အကြည်တော် - အသိုက်ကိုက်
အသိုက်ကိုက်
မိုးကား နာမည်ပျက်ရုံကလေးသာ ရွာနေသည်။ လူတွေ အပြင်ထွက်၍ အဆင်မပြေရုံ။ ရှိရင်းစွဲ ချိုင့်ခွက်များ ဗွက်ထရုံ။ ဝတ်ထားသော အင်္ကျီကလေးများ ဖားဥစွဲရုံမျှ အသာအယာရွာနေ၏။
အပြင်သွားလိုသူတစ်ယောက်အနေနှင့်တော့ ထီးယူသွား ရကောင်းနိုး၊ မယူသွားရကောင်းနိုး နှင့် မိုးရေပဲ ချိုးရမလို၊ နေပူထဲပဲ ဒိုးရမလိုနှင့် ... ။
“သေချင်းဆိုးမိုး ဘယ်လိုမျိုးရွာနေပါလိမ့်” ဟု ကျိန်ဆဲမိရုံကလေး ရွာနေလေသည်။
ထို့အပြင် မိုးကို အကာအကွယ်ယူထားသော နေမင်း ကလဲ ခုပဲ ထပွင့် တော့မလို၊ သို့တည်းမဟုတ် မိုးတိမ်နောက်မှပဲ ထာဝရခိုကိုးတော့မယောင်နှင့်။
“လိုတစ်မျိုး၊ မလိုတစ်မျိုး၊ သွေးဆုံးသော အရက်သမားလို” ဒယီးဒယိုင်ဖြစ်နေ၏။
မိတ်ဆွေ၊ မှုန်ဖွဲဖွဲ မသဲမကွဲ ရာသီဥတု၊ ငြီးငွေ့စရာ ကောင်းကင်အောက်၊ ဖျောက်တောက်တောက် မိုးရေ ကြား၊ ဆိုင်းဘုတ်ပြားများ၊ မညီမညာစာသားများ ဆုပ်ကိုင် ထားသော လူတစ်စုကို မြင်မိပါသလား။
ကိုင်ထားသည့်စာသားပင် အမြီးမှန်း အမောက် မှန်းမသိ။ ဘုမသိ ဘမသိ နှင့် တစ်ယောက်ယောက် ထကြောင် လျှင် လိုက်ဟောင်ဖို့ အဆင်သင့်။ မျက်လုံး များက မှုန်ဝါးဝါး။ အမှန်အမှားကို အပေါ်ယံကြောပင် သိဟန်မပေါ်။ သို့သော် သူတို့သည် လုပ်တိုင်းကျော် ပုပ်တိုင်းပေါ်လာသည့် လူတစ်စု မွေးထားသော အမှုန် အမွှားများ။
ထိုအထဲတွင် ကိုရင်ငြားက ဦးဆောင်ပြီး၊ ပွဲတိုင်းကျော် “လူမသန်ကိုနန်” တို့အဖွဲ့ ပါပေသည်။
အို... မိတ်ဆွေ။ ဒေါင်းဖက်ဝါနေမင်းကြီး အလျှံညီးညီးရှိ၏။ ဒေါင်းဖလ်ဝါနေမင်းကား မည်သို့အရောင်နည်း။
မြန်မာသည်ကား မြန်မာပီသအောင် အများ ဒေါင်းဖက်ဝါ နေမင်းဆိုတိုင်း နေမင်းကြပေသည်းဒေါင်းဖလ်ဝါ နေမင်း မည်သည့်အရောင်မှန်း မည်သူမှ မသိကြပေ။
ရှေးဆရာကြီးများအား အားနာမိပါ၏။ ထိုဒေါင်းဖလ်ဝါ (သူများဝါ၊ ကိုယ်ဝါပေါ့) နေမင်းကြီး၏ အောက် ကြွေးကြော်သံများ နာကြားကြည့်ကြပါလော့။
သင်တို့၏ လက်တစ်ကမ်းတွင် ဗွီဒီယိုများ ရုပ်ရှင်များဖြင့် လူတို့သိသင့်သော စာပေများ ဆောင်ပုဒ် များ၊ လူအရုပ်များ ရှိပေလိမ့်မည်။
ထို အထဲကမှ ဂရိနတ်ဘုရားများပုံပြင်မှ ဆင်းသက် လာသောလူသန်ကိုနန်” ကို ရင်းနှီးကြပေလိမ့်မည်။
လူတစ်ပိုင်းနတ်တစ်ပိုင်း မွေးဖွားခြင်းခံရသော ကိုနန်မှာ လူကဲ့သို့အဆင်းအင်္ဂါရှိပြီး နတ်ဘုရားကဲ့သို့ စွမ်းအားကြီးမားလွန်း၍ “လူသန်ကိုနန်” အဖြစ် ထင်ရှား သိရှိကြပေလိမ့်မည်။
ယခုခြောက်တီးခြောက်ချက် မိုးရေစက်ကြား ရပ်ကြည့် သွားလာနေသော မိတ်ဆက်ပေးချင်သူ တစ်ယောက် ကား ထိုသို့ မဟုတ်။
သူကား မြန်မာပြည်ဖွားဖြစ်၏။ ထို့အပြင် ဂရိ နတ်ဘုရားမှ ဆင်းသက်လာသော လူတစ်ပိုင်း နတ်တစ်ပိုင်း ကိုနန်လို လူကမသန်။
ထမင်းက မစားရတစ်ရက်၊ စားရတစ်ရက်မို့ လူက ဘယ်လိုမှ မသန်။ ထို့အပြင် ရေကန်ကြီးနံဘေး ကျူးကျော် တဲဘေးနေရလင့် ကစား ရေချိုးစရာရေပုံးမရှိ၍ ရေလဲမချိုး သဖြင့် သာမန်ဒွာရ
အပေါက်များ ခံစားတတ်သူအဖို့ သူ့အနား မကပ်နိုင်လောက်အောင် နံစော်နေသူမို့ သူ့အား အများက နာမည်ပေး ထားလေသည်။
“လူမသန် ကိုနံ”
လူကမသန် ကိုယ်ကနံနေသည်မို့ နာမည်နှင့် လိုက်၏။ နာမည်ရင်းကား နောင်ကြီးဟု သိကြပြီး၊ အများသိသော နာမည်မှာ
“လူမသန်ကိုန"
ဗလကား ပြား၏။ နံရိုးကားထွား၏။ သွားကား ဝါ၏။ နှုတ်ခမ်းမှာ ပြာ၏။ အသားမှာ မွဲ၏။ လူမှာ ချိ၏။ ကိုယ်မှာ နံ၏။
သို့သော် သူကား ရဲရဲတောက်စရာရှိ၊ အများထက် ရဲရဲတောက်ဖြစ်သည်။ ။
ကိုနံ လက်ထဲ ဆိုင်းဘုတ်ထည့်ပေးလိုက်။ ထင်ရာမြင်ရာ အော်ဖို့က သူ့တာဝန်ဖြစ်သည်။
ပွဲဆူသည်။ ရံဖန်ရံခါ ကြမ်းသည်။ ရံဖန်ရံခါ ပြေးရသည်။ ရံဖန်ရံခါ ... ။ ရံဖန်ရံခါ ထင်မှတ်မထားသည်အထိ ဖြစ်တတ်၏။
သို့သော်...
ကိုနံတို့သည်ကား ဆယ်လမွန်ငါးများသာ။ ဦးဆောင်သူရှိမှ နောက်ကလိုက်တတ်သည့် ခပ်ညံ့ညံ့ ဆယ်လမွန်ငါး။
ကိုနန် ဦးဆောင်သူကို အကြည့်ရောက်သွား၏။
ခန္ဓာကိုယ်က လှိုက်ခန်း ခြေဖျားလက်ဖျားက အေးခနဲ။ နှလုံးသားက ဆစ်ခနဲ။ နှုတ်ဖျားမှ တီးတိုးစွာ
“ဤသို့ ချစ်ရပါသည် မခင်သန်းကြည်”
ထိုခန္ဓာကိုယ်အပြည့်အစုံ စိုစွတ်စေဖို့ဆိုလျှင် မိုးအတော်ကို ရွာပေးရပေမည်။
အသားမှာ မဲ၏။ ဂွင်ဂွကျ၏။ လူမှာ ဝ၏။ ကွမ်းဝါး ထားသောသွားမှာ နီနေလား မဲနေလား ဝေခွဲမရ။ သို့သော် သူမ၏ ထူးခြားချက်မှာ ပေါ့သည်။ ပေါ့သည်။ ဂယောင်ဂယင်နိုင်သည်။ အပြေးလဲသန်၏။ သူမမှာ -
ဤသို့ ချစ်ရပါသော မခင်သန်းကြည်သာ။
မိုးစက်ပွင့်မှုန်ဖွဲဖွဲကြား တာစားလှသော အလှတရားက ကိုနံရင်ကို လှိုက်ဖိုစေ၏။ နှလုံးသားက သူပုန်သူကန် ခြေလှမ်းမျိုးနှင့် ရင်ကို ခပ်ပြင်းပြင်း ဆောင့်ဆောင့် ကန်နေလေပြီ။
နေ့ည မပျက် မြင်တွေ့နေရပါလျက်၊ မမြင်လဲ လွမ်း၊ မြင်လဲလွမ်း၊ မဆုံလဲလွမ်း၊ ဆုံလဲလွမ်းနှင့် ထပ်ခါ ထပ်ခါ မှတ်သား နေရသော မျက်နှာတချို့ မိုးစက်ကလေး ကာခြားသွားလျှင်တောင် ဗျာများမတတ် ချစ်ရပါသည်။ ဤသို့ မခင်သန်းကြည်။
လူတစ်ကိုယ် စိတ်တစ်မျိုးရှိလျှင် ကိုနံ၏ စိတ်မှာ မခင်သန်းကြည်ပါ။ ခင်သန်းကြည်သာ ဘဝ၊ ခင်သန်း ကြည်သာ အလှ၊ ခင်သန်းကြည်သာ မရှိလျှင် ကိုနံ ဖျတ်ခနဲ သေဆုံးဖို့ ဝန်မလေး။ ထမင်းမစားတာလေးသာ ရင်ခုန်မိ။
ဤသို့ ချစ်ရပါသော မခင်သန်းကြည်။
“ဟေ့ ဟေ့၊ လူများတယ်ထင်အောင် ခပ်ကျဲကျဲ နေကြ။ ဆိုင်းဘုတ်တွေ ရှေ့တက်ကြ” ဆော်ဩသံနှင့်အတူ အားလုံးလှုပ်လှုပ်ရွရွ။ အလုပ်က အလုပ်ပဲကို။
“ကားတန်းတွေ ဖြတ်တော့မယ်။ အသင့်နေကြနော်”
အော်သံများ မကြားတစ်ချက်၊ ကြားတစ်ချက်။ စိတ်ထဲ တွင်တော့ ခင်သန်းကြည်သာ။
နေ့ရက်ပေါင်းများစွာ ဗလမောင် ရင်အုပ်ကနေ မောဟိုက် နေလောက်သည်အထိ ချစ်၏။ ကလေးဘဝ၏ အပျော်ရွှင်ရဆုံး အချိန်ကလေးကို ပြန်သတိရစေတာထက် ပိုချစ်၏။ ရေစက် ရေပေါက် များ စုဝေးထားသော လမ်းမ လယ်က တင့်တယ်နေသော ရေပါတီဗွက်အိုင်၏ လှုပ်ခတ် မှုမျိုးထက် ပိုချစ်၏။ အုန်းသီးထဲ ရေဘယ်သူ ခပ်ထည့် ခဲ့မှန်း မသိသလို နှလုံးသားထဲ ချစ်ခြင်းတရား ဘယ်သူ ခပ်ထည့်ခဲ့မှန်း မသိခဲ့သလို ချစ်၏
ချစ်ရပါသည် ခင်သန်းကြည်။
“ဟေ့ လာပြီ ... စမယ် စမယ်၊ ခင်သန်းကြည် စအော်တော့”
အသံများနှင့်အတူ ထွက်ပေါ်လာသော အသံပြာပြာက .. “သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး”
ခင်သန်းကြည်၏ ဦးဆောင်မှုနောက်၊ အလိုလို ပွင့်ကျ အော်သံက
“ဒို့အရေး ဒို့အရေး”
“ဆင်းရဲသားများ ပပျောက်ရေး”
“ဒို့အရေး၊ ဒို့အရေး”
“နိုင်ထက်စီးနင်းပြုခံရမှု ဖော်ထုတ်ရေး”
“ဒို့အရေး ဒို့အရေး”
ခပ်ပျက်ပျက် မိုးသားကို ဖောက်ထွက်လာသော အော်သံတချို့
ဘယ်နေရာက ဘယ်မြေကို ဘယ်သူ သိမ်းဆည်း ခဲ့သည်မသိ။ ဘယ်နေရာမှာ ဘာဖြစ်လို့ ဆန္ဒပြ နေရသည် မသိ။ ဘယ်သူက ဘာကြောင့် အော်နေမှန်းလဲမသိ။
ငွေသုံးထောင်၊ ဒန်ပေါက်တစ်ထုပ်နှင့် ချစ်ရ ပါသော ခင်သန်းကြည် မျက်နှာကြောင့် သာ မဟုတ်လျှင်
ထိုအလုပ်သူလုပ်ဖြစ်မည်မဟုတ်။ ယခုတော့ ဘုမသိ ဘမသိ၊ အရှေ့က တိုင်လိုက်တိုင်း ငြိအောင် ဒို့အရေး ဟစ်ကြွေးနေသော ကျိုးနားရွက်ပဲ့ အော်သံအား မုန်းပါရဲ့။
အမှန်တကယ် ဟစ်ကြွေးချင်နေသည့် ဒို့အရေး က…
“သိမ်းဆည်းခံ နှလုံးသား ပြန်လည်ရရှိရေး”
“ဒို့အရေး”
“အချစ်ငတ်မှု ပပျောက်ရေး”
“ဒို့အရေး”
“နှလုံးသားကို ဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး”
“ဒို့အရေး”
အရာရာ ပြန်ပေးပါ ခင်သန်းကြည်... ။
ဤသို့ ချစ်ရပါသည်။
မိုးရေစက်ကြား ရွာနေဆဲ။
မိုးအနည်းငယ်ရွာရုံမျှနှင့် ဗွက်ထနေသော လမ်းကြားလေး၊ အခုလို မသည်းသော်လည်း မစဲတမ်းရွာ နေသော မိုးကြောင့် အဝါရောင်လမ်းကလေးဖြစ်နေပြီ။
ကိုနံ မိုးရေစက်များကို အကြောင်းမဲ့ ကြည့် နေသည်။ ခန္ဓာကိုယ်ထဲ ချက် အရက်နှစ်ရာကျော်ဖိုး ဝင်ရောက်ထားပြီမို့ အနုပညာပိုးများ ကွန့်မြူးနေသည်။
မိုးရေကြည့် တော့လဲ ခင်သန်းကြည်၊ လေပြည် ရှူရှိုက်လိုက်တော့လဲ ခင်သန်းကြည်။ ဘာမှ မပြည့်စုံခြင်း ကလဲ ခင်သန်းကြည်။ စိတ်ကူးတချို့ ကောက်ကြည့် တော့လဲ ခင်သန်းကြည်။ ဤသို့ ချစ်ရပါသည်။
“ဟေ့ကောင်၊ နောင်ကြီး ငေးနေတာလဲ၊ ချလေကွာ” နံဘေးမှ အတူသောက်နေသော ဝေကြီး၏ လောဆော်မူ ။
ခုနက ရလာသော ဒံပေါက်ထုပ်မှ ချဉ်ပေါင်ကြော် ကို နှိုက်မြည်းရင်း•••
“ဘာလဲ၊ မိုးမိလို့ အာစေးများ ထိသွားသလား၊ ဟား ဟား”
ဝေကြီးက အရက်သောက်ရ၍ အူမြူးနေသည်။ ကိုနှံခေါ် နောင်ကြီးကသာ မိုးရေစက်များ မော ရင်း...
“ငါတို့အဖြစ်တွေက မလွယ်ပါဘူး ဝေကြီးရာ၊ ပင်လယ်ထဲ စီးဝင်နေတဲ့ စိတ်ကူးတွေ ဘယ်နေရာမှာ လှိုင်း ထန်ရမယ်ဆိုတာ မသိရသလိုမျိုးပေါ့”
ဝေကြီး မျက်နှာရှုံ့မဲ့လိုက်သည်။ နောင်ကြီးက ဤကဲ့သို့ပင် အနည်းငယ်မူးလာလျှင် အနုပညာ ဆန်လာ သည်။
မှန်ပေသည်။ နောင်ကြီးမှာ အနုပညာကိုလဲ လေးစားသူပင်။ ရပ်ကွက်တွင်း၌ ရှိသော