Other Websites
အကြည်တော် - အထုံ
Couldn't load pickup availability
ဆုဖလားလေး ခါးမှာကွယ်၊ သနားစဖွယ်မျက်နှာငယ်လေး နှင့် ရပ်နေသူကိုမှ လာမေးသည်။ “ဒီလိုဆုဖလား ခါးဝယ်ပိုက်နိုင်အောင် အဘယ်သို့ကြိုးစားခဲ့ရပါသလဲခင်ဗျာ” နွားကျောင်းသား၏အမေးကို ပညာရှင်ဆန်အောင် မည်သို့ ဖြေရမည်မသိ။ ကြောင်စီစီပြန်ကြည့်မိသည်။ အဖြစ်အပျက်များက ခေါင်းထဲ၌ နောက်ပြန်ရစ်လိုက်သလို တစ်ရစ်စီပြန်ပေါ်လာသည်။
မည်သို့အပြေးချန်ပီယံဖြစ်လာသနည်း။
ထိုအမေးကို ဖြေနိုင်ရန်အတွက် အစကို ပြန်ကောက်လိုက် သည်။
ထိုနေ့က မိဘများ ကောင်းကျိုးပေးသည့်နေ့။
ထိုနေ့က အိမ်ကပြင်ကွပ်ပျစ်မှာ အိပ်ရေးမပျက်ပါဘဲ မျက်လုံးမှိတ် ဇိမ်နှင့်နှပ်နေသည်။ ရွာ၏ဘုရားပွဲဖြစ်သည်နှင့်အလျောက် ဆိုင်းသံ ဗုံသံ ပြိုင်ပွဲ ပြေးပွဲအသံများ ဆူညံနေသော်ငြား သူ့အား နတ်စောင်းနှင့် ချော့သိပ်နေသည့်နှယ်။ ဘုရားပွဲလည်း စိတ်မဝင်စား။
ပြေးပွဲပြိုင်ပွဲများလည်း ခြေကြောတင်မည်စိုး၍ လှည့်ပင်မကြည့်။ လက်ကြောတင်းမည်စိုး၍ ထမင်းပင် ပါးစပ်နှင့်ဟပ်စားချင်တာ။ မကောင်းတတ်လို့။ ယခုလည်း စက်ဘီးဝယ်ခိုင်းတာ မဝယ်ပေးလို့ အိမ်ရှေ့ ရွဲ့ အိပ်နေတာ။
ဘယ်နေရာမှာမှ မထူးချွန်ငြား ပေကပ်သည့်ဖက်တွင် ပေထက်အက္ခရာတင်ရမတတ် ထူးချွန်၍ မိဘနှစ်ပါးခမျာ သူတို့မွေးထား သည့်သားဖြစ်သော်ငြား ဘယ်အချိန် အိမ်ကမောင်းချရပါ့ဟူသော အတွေးမျိုးကို အစဉ်တစိုက်ရိုက်သွင်းနေသော သားမျိုးပင်။
အလုပ်အကိုင် နတ္တိ။
မိဘရှိလျှင် စားစရာရှိသည်မို့ အပူအပင်သည်လည်းမရှိ၊ မိဘ များကိုယ်တိုင် မနေနိုင်မထိုင်နိုင် ဆတ်ဆော့ပြီး မွေးလာသည်မို့ ကျွေးပေလိမ့် တစ်သက်လုံး။ ကုန်းရုန်းပြီးရှာပေလေ့။ သားသမီးဖြစ် သူက မြိန်မြိန်ကြီး စားပြရုံသာတာဝန်ရှိသည်။ ငယ်စဉ်ကတည်းက မစား လျှင် အတင်းခွံ့လာသည့် မိဘ။ ယခု ကြီးလာတော့လည်း မခွံ့ရရုံ တမယ်။
မိဘများက မကျေမနပ်ဆိုလျှင်၊
“ကျွန်တော်က ကျွန်တော့်ကို မွေးပေးပါ၊ မွေးပေးပါလို့ တောင်း ဆိုခဲ့တာ မဟုတ်ဘူး၊ အဖေတို့အမေတို့ကိုယ်တိုင် တစ်ယောက်မျက်နှာ တစ်ယောက် ပြီးပြုံးကြီးကြည့်ပြီး မွေးချလာတာ အခုမှ မကျွေးချင်တော့ဘူး မလုပ်နဲ့၊ အမွေဖြတ်လိုက်လို့ ဘာမှမရဘဲနေမယ်၊ ဟင်း”
မိဘနှစ်ပါးအား ထိုစကားနှင့် ခြိမ်းခြောက်ပြောဆိုပြီး ဇိမ်နှင့် နှပ်လာတာ လူပျိုကိုတောင် အခါလည်ကျော်ပေါ့။
ယခုလည်း သူတို့ဆတ်ဆော့၍ မွေးထားသည့်သားအား မနာလိုမရှုစိမ့်နိုင်စွာ ကြည့်ပြီး၊
“တောက် မွေးလာတဲ့သား၊ လက်မောင်းတောင် လက်မောင်း လောက်ရှိနေပြီ၊ အလုပ်အကိုင်လုပ်ဖို့မပြောနဲ့၊ လမ်းလေးတောင် ထလျှောက်တာ မမြင်ဘူးသလောက်ပဲ။ ကျောင်းထားတော့လည်း စာမသင်လယ်ထဲဆင်းဆိုတော့လည်း မျှော့ကကြောက်နဲ့၊ ဘယ်သင်းနေရာ မှာ သုံးရမှန်းတောင် မသိဘူး”
ဖခင်ဖြစ်သူက သားဖြစ်သူ ဇိမ်ကျနေသည်ကို မကျေနပ်နိုင် ဖြစ်နေသည်။
“အဖေရာ၊ ပုကျပုကျိနဲ့ အိပ်ရတာဇိမ်ပျက်တယ်၊ ဘုရားပွဲလေး ဘာလေးတက်ပါလား အဖေရာ”
ဘေးနားက စကားပြောဖော်လေးရှိနေတာကို နားမခံသာ ရှိနေ၏။
"ဪ မင်းကပဲ ပြောရတယ်ရှိသေး၊ အဖေထက်သား တစ်လက်မကြီးချင်၊ အဲလေ တစ်လကြီးချင်နေတယ် ဟုတ်လား၊ မိဘ ကျွေးတာတဝတပြဲစား၊ ပြီးရင် အဲဒီကွပ်ပျစ်မှာပဲ အမြဲကွေးနေတော့ ဘယ်သူက ကြည်ဖြူချင်မှာလဲ ဟင်၊ မွေးကတည်းက မင်းမှာထူးချွန် တာဆိုလို့ ဘာရှိလို့လဲ”
“အိပ်တာထူးချွန်တယ်လေ အဖေရ” ။
“တယ်လေ ခွေးမသား၊ အဲ ငါ့မိန်းမသား၊ ငါထကန်လိုက်ရ မကောင်းရှိရော့မယ်၊ အဲဒါထူးချွန်တာ မဟုတ်ဘူးတဲ့၊ ပျင်းတာ ဖျင်းတာ၊ ထူးချွန်တယ်ဆိုတာ လူတကာအသိအမှတ်ပြု တစ်ခုခုဖြစ်မှ ထူးချွန်တ အဲဒီလိုထူးချွန်ဖို့မပြောနဲ့၊ မင်း လမ်းတောင်ကောင်းကောင်း လျှောက်ဖူးလို့လား၊ မိဘက ချီချ။ ချီတင် မလုပ်ပေးရရုံတမယ်” ။
“အဲဒါကြောင့် သားပြောတာပေါ့၊ စက်ဘီးလေးတစ်စီးလောက် ဝယ်ပေးပါဆို”
လူကသာ ဘာမှမဟုတ်တာ၊ မိဘပြောလျှင်လည်း ကက်ကက်ကလန်သေး။
“အောင်မာ မင်းကို စက်ဘီးဝယ်ပေးရမယ် ဟုတ်လား၊ မင်းက ထူးထူးချွန်ချွန် ဘာလုပ်ဖူးလို့ ငါက ဘယ်လိုဆုချရမှာလဲ၊ မင်းက ဘာဆုရလို့ ငါက ဘာဆုချရမှာလဲ၊ ကဲ ပြော”
ဗေဒါ ခေါင်းထောင်သွားသည်။ ကွပ်ပျစ်မှနေ၍ နှစ်လက်မ တိတိ ခေါင်းကမြင့်လာ၏။
“ဆုတစ်ခုခုရရင် အဖေ သားကို စက်ဘီးဝယ်ပေးမှာလား”
“ဝယ်ပေးမယ်၊ မင်းဆုရတယ်ဆိုတာနဲ့ မင်းအဖေက စက်ဘီး ဝယ်ပေးပြီးသား”
ဗေဒါမျက်နှာ တည်သွားသည်။ “တကယ်နော်”
“အောင်မာ သူကပဲ မိဘကို မယုံသင်္ကာနဲ့၊ တကယ် တကယ် ကဲ ဟုတ်ပြီလား”
“ဒါဆိုပြီးရော”
ဗေဒါ ကွပ်ပျစ်ပေါ်မှ ထ၍ထွက်သွားလေသည်။ ဒါကို ဖခင် ဖြစ်သူ ဦးနီဘို တအံ့တဩဖြင့်၊
“အောင်မယ် အောင်မယ် လမ်းတွေဘာတွေလျှောက်လို့ပါ လား၊ ကမ္ဘာကြီးတော့ ပြားပြီထင်ပါ့၊ ဟို မိဖော့လုံး နှင့်သားက လမ်း လျှောက်လို့ဟ၊ မြင်ဖူးတယ်ရှိအောင် ထကြည့်ပါဦး”
ဆိုကာ သူ့သားလမ်းလျှောက်တာကို အံ့အားသင့်နေရရှာ လေသည်။
ဦးနီဘိုကတော့ ဘာအဖြစ်မှမရှိတဲ့သားကို ဘာမှမမျှော်လင့်
“အဖေရေ အဖေ အဖေ”
အလောတကြီးအော်သော သားဗေဒါအသံကြောင့် ဦးနီဘို အိမ်ရှေ့ပြေးထွက်မိသည်။
“ဟေ ဘာလဲကွ ဟင်”
မြင်လိုက်ရသောမြင်ကွင်းကြောင့် ဦးနီဘို အံ့အားသင့်သွား ရသည်။ ဆုဖလားတွေ ဝိုင်းတွေပိုက်ပြီး ပြေးချလာသော ဗေဒါ။ ဝမ်းသာအားရဖြင့်ပင်၊
“ဟောဒီမှာတွေ့လား၊ သား ဆုတွေရလာပြီ၊ စက်ဘီးဝယ် ပေး၊ စက်ဘီးဝယ်ပေးတော့”
ကွပ်ပျစ်ပေါ် ပစ်ချလိုက်သော ဆုဖလားများ ဒိုင်းများ ဆုတံဆိပ်များကိုကြည့်၍ ဦးနီဘို ပို၍ အံ့အားသင့်သွားသည်။
“ဟင် ဒါ ဒါတွေက”
“သားရလာတာလေ၊ ဒါတွေဘာတွေ လုပ်မနေနဲ့၊ ဆုရရင် စက်ဘီးဝယ်ပေးမယ်ဆို ကဲ ရလာပြီ၊ ခုချက်ချင်းပိုက်ဆံထုတ်”
သားလိမ္မာပီပီ မိဘထံမှ ဓားပြတိုက်သည်။ ဦးနီဘိုက ဇဝေ ဇဝါနှင့်၊
“ဒါ ဒါတွေက”
“ဘုရားပွဲမှာလုပ်တဲ့ ပြိုင်ပွဲတွေက ရလာတာလေ၊ ပြောနေ ကြာပါတယ်။ ပိုက်ဆံထုတ်၊ စက်ဘီးတစ်စီး သားတွေ့ထားတယ်၊ အမြန် သွားဝယ်မှရမယ်” ။
သူ့သားမှာ ဤမျှလောက် အားကစား၌ ပါရမီကောင်းလိမ့် မည်ဟု မထင်ခဲ့သော ဦးနီဘိုမှာ ဖျာပျာသလဲ ဖြစ်သွားရသည်။
“လုပ်စမ်းပါ၊ စက်ဘီးဝယ်ဖို့”
“ဪ အေးအေး ခုဝယ်မှရမယ်ဆိုလဲ”
ဆိုကာ တစ်သက်တာလက်ကြောမတင်းဆုံး သားတော်မောင် ဆုတံဆိပ်များရလာသည်ကို ဝမ်းသာလုံးဆို့ပြီး၊
“ယူပေးရမှာပေါ့ကွာ၊ ဟေ့ မယ်ဟေ့လုံး နှင့်သားဗေဒါဆု တွေရလာတယ်၊ အိမ်ကကြက်နီလေးနဲ့ ဂုဏ်ပြု”
“ဂစ်"
စကားပင်မဆုံး။ ကြက်နီကပဲ ဂစ်တာလား၊ မကြားဖူးစကား ကြားတော့ မယ်ဖော့လုံးကပဲ ဂစ်တာလားမသိ။ တစ်ခု တစ်ကောင် တစ်ယောက်တော့ ဂစ်ရရှာလေပြီ။ သို့သော် မယားချစ်ကို ဂရုမစိုက် နိုင်သေး။ သားချစ်အရေးက ရှိနှင့်ကို။
ဦးနီဘို ဝမ်းသာလွန်းစွာ တုန်တုန်ယင်ယင်နှင့် ပိုက်ဆံသေတ္တာ ဖွင့်သည်။
![- Books](http://mgyoe.com/cdn/shop/products/1_a6d5c30b-0e10-4d05-8b46-e6b8680b0403_1445x.jpg?v=1730275207)