အထောက်တော်လှအောင် - နာဇီပဋိညာဥ်ခံ
ဇာတ်ဖွင့်
မတ်၊ ၁၉၄၅
ရေငုပ်သင်္ဘောကြီး၏ဝမ်းဗိုက်သည် လှိုင်းပုတ်လိုက်တိုင်း ဆိပ်ခံဗော တံတားနှင့် ပွတ်တိုက်လျက်ရှိလေသည်။
နေရာကား သမုဒ္ဒရာအတွင်းရှိ ကျွန်းကလေးတစ်ကျွန်းတွင်ဖြစ်သည်။ အမိ ဂျာမနီနိုင်ငံတော်ကြီးနှင့် မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်ဖြစ်သည်။ထိုနေရာသည် ဂျာမန် ရေငုပ်သင်္ဘောများ လောင်စာဆီဖြည့်တင်းရာ စခန်းနှင့် လက်နက်ခဲယမ်းမီးကျောက်နှင့် ရိက္ခာပစ္စည်းများ ဖြည့်တင်းရာစခန်း ဖြစ်လေသည်။ထိုနေရာတွင် ထိုစခန်းရှိကြောင်း မဟာမိတ်တပ်များ လုံးဝမသိရှိကြ ချေ။ မဟာမိတ်တို့၏ ထောက်လှမ်းရေးတပ်များက ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြ သော်လည်း ထိုစခန်းကို လုံးဝမတွေ့ခဲ့ကြချေ။
မဟာမိတ်များသာမက၊ ဂျာမန်စစ်ဌာနချုပ်တွင်လည်း ထိုစခန်း အကြောင်း သိသူအလွန်တရာနည်းပါးလှသည်။ဂျာမန်ရေငုပ်သင်္ဘောများသည် ရန်သူစခန်းများကို သွားရောက်တိုက်ခိုက်ပြီး လျော့နည်းသွားသည့် လက်နက်ခဲယမ်းမီးကျောက်နှင့် ရိက္ခာများကို ထိုစခန်းမှာ လာရောက်ဖြည့်တင်းကြသည်။အချို့ သင်္ဘောများကလည်း ရန်သူစခန်းများကို တိုက်ခိုက်ပြီးစီးပြီ ဖြစ်သောကြောင့် ထိုစခန်းမှာ လာရောက်အနားယူကြသည်။
ထိုနေ့ အရုဏ်တက်က ထိုစခန်းတွင် ဆိုက်ကပ်ထားသည့် ရေငုပ် သင်္ဘောကား အထက်ပါတာဝန်များကို ထမ်းဆောင်ဖို့ မဟုတ်ပါ။စစ်ကြီးကလည်း ပြီးဆုံးသွားလေပြီ။ ထို့ကြောင့် နောက်ထပ်စစ်ကြီးတစ်ခုထပ်မံဆင်နွှဲရန်အတွက် ပေး အပ်သည့်တာဝန်များကို ထမ်းဆောင်နေကြခြင်းသာဖြစ်လေသည်။
ရေငုပ်သင်္ဘောပေါ်မှာ ယောက်ျားနှစ်ယောက် ရပ်နေသည်။ တစ်ယောက် က ဂျာမန်ရေတပ်အရာရှိကြီး အဆင့်ရှိသော ယူနီဖေါင်းကို ဝတ်ထားသည်။ ကျန်တစ်ယောက်က အရပ်ဝတ်နှင့်ဖြစ်ပြီး အပေါ်ရုံကုတ်အင်္ကျီရှည်ကြီးကို ဝတ် ထားသည်။ ပင်လယ်ပြင်တွင်းမှာ လေတိုးတိုက်နေသောကြောင့် အင်္ကျီ လန်များကို ထောင်ထားကြသည်။
ကုန်းဘောင်အတိုင်း တန်းစီတက်လာကြသော ခရီးသည်များကို သူတို့နှစ်ယောက်က ငုံ့ကြည့်နေသည်။သင်္ဘောပေါ်သို့ တက်လာသော ခရီးသည်တိုင်းကို တာဝန်ရှိသူများ က စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးနေကြသည်။စစ်ဆေးပြီးစီး၍ မှန်ကန်သောခရီးသည် ယောက်ျား၊မိန်းမများကို သင်္ဘောပေါ်သို့ တက်ခွင့်ပြုသည်။
ကိုယ်တိုင် လမ်းလျှောက်တတ်သူ အနည်းငယ်ရှိပါသည်။ တကယ့်ကို အနည်းစုသာဖြစ်ပါသည်။ ထိုသို့ လမ်းလျှောက်နိုင်သူများမှာ အသက်အကြီး ဆုံးခရီးသည်များဖြစ်ကြပြီး၊ ၁၂ နှစ်နှင့် ၁၃ နှစ် သားသမီးများဖြစ်ကြသည်။ကျန်ခရီးသည်အားလုံးမှာ ကလေးများချည်းဖြစ်သည်။ နို့စို့အရွယ် ကလေးများကို မျက်နှာအမူအရာ တင်းတင်းမာမာရှိလှသည့် စစ်သူနာပြုများက ချီပိုးလာကြသည်။ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးသောအခါ သူတို့ ချီပိုးလာ သည့် ကလေးငယ်များကို သင်္ဘောပေါ်ရှိ ဆေးတပ်ဆရာဝန်များ လက်သို့ လွှဲအပ်ကြသည်။ဆေးတပ်ဝန်ထမ်းများက ကလေးငယ်များကို သင်္ဘောအတွင်းသို့ချီပိုးသွင်းယူသွားကြသည်။ ထိုရေငုပ်သင်္ဘောသည် ထိုကလေးငယ်များ ရက်သတ္တပတ်အနည်းငယ်ကြာအောင် နားခိုနေရမည့် သင်္ဘောပင်ဖြစ်လေသည်။
“မယုံကြည်နိုင်စရာပါပဲဗျာ... တကယ့်ကို မယုံကြည်နိုင်လောက် အောင် အထူးအဆန်းတွေ ဖြစ်နေတော့တာပါပဲ”
ရပ်ကြည့်နေသော ရေတပ်အရာရှိကြီးက အရပ်ဝတ်နှင့်လူကို ပြောသည်။အရပ်ဝတ်နှင့် ထောင်ထောင်မောင်းမောင်းလူ၏ ကိုယ်လုံးမှာ ဆတ်ကနဲတောင့်သွားသည်။
ဒါဟာ အစပဲရှိသေးတယ်။ အချက်ပေးသံတွေ နေရာတကာက ရောက်လာပြီလေ။ ဆိပ်ကမ်းမြို့တွေက ကလေးတွေထွက်လာကြတော့မယ်။ တောင်ကြားလမ်းတွေမှာရှိတဲ့ကလေးတွေ ထွက်လာကြတော့မယ်။ဂျာမနီ တစ်နိုင်လုံးမှာရှိတဲ့ လေယာဉ်ပျံကွင်းတွေက ထွက်လာကြတော့မယ်။ ထောင် ပေါင်းများစွာ ထွက်လာကြတော့မယ်။ ပြီးတော့ ကမ္ဘာအရပ်ရပ်ကို သွားကြတော့ မယ်။ နေရာတကာကို သွားကြတော့မယ်။ လူတွေကလဲ ကမ္ဘာအရပ်ရပ်မှာ နေရာတကာမှာ သူတို့ ကို စောင့်ဆိုင်းနေကြပြီ ”
“ တကယ့်ကို ထူးခြားလှတဲ့ အကောင်အထည်ဖော်မှုကြီးတစ်ခုပေပဲ နော် ” ဟု ရေတပ်အရာရှိက မှတ်ချက်ချသလို ပြောပြန်သည်။
“ဒါဟာ မဟာဗျူဟာကြီးတစ်ခုရဲ့ အစိတ်အပိုင်းကလေးတစ်ခုသာ ရှိသေးတယ်။ မဟာဗျူဟာကြီးတစ်ခုလုံးကမှ တကယ့်ကို ထူးခြားကြီးကျယ်တာ၊ ဘာနဲ့မှမတူအောင် ထူးခြားကြီးကျယ်တာ ”
“အခုလိုအချိန်မျိုးမှာ သင်္ဘောပေါ်ကို ခင်ဗျားရောက်နေတဲ့အတွက် ဂုဏ်ယူမိပါတယ်ဗျာ ”
“ကျွန်တော်ကလဲ ဒီလိုအချိန်မျိုးမှာ ဒီနေရာမှာရှိနေချင်ပါတယ်။ သင်္ဘောနဲ့ တင်ပို့ပေးတဲ့အစီအစဉ်မှာ ဒါဟာ နောက်ဆုံး အခေါက်ပဲလေ "
အရပ်ဝတ်နှင့်လူက အောက်သို့ ငုံ့ကြည့်ယင်း ပြန်ပြောသည်။ ပြီး တော့မှ ဆက်ပြောပြန်သည်။
“ တတိယ ဂျာမနီနိုင်ငံတော်ကြီး ပြိုကွဲနေပြီ။ ဒီကလေးတွေဟာ ပြန်လည်မွေးဖွားနေခြင်းပဲ။ သူတို့တတွေဟာ စတုတ္ထမြောက် ဂျာမနီနိုင်ငံတော် ကြီးပဲ။ ဒီထဲမှာ အညံ့စားတွေမပါဘူး။ အကျင့်ပျက်သူတွေမပါဘူး။ သူတို့ဟာ
“မျိုးဆက်တွေ၊ တစ်ကမ္ဘာလုံးကို သူတို့ ဖြန့်သွားကြတော့မယ် "
“ သူတို့ဟာ ကလေးတွေ ...”
ရေတပ်အရာရှိက တစ်စုံတစ်ရာပြောဖို့ကြိုးစားသည်။ သို့သော်လည်း အရပ်ဝတ်နှင့်လူက သူ့စကားကို အဆက်မခံဘဲ ကြားဖြတ်ပြောသည်။
"သူတို့ဟာ တကယ့်ကလေးတွေ၊ သူရဲကောင်းအလောင်းအလျာကလေး တွေ၊ ဒီအထဲက သူရဲကောင်းတွေ သန်းပေါင်းများစွာပေါ်ထွက်လာလိမ့်မယ်။ ကမ္ဘာအရပ်ရပ်မှာ ကလေးပေါင်းများစွာရှိတယ်။ ဒါပေမယ့် ဒီကလေးတွေနဲ့တော့ တူကြမှာမဟုတ်ဘူး။ ဒီကလေးတွေကလဲ ကမ္ဘာအရပ်ရပ်ကို ရောက်သွား ကြတော့မယ် ”