အကြည်တော် - သုညအတွေးများ
သုည အတွေးများ
ဟိုးငယ်ငယ်တုန်းက ကရင်ပြည်နယ်မှာနေခဲ့ရတာကို သတိရမိတယ်။ အသိဉာဏ်လဲ ဖွံ့ဖြိုးစဆိုတော့ ကရင်ပြည်နယ်မှာ နေရင်း အလိုလို ကရင်ဖြစ်ချင်နေမိတယ်။ သူများ သင်တိုင်းတွေ ဝတ်တာမြင်ရင် ကိုယ်လဲ ဝတ်ချင်နေတာပေါ့။
အဖေကလဲ ကရင်သွေးတစ်ဝက်ပါတော့ ကရင်ဖြစ်ချင်တာ သိပ်တော့မဆန်းပါဘူး။ ဒါနဲ့ ဘကြီးတွေကို မေးမိတယ်။
ဦးလေးတွေ၊ ဘကြီးတွေဆိုတာကလဲ တကယ့် လူရွတ်ကြီးတွေ။
“ဘကြီး ကျွန်တော်တို့က ကရင်တွေလား”
ဘကြီးက သောက်လက်စ အရက်ခွက်ကို တုန်တုန် ယင်ယင်နဲ့ မပြီး
“အေးပေါ့။ တို့က ကရင်မှ ကရင်လူမျိုးစစ်စစ်တွေပေါ့” ကျွန်တော် အားရသွားတယ်။
“ဒါဆို ကျွန်တော်တို့က ပိုးကရင်လား၊ စကောကရင်လား”
ကရင်မှာက အမျိုးကွဲလေးတွေ ရှိတာကိုး။ ဘကြီးက အရက်ခွက်ကိုမော့ချပြီး ခေါင်းခါတယ်။ “ပိုးလည်းမဟုတ်၊ စကောလဲ မဟုတ်ပါဘူး သားရယ်”
ကျွန်တော် နည်းနည်းခေါင်းခြောက်သွားတယ်။ ကိုယ်က နှစ်မျိုးပဲသိတာပဲ။ ဒီနှစ်မျိုးက မဟုတ်ဘူး ဆိုတာကိုး။
“ဒါဆို တောင်ပေါ်ကရင်လား၊ တောင်အောက် ကရင်လား”
ဘကြီးက အရက်ခွက်ကိုထပ်နွှဲရင်း ခေါင်းခါတယ်။
“တောင်ပေါ် ကရင်လည်း မဟုတ်၊ တောင်အောက်ကရင်လည်း မဟုတ်ပါဘူးသားရယ်”
ကျွန်တော် နည်းနည်းစားသွားတယ်။ ကရင်မှာ တောင်အလယ်ကရင်တော့ မကြားဖူးပါဘူး။ ဘယ့်နှယ် တောင်ပေါ်တောင်အောက်နှစ်မျိုးပဲရှိတာ မဟုတ်ပြန်ဘူးတဲ့။ ခုနပြောသလို၊
တောင်ခလယ်(တောင်အလယ်)ကရင်တော့ မရှိလောက်ပါဘူး။ ဒါနဲ့ပဲ.....
“ဒါဆို ကျွန်တော်တို့က ဘာကရင်လဲ” ဆိုတော့ ဘကြီးက ပင့်ထားတဲ့ အရက်ခွက်မပြီး...
“ဘကြီးတို့က ကတုန်ကရင်တွေပါ သားရယ်။ အရက်သောက်များပြီး ကတုန်ကရင်ဖြစ်နေတာပါ”
ကဲ... ရှင်းပြီဟုတ်။ ကျွန်တော်တို့က အဲလို ကရင်မျိုး၊
ကရင်တွေမှာ ကျွန်တော်သတိထားမိတာ တစ်ခုရှိပါ တယ်။ ကရင်လူမျိုးတွေဟာ ယောက်ျားရော မိန်းမပါ တချိန်လုံး အလုပ် လုပ်နေတာတွေ့ရတယ်။
ယောက်ျားအလုပ် ကိုင်းခုတ်ဆိုရင်တောင် မိန်းမက အအားမနေဘူး။ ထင်းခွေရေခပ်အပြင် မှိုချိုးမျှစ်ချိုးနဲ့ ထမင်းအိုး တည်ကြရရှာတာ။ တစ်ခုပိုထူးခြားတာက အဲဒီလောက် အလုပ် များတာတောင် မွေးလိုက်တဲ့ကလေး။ တချို့ စပျစ်ခိုင် ကျနေတာ။တချို့ဆို ဆယ့်တစ်ယောက်၊ တချို့ဆို ကိုးယောက်။
အနည်းဆုံးမွေးတဲ့ ကျွန်တော်တို့ မိသားစုတောင် ခုနစ်ယောက်။ ကဲ စဉ်းစားကြည့်။
ဒါတောင် အဖေနဲ့ အမေနဲ့ မတည့်လို့။ တည့်များတည့်ရင် ပလိုင်းနဲ့တောင် လိုက်ကောက်ရမလား။
အခုခေတ်လို သားဆက်ခြားရမယ်။ အကာအကွယ်သုံး ရမယ်ဆိုတာမသိတော့ ဒီလိုပဲမွေးနေတာပေါ့။ ဘယ်လောက်ထိ လည်းဆို ကျွန်တော်တို့အိမ်နားက မလှခင်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိတယ်။ သူ့ ကရင် နာမည်ကိုတော့ မေ့နေပြီ။
သူဆို ကျွန်တော်အခုလိုသာ အဲ့ဒီတုန်းက အဆက် အသွယ်ရှိခဲ့ရင် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှာ သူကို ထည့် ထားပေးချင်တယ်။
ဘာလိုလည်းဆို မလှခင်ကိုကြည့်ရင် အမြဲ ဗိုက်တစ်လုံးမ မထားရတယ်။ ဗိုက်တစ်လုံးဆိုတာ အနည်းဆုံး လေးငါးပိသာ ရှိမှာပဲ၊ အဲ့ဒါကြီး အမြဲ မ,ထားရတာ နည်းတာ မှတ်လို့၊ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှာဆို အနည်းဆုံး နည်းပြလောက်တော့ ထားသင့်တယ်။
အဲဒီတော့ အဲဒီလောက်များတဲ့ ကလေးတွေကို ထိန်းဖို့ ဆိုတာ လွယ်လှတာတော့မဟုတ်ဘူး။ ဒီတော့ ကလေးတွေကို အန္တရာယ်ကင်းစွာ ထိန်းကျောင်းနိုင်အောင် ကျင်းကလေးတွေ တူးပေးထားရတယ်။
အဓိကကတော့ အထိန်းရအခက်ဆုံးအရွယ်ဖြစ်တဲ့ လေးဘက်သွားကနေ ထိုင်တတ်တဲ့အရွယ်ကလေးတွေအတွက် ပိုရည်ရွယ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအရွယ် ကလေးတွေက အရာရာကိုစူးစမ်းစိတ်ရှိတဲ့အတွက် ဟိုဟာလိုက်ဆွဲ ဒီဟာလိုက်ဆွဲ၊ ဆွဲတတ်လွှဲတတ်လို့ပါပဲ။
မီးခဲကို ပူမှန်းမသိတဲ့အရွယ်။ ဓားကို ထိရှတတ်မှန်း မသိ တဲ့အရွယ်ကိုး။ ဒါကြောင့် ထိုင်တတ်စအရွယ်အတွက် ကျင်းကလေးတွေ တူးပေးထားရပါတယ်။တူးပေးတဲ့ကျင်းက သိပ်မကြီးပါဘူး။ တစ်တောင် ပတ် လည် အကျယ်တစ်တောင်ပတ်လည် အမြင့်ရှိတဲ့ကျင်းကလေးပေါ့။
မနက်မိုးလင်းတာနဲ့ မိခင်က အဲဒီကလေးကို သူ့ အတွက် တူးပေးထားတဲ့ကျင်းကလေးထဲ ချထားခဲ့ပါတယ်။သပ်သပ်ရပ်ရပ်လုပ်ထားတဲ့ကျင်းမို့မြွေပါး ကင်းပါးလဲ ကင်းပါရဲ့။ ကလေးကို ကျွေးစရာရှိရင်၊ ကျွေးချိန်ကျရင် အဲဒီ ကျင်းကလေးထဲ ပန်းကန်ကလေးနဲ့ ချပေးတယ်။
မိခင်က လုပ်စရာရှိတာလုပ်ပေါ့။ အိမ်မှုကိစ္စ လုပ်စရာ ရှိတာလုပ်။ ဒါမှမဟုတ် ကျင်းထဲက ကလေးထက်ငယ်တဲ့ မွေး ထားတဲ့ကလေးကိုထိန်းပေါ့။ အဲဒီတုန်းက ဒီလို သားဆက်ခြားမယ် ဘာညာမသိတော့ မိန်းမများ ဘာဖြစ်မယ် မသိဘူး။ ခလုတ် တစ်ချက်ဆွဲ “ဒိုင်းညောင့်” ဆို ကလေးတစ်ယောက် ထွက်ကျလာတာကိုး။
အဲဒီတော့ကလေးက သူ့အတွက်ချပေးတဲ့ အစား အစာ သူ့ဘာသာသူ ကောက်စားတယ်။ မစားတတ်ရင် ပါးစပ်နဲ့ အပ်စားတာပေါ့။
သူ့ကို ဘယ်သူမှမကြည့်ရင် ဂရုမစိုက်ရင် ငိုတယ်။ ဂျီ ကျတယ် မိဘကတော့ လှည့်မကြည့်အားပါဘူး။ သူ့ အလုပ်နဲ့ သူရှုပ်တာကိုး။ငိုလွန်းလို့ ကြာတဲ့အခါ သူ့အလိုလိုတိတ်ရရှာတယ်။ ငို လွန်းလို့ မောတဲ့အခါ သူ့အလိုလိုအိပ်ရရှာတယ်။
ဒီလိုနဲ့ နေ့စဉ်နှင့်အမျှ နံနက်မိုးလင်းတာနဲ့ ကျင်းထဲထည့် ညနေကျမှ ကျင်းလေးထဲကပြန်ယူထုတ် လုပ်နေရင်းကမှကျင်းထဲကကလေးဟာ ဒီကျင်းအပြင်မှာ ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာကို အလိုလိုသိချင်လာတယ်။
ကျင်းအပြင်မှာအသံတွေကြားနေရပါလျက် “ဟော နားထောင်ကြည့်စမ်း၊ ဒါကအစ်ကိုကြီး အသံ"
“ဒါအဖေ့အသံ၊ အဖေက အမေ့ကို ဘာတွေဆူနေလဲမသိဘူး”
“ဒါကအမေ့အသံ”
စသည်ဖြင့် ကျင်းအပြင် ကမ္ဘာလောကကြီးမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သူ့ဘာသာသူ သိချင်လာနေမိတယ်။
ကျင်းအပြင်မှာ ဘာတွေဖြစ်နေဆိုတာ သိရအောင် ကျင်း နံရံကို ကုတ်တက်ဖို့ လိုတာပေါ့။ဒါနဲ့ပဲ ကလေးဟာ ကျင်းထဲကနေ သူ့လက်သေးသေး လေးနဲ့ ကျင်းနံရံကို ကိုင်ကြည့်တယ်။သူ့ခြေထောက်သေးသေးကလေးနဲ့ မတ်တပ်ရပ်ဖို့ ကြိုး စားတယ်။ဘာကိုမှ ကောင်းမွန်စွာ မဆုပ်ကိုင်ဘူးတဲ့ကလေး၊ ဘယ် တုန်းကမှ ကိုယ့်ခြေထောက်ပေါ် မရပ်တည်ဘူးတဲ့ ကလေးက ခြေလက်ဘယ်မြဲပါ့မလဲ။ မကြာခဏပြုတ်ကျတော့ တာပေါ့။ပြုတ်ကျတဲ့အခါတိုင်း နာကျင်မှုတော့ ရှိတာပေါ့။ နာတော့ ကလေးပဲငိုတာပေါ့။ ကလေးပဲ နာတော့မှာပေါ့။
ငိုတော့လည်း သူ့ကို ချော့မယ့်လူမှမရှိတာ။ မိဘများက တော့ သူ့အလုပ်နဲ့သူ အားမှမအားတာ။ အဖေက တောသွားနဲ့၊ အမေက အိမ်မှုကိစ္စများနဲ့ ဗျာများနေရဲ့။
အကြီးကောင် ကျောင်းပို့ရတာတစ်မျိုး၊ အလတ်ကောင် ရေချိုးဖို့ လိုက်ဖမ်းရတာကတစ်မျိုး၊ အငယ်ကောင် ဂေါ်လီမျိုချလို့ ပြန်ထုတ်ရတာတစ်မျိုးနဲ့ သူ့အလှည့် ဘယ်ရောက်နိုင်ပါ့မလဲ။
ကလေးဆိုတာ ဆာလို့ ငိုတာနဲ့၊ နာလို့ငိုတာဆိုတာ သူတို့ သိပါတယ်။ ဒါပေမယ့် လှည့်မကြည့်နိုင်ပါဘူး။
ဒီလိုပါပဲ။ တိုင်းပြည်တစ်ပြည်ဟာ ကျင်းတစ်ခု