အကြည်တော် - အောင်မြေ
ဒုက္ခဆိုတာ နောင်တစ်ချိန်ဖြစ်မယ်ဟာသပါ...။
ဒုက္ခဆိုတာ နောင်တစ်ချိန်ဖြစ်လာမယ့်ဟာသပါ... မှန်ချင်မှလည်းမှန်လိမ့်မယ်။ ဒါပေမယ့်ကျွန်တော် ကတော့ အဲဒီလိုပဲမြင်တယ်။ နောက် ကျွန်တော် တို့ဖြတ်သန်းလာတဲ့ဘဝမှာလည်း ဒုက္ခဆိုတာ မပြောပလောက်တဲ့ ယိုင်နဲ့နဲ့တံတားလေးပါ။ ဒီ တံတားလေးကို ဖြတ်သန်းချိန်မှာသာ စိုးရိမ်စိတ်များ ပေမယ့် တံတားလေးကို ဖြတ်သန်းကျော် ဖြတ်နိုင် တဲ့အခါ လူတိုင်းကြည်နူးစိတ်နဲ့ပြီးဖြစ်ကြတာပါပဲ။
ကျွန်တော့်သဘောကတော့ အဲဒီအတိုင်း ပါပဲ။ တံတားလေးကို ဖြတ်ချိန်မှာတောင် အောင် မြင်သွားတဲ့အခါ ပြီးဖြစ်ဦးမှာပဲဆိုတာ ကြိုသိနေတဲ့အတွက် စိုးရိမ်စိတ်ကအများကြီး လျော့နည်းစေခဲ့ပါတယ်။
ကဲ ... ကျွန်တော်တို့အကြောင်းလေးပြောပြပါဦးမယ်...။ ဒါဟာ ခုနကပြောခဲ့တဲ့တံတားပေါ်က ကာလပါ။ အကယ်၍များ တစ် နေရာရာမှာပြီးဖြစ်သွားခဲ့ရင်တောင် ဒုက္ခဆိုတာ နောင်တစ်ချိန် ဖြစ်လာ မယ့်ဟာသပါဆိုတဲ့ ဆောင်ပုဒ်လေးကို ခဏဖြစ်ဖြစ်ပြန်ကြည့်ပေးပါ။ နောက် နည်းနည်းလေး ပြန်စဉ်းစားကြည့်ပေးပါ။ ပြီးမှ ဟုတ်မဟုတ်ဆိုတာ ကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချပါ။
ကဲ... ကျွန်တော်တို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုထဲဝင်ကြည့်ကြ..
ကျွန်တော့်မှာအောင်မြေလို့သတ်မှတ်ထားတဲ့ နေရာလေး တစ်ခုရှိတယ်။ အဲဒီနေရာလေးကို အမေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငွေတစ်သောင်းနဲ့ဝယ်ပေးခဲ့တာ ပါ။ ရန်ကုန်မြို့ရဲ့ အစွန်ဆုံး တည်ကာစ မြို့သစ် ကလေး တစ်ခုမှာပေါ့။ အဲဒီနေရာမှာ ကျွန်တော်တို့ ဘဝတစ်စိတ်တစ်ပိုင်း ပေးဆပ်ခဲ့ဖူးတယ်။ ကျွန်တော် တို့ဆိုတာ ကျွန်တော်အပါအဝင် လူပေါင်းဆယ် ယောက်လောက်ရှိတယ်။ အဲဒီတုန်းကတော့ကျွန် တော်တို့အားလုံးဟာ အနုပညာ နယ်ထဲခြေချဖို့ ကြိုးစားနေကြတဲ့ လူငယ်ကလေးတွေပါ။ အခုတော့ အားလုံးဟာသူ့ဘဝနဲ့သူ နေရာလေးတွေရ ကုန်ကြပြီ ပေါ့။ ပန်းချီဝါသနာပါသူတွေက ပန်းချီဆရာဒီဇိုင်နာတွေဖြစ်၊ ကျွန်တော်တို့စာရေးဝါသနာ ပါသူတွေက စာရေးဆရာ တွေဖြစ်ပေါ့။ ဒါကလည်းအမေဝယ်ပေးတဲ့ ကျွန်တော်တို့ရဲ့ အောင်မြေလေး ကောင်းမှုလို့ထင်တယ်။
“ကျွန်တော်တို့ရဲ့ အောင်မြေလေးဟာ ပေနှစ်ဆယ်ပတ်လည်ပဲကျယ် တဲ့ ဝါးထရံအိမ်လေးပါပဲ။ အိမ်ကလေးရဲ့ အတွင်းပိုင်းမှာအသေရိုက်ထားတဲ့ ဝါးကွပ်ပျစ်လေးနှစ်ခုပဲရှိတယ်။ အဲဒီကွပ်ပျစ်ကလေးမှာပဲ ရှိရှိသမျှလူတွေအားလုံးစုပြုံအိပ်ကြတယ်။ ဝါးကွပ်ပျစ်လေးနှစ်ခုကလွဲရင် အခြားနေရာ တွေမှာဘာမှမခင်းထားဘူးလေ။ မြေကလည်းရွှံ့မြေကြီးဆိုတော့ ပလစ် ပလစ်နဲ့။ ဒါကြောင့် ညအိပ်ချိန်ဆိုရင် အဲဒီဝါးကွပ်ပျစ်ကလေးမှာပဲ ကျပ်ညပ် ကပ်သတ် အိပ်ရတာ။ နေ့ခင်းပိုင်းဆိုရင်တော့ ဘယ်သူမှအိပ်လို့ မရဘူး။
ပန်းချီရေးတဲ့လူတွေက ပန်းချီရေး၊ စာရေးတဲ့သူကစာရေးနဲ့ အားလုံးကိုယ့် အလုပ်ကိုယ် တကုတ်ကုတ်နဲ့လုပ်ကြတယ်။
ပြီးမှ တစ်နေ့စာလုပ်ပြီးသမျှကို မြို့ထဲသွားပို့ပြီး စားသောက်ဖို့ကို ကြုံသလိုဖန်တီးခဲ့ရတယ်။ များသောအားဖြင့် ပန်းချီဒီဇိုင်းလုပ်တာက အဓိက အလုပ်ဖြစ်နေတယ်။ အဲဒီအလုပ်ကိုပဲ ဖိလုပ်ခဲ့ရတယ်။ စားသောက်ဖို့ကို လည်း ဆိုင်တွေမှာစားရင် ငွေကုန်မှာစိုးလို့(အမှန်တော့စားကိုမစားနိုင်တာ) အိမ်မှာပဲရာ ကြံချက်ပြုတ်စားခဲ့ကြတယ်။ ကောင်းကောင်းကမ်းကမ်းတော့ မစားရဘူးပေါ့။ ဆယ်ယောက်စာကို ငါးဆိုရင် နှစ်ဆယ်သား၊ ကျန်တဲ့ ကြက်သား၊ ဝက်သားဆိုရင်လည်း ဆယ့်ငါးကျပ်သားလောက်ကိုအသီး အရွက်တွေ အစုံထည့်ပြုတ်ပြီးစားရတဲ့ ကာလသား မီးမောင်းပျက် ဟင်း ကိုပဲ မရိုးတန်းလွေးခဲ့ရတယ်။ အာဟာရဖြစ်ရင်ပြီးရောပေါ့၊ ဟုတ်ဘူးလား။
ဘာပဲပြောပြော ကျွန်တော်တို့အားလုံးဟာ မျှော်လင့်ချက်ကိုယ်စီ နဲ့မို့ အဲဒီအိမ်ကလေးမှာ အဲဒီလိုနေခဲ့ရတာကိုပဲ နိဗ္ဗာန်တစ်ခုလိုအရမ်း ပျော်ခဲ့ကြတယ်။ အားလုံးတူတူ တန်တန်စားသောက်ပြီး ဟာသတွေပြော၊ တဝုန်းဝုန်းနဲ့ ဗြောင်းသတ်နေခဲ့ရတာပေါ့။
(နောက်ပိုင်း ကျွန်တော်စာရေး တော့ အဲဒီမှာပြောခဲ့တဲ့ ဟာသတွေအတော်များများ ပြန်ထည့်ရေးဖြစ်ခဲ့တယ်။ ဖတ်တဲ့လူတွေလည်း ရယ်ရတယ်လို့ပြောကြတာပဲ။ )
အခုတော့ ကျွန်တော်တို့ အဲဒီအောင်မြေလေးကထွက်ခဲ့တာ လေးငါးနှစ်ရှိပါပြီ။ အဲဒီအိမ်မှာနေကြတဲ့သူတွေ အားလုံးလောက်နီးနီးလည်း ကျွန်တော် တို့နဲ့အတူပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အလုပ်များ လို့စိတ်ညစ်တဲ့အခါ အဲဒီအိမ်ကလေးကိုသွားပြီး တစ်နေကုန် ပက်လက်လှန်အိပ်နေဖြစ်ပါတယ်။ အိမ်ကလေးကတော့ အရင်ကအတိုင်းပါပဲ။ ပေါက်ပြဲနေတဲ့ထရံကို မိုးကာစနဲ့ပိတ်ကာထားပြီး ကျိုးတိုးကျဲတဲ အမိုးအကာအောက်မှာတည်ရှိနေတုန်းပါပဲ။ အဲဒီအိမ်ကလေးရောက် တယ်ဆိုရင်ပဲ၊ ဪ.. ငါတို့ဘယ်ဘဝကနေစပြီး ကြိုးစားခဲ့ရတယ်ဆိုတာ ကို ပြန်အမှတ်ရပြီး ခွန်အားသစ်ပြန်ဖြစ်စေပါတယ်။ ဒါကိုပဲ ကျွန်တော်တို့က အောင်မြေပြန်နင်းတယ်လို့ ဆိုခဲ့ကြပါတယ်။
အဲဒီအောင်မြေဆီကိုပြန်ရောက်ရင်ပဲ နံဘေးအိမ်ကဝက်အော်သံ၊ ရပ်ကွက်ထဲကရန်ဖြစ်သံ၊ ဈေးသည်တွေရဲ့ အော်မြည်သံ၊ တိရစ္ဆာန်များရဲ့ | ဟစ်ကြွေးတွန်ကျူးသံများကို အရသာရှိစွာနားဆင်ခံစားရင်း ကျိုးတိုးကျဲတဲ အမိုးအကာအောက် ပက်လက်ကလေး အိပ်စက်ရတာကိုက ဘာနဲ့မှမလဲနိုင် တဲ့ အာယုဒီဃအားဆေးတစ်ခွက် ဖြစ်နေတုန်းပါပဲ။
နေဦး... အစကနေပြောပြမယ်...။
အဲဒီအိမ်လေးကို ကျွန်တော်တို့ရောက်သွားတော့ မိုးတွေ အလွန် ရွာတဲ့ ဝါဆိုလမှာပါ။ ဝါတွင်းမှာ အိမ်မပြောင်းရဘူးပါဘူးနဲ့ ပြောကြပေမယ့် ကျွန်တော်တို့ ကိုယ်တိုင်က အယူမရှိတာကတစ်ကြောင်း၊ မပြောင်း မဖြစ်ပြောင်းကိုပြောင်းရတော့မှာက တစ်ကြောင်းကြောင့် ပြောင်းခဲ့ရတာပါ။ မပြောင်းမဖြစ် ပြောင်းခဲ့ရ ခြင်း အကြောင်းရင်းက ကျွန်တော်တို့ အိမ်ဆက် ငှားပြီးမနေနိုင်တော့လို့ပါ။ လက်ရှိထားတဲ့ အိမ်က သုံးထောင်ကျော်ပေးရပါတယ်။ ကျွန်တော်တို့ ပန်းချီရေးတဲ့အလုပ်က တစ်လသုံးထောင် အသားတင် ကျန်ဖို့မလွယ်သေးပါဘူး။ ဒါကြောင့် လက်ရှိအိမ်က နေ မပြောင်းလို့ မဖြစ်တာကြောင့် အမေဝယ်ပေးခဲ့တဲ့တစ်သောင်းတန် မြေကလေးကိုပြောင်းခဲ့ရပါတယ်။ ဖြစ်ချင်တော့ ပြောင်း ရမယ့်နေရာ တောင်ဒဂုံဆိပ်ကမ်းမြို့ဆိုတာ ဘယ်နားရှိလို့ရှိမှန်းတောင် မသိပါဘူး။ ဒါကို ကျွန်တော်တို့ဆီခဏအလည်လာတဲ့ ကျွန်တော့်အမေက လက်သမား တစ်ယောက်ငှါးသုံးသောင်းကျော်တန် အိမ်ကလေးတစ်လုံး သွားဆောက် ခိုင်းခဲ့ပါတယ်။
“ဆောက်လို့ပြီးပြီပြောင်းခဲ့လို့ရပြီ...”
အိမ်ဆောက်နေတဲ့နှစ်လအတွင်းမှာတော့ လက်ရှိနေနေတဲ့အိမ် ရှင်ကို တောင်းပန်ပြီး လချင်းပေးပြီးနေရတာပေါ့။
အိမ်ဆောက်လို့နှစ်လလောက်ကြာတော့ လက်သမားဆရာဆီက အဲဒီ စကားသံကြားရပါတယ်။ အဲဒီအချိန်ကစပြီး အိမ်ပြောင်းဖို့ စတင်ပြင် ဆင်ရ ပါတော့တယ်။ အဲအိမ်ပြောင်းမယ်ဆိုတော့ ကျွန်တော်တို့အချင်းချင်း အငြင်းပွားစရာတွေရှိလာပါတယ်။ ဒါကတော့နေ့ဘက်ပြောင်းမလား၊ ညဘက်ပြောင်းမလား ဆိုတာကိုပါ။ အားလုံးကတော့ ညဘက်ပဲပြောင်း ချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကိုယ်ပိုင်အသုံးအဆောင် အစုတ်အပြတ်တွေကို လူမမြင်စေချင်လို့ပါပဲ။ အဲဒီတုန်းကလည်း ရန်ကုန်မြို့ မှာ ငါးနှစ်ကျော်နေပြီး စုဆောင်း မိတာက ဒန်အိုးအစုတ်နှစ်လုံး၊ ထမင်းချက် လို့မရပေမယ့် ထမင်းပဲချက်နေတဲ့ အခွံမပါတဲ့ အနှစ်သားချည်း ပေါင်းအိုး တစ်လုံး၊ ချမ်းတဲ့အခါ စုခြံဖို့ အမြော်အမြင်ကြီးကြီးနဲ့ဝယ်ထားတဲ့ စစ်ခြင်ထောင်နှစ်လုံး၊ နောက်နေ့စဉ်ဝတ်နေကျ အဝတ်အစားအနွမ်းကလေး နှစ်စုံ သုံးစုံ၊ ဘယ်နေရာရောက်ရောက် ရေဝယ်သုံးရတာမို့(ရေ၊ မီးပါတဲ့ အိမ်မငှား နိုင်လို့) မရှိမဖြစ်ဆောင်ထားရတဲ့ တိုင်ကီနှစ်လုံး၊ တခြားစာအုပ် အဟောင်း စာအုပ်အသစ်၊ စာရွက်တွေဒါတွေပါပဲ။
ဒါကြောင့် အဲဒီအစုတ်တွေကို ကိုယ့်ရုပ်ကြီးနဲ့တကွ တစ်ခါတည်း မမြင်စေချင်လို့ ညဘက်ပြောင်းဖို့ပဲ အားလုံးမှာဆန္ဒရှိကြတာပါ။
ဒါပေမယ့်အဲဒီအကြံအစည်က လိုက်ပို့ပေးမယ့်ကားဆရာနဲ့တွေ့ တော့ လုံးဝပျက်စီးသွားပါတယ်။
“ခင်ဗျားတို့ကိုပို့ပေးရမယ့်နေရာက လူမရောက်ငှက်မပေါက်တဲ့ နေရာ ... လမ်းမှာတင်နှစ်နာရီလောက်ကလယ်ကွင်းကြီးကိုဖြတ်ရမှာ.. အဲဒါကို ကျုပ်က ညဘက်ပို့ပေးရမယ်ဆိုရင် ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ... ကျုပ်သေတာတောင်မလိုက်ဘူး...”
မျက်နှာသေကြီးနဲ့ ရက်ရက်စက်စက်ပြောထည့်လိုက်တာ။
ကားဆရာနဲ့ဘယ်လိုမှညှိမရတဲ့အဆုံး နေ့ဘက်ပဲပြောင်းကြရတော့တယ်။
ကျွန်တော်တို့ပစ္စည်းတွေကားပေါ်တင်တော့ အင်မတန်မျက်နှာ သေပြီးအင်မတန်ရက်စက်ပါတယ်ဆိုတဲ့ ကားဆရာခမျာ ရယ်လိုက်တာ အူတက်မတတ်ပဲ။ ဒန်အိုးတွေကြည့်လိုက် ကျွန်တော်တို့ မျက်နှာကြည့်လိုက်၊ ခြင်ထောင်စုတ်ကြီးကြည့်လိုက် ကျွန်တော်တို့ မျက်နှာကြည့်လိုက်နဲ့ သဘော ကျပြီး ရယ်နေလိုက်တာ ခွက်ခွက်ကိုလန်ရော။ ပြီးတော့ပြောသေးတယ်။
“ခင်ဗျားတို့ဗျာ... ဒီပစ္စည်းလောက်နဲ့ ဆိုက္ကားငှားသွားတာတောင် ရတဲ့ဟာကို ဘာလို့ကျုပ်ကားကြီးငှားသေးလဲ...”တဲ့...။
ဟုတ်တယ်။ သူ့ကားကဒိုင်နာကားကြီး။ ပါတဲ့ပစ္စည်းများက ခုန က ပြောတာထက်ကို လူတစ်ကိုယ်ပုဆိုးတစ်ထုပ်စီပဲပိုပါတော့တာ။ ကား နဲ့တွက်ရင်တော့ ကားရဲ့ ငါးချိုးတစ်မျိုးတောင်မရှိ။
“နေဦးလေစောင့်ကြည့်ပါဦး...” ဒါပဲပြောစရာရှိတော့တယ်။ ကျွန်တော်တို့အားလုံးကားပေါ်တက်လိုက်တော့ ကားဆရာ အံ့ အားသင့်သွားတယ်။ ပါတဲ့ပစ္စည်းကဘယ်လောက်မှ မရှိပေမယ့် လူချည်းပဲ ဆယ့်နှစ်ယောက်။ အိမ်ရှိလူက များပါတယ်ဆိုမှ ဝိုင်းကူပြောင်းပေးဖို့ ဟေး လားဝါးလား နဲ့ရောက်လာကြတဲ့ အပျော်စိန်တွေပါ ပါလာတာကိုး။
ဒါနဲ့ပဲအမှိုက်တစ်ပုံနဲ့လူစိမ်းတစ်သိုက် အိမ်ပြောင်းဖို့ထွက်ခဲ့ကြ တယ်။ ပြောင်းတဲ့နေ့မှ မိုးကလည်းသည်းလိုက်တာ ပြောမနေနဲ့တော့။