Skip to product information
1 of 2

Other Websites

အကြည်တော် - ရီတန်းအော့ဖ်ဘီလူး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          နေဝင်ရီတရောအချိန်ပ...။

          ဒီအချိန်ဆို ရွာကသမီးပျိုကလေးတွေ ရေချိုမြစ်ဆိပ်မှာ အိမ်သုံးရေခပ်ဆင်းကြပြီ။

          ညနေခင်း ဝင်လုလုနေရောင်နဲ့အပြိုင် ပါးမှာနံ့သာ လှိုင်နေ အောင်လူးထားတဲ့ လုံမငယ်တို့ အလှချင်းပြိုင်ကြတဲ့ အချိန်ဆိုလည်း မမှားပေဘူးပေါ့...။ တချို့ သမီးပျိုကလေးများကလည်း ဒီအချိန်ဆိုရေမိုးချိုးအလှပြင်ပြီးမှကို ရေခပ်ဆင်းကြတာ။ သိတယ်မဟုတ် လား...။ ဒီအချိန်က လတ်လျားလတ်လျား ကာလသားများ အလုပ်မရှိ အလုပ်ရှာ၊ မိန်းမပိုးထွက်ကြတဲ့အချိန်လေ...။

          ဒီအချိန်ဆို ကျားကျားလျားလျား ကာလသားတွေက အင်္ကျီ ကိုချွတ်၊ ထိုးကွင်းမင်သေ့ပေါ်အောင် ခါးတောင်းမြောင်နေအောင် ကျိုက်ပြီး လုံမပျိုတို့ရေခပ်ဆင်းရာလမ်း ကွက်လပ်မှာ ခြင်းလုံးခတ်ကြတာ...။ တချို့ကာလသားများက အကြောင်း မရှိအကြောင်းရှာ ရေဆိပ်ကိုဆင်းပြီး လုံမပျိုတို့ကို ရေငင်ပေးကြတာပါ...။ တချို့ ကာလသားများကတော့ ထန်းရည်လေးတစ်မြူ နှစ်မြူးသောက်ပြီး ရေခပ် လာတဲ့ လုံမပျိုတွေကို အရိပ်ကောင်းတဲ့ ပညောင်ပင်ကြီးအောက် ရပ် စောင့်ပြီး ရိသဲ့သဲ့လုပ်ကြတာ...။ အဲဒီအထဲမှာ ဘီလူးလှဦး တို့အဖွဲ့ပါတယ်။

          သိတယ်မဟုတ်လား...။ ဘီလူးလှဦးတို့အဖွဲ့ဆိုတာ ဘီလူး လှဦးပါမယ်၊ သူခိုးငပိန်ပါမယ်၊ မောင်ကောင်းပါမယ်၊ ကျွဲကြီးပါမယ်၊ ဒါကလူစုံ..။ တစ်ခါတလေရင်လည်း ဘီလူးနဲ့ ငပိန်ပဲပါတာ..။ ကျွဲကြီးနဲ့ မောင်ကောင်းက မလိုက်ဘူး...။ သူတို့နှစ်ယောက်က မိန်း ကလေးတွေကို ကိုရင်ကြက်ပုထန်းတောက ထန်းကောက်ပင်လောက် ကြိုက်တာမဟုတ်ဘူး...။ ဘီလူးနဲ့ ငပိန်သာ သူရာဆိုလည်းရ တဏှာ ဆိုလည်း ထလိုက်ချင်သေးတာ...။

          နောက်ပြီး သူတို့က ရေခပ်ဆင်းချိန်ရောက်ပြီဆို ဒီနေရာကို လာတတ်ပေမယ့် ခြင်းလုံးခတ်တဲ့အထဲတော့ မဝင်ဘူးရယ်။ ခြင်းလုံး မခတ်တတ်လို့တော့ ဟုတ်ပါဘူး...။ သူတို့ကိုယ်သူတို့ ရှက်လို့...။ ဟုတ်တယ်...။ ရှက်လည်း ရှက်ချင်စရာ..။ ဘီလူးဆိုတာကရင်ဘတ်က ရယ်စရာ ဘီလူးရုပ်ကြောင့်သာ ဘီလူးဖြစ်နေတာ...။

          လူက လူ့ဖလံရယ်...။ အကောင်က ဘယ်လောက်ထိသေးသလဲဆို ငယ်ငယ်က ခိုဖွက်တမ်းတို့ တူတူပုန်းတမ်းတို့ကစားရင် သူက ရှည်ရှည် ဝေးဝေးရှာကြံပုန်းနေစရာမလိုဘူး...။ တွေ့တဲ့ တံခါးရွက်မှာ ဝင်ကပ် နေရုံပဲ...။ သူ့ကို တံခါးမှာထုထားတဲ့ တစ်ချမ်းဖောင်း သစ်သား ပန်းပုရုပ်မှတ်ပြီး ကျော်သွားတာရယ်...။ အသားကလည်း ညိုနေတာ ဆိုတော့ ရေနံချေးဝနေတဲ့ သစ်သားပန်းပုရုပ်အတိုင်းပဲ...။

          ငပိန်ကရော ဘာထူးလဲ...။ တစ်ခါသား တခြားရွာက ဆေးဆရာတစ်ယောက်လာပြီး သူ့ကိုငှားသေးတယ်...။ ဝမ်းရောဂါကပ်ဆိုက်တုန်းကပါ။ အစားအသောက်ဆို ဆင်ခြင်ပြီးစား၊ ဝမ်းရောဂါဖြစ်ရင် ဒီလို အရိုးပေါ်အရေတင်ဖြစ်ပြီး သေတတ်တယ်ဆိုပြီး ...။ အဲဒီလောက်ကိုပါးတာ..။ ခါးတောင်းများ ကျိုက်လိုက်လို့ ကတော့ သက်နုကြံချောင်းကို နှစ် ပိုင်းဖြတ်ထားတဲ့အတိုင်းပဲ...။ နှစ်ယောက်လုံးကို ပြောပါတယ်...။ သူတို့မှာ လူပီသတာဆိုလို့ သားရေနဲ့ အမွေး လောက်ရှိတာ...။ အဲဒီလို...

          အဲ... မောင်ကောင်းနဲ့ ကျွဲကြီးကတော့ ခန္ဓာကိုယ် အဆက်အပေါက်မှာတော့ လှပါရဲ့...။ နို့ပေတဲ့ နှစ်ယောက်လုံးက ခြေပြောင်ကြီးတွေ ရယ်...။ ခြေပြောင်ကြီးဆိုတာ သိတယ် မဟုတ်လား...။ ပေါင်တွေ ခြေသလုံးတွေမှာ ဘာထိုးကွင်းမှ မရှိဘူး...။ ထိုးကွင်းထိုးရင် နာမှာကြောက်လို့တဲ့လေ...။ ထိုး ဘူး...။ ဒါကြောင့် သူတို့များခါးတောင်းမြှောင်အောက်ကျိုက်ပြီး ခြင်းခတ်နေလို့ကတော့ မိန်းမကြီးနှစ်ယောက် ယောက်ျားတွေနဲ့ ခြင်း လုံးဝင်ခတ်နေတာဆိုပြီး အလှောင်ခံရမှာ...။ ဒါကြောင့် အဲဒီ အလုပ်လုပ်ဘူးရယ်လေ...။

          နောက်ပြီး မိန်းမပျိုလေးတွေကို ရေငင်ပေးဖို့ကျတော့လည်း လေးယောက်လုံးက လက်ကြောတင်းအောင်လုပ်ချင်သူတွေမဟုတ် တော့ ကြီးတော်ယောက်ျား နွားဝယ်မလောက်ကို ကြောက်တာ...။ နွားရရင်ကျောင်းနေရမှာစိုးလို့...။ နောက်ပြီး သူတို့က စိတ်ပါ လက်ပါရေငင်ပေးတယ်ထားဦး ဘယ်လုံမပျိုတွေကမှ သူတို့ကို ကူညီ ခိုင်းမှာမဟုတ်ဘူး...။ သိတယ်မဟုတ်လား...။ ဘီလူးတို့ဆိုတာက တစ်ချိန်လုံးကို ထန်းရည်အိုးထဲခေါင်းနစ်နေတာ...။ ဒါကြောင့် သူတို့ကိုဆိုရင် ဘယ်သူကမှအဖက်လုပ်အရောဝင်ပြီးခိုင်းဘူးရယ်...။ သူတို့ကလည်းသိတယ်။ ဒါကြောင့်သူတို့ကလည်း အလွယ်ကူဆုံး အသက်သာဆုံး ပညောင်ပင်ကြီးအောက် ထိုင်စောင့်ပြီးဘေးထိုင် ငမ်း ငမ်းနေတာ...။ အငမ်းဆုံးလူတွေကတော့ ဘီလူးလှဦးနဲ့ သူခိုးငပိန်...။ သူတို့ငမ်းနေတဲ့သူတွေကတော့ တော်ရုံတွေဟုတ်ဘူး။ တကယ့်ခေါင်တွေကိုမှ မှန်းတာ။ ခေါင်ထိအကုန်စားများ မှတ် သလားတော့ မပြောတတ်ဘူး။ နှစ်ယောက်လုံးကတော့ ခေါင်မှခေါင်ပဲ ...။ သိလား...။ သူကြီးသမီးခင်မှုံနဲ့ ထန်းရည်ရောင်းတဲ့ ကိုကြက်တောခယ်မ မိပွားလေ...။ ဘီလူးက ခင်မှုံ၊ ငပိန်က မိပွားပေါ့...။

          ခါတိုင်းဆိုရင် ခင်မှုံတို့က ဒီလိုရေခပ်ဆင်းတာရယ် မဟုတ် ဘူး... ။ သူ့အိမ်ထဲသူ အေးအေးလေးနေတာ...။ အခုမှ သူတို့အိမ် မှာ ဝေယျာဝစ္စလုပ်ပေးနေတဲ့ ကြီးတော်ဒေါ်ခင်လှနဲ့ သူ့သမီး လေး လေးဆင့် ရွာခဏပြန်သွားလို့ လုပ်နေရတာ။ အခုဆို ခင်မှုံရေခပ်ဆင်းတာနှစ်ရက်ရှိပြီ။ ဘီလူးလှဦး ခင်မှုံကို ချောင်းနေတာလည်း နှစ်ရက်ရှိပြီ။

          ရေခပ်လာကြတဲ့ လုံမပျိုတွေ၊ ဘီလူးတို့အုပ်စုကိုမြင်တော့ နှာခေါင်းရှုံ့ကြ၊ မဲ့ရွဲ့ကြဖြစ်ကုန်တယ်။ သိတယ်မဟုတ်လား၊ ဘီလူး အုပ်စုကိုဆို ခွေးအစ၊ သူကြီးအလယ်၊ ရွာကျောင်းဆရာတော်အဆုံး ဘယ်သူမှကြည့်ရတာမဟုတ်ဘူး...။

          ဘီလူးတို့က ခပ်တည်တည်ပဲ...။ လာသမျှလုံမပျိုတွေကို “ဟေ့ချိုသည်းကြီး... ဟေ့ မောင့်ချစ်ချစ်ပူစူးလေး...”နဲ့ နောက်နေ သေးတာ...။ ဒါက အပျော်သဘောမျိုးနဲ့ ပြောတာပါ...။ အတည်ကြံတာမဟုတ်သေးဘူး...။ သူတို့ အတည်ကြံမှာက…

          ဟော လာပြီ...။

          ရေအိုးလေး မနိုင့်တနိုင်ရွက်ပြီး ချွေးစတို့ နဖူးပေါ် သီးထနေတဲ့ ခင်မှုံရယ်လေ...။ သူ့ဘေးမှာက ရေအိုးကြီးနှစ်လုံးကို နိုင်အောင် ရွက်ပြီး တစ်လိမ့်ခြင်းလိမ့်လာတဲ့ ကိုကြက်တောခယ်မ မိပွား...။ ခင်မှုံ နဲ့ မိပွားကိုမြင်တော့ ဘီလူးနဲ့ ငပိန်မျက်လုံးထဲ သက်တံ့တွေဖြာသွား တယ်...။

          “ဟေ့ကောင်... ဟိုမှာလာနေပြီ... ဘယ်လိုလုပ်မှာ လဲ...” 

          ငပိန်ရဲ့ အမေးကို ဘီလူးကအောက်မေးပြုတ်အောင်ပြုံး လိုက်ပြီး

          “အရှေ့ကပိတ်ပြီး သမီးရည်းစားစကား ပစ်ပြက်ပြောပစ်မှာပေါ့...”

          ဘီလူးစကားကြားတော့ မောင်ကောင်းနဲ့ ကျွဲကြီးတွန့်ဝင်သွားပြီး...

         “ဟေ့ကောင်... ဟုတ်မှလည်းလုပ်ဦးနော်... တော်ကြာ သူကြီးသိသွားလို့ ထိတ်တုံးနဲ့ ညအိပ်နေရဦးမှာ...

          “အေးလေ... သူကြီးထိတ်နဲ့ မင်းခြေ... မင်းနဲ့ သူကြီး ထိတ်ထိမှာမြင်ယောင်သေး...”

          မောင်ကောင်းနဲ့ ကျွဲကြီး ကြောက်အားလန့်အားပြော ဘီလူးကမခိုးမခန့်ပြုံးလိုက်ပြီး...။

          “အသာနေစမ်းပါကွာ... သူကြီးထိပ်မကလို့ နောက်စေ့နဲ့ပဲ ငါ့ခြေထိထိ ငါကတော့ ဂရုမစိုက်ဘူး... ငါကတော့ အခွင့်သာတုန်း ချစ်ကြောင်း၊ ကြိုက်ကြောင်းပြောရမှာပဲ...”

           သူ့စကားကြားတော့ မောင်ကောင်းနဲ့ကျွဲကြီး ဖျာပျာသလဲဖြစ် သွားပြီး ..

          “အေး... ဒါဆို မင်းဘာသာမင်းပြော.... ငါတို့တော့ လစ်ပြီ...”

          “အေး ဟေ့ကောင်... မြန်မြန်လစ်မှဖြစ်မယ်... ဟိုမှာလာ နေပြီ...'

ဆိုပြီး ပညောင်ပင်အနောက်ဘက်ဝင်ပြေးလိုက်တော့တယ်။ ဘီလူးနဲ့ငပိန်ကတော့ ခပ်တည်တည်ပဲ... တရွေ့ရွေ့ တိုးလာတဲ့ ပစ်မှတ်ကိုပဲ စိုက်ကြည့်နေကြတယ်...။

          ခင်မှုံနဲ့မိပွားကတော့ ဒီအဖြစ်ကိုသိသေးပုံမရဘူး..။ သူတို့ ဘာသာသူတို့ စကားတပြောပြောနဲ့ ပညောင်ပင်ကြီးရှိရာ ဦးတည်လာ တယ်။ ပညောင်ပင်ခြေရင်းရောက်တယ်ဆိုရင်ပဲ..

          “ဟိတ်...” “ဟဲ့ ပလုတ်တုတ်... ကလူ ကလူ...” 

          “အလို... မြွေပွေးကိုက်တွေ...”

          ဘီလူးနဲ့ ငပိန်ကို ရုတ်တရက်မြင်တော့ နှစ်ယောက်လုံး လန့်ပြီး အော်ကြတယ်။ ဘီလူးနဲ့ငပိန်ကတော့ ခပ်တည်တည်ပဲ...။ ခင်မှုံနဲ့ မိပွားရှေ့ သက်ဆိုင်ရာ သက်ဆိုင်ရာလူရှေ့ ရပ်လိုက်တယ်။ ပြီတီတီနဲ့ သူတို့ရှေ့ရုတ်ခြည်းရောက်လာတဲ့ ဘီလူးနဲ့ ငပိန်ကိုလည်းမြင်ရော ခင်မှုံ တို့ တစ်ချက်မဲ့လိုက်ပြီး ပီယဝါစာ ချစ်ဖွယ်သောစကားကိုစဆိုတယ်။

          “ဟဲ့... သေနာကျတွေ.. ဘယ့်နှယ့်... ဒီရှေ့လာရပ် ပြီး ပခန်းကိုယ်တော်ကြီးပြီး လာပြုံးနေတာတုန်း... ဖယ်စမ်း”

          “ဟေ့... ပါးမကွဲချင်ရင် အမြန်ဆုံးနောက်ဆုတ်လိုက် မိပွား တဲ့နော် တစ်ပွားထဲရှိတယ်... နှစ်ပွားရှိရင် ပွဲဈေးသွားရောင်းစား ပစ်မယ်..”

          သူတို့ရဲ့ ဒေါသတကြီးစကားကို ဘီလူးနဲ့ ငပိန်က ခပ်တည် တည်ပဲ...။

          “ဖြည်းဖြည်းပြောပါ နှမရယ်... ဖယ်ဆိုလည်း ဖယ်ပါ့ မယ်... ဒါပေမယ့် မောင်ကြီးတို့ရဲ့ ရင်တွင်းသည်းပွတ်က ဖြစ်ပေါ် လာတဲ့ နုနုရွရွအသည်းစကားလေးများလည်း နားဆင်ပေးကြပါ ဦး...” ဘီလူးစကားကို ငပိန်ကပါထပ်ဆင့်ပြီး... ။

          “ဟုတ်ပါတယ် နှမငယ်တို့... မောင်ကြီးတို့ နှမငယ်တို့ကို အသားတုန်နေတာ အတော်ကြာပါပြီ... ဒါကြောင့် ဟောဒီနေရာ ကနေအပေါ့စွန့်... အဲလေ... အရဲစွန့်ပြီး အသက်ပင်သေသေဆိုပြီး ဆင်မကြောက် ကျားမကြောက် မောင်ကြီးတို့လာပြီး နားဖောက်ရတာပါ...”

          သူ့စကားလည်းကြားရော မိပွားဆတ်ဆတ်ခါနာသွားပြီး... 

         “ဘာ... ဘာ အသားတုန်နေတယ် ဟုတ်လား... ဟဲ... မြွေပွေးကိုက်ရဲ့ အခုရေအိုးကြီးနဲ့ ပစ်ချလိုက်လို့ ခေါင်းရှစ်စိတ်ကွဲသွား မယ်သိလား…

          မိပွားရဲ့ ဒေါသတကြီးစကားကို ဘီလူးတို့က ဂရုမစိုက်ဘူး။ ပြီတီတီနဲ့ သူပြောချင်ရာဆက်ပြောတယ်။

          “တကယ်ပြောတာပါ နှမရယ်... ဟိုး ရှေ့ခေတ်က ကိန္နရီ ကိန္နရာ တစ်ညတာဝေးလို့ ရက်ပေါင်း(၇၀၀)ဆွေးရတာကို မှတ် သားဖူးပါတယ်... အခု ကိုလှဦး နှမငယ်ကိုချစ်တဲ့ အချစ်ဟာ ကိန္နရီ ကိန္နရာထက် မလျော့နည်းပါဘူး... ဟိုးတမြန်နှစ် ကိုသားပုအလှူ တုန်းက နှမငယ်နဲ့ ကြမ်းတစ်ပြေးတည်းထိုင်ပြီး စားပွဲခုံလေးတစ်ခုံ အလယ်မှာခြားသွားရင်တောင် ဝေးတယ်မှတ်ပြီး ပေလွှာ(၄၉)စောင် ပါး လိုက်ချင်သူပါ...”

          ဘီလူးရဲ့ စာသံပေသံနဲ့စကားကို ငပိန်ကလည်းအားကျမခံ 

          “မောင်ကြီးလည်း ဒီလိုပါပဲ နှမပွားရယ်... နှမပွားနဲ့ ကြမ်း တစ်ပြေးတည်းထိုင်ပြီး လက်ဖက်အတူစားရင်းတောင် ဇွန်းလေး တစ်ဇွန်းခြားသွားတာနဲ့ ဝေးတယ်မှတ်ပြီး လွမ်းလွမ်းဆွေးဆွေး မွှေးမွှေး ပေးတာ (၄၉) ကြိမ်ကျစေရမယ့်သူပါ...”

          ဘီလူးနဲ့ငပိန်စကားကို ခင်မှုနဲ့ မိပိုဒေါသထွက်သွား

          “ဘာ... ဘာပြောတယ်...” “ဟင်... နင် နင်တို့လွန်လှချည်လား..”

          ဆိုပြီးအော်ကြတယ်။ ဒါကို ဘီလူးတို့ က အပြုံးမပျက် ဘူး။

          “မလွန်ပါဘူး နှမရယ်... လိုတောင်လိုသေး..”

          ဘီလူးရဲ့ စကားလည်းကြားရော ခင်မှုံဆတ်ဆတ်ခါနာသွားပြီး ခါးပေါ်လက်ထောက်ကာ...

          “အေး... နင်တို့လို အချိန်ပြည့်မူးနေရူးနေတဲ့လူမျိုးကို ပြန် ချစ်ဖို့ မပြောနဲ့ စေ့စေ့အကြည့်ခံရရင်တောင် ကံကောင်းတယ်မှတ်...”

          ခင်မှုံရဲ့ စကားကို မိပွားကလည်း ခါးပေါ်လက်တင်ပြီး... 

          “အေး...ငါလည်း သူပြောတဲ့အတိုင်းပဲ...” ဒါကို ဘီလူးက မျက်နှာလေးကို အိုချလိုက်ပြီး... “အဲဒီလောက်တော့ မရက်စက်ပါနဲ့ ချစ်သည်းလျာ”

          “သူပြောတဲ့အတိုင်းပါပဲ ချစ်ပွားလျာ...”

          ဘီလူးစကားကို မောင်ပိန်ကလည်း မျက်နှာလေးငယ်ပြီး ထောက်ခံတယ်...။ 

          ခင်မှုံကသာ မျက်နှာကိုမဲ့ချလိုက် ပြီး.. ။

          “အောင်မာ... ချစ်သည်းလျာလေး ဘာလေးနဲ့... ရာရာ စစ... ဟဲ့ သေနာကောင်တွေ... ကျုပ်တို့ပြောတာ မရှင်းသေးဘူး လား ဟင်... ဒါမှမဟုတ် တော်တို့နားတွေကန်းနေလို့လား...”

          ဒါကို ဘီလူးက မျက်လုံးလေးကလည်ကလည်လုပ်လို့... “ဘာများလဲဟင်...” ဆိုပြီး မသိဟန်ဆောင်ပေးတယ်။ ခင်မှုံက တစ်ဖက်လှည့်

          “နင်တို့ကို ပြန်ချစ်ဖို့မပြောနဲ့... စေ့စေ့တောင်မကြည့်ဘူးဆို တာလေ...”

          “အေး... ငါကလည်း သူပြောတဲ့အတိုင်းပဲ...”

          ပွားပွားကလည်း ထောက်ခံတယ်။ ဘီလူးက မျက်နှာကို ရေနူး နေတဲ့နွားချေးပုံလို မဲ့ခွက်ခွက်လုပ်လိုက်ပြီး...။

          “စေ့စေ့လေးတော့ ကြည့်သင့်ပါတယ်ကွယ်...” ခင်မှုံက ရေအိုးကိုထမ်းရင်း ခပ်ဟဟရယ်တယ်။

          “ဟာ... နင်တို့ကို စေ့စေ့ကြည့်မယ့်အစား အနီရောင် အပေါ်အောက်ဝတ်ပြီး ဦးစိန်လန်ကျွဲရှေ့ပဲ ဖြတ်လျှောက်လိုက် မယ်...”

          အသက်အသေခံမယ်ဆိုတဲ့သဘော...။ ဦးစိန်လန်ကျွဲဆို တာ အနီရောင်မြင်ရင် တအားကြီးဆိုး...။ ဒါကို ဘီလူးက သက်ပြင်း

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)