အကြည်တော် - သစ်ရွက်လှေ
လောကမှာဘယ်သူမှ အပြစ်မကင်းပါဘူး။ လိမ်ညာခြင်းကို အပြစ်လို့သတ်မှတ်ပြီးကတည်းက..
လက်ထဲတွင် ဟမ်းဖုန်းရောက်သည့်နေ့က ဤပြဿနာစပါသည်။
မိဘလုပ်စာ အေးအေးဆေးဆေးထိုင်စား၊ ထိုင်သုံးဖြုန်းနေ ရသော ဘဝက ငြီးငွေ့လွန်း၍ ဩစတြေးလျရှိ မိဘနှစ်ပါးအား လက်အား၍ ဟမ်းဖုန်းတစ်လုံးကိုင်ချင်ကြောင်း ပူဆာလိုက်ရာမှ ဤပြဿနာစပါသည်။
“သားရယ်... အိမ်မှာလည်း လိုင်းဖုန်းရှိနေရဲ့ သားနဲ့ ဟမ်းဖုန်းက ဘာလုပ်မှာလဲ၊ အဖေတို့ဆို အလုပ်ရှုပ်လွန်းလို့ ဖုန်းကိုထားရတာ”
ဩဇီဩစတြေးလျမှ ဖခင်၏စကား၊
“ဟာ... အဖေကလည်း အိမ်ဖုန်းဆိုတာ အိမ်မှာပဲသုံးရတာ၊ သားအိမ်မှာမရှိရင် အဖေတို့နဲ့ ဘယ်လိုဆက်သွယ်မလဲ၊ အဖေ ငါ့ကို လမ်းမှာသတိရရင်တောင် သားကဘယ်လိုလုပ်မှာလဲ”
အမှန်တော့ မိဘဆိုတာ ပိုက်ဆံလိုမှသတိရတာ။ ကျန်တဲ့ အချိန်ဆို သတိရဖို့ဝေးလို့ ရှိတယ်တောင်မထင်။
“မင်းသုံးဖြုန်းနေတာလဲ များပြီနော၊ တလောကလည်း ကားရေငတ်လို့ ရေဆင်းသောက်တာ ကရိန်းနဲ့တောင်ပြန်ဆွဲတင်ရတယ်ဆို”
မှန်ပေ၏။ မကြာသေးခင်ကမှ ကားက မြောင်းထဲကျသွား ၍ မနည်းပြန်ဆွဲတင်၍ ပြင်ရသေး၏။
“အလုပ်အကိုင်ကလည်းမရှိ၊ ဒီလောက်တောင် သုံးဖြုန်းနေ ရင် နိုင်ငံခြားရောက်နေတဲ့ မိဘနှစ်ပါးလည်း အချုပ်နဲ့နီးပြီနော”
“လုံခြုံတာပေါ့အဖေရာ၊ အဲလေ ဒီလောက်နဲ့ ဘာမှမဖြစ်ပါဘူး”
“ငါဖြစ်တာက အကြောင်းမဟုတ်ဘူး၊ နှင့် အမေလည်း ဟိုအတန်းရောက်တော့မယ်”
“ဖွတဲ့... လွဲပါစေ ဖယ်ပါစေ၊ ဘယ်အတန်းလဲအဖေ”
“ဂုဏ်ထူးတန်းကိုပြောတာကွ၊ အခု သြဇီမှာ ကျောင်းပြန် တက်နေတာကိုပြောတာ"
ကိုယ်ထင်တာမဟုတ်လို့ သက်ပြင်းချမိသည်။ နောက် နှုတ်က လွှတ်ခနဲ...
“ဪ... ဒီအမေကလည်း အသက်ကြီးမှ လက်ပေးသင်တုန်း”
“ဟေ့ကောင်... မင်းအမေကို ခွေးလို့ပြောတာလားကွ၊ ဟေ... ခွေးမသား”
“ဟင်... ဟင် ကျွန်တော်ပြောတာမဟုတ်ဘူးလေ၊ အဖေပြောတာ”
“ငါဘာပြောလို့လဲကွ” “ခွေးမသားဆို၊ အမေဘာဖြစ်သွားပြီလဲ”
အဖေတောက်ခတ်လိုက်ပုံရသည်။ သို့သော် ဖုန်းသံက မကြည်၍ အထက်ပါအသံသာ ကြားလိုက်ရသည်။
“ကျွန်တော်ပြောတာက ရိုးရိုးပါအဖေရာ၊ အမေက အသက် ကြီးမှ လက်ပေးပြီး စာပြန်သင်နေတာကိုပြောတာပါ၊ အခုဟာက အမေ့ကို သတိရရင်လည်း ဆက်စရာဖုန်းက အဲ... အိမ်မှာတော့ ရှိတာပေါ့၊ လမ်းမှာဆို ဝက်သားတုတ်ထိုးဆိုင်မြင်ရင် အမေ့ကိုလွမ်း တယ်အဖေရာ၊ အရက်ဆိုင်မြင်တော့ အဖေ့ကိုလွမ်းတယ်အဖေရာ ဒါနဲ့စကားမစပ် အဖေရောချသေးလား”
“ချတယ်... အဲ... ဟေ့ကောင် အရက်ဖြတ်ထားတာ ကြာပြီကွ၊ ညအိပ်ရာဝင်ခါနီးမှ လေးပက်သောက်တာ၊ အာ... ရှုပ်ကုန်ပြီ၊ ကဲ ကဲ မင်းလိုချင်တဲ့ ဟမ်းဖုန်းကို မင်းဦးလေး ကဗျာ ဆရာဆီမှာပြောပြီး ငွေထုတ်လိုက်၊ အေး... သူပေးရင်တော့ယူ၊ မပေးရင်မယူနဲ့ ဒါပဲ"
ဂွပ်ခနဲ ဖုန်းချသွားသည်။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ တယ်လီဖုန်းတစ်လုံးရဖို့ ငါးဆယ်ရာခိုင်နှုန်း သေချာသွားပြီ။ အဖေ၏ ညီ ကဗျာဆရာ (လူအမည်သဲမောင်) သားအိမ်ကောင်းကို ချော့ရပေဦးမည်။
နာမည်ရင်း သဲမောင်ဖြစ်သော်ငြား အဆိုတော် ထူးအိမ်သင်ကို တစ်ဖက်သတ်လေးစားရချိမ့်တကား သူ၏ကလောင်အမည် တဲ့ ထူးအိမ်သင်အဖြစ် ပြောင်းလဲချင်သော်လည်း အများက အပြစ် တင်မည် ကြောက်၍ ကတစ်ကြောင်း၊ နေ့နံမကိုက်သည် က တစ်ကြောင်း တို့ကြောင့် နေ့သင့်နံသင့် သားအိမ်ကောင်းဟူသော ကလောင်အမည်နှင့်သာ ပျော်မွေ့နေရလေတော့သည်။ ဒါကို ဘဝကဗျာဆရာများ ကဗျာရေးဖော်များက သူ့အား ချစ်စနိုးဖြင့် သားအိမ်ကောင်းဟု ခေါ်ရမည့်အစား ရေးတော့အမှန် ဖတ်တော့ အသံဆိုသည့်အတိုင်း
“(သား)သအိမ်ခေါင်း၊ ကိုသအိမ်၊ ဦးသအိမ်ခေါင်း”ဟုသာ ခေါ်တွင်ကြလေသည်။ ဤသည်ကိုလည်း သူက ပီတိဖြစ်၏။
ယခုလည်း…
“ဦးသားအိမ်(အသံထွက်ဖြင့်သာဖတ်ပါ။)
ဘောပင်ကိုင်ထားလျက် သဘောခွေသွားပုံရသည်။ ပျော့ကျ သွား၏။ သူ့ကလောင်အမည့်ကို လွန်စွာတန်ဖိုးထား၍ ဖြစ်၏၊
“ဦးသားအိမ်ကဗျာတွေ အခုတက်လာတယ်နော်”
အမြှောက်ကြိုက်မို့ မြှောက်ပြောလိုက်ခြင်းဖြစ်၏။ ဒါကို ကြီးရင်ပြီးရော အမြှောက် သာမက စိန်ပြောင်းပါကြိုက်သော ဝမ်းတွင်းရူး ဦးဖြစ်သူက...
“ဒါပေါ့ကွ... သားအိမ်ကသန္ဓေတည်လာတဲ့ သဘောပေါ့ကွ”
“ယောက်ျားလေးလား၊ မိန်းကလေးလား”
“ယောက်ျား၊ အဲ... ဘာ... ဘာပြောတာလဲကွ၊ ကဗျာမှာ သောက်ျားမိန်းမ မရှိဘူး၊ လောဘ၊ မောဟ မရှိဘူးကွ၊ ဒေါသရှိတယ် မာန်မာနရှိတယ်၊ အဲဒါမှတ်ထား”
ပြောပုံကိုက ကဗျာသံစာသံပါနေ၏။ ဒါကို အလိုက်တသိ ခံလျှော့ရင်း...
“ဪ... ဟုတ်သား၊ အဲ အခုတလော ဦးသားအိမ်ရေးတဲ့ ကဗျာတွေက သိပ်ခမ်းနားတာပဲနော်”
“ဘယ်ရမလဲ... မင်းသိပါတယ်၊ သားအိမ်ကောင်းကကြီးတယ်”
ကျွန်တော့်ခိုးရယ်သံကြောင့် သူမျက်မှောင်ကျုံ့၍ လှည့် ကြည့်သည်။
“ဟေ့ကောင်... မင်းဘာခိုးရယ်တာလဲကွ ဟေ” မျက်နှာပိုးကို ချက်ချင်းပြန်ဖတ်ရင်း...
“ခိုးရယ်တာမဟုတ်ပါဘူး၊ ကဗျာဆရာ သားအိမ်ကောင်းက ခေတ်ရှေ့ပြေးပြီး ကဗျာအသုံးအနှုန်းတွေမြင့်တယ်လို့”
နဂိုက ဝမ်းတွင်းရူးမို့ ချက်ချင်းပြန်ဝင်သွားသည်။
“မှန်ပါ့... သားအိမ်ကောင်းက ကြီးလည်းကြီး၊ မြင့်လည်း မြင့်တယ်””
“ကလေးလိုချင် ချက်ချင်းရနိုင်တဲ့ အနေအထားပေါ့နော်”
“ဪ... ကဗျာကလေးများ လိုချင် ချက်ချင်းရနိုင်တာ ပေါ့လို့၊ အဲ... အခုတလော ဦးလေးရဲ့ ကဗျာတစ်ပုဒ် သိပ်လူပြော များနေတယ်နော်”
သူ မျက်မှောင်ကျုံ့သွား၏။ “အေး... ရေးတာလည်းများ၊ နာမည်ကြီးတာလည်းများ တော့ ဘယ်ကဗျာလဲမသိဘူး”
အမှန်တော့ ကဗျာနုသစ်တို့၊ အသစ်တို့၏ကဗျာ၊ ရင်ဖွင့်သံ ကဗျာတို့ စသည်ဖြင့် ကလောင်သစ်ကဏ္ဍမှာတင် သုံးလေးပုဒ်လား ပါဖူးတာ။ ဒါကိုတောင် သူ့ကိုယ်သူ ဝါရင့်ကလောင်ရှင်ကြီးအတိုင်း။
ကိုယ်ကလည်း တယ်လီဖုန်းလိုချင်နေသူမို့ အချိုသတ်၊ အကြိုက်ပေးရမည်မဟုတ်ပါလား။ ထို့ကြောင့်...
“ဟိုလေဗျာ... သားအိမ်ကောင်းရဲ့ ကင်ဆာဆိုတာလေ"
သူက အမှတ်ရသွားသလိုဖြင့် ရှေ့စားပွဲကို လက်ဖြင့်တဖြန်း ဖြန်းပုတ်ပြီး... ။
“ဪ... သားအိမ်ကောင်းကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အဲဒါကိုပြောတာလား”
သူ့ဘာသာသူပြောပြီး မှိန်သွားသည်။ ကဗျာဆရာနှင့်တူ အောင်ဆိုပြီး တမင်မရှိရှိအောင်ထားထားသော မေးမွှေးနှစ်ပင်သုံး ပင်ကိုပွတ်ပြီး... ။
“သားအိမ်ကောင်းကင်ဆာဆိုတာ သိပ်တန်ဖိုးရှိတာပေါ့ကွာ၊ ပညာပေးလေးလည်းဆန် ကဗျာကလည်းလှတာကိုး”
“ဟုတ်ပါ့ဦးရာ... တိုတိုလေးနဲ့ထိတယ်ဆိုတာ အဲဒီကဗျာ မျိုး... ဘာတဲ့”
“တစ်စက္ကန့်တွင် အမျိုးသမီးလေးယောက်နှုန်း ဤရောဂါ နဲ့သေနေကြသည်ဆိုတာလေ”
ကျွန်တော့်စကားကြောင့် သူ့မျက်နှာကြီးရဲကာ ရှူးရှူးရှားရှား ဖြစ်သွားသည်။
“ဟေ့ကောင်... အဲဒါကြော်ငြာကွ၊ ငါ့ကဗျာဟုတ်ဘူး၊
တောက်... ဒီကောင်ကွာ ကဗျာမှန်းမသိ၊ ကြော်ငြာမှန်းမသိ”
ပြောပြီးမှ မှားသွားမှန်းသိရသည်။ မဂ္ဂဇင်းဂျာနယ်များတွင် နေသော ကြော်ငြာနှင့် ကိုယ့်ဦး၏ ကလောင်အမည်ရောသွားတာကိုး၊ သူရေးတာက နာမည်မကြီး၊ ဟိုကြော်ငြာက နာမည်ကြီးမို့ စွဲသွားခြင်းဖြစ်သည်။ နောက်မှ အသေအချာပြန်စဉ်းစားပြီး...
“ဪ... မှတ်မိပြီး မှတ်မိပြီ၊ ဟိုလေ” “ညကလကိုလိုက်၊ လက ညကိုလိုက် လူကလကိုလိုက်၊ ညကလူကိုလိုက် ညကလကိုစား၊ ညကလူကိုစား လိုက်စားခြင်းများစွာ... ရောဂါ ကင်ဆာ”
“ဆိုတာလေ ဦးရယ် သိပ်အဓိပ္ပာယ်ရှိတာပဲ၊ အဲဒါ ဘာတွေ ရေးထားတာလဲဟင်"
“အင်... အင်”
ပထမတော့ ကော်လံတထောင်ထောင်လုပ်နေသေး၏။ ဘာရေးထားတာလဲဟုမေးလိုက်မှ အုန်းသီးကြီးအလုံးလိုက် မျိုးချလိုက် သူလို နင်သွားပုံရ၏။
“မင်းကလည်းတစ်မှောင့်၊ သိပ်အဓိပ္ပာယ်ရှိတယ်လည်းပြော သေး၊ ဘာရေးထားတာလဲပြောသေးဆိုတော့ ငါက ဘာကိုပြောပြရမှာလဲ”
“ဟိုလေ... ဘာအဓိပ္ပာယ်နဲ့ရေးထားလဲလို့ သိချင်တာပါ အဟဲ"
မနည်းမျက်နှာကို ဖြဲ၍ဖားရ၏၊ ဒါကို ကဗျာဆရာ သားအိမ်ကောင်းက ကိုယ်ကိုမတ်၍
“သိပ်လေးနက်တာပေါ့ကွာ၊ အသေအချာနားထောင်” ။ ဆိုကာ သူ၏ကင်ဆာကို အသေအချာရှင်းပြ၏။