Skip to product information
1 of 2

Other Websites

အကြည်တော် - အမှန်အမှား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

           ဆောင်းအကုန်နွေအကူး လေရူးသွေစ နွေဦးကာလတစ်ခုတွင် ဆယ့်သုံး နှစ်ဝင် အပျိုဖော်ဝင်စ (အဲလေ) လူပျိုဘော်ဝင်စ ချစ်သွေးကြွ အသေခံတပ် သားကျွန်တော်မှာ ဝေါထရိတ်စင်တာကို ပင်လေယာဉ်နှင့်ဝင်တိုးခဲ့သော လူမိုက်များလို မြင်မြင်သမျှ မိန်းမလှများကို စက်ကုန်ဖွင့် ရွက်ကုန်လွှင့်၍ ဝင်တိုးမည်ဟု စိတ်ပိုင်းဖြတ်ကာ ရည်းစားတစ်ယောက် ရရှိရေးသည် ငါ့အရေး၊ ဒီနှစ်အတွင်း ရည်း စားရရမည်၊ ဒီနှစ်မရပါက နောင်နှစ်တွင် သေချာပေါက်ရရမည်။ နောင်နှစ်မှမရလျှင် နောင်တစ်နှစ်တွင် သေချာပေါက်ရပြီးဖြစ်ရမည် ဟူသော ကြီးမားသော သံဓိဋ္ဌာန်နှင့် ဟိုကောင်မလေးဆို ငါ့ကြိုက်နိုး၊ ဒီကောင်မလေး ငါ့ကျနိုး၊ ဟိုအစ်မကြီးဆိုမဆိုး၊ ဟိုအဒေါ်ကြီးဆိုလျှင်လဲ ... ဟင်း သည်းတော့ ခံရမပေါ့ ဟူသော အသိသံမှိုစွဲပြီး ကြီးသည်ငယ်သည် ထိုနှစ်လီ “ကြည်ဖြူ” မသိပါ ဟူသည့် ဆုံးဖြတ်ချက်နှင့် မိန်းမများနောက် လိုက်လိုက်တော့မှ ကြီးသူလည်းမကြိုက်၊ ငယ်သူများကလည်း အဖက်မလုပ်နဲ့ နောက်ဆုံးတော့ ကျွန်းကလေးရဲ့ ဟိုဘက်ထိပ်ရွာကလေးက “လှော်စာ” သည်ကလေးတစ်ဦး နှင့် အကြောင်းဖက်ဖို့ ကြုံလာပါရော့လား။

           ကျောင်းသူများကအဖက်မလုပ်၊ ကျောင်းအုပ်ဆရာကြီးပါကျောင်းထုတ်မည်ပြောလာသည့် လက်ပုပ်ပုပ်နှင့်ရေးသည့်စာ၊ အသည်းကွဲ ကဗျာများ မြို့စွန်နယ်စွန်အထိ ပျံ့နှံ့ပြီးသကာလမှာမှ ကျွန်တော်တို့ရွာနှင့်ဆယ့်နှစ်ရွာတိတိခြားသော ကျွန်းဟိုဘက်ဖျားမှ “လွင်လွင်ဦး” အမည်သညာခေါ် စရာရှိသော လှော်စာမလေးနှင့်မှ မှော်ဆရာမလေးနှင့် တွေ့သဘိ သို့ ကြိုးကြိုးချင်းငြိကြလေပြီ။

          ကြိုးကြိုးချင်းငြိသည်ဆိုသော်ညား၊ လွင်လွင်ဦးမှာ ကျွန်တော့်ကို ကြိုက်သည်လည်းမဆို၊ မကြိုက်ဟုလည်း မငြင်း၊ ဒီအတိုင်းမျှင်းပြီး ကြိုး ရှည်ရှည်နှင့်လှန်ထား၍ “ကြိုးကြိုးချင်းထိရုံမျှနှင့်အားမရနိုင် အိုးအိုးချင်းပါ ထိရမှ”ဟူသည့်စိတ်နှင့် စက်ဘီးတစ်ခါနင်းလျှင် လေးနာရီကြာမှ သူ့ရွာရောက်သောလမ်းကို သရဲမကြောက်တစ္ဆေမကြောက် ချောင်းပေါက်မတတ် သွားပြီး ခြေသလုံးကြီးတာသာ အဖတ်တင်တယ် “နင့်အိုးနား ငါ့အိုး ဘယ်မတိုးနိုင်”သာ ဖြစ်နေရရှာသည်။

           မည်သို့ပင်ဖြစ်စေ။ ရုပ်ကြည့်တော့အတည် လူလစ်လျှင် မဟုတ်တာအကုန်လုပ်မည်ဟူသောစိတ်ရှိသည့် ကျွန်တော်သည် တစ်နေ့လျှင် ရှစ်နာရီ စက်ဘီးဖင်ကြားညှပ် ဟပ်စိဟပ်စိ မျက်ရည်ကျလောက်သည်အထိ မောသော်လည်း သူနှင့်တွေ့လျှင် သူတိုက်သော လှော်စာဟု အမည်တွင်ကာ သူရာမဖြစ်မီ (ဖြစ်လုဆဲဆဲ) ကဇော်စိမ်ရည်ကို သောက်မြိုချလိုက်မှ အမောပြေတာဟု အထင်ရောက် နားထင်ဆောင့်နေသော စိတ်နှလုံး ဒုံးဒုံးချ တုံးလုံး ထနိုင်တော့၏။

          ဤမျှဖြင့် အားမရ။ အနားမှတစ်ဖဝါးမှမခွာလို အသားပိုပါအနားကပ်ထားချင်စိတ် ထိန်းမရ တားမနိုင်နှင့်....

          “နင် လှော်စာရောင်းရာ ငါပါလိုက်မယ်”

          ဟူသည့်စကားနှင့် သူသွားလေရာ မြို့စွန်မြို့ ဖျား၊ ခြေလျင်သွားလို သွား၊ သင်္ဘောနှင့်နှစ်နာရီကြာစီးမှ မြို့ပေါ်ရောက်သောရေလမ်းခရီးကို မုန်တိုင်းမကြောက် လှိုင်းမကြောက်နှင့် လိုက်လိုလိုက်ပြီး လှော်စာသည်၏ အမြှောင်ပန်းကန်ပိုဘဝနှင့် အကျေနပ်ကြီးကျေနပ်မိနေလေသည်။

          မိဘကဂုဏ်သရေရှိလူကြီးဖြစ်ပါလျက်ကယ်နဲ့ လှော်စာသည်ကို တန်းတန်းစွဲမိ၍ လမ်းကြိုလမ်းကြား၊ ချောင်ကြို ချောင်ကြား သူမသွားရာ တစ်ဖဝါးမခွာလိုက်၍ ...

          “လာနော် လှော်စာ လတ်လတ်ဆတ်ဆတ်တွေရမယ်”

          ဟူသောစကားကို မကြောက်တရားဟု သဘောထား၍ လမ်းပေါ် တကြော်ကြော်အော် ပျော်ချင်တိုင်းပျော်နေလေတော့၏။

           ဤသည်ကိုကြည့်ပြီး မွေးသမိခင်၊ မွေးသဖခင်နှစ်ပါးမှာ “ငါတို့ မျက်နှာ အိုးမဲနှင့်သုတ်သည့်သား”ဟုပင် မရေရွတ်နိုင်ဘဲ...

         “ဒီကောင်မွေးတဲ့နှစ်၊ ငါတို့လင်မယားခေါင်း ဆင်နင်းတဲ့နှစ်”

          အဖြစ်ကမ္ဘာမှာ မည်သူမှမသတ်မှတ်သော ရက်တစ်ရက် ကျွန်တော်တည်းဟူသော လူအန္ဓလေးကို မွေးမိသော မိဘနှစ်ပါးအလိုကျ အထိမ်းအမှတ် ရက်တစ်ရက် သီးသန့်ထပ်တိုးထားရလေသော်ငြား မိဘ နှင့်သားအကြားမှာတော့ ဘာဗျာပါဒမှ မပွားရှိလတ်ကုန်၏။

          မည်သို့ပင် ဖြစ်စေကာမူ မိန်းမ ရမည်ဆိုလျှင် မည်သူ့မျက်နှာမှ လှည့်မ ကြည့်။ တစ်ဆယ့်သုံးနှစ်ဝင် လူပျိုဘော် ဝင်စငါသည် ဘာသိသိ ညာသိသိ ငါမသိ လုပ်မည်ဟု စိတ်ပိုင်း ဖြတ်ထားသောကျွန်တော့်မှာ နွေရာသီကျဲကျဲတောက်ပူသောကာလလည်းမမှု၊ ရပ်ရွာ၏ သာရေးနာရေးပွဲလမ်းသဘင် ပေါကြွယ်ဝသောရာသီ၌ နေ့ဘက်တွင် သာမက ( ညဘက်များ၌လည်း မဖီ၊ အရပ်ပွဲဇာတ်ပွဲ ကြည့် ချင်ပွဲများ၌ပါ ချစ်ရပါသော မှော်ဆရာလှော်စာမလေးနှင့်တွဲပြီး …

          “ပွဲကြည့်တယ်တော့ မထင်လေနဲ့”

          လှော်စာလိုက်ရောင်းရပါတယ်ခင်ဗျ။

          အကြောင်းပြချက်ကတော့ မတော်ရသေးသော ရည်းစားသင်း ကလေးကို ...

         “နင့်စိတ်မချလို့ ငါလိုက်ရတာ ...”

         ဟူသောစကားဖြင့် သူမသွားရာ ပွဲတကာသို့ ညကြီးချုပ်စပ် အိပ်ရေးအပျက်ခံ၍

         “သင်းကလေးကြာရင် ငါ့ကိုကျလောက်ရဲ့”

          အထင်နှင့် နေပူပူ ခြေလျင်ခရီးနှိပ်စက်မမှုများဖြင့် သူမကျခင် ကိုယ်အရင်ကျစရာရှိတာ အကုန်ကျ၍ တစ်ပြုံတစ်မ လုံခြုံရာသိမ်းထုပ်ထားသည့် ယောက်ျားတို့အထုပ်သေခါမှ ဖြုတ်မယ်ဟူသော ခံယူချက်ကြီးကြီးဖြင့် ရှာမရရအောင်ရှာ၍ အတက်အကျမရှိ ပကတိငြိမ်ဆိပ်အောင် သိမ်းထုပ်ထားရသည့်အဆင့် ရောက်လုလုပင် ...

          ဤမျှလောက်နှင့်မမှတ်သေး။ ညကြီးမိုးချုပ် ဇက်ကျိုးကုတ်နေ သော်လည်း အရေးမလုပ်နိုင်ပဲ ဇက်ကျိုးသော် လက်ထိုးအော်မည်ဟူသည့် ခံယူချက်နှင့် ...

          “လာနော်... လှော်စာလတ်လတ်တွေ တစ်ခွက်တစ်မတ်တည်း တန်တယ် ... တန်တယ် ... ကျွန်တော်ဆို ဝယ်တယ်”

          ဟူသော စကားကို မှုန်ဝါးဝါးရေရွတ်ရင်း ကောက်ညှင်းနံ့ မွှေးမွှေး လှော်စာဘန်းဘေး၊ သေပြီးသား မျောက်မသာ သစ်ကိုင်းကို မလွှတ်သေးသလို ဆောင့်ကြောင့်ငေါက်တောက် အဲလေ ငုတ်တုတ် မလှုပ်မယှက် နေရလေသည်။

          သည်ကြားထဲမှာမှ အရင့်တစ်ခါ ချစ်လှစွာသော လှော်စာမလေးမှ

         “ဟယ် မင်းသားထွက်နေပြီတော့၊ လှော်စာ နင်ဆက်ရောင်း၊ ငါ ပွဲခင်းထဲသွားလိုက်ဦးမယ်”

          ဟူကာ ညကြီးလင်းပေါက် ပွဲခင်းအလယ်လျှောက်ပြီး ပွဲမင်းသားအား သူ့ယောက်ျားသဖွယ် ချစ်ကလူကျီစယ်ချင်သော မျက်ဝန်းအစုံဖြင့် သွားရည်တမြားမြား စိတ်တွေဖလားဖလားနှင့် ပွဲခင်းဝင် အားယားကြီးသွား ပွဲပြီး မိုးလင်းမှ ကျော့ကျော့မော့မော့နှင့် အသော့ပြန်လာပြန်သဖြင့် စိတ်ထဲမကျေနပ်စိတ်တွေများပြီး....

          “ဟဲ့ အဲဒီမင်းသား ငါတို့အိမ်နားကတဲ့။ မိုးလေကင်းမှ မင်းသား ဖြစ်တာ။ ကျန်အချိန် ရပ်ကွက်ထဲမြင်းလှည်းမောင်းနေတာ မယုံ နင်လိုက် ကြည့် ငါလိုက်ပြမယ်” ကိုယ့်လူတွေ အကြောင်းကို ကောင်းကောင်းသိတာပေါ့။ ပွဲချိန်ကျရင်သာ ရွှေမင်းသားလေ။ ရန်ကုန်တက္ကနီဖြိုးတို့၊ အော်တာလွင်မီတို့ (ဥပမာပြောတာနော် နာမည်တူရင် ဗွေမယူကြေး) အမည်ခံ၊ မိုးရာသီကျ ဇာတ်ခေါင်းကွဲရင် ငဆိုက် (ဆိုက္ကားသမား)ဖိုးတွဲတို့ မြင်းလှည်းသမား ဟန်ဝင်းတို့ ဖြစ်လိုဖြစ်။ ပွဲရာသီဆို ပြည်သူ့အချစ်တော် နီလာလွင် ဇာတ်ခေါင်းကွဲရင် ကွမ်းယာသည် မဇီးကွက်၊ ဒီလိုပဲတစ်ရပ်လုံးနေကြတာ။ မသိ ရှိပါ့မလား ဒါကို ဒီ မဒီက မရ။

          “ဟဲ့ အဲဒီပြဇာတ်မင်းသားက ငါတို့ရပ်ကွက်ဘုန်းကြီးကျောင်း ဘေးကတဲ့ ၊ ငါ့အမေ့ဆီ ချေးထားတဲ့ အကြွေးမပေးသေးဘူး။ စင်ပေါ်မှာသာ မီးရောင်နဲ့လှတာ။ စင်အောက်သွားကြည့်စမ်း မူးရူးပြီး ဟပ်ထိုးလဲနေတာ ငါအသိ”ဆိုလည်း မဖြုံ။

          ကျွန်ုပ်ကိုယ်တိုင်က ဇာတ်သမားရပ်ကွက်ကြား မွေးလာသည်မို့ ဇာတ်အကြောင်းဆိုလျှင် စလယ်ဆုံး အားလုံးသိသူမို့ ဇာတ်သမားများ၏ ဖြစ်အင်ကို အပြစ်တင်ရှင်းပြသည်လည်း မရ။

          သည်ကြားထဲ သူ့မင်းသားထိက သူ့အသားနု ကလိသည့်အလား

          “အောင်မာ နင်က ငါ့မင်းသားတွေကို ဆိုနေရအောင် နင်ကရော ဘာစွမ်းလို့တုန်း၊ မျက်နှာတစ်ကွက်တည်းကွက်ပြီး လေးဆယ်ကျော်နေတဲ့ ဟာကများ”

          ဆို၍ ကက်ကက်လန် ရန်တွေ့သည်ကတစ်ကြောင်း ...

          “တော်ပြီ ... နင်နဲ့လှော်စာ မတန်ဘူး နင်နဲ့ငါ လှော်စာလမ်းခွဲ ဆိုပြီး ကြေငြာမှဖြစ်တော့မယ်”

          ဆိုကာတစ်ဖုံ အမျိုးစုံအောင် ခြိမ်းခြောက်သည်မို့ ကျွန်တော့်မှာ လည်း သူ့တစ်ယောက် လူလောက်ထင်သူမို့ နောက်ဆုံး သူမကြိုက်သည့် အပြောအဆိုများ ရှောင်ကြဉ်ပြီးသကာလ

          “ငါကလည်း ဘာကောင်မို့လည်း ဒီကောင်မ ကြိုက်တဲ့မင်းသား ဖြစ်ရမယ်”

          ကြိမ်းဝါးလို့ “ဇာတ်အဖွဲ့များဝိုင်းရံလျက် ရှိသည့် အိမ်ကို ကြည်ဖြူတို့အိမ်ဟုခေါ်သည်”ဟု ဆိုရမလောက် ဇာတ်ပတ်ချာလည်ဝိုင်း နေသောအိမ်သို့ ခဏပြန်ကာ ဇာတ်အဖွဲ့များဆီပတ်ပြီး ...

         “ကျွန်တော် မင်းသားလုပ်မဗျ” ဆိုတာကို အားလုံးက မသိချင်ယောင်ဆောင်၍တစ်မျိုး 

          “မင်းရုပ်နဲ့ လားကွာ ... ဟား ဟား”ဆိုသည်ကတစ်ဖုံ၊ 

          “ဇာတ်ခုံကြီးတွေပျောက် ကုန်အောင် မလုပ်ချင်ပါနဲ့ကွာ” ဟူ၍တစ်နည်း၊ သွားဖြီးဖြီးများနှင့် ယီးတီး ယားတားလုပ်ကြသော်ငြား အမေနှင့်အကြွေးမကင်း၍ ပြတ်ပြတ်သားသားတော့မူ မငြင်းရဲ မကလော်ထုတ်ရဲသည်မို့ ညင်သာသောနည်းဖြင့်သာ ပထုတ်ခြင်း ခံရလေ၏။

          သို့သော် လူ့ကံကြမ္မာဆိုသည်မှာကား ဆန်းကြယ်လှပေစွ။ ဒီနှစ်မှ အသစ်ထောင်သော ချောက်တီးချောက်ချက် ဇာတ်အဖွဲ့တစ်ဖွဲ့မှ ဇာတ်ပိုင်ရှင် က မင်းသားမဖြစ်၍ စိတ်ညစ်ကာ လင်းတမှိုင် မှိုင်နေသော ကျွန်တော့်ကို မြင်သည်နှင့် ...

          “တွေ့ပြီ၊ တွေ့ပြီ၊ အဲဒီရုပ်မျိုးမှကြိုက်တာ၊ ငါရှာနေတာ ဒီရုပ်မျိုး၊ ဒီရုပ်မျိုးပဲကွ ဟား ဟား၊ လာ ... လိုက်ခဲ့” ဟု ကြိမ်းဝါးပြီးသကာလ သူတို့ဇာတ်အဖွဲ့နှင့်လိုက်ပါကပြအသုံးတော်ခံရန် အတင်းအကြပ် ဂုတ်ဆွဲ ဖိတ်ကြားခြင်းခံရလေသည်။ ကျွန်တော့်မှာလဲ ရေငတ်တုန်း ဘီယာအိုးထဲကျဘိသကဲ့သို့ မင်းသားဖြစ်မယ့်အရေး မင်းသားဖြစ်မှ ဟိုကောင်မလှော်စာမ ငါ့ကို မီးရောင်အောက်မှာ လှတပတလေးမြင်ပြီး ရမည့်အဖြစ်ကို တွေးပြီး....

          ကမယ်ဗျာ၊ ဒါနဲ့ ကျုပ်က ဘာကရမှာလဲ၊ ခေါင်းဆောင်လား၊ ပလို့လား၊ ပြဇာတ်လား”

          ဆိုသောအမေးကို အဲဒီဇာတ်ပိုင်ရှင်မှ အားတက်သရောဖြင့် ...

          “ဒီနှစ်၊ ငါတို့ဇာတ်မှာ ရာမယဏကမှာကွ၊ အဲဒီမှာ ဒဿဂီရိ လုပ်ရမှာ” 

          ဆိုလာသော် ကျွန်တော်ကလည်း ဖန်တစ်ရာတေအောင် ကြည့်ဖူး သော ရာမယဏဇာတ်ကို သိနေတော်မူသည့်အတိုင်း...

          “မျက်နှာဖုံးကြီးနဲ့ကတော့ ကချင်ပါဘူးဗျာ” ဟူသောကျွန်တော်ရဲ့ မူနွဲ့နွဲ့ငြင်းဆန်စကားကို ဇာတ်ဆရာက ...

          “အဲဒါကို ပြောမလို့ကွ၊ ငါတို့ဇာတ်အဖွဲ့ ကအသစ်ဆိုတော့ မျက်နှာဖုံးအစုံ မဝယ်နိုင်ဘူးကွ၊ အဓိက ရာမနဲ့လက္ခဏာအတွက်တော့ မျက်နှာဖုံးတွေ ဝယ်ထားပြီးပြီ။ ဒဿဂီရိအတွက်ကတော့”

          “အဲဒီတော့”

          “မင်းမျက်ခွက်နဲ့ဆို ဘာဒဿဂီရိမျက်နှာဖုံးမှ မလိုတော့ဘူးကွ။ မင်း မျက်နှာတစ်ကွက်နဲ့တင် လွန်စွာကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက် သည်းဖို ရုပ်ကြီးဖြစ်နေပြီ၊ လုပ်ပါကွာ တစ်ညနှစ်ကျပ်ပေးမယ် ... နော် ... နော်”

          ပရိသတ်ရေ ... လာခေါ်တဲ့ ဇာတ်ဆရာ ပါးချဖို့သာ ကောင်း တယ်။ ဒီလောက်ချောမောလှပအောင် မွေးထားတဲ့သူများသားသမီးကို ဒဿဂီရိအတွက် မျက်နှာဖုံးမစွပ်ဘဲ ကလို့ရတယ်တဲ့။ သူမို့ သူ့ပါးစပ် ပုပ်ကြီးနဲ့ ပြောရက်တယ်။ ဒါပြောစရာလား။ မသကာ လူသေနလံထက ရွပိုးထိုးပြီး ထကတဲ့ရုပ်ဆို နည်းနည်းတော်သေး။ ကျုပ်အမေသာကြား ဒင်းကို ပါးချသဗျ။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)