်နေ၏။ မောင်ဂိုမာရီကုန်တိုက်ကြီးတွင် စက် ချုပ်သမအဖြစ် တစ်နေကုန် အလုပ်လုပ်နေရသည်။ မောင်ဂိုမာရီကုန်တိုက်သည် မြောက်မြားလှစွာသော ဖောက်သည်တွေဖြင့် အရောင်းသွက်လှ၏။ အဝတ်အစား အပ်သူတွေ တစ်သုတ်ပြီးတစ်သုတ်၊ တစ်ဦးပြီးတစ်ဦး၊ ပစ္စည်းဝယ်သူတွေ တစ်ယောက် ပြီးတစ်ယောက် ဝင်လာမစဲတသဲသဲဖြင့် လက်မလည်နိုင်အောင် ရှိနေကြသည်။

မစ္စစ်ရိုဇာပတ်သည် အဝတ်ချုပ်သူတို့၏ ကိုယ်တိုင်းများကို ယား၍မှမကုတ်နိုင် အောင် တိုင်းထွာပေးနေရ၏။ အဝတ်အစားချုပ်သူတွေ၊ ကိုယ်တိုင်းယူသူတွေ၊ ပေကြိုး တွေ၊ အဝတ်စတွေကြားမှာ ချာချာလည်နေ၏။ ညအချိန်သို့လည်း ရောက်လှပြီ။ အပြင်မှာ မီးပွင့်တို့ လင်းစပြုပြီ။ ညအချိန်သို့ ရောက်ခြင်းဟူသည်ကား မစ္စစ်ရိုဇာပတ် အတွက် ကိုယ့်အိုးကိုယ့်အိမ်မှာ အေးအေးချမ်းချမ်း အနားယူခွင့်ရတော့မည်ဟူသော လက္ခဏာပင်တည်း။

မှန်ပါသည်။ ကိုယ့်အိုးကိုယ့်အိမ်၌ အနားယူခြင်းဟူသည်မှာ မစ္စစ်ရိုဇာပတ် အတွက် တန်ဖိုးမဖြတ်နိုင်သော အဓိပ္ပာယ်လေးနက်သော၊ တပ်မက်စဖွယ်သော၊ တစ် နေကုန် တစ်နေခန်းလည်း မှန်းမျှော်တမ်းတခဲ့ရသော စကားလုံးများပင် ဖြစ်ပါသည်။

မုဆိုးမဘဝဖြင့် ရုန်းကန်လှုပ်ရှားခဲ့ရသည့် မစ္စစ်ရိုဇာပတ်သည် အသက် ၄၀ ကျော်ခဲ့ပြီ။ နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ အိမ်ကိုကျောခိုင်းပြီး အလုပ်ခွင်ဝယ် ပင်ပန်းကြီးစွာ လုပ်ကိုင်နေခဲ့ရသည်။ သမုဒ္ဒရာဝမ်းတစ်ထွာဟူသည်ကား ဖြည့်၍ပြည့် နိုင်ခဲပါဘိ၏။ အမောအပန်းမှ မဖြေရဘဲ ဇယ်စက်သလို အလုပ်နှင့်လက် မကွာအောင် လုပ်ခဲ့ရသည်။ တစ်ခါတစ်ရံ အလုပ်နှစ်ခုကိုပင် တစ်ပြိုင်တည်း လုပ်နေရတတ်၏။ နေ့တွင်အလုပ်တစ်ခု၊ ညတွင်အလုပ်တစ်ခု၊ နေ့လုပ်ညလုပ်တွေဖြင့်လည်း ချာချာလည် နေတတ်၏။ သို့ကလို လုပ်နိုင်ပါမှ တစ်ဝမ်းတစ်ခါးဝရုံ၊ အရှက်လုံရုံရှိမည် မဟုတ် ပါလား။

ထိုမျှသာမက သားသမီးသုံးယောက်ကို ပညာသင်ကြားပေးရသည့် ကြီးလေး သော တာဝန်ကြီးတွေကိုလည်း မစ္စစ်ရိုဇာပတ် ထမ်းရွက်နေရသေး၏။

သူ့အသားရောင်သည် ညို၏။ မျက်နှာပေါ်တွင် အစက်အပြောက်တို့ပင် တင်ရှိ နေချေပြီ။ တကယ်ဆိုတော့ တပ်မက်ဖွယ်ကောင်းသော၊ ဆွဲဆောင်အားရှိသော၊ နုပျို လန်းဆန်းသော အလှအပဟူသည်မှာ မစ္စစ်ရိုဇာပတ်ထံမှ ခွဲခွာစပြုနေပြီ။ ဇရာရိပ် သွင်တို့ စွဲထင်စပြုနေပြီ။ သို့သော်လည်း သူမ၏ အပြောအဆိုသည် ချေငံ၏။ ပြေ ပြစ်၏။ ချိုသာ၏။ ယဉ်ကျေး၏။ အမူအရာကလည်း နှစ်သက်စဖွယ်ပင်။ ထို့ကြောင့် မစ္စစ်ရိုဇာပတ်ကို ကျောင်းဆရာမတစ်ယောက်ဟူ၍ပင် ထင်မှတ်မှားနိုင်သည်။

၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့၊ ညနေပိုင်း နေဝင်ရိုးရီတွင် ဖြစ်သည်။ ( မိမိအလုပ်လုပ်ရာ မောင်ဂိုမာရီကုန်တိုက်ကြီး အတွင်းမှထွက်လာသော မစ္စစ် ရိုဇာပတ်ကို မြင်တွေ့ရသူများသည် ဈေးဝယ်လာသူတစ်ယောက်အဖြစ် ထင်မှတ်ကြ ပေမည်။ အဝတ်အစားမှာ သပ်ရပ်၏။ မိုးပြာရောင်လွင်လွင်ကလေး ဖြစ်သည်။ နက် မှောင်သောဆံပင်ကို သပ်ရပ်စွာ ဖြီးသင်ထားသည်။ ဆံပင်တို့က မျက်မှန်ကိုင်းနှင့် နားရွက်တို့ကို ဖုံးအုပ်နေသည်။

ဘတ်စ်ကားမှတ်တိုင်သို့ လျှောက်လာခိုက်မှာပင် လက်ဝဲဖက်ခြေထောက်က နာကျင်ကိုက်ခဲလာ၏။ ခြေထောက်တွင် ဖိနပ်ပေါက်ရာမှ အနာဖြစ်ပြီး ရင်းနေ၏။ ရောင်လည်းရောင်နေ၏။ ယခု လမ်းလျှောက်လာရသဖြင့် ထိုအနာက သူမကို ဒုက္ခပေး လျက်ရှိသည်။

ကလိဗ်လင်းအဲဗင်းနယူးသို့ သွားမည့်ဘတ်စ်ကား ရောက်လာသည်။ ကား ပေါ်သို့ တက်လိုက်သည်။ ဘတ်စ်ကားစီးရသည်မှာ နိစ္စဓူဝ အလုပ်ဖြစ်သောကြောင့်မည်သို့ မည်ပုံစီးရမည်ကို သူမကောင်းစွာသိနေသည်။ ဘတ်စ်ကားပေါ်ရှိ ထိုင်ခုံများ ကို နှစ်ပိုင်းပိုင်းထားသည်။ အလယ်မှစ၍ ဘတ်စ်ကား၏အရှေ့ပိုင်းခုံများမှာ လူဖြူ များအတွက်ဖြစ်ပြီး အနောက်ဘက်ပိုင်းခုံများမှာ အသားအရောင်ရှိသူ နီဂရိုးများ အတွက် ဖြစ်သည်။ ။

နီးဂရိုးအမျိုးသမီး မစ္စစ်ရိုဇာပတ်သည် နီဂရိုးများအတွက် သတ်မှတ်ထား သော ထိုင်ခုံများအနက် ရှေ့ဆုံးခုံတွင် ဝင်ထိုင်လိုက်သည်။ လူဖြူများ၏ နောက်ဆုံး ခုံနှင့် ကပ်လျက်ရှိသောခုံ ဖြစ်သည်။

အလာဘားမားပြည်နယ်၊ မောင်ဂိုမာရီမြို့စွန် ရပ်ကွက်များတွင် ခရီးသည်တွေ စုပုံနေသည့်အချိန် ဖြစ်သည်။ ဘတ်စ်ကားတိုင်း ကျပ်နေသည်။ ဘတ်စ်ကားမှတ်တိုင်တွေမှာ လူဖြူတွေရော နီဂရိုးများပါ ကြိတ်ကြိတ်တိုး၍ ဘတ်စ်ကားစောင့်နေကြရ၏။ ဘတ်စ်ကားများစွာတို့သည်လည်း ခရီးသည် ထပ်မစောင့်နိုင်တော့ဘဲ လူဖြူနှင့်နီးဂရိုး ပေါင်းများစွာတို့ကို မှတ်တိုင်များမှာ ထားခဲ့ကြရလေသည်။

နီဂရိုးများအတွက် သတ်မှတ်ပေးထားရာ ရှေ့ဆုံးခုံတွင် မစ္စစ်ရိုဇာပတ် ဝင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်တည်း အခြားနီးဂရိုးအမျိုးသား သုံးယောက်နှင့်အတူ နောက်ဘက်သို့ရွှေ့ပေးရန် ဘတ်စ်ကားဒရိုင်ဘာက အမိန့်ပေးလေတော့သည်။ နေရာ မရသဖြင့် မတ်တတ်ရပ်နေကြသော လူဖြူ အမေရိကန်များထိုင်ရန် မောင်းထုတ်လိုက် ခြင်းပင် ဖြစ်လေသည်။ ကားဒရိုင်ဘာသည်လည်း လူဖြူ အမေရိကန်သာတည်း။

အမှန်ဆိုလျှင် မစ္စစ်ရိုဇာပတ်နှင့်အတူ နေရာမှထခိုင်းခြင်းခံရသည့် နီဂရိုး အမျိုးသားများသည် ၎င်းတို့အတွက် တရားဝင်သတ်မှတ်ပေးထားရာ နီဂရိုးများနေရာ မှာ ထိုင်နေကြခြင်းသာဖြစ်သည်။ ယခုမူ မိမိတို့နေရာတွင် မိမိတို့ထိုင်နေကြပါလျက် မိမိတို့က မတ်တတ်ရပ်ပေးရမည်။ နေရာမရသည့် လူဖြူ အမေရိကန်များက မိမိတို့ နီးဂရိုးများအတွက် သတ်မှတ်ထားသောနေရာတွင် လာထိုင်မည်။ နီဂရိုးတို့သည် လည်း အမေရိကန်များနည်းတူ ဘတ်စ်ကားခကို အပြည့်အဝ ပေးစီးကြပါ၏။ တစ်ပြားတစ်ချပ်မျှ လျှော့ပေး၍မရ။ သည်ကြားထဲက ယခုလို တစ်ဖက်စောင်းနင်း၊ နိုင့်ထက်စီးနင်း အမိန့်ပေးခြင်းခံရသည်မှာ၊ ပခုံးနှစ်ဖက်ကြားတွင် ခေါင်းပေါက်သော လူချင်းတူပါလျက်၊ အသက်ရှူချင်းတူပါလျက် အခွင့်အရေးချင်း မတူတော့သည်ကို မစ္စစ်ရိုဇာပတ် စဉ်းစားမိသည်။ လူနှင့်လူချင်း၊ လူအဖြစ် သတ်မှတ်ခြင်းမခံရသော စနစ်ကိုလည်း စိတ်နာမိသည်။

နောက်တစ်ချက်မှာ မစ္စစ်ရိုဇာပတ်သည် အသက်အရွယ် အနည်းငယ်ထောက် လာပြီဖြစ်သော မိန်းမသားဖြစ်၏။ ခြေထောက်တစ်ဖက်မှ အနာကြောင့် မတ်တတ် ရပ်ခြင်းငှာ မစွမ်းနိုင်တော့သော ဝေဒနာရှင်လည်း ဖြစ်၏။ တစ်နေကုန်တစ်နေခန်း အလုပ်တိုက်မှာ ပင်ပန်းနွမ်းနယ်ခဲ့ရ၏။ ယခု ကိုယ်ကဦးသူ၊ အရင်ရောက်သူလည်း ဖြစ်သည်။ သည်လိုနေရာမျိုးမှာမှ ထိုင်ခွင့်မရှိတော့ပြီလော။

ထိုမျှသာမကသေး။ မတ်တတ်ရပ်နေကြရသည်ဆိုသော လူဖြူအမေရိကန် များကို ကြည့်ပါဦး။ ကျားကျားလျားလျား ကျန်းမာသန်စွမ်းသူတွေ ဖြစ်သည်။ ငယ်ရွယ် နုပျိုသူတွေ ဖြစ်သည်။ ခွန်အားဗလရှိသော ယောက်ျားရင့်မာကြီးတွေ ဖြစ်သည်။ ထိုသို့သောလူတွေက မိမိနေရာတွင်ဝင်ထိုင်ပြီး မိမိကဲ့သို့ ရောဂါသည်ဝေဒနာရှင်က နေရာမှ ထပေးရမည်ဆိုလျှင် လူသားတစ်ယောက်အနေဖြင့် ရသင့်သည့်အခွင့်အရေး ဟူသည်မှာ မည်သည့်အရာကို ခေါ်သနည်း။ ။

လူချင်းအတူတူ သာတူညီမျှရကြရမည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းဟူ သော လောကပါလတရားတို့သည် အဘယ်မှာနည်း။

ဘတ်စ်ကားဒရိုင်ဘာ လူဖြူ အမေရိကန်၏အမိန့်ကို နီဂရိုးအမျိုးသား သုံး ယောက်တို့က ကျိုးနွံစွာ နာခံလိုက်ကြသည်။ စကားနည်းရန်စဲလမ်းစဉ်ကို ကျင့်လိုက် ကြသည်။ နေရာတကာတွင် ဖိနှိပ်အချိုးနှိမ်ခံနေရသော ဘဝကြောင့်၊ အရှုံးပေးခြင်း ဟူသည်မှာ သူတို့အတွက် အသားကျနေဟန်တူသည်။ ။

သို့သော် ... မစ္စစ်ရိုဇာပတ်သည် အာဂမုဆိုးမဖြစ်၏။ မတရားမှုကို ရဲရဲကြီး ရင်ဆိုင်ပစ်လိုက်၏။ ဒရိုင်ဘာ၏ မတရားဖိနှိပ်ချက်ကို နေရာမှ တစ်လက်မမရွေ့ဘဲ ထိုင်နေခြင်းဖြင့် ပယ်လှန်လိုက်သည်။ လူ့အခွင့်အရေးကို တိုက်ယူလိုက်၏။

မည်သို့ပင်ဆိုစေ သူမ၏တိုက်ပွဲသည် အေးငြိမ်းစွာပြီး၍ မသွားပါ။ လူ့အခွင့် အရေးတိုက်ပွဲသည် အောင်ပွဲမခံလိုက်ရပါ။ ငြိမ်းချမ်းရေး၊ ငြိမ်ဝပ်ပိပြားရေး၊ တရား ဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးသူအဖြစ် မစ္စစ်ရိုဇာပတ်ကို ပုလိပ်က ဖမ်းဆီး လိုက်သည်။ ဘတ်စ်ကားမှတစ်ဆင့် ရဲဌာနသို့ ဝေဒနာရှင် နီဂရိုးမုဆိုးမကြီးကို သယ်ဆောင်သွားသော်လည်း အနှောင့်အယှက်ဟူ၍ စိုးစဉ်းမျှမပေါ်။ သူမ၏ လူ့အခွင့်အရေး တိုက်ပွဲသည် ရဲဌာနအချုပ်ခန်းသို့ ဦးတည်ခဲ့ရလေတော့သည်။

သည်ကစပြီး.. နောက် ၅ မိနစ်မျှသာ ကြာသောအခါ ပြင်းထန်သော လူ့ အခွင့်အရေးတိုက်ပွဲကြီးတွေ ပေါ်ပေါက်လာတော့သည်။ ရာပေါင်းများစွာသော၊ ထောင် ပေါင်းများစွာသော နီဂရိုးတို့ အုံကြွလာတော့သည်။

တကယ်ဆိုတော့ မစ္စစ်ရိုဇာပတ်သည် တိုက်ပွဲခေါ်သံကို အကျယ်လောင်ဆုံး၊ အစူးရှဆုံး အပီသဆုံး အော်ဟစ်ကြွေးကြော်လိုက်ခြင်းနှင့် ဘာမျှမခြား။

လူဖြစ်လာသောအခါတွင်၊ လူသားတို့ရရှိမည့် လူ့အခွင့်အရေးတွေကို၊ အပြင်း ထန်ဆုံး၊ အလေးနက်ဆုံး၊ အဓိပ္ပာယ်အသက်ရောက်ဆုံး ထုတ်ဖော်တောင်းဆိုလိုက် ခြင်းနှင့် ဘာမျှမခြား။ ။

နီးဂရိုးတစ်မျိုးသားလုံး၏ လူမှုအခွင့်အရေးတော်လှန်ရေး ခေါင်းလောင်းကြီး ကို အမြည်ဟည်းဆုံး၊ အကျယ်လောင်ဆုံး၊ ထပ်မနား တီးခေါက်လိုက်ခြင်းနှင့် ဘာမျှ မခြား။

ယင်းသို့ နီဂရိုးတော်လှန်ရေး ခေါင်းလောင်းသံကြီး အဆက်မပြတ် မြည် ဟည်း၍ အပြီး..၊ နောင် ၁၂ နှစ်ကြာသော ကာလတွင်ကား....။