အကြည်တော် - နေတစ်ခြမ်းလတစ်ခြမ်း
ထိုနေရာလေးသည် တစ်ခါကသူတို့လေးယောက် ရေခဲမုန့်လာစားခဲ့သော နေရာလေးဖြစ်ပါသည်။
ဖြတ်သွားဖြတ်လာလူများကျဲပါး၍အရွက်ဖားဖားသစ်ပင်များအံ့ဆိုင်းနေသည့်အတွက်အမြဲတစေအေးစိမ့်နေတတ်သော အေးချမ်းမှု၏နယ်နိမိတ်လည်းဖြစ်ပါသည်။ထိုနေရာလေးတွင် သူမတစ်ယောက်ထဲငြိမ်သက်စွာထိုင်နေ၏။
“သင်းသင်းလှိုင်...”
“ သြော် ”
သူမဘာမှပြန်မပြောပဲ အရှေ့ဖက်လှည့်၍ရီနေပြန်သည်။ သူ မလက်ထဲမှာတော့ သူတို့စားခဲ့ဖူးသော အပေါစားရေခဲမုန့်ခွက်လေး။ တစ်ယောက်ထဲလားဟုမမေးဖြစ်ပါ။ ကွာစိမရှိတော့သည့်အချိန်မှစပြီး၊သူမကို တစ်ယောက်ထဲသာမြင်ရလိမ့်မည်ဟု စိတ်ထဲအလိုလိုသိနေသည်။ ကျော် ထက်သူ့နားဝင်ထိုင်လိုက်သည်နှင့် သူမက... ။
“ကွာစိကိုသတိရလိုက်တာ...”
“ကွာစိသာရှိနေရင် သိပ်ပျော်ဖို့ကောင်းမှာပဲနော်...”
ဘာမှပြန်မဖြေမိ... ။လေပြေက သူမဆံနွယ်စများကိုလှုပ်ခပ်နေသည်။
“ဒီအချိန်ဆို ကွာစိတော့အလုပ်ထဲမှာအိပ်ငိုက်နေလောက်ပြီနော်”
သက်ပြင်းချရုံမှတပါး အခြားမရှိ။ သူမလည်း သူ့နားတွင်လူရှိနေ သည်ကိုပင်သတိရပုံမပေါ် သဲ့သဲ့လေးပြုံးပြီး... ။
“ကွာစိက သိပ်ရယ်ရတာ... သိလား... အဟင်း” တစ်ကိုယ်တည်းရေရွတ်သလို ရေရွတ်၏။ “သင်းသင်းလှိုင်...” သူမလှည့်ကြည့်ပါသည်။
“ကွာစိကို သိပ်ချစ်တာပဲလားဟင်...”
သူမကောင်းကင်ကို မော့ကြည့်ပြီး ခပ်တိုးတိုးလေးရယ်နေပါသည်။ သူမ၏မျက်နှာပေါ် မိုးရေစက်များကျနေသည်ကို နှစ်သက်နေပုံရ၏။
“နင်မေးတဲ့မေးခွန်းက မိုးမိုးဘာလို့ရွာဆိုတဲ့ မေးခွန်းမျိုးဖြစ်နေပြီ” မိုးရေစက်များ တဖွဲဖွဲကျလာသည်။
မိုးရေစက်များတဖွဲဖွဲကျနေသည်။
ထိုမိုးရေစက်များကြားများမှ ထီးမပါသော ကောင်မလေးနှစ်ယောက်...။ တစ်ယောက်က ဖိနပ်နှစ်ဖက်ကို ချွတ်ကိုင်ထားပြီး၊ တစ်ယောက်က ပုံတော်ဖိနပ်အထူတစ်ဖက်တည်းကို စီးထားသည် ...။
ဖိနပ်က တစ်ဖက်ထဲမြင့်နေသည်မို့ လမ်းလျှောက်တိုင်း ထော့နင်း ထော့နင်းဖြစ်နေ၏။
နှစ်ယောက်လုံး၏ဖြူစင်နုနယ်သော မျက်နှာပေါ်တွင် ပျော်ရွှင်မှု များ နှင့်ရယ်ဖြဲဖြဲသဏ္ဍန်များအထင်းသားပေါ်နေတယ်။ ထို့ကြောင့်...။
“မိုးမိုးဘာကြောင့်ရွာ...”
“မြွေကိုက်လို့ ရွာ ...”
ဖိနပ်တစ်ဖက်တည်းစီးထားသည့် ကောင်မလေး၏အော်သံကို ခြေဗလာကောင်မလေးက သူ့ ဖိနပ်ဖက်ကို လက်ဖျံထဲထိုးသွင်းရင်းလိုက် အော်သည်။ သူမ၏ အော်သံကြောင့် ထော့နင်းထော့နင်းကောင်မလေးက ခြေလှမ်းကိုရပ်လိုက်ပြီး ...။
“ဟာ ... မိုးမိုးဘာကြောင့်ရွာဆို ဖားအော်လို့ရွာလာရမှာလေ...”
ထော့နင်းထော့နင်းကောင်မလေး၏ စကားကို ခြေဗလာလေးက ဂုတ်ပေါ် သူမဆံပင်များကို လေထဲဝဲပျံသွားသည်အထိ ယမ်းခါပြီး ...။
“ဟင့်အင်း ... ဟင့်အင်း ... မြွေကိုက်လို့ ရွာပဲ ...”
“ဘာလို့လဲ ...” မိတော့နင်းက မျက်မှောင်ကျုံ့၍ မေးသည်။
ခြေဗလာက ခပ်တည်တည်ပင် ... ။
“ ဘာထူးလို့လဲ မိုးဘာလို့ ရွာ၊ ဖားအော်လို့ ရွာ ဖားအော်လို့ ရွာ ပြီးရင်မြွေကဝင်ကိုက်မှာပဲ အဲဒီတော့ မြွေကိုအရင်ပေးကိုက်ထားတာ..'
မိထော့နင်းက မျက်နှာကိုမဲ့လိုက်ပြီး ... ။
"အော် ... နင်က ဒီလိုလား ...”
“အေး ... ဒီလိုပဲ ...”
“အေး ... ဒီလိုပဲဆို နင်တိုင်ပေး ... ငါဆိုပြမယ် ...” “
ကောင်းပြီ ... စ တိုင်မယ်... အပီအပြင်အော်နော် ...”
“အေး ... အော်မယ် ...”
“ပိုက်သာဂိုးရပ်သီအိုရီအရ ...”
“ဟာ ... မိုးရွာလို့ အော်တာပဲ ဘာသီအိုရီမှ မလိုဘူး ... ဒီအတိုင်းအော်လို့ ရတယ် ...”
ခြေဗလာက ဗြဲခနဲရယ်လိုက်သည်။ ပြီးနောက် သုံးဆယ်နှစ်ချောင်း သောသွားကို မြင်အောင်ပြုပြီး ...
“အဟဲ ... ငါက စာတတ်ပေတတ်ဆိုတော့ ...” “ကဲ ... တော်ပါမိစာတတ်ရယ် အော်မှဖြင့် အော်ပါ ...” “ကိုင်းအော်ပြီ ...”
“မိုး မိုး ဘာလို့ရွာ ...” “မိုးရွာလို့ ရွာ ...” “ဟ ... နင့်ဟာက ဘယ်လိုကြီးလဲ ...”
“ဘာထူးလို့လဲ နှင့်လိုပဲပေါ့ ... မိုးရွာပြီးရင်း ဖားအော်မယ်၊ ဖားအော်ပြီး မြွေကိုက်မယ်... ဒီသံသရာမှာပဲ ဝဲလည်နေမယ်အမှန်တော့ မိုးက ဖားအော်လို့လည်း မဟုတ်ဖူး၊ မြွေကိုက်လို့လည်း မဟုတ်ဘူး ...။ သူ့ဖာသာ ရွာချိန်တန်လို့ ရွာတာပဲ ဒါကြောင့် အားလုံးခြုံငုံမိအောင် မိုးရွာလို့ ရွာလို့ ပြောလိုက်တာ ...”
“ကဲ ... ထားပါတော့ ... ငါပြန်တိုင်မယ် နင်လိုက်ဆို ...”
“အေး ... ဆိုမယ်...”
“မိုး မိုး ဘာလို့ ရွာ”
“မိုးရွာလို့ ရွာ”
“မြွေ မြွေ ဘာလို့ ကိုက်”
“မြွေကိုက်လို့ ကိုက်”
“ဖားဖား ဘာလို့ အော် ...”
“ဖားအော်လို့ အော် …
မိုးရာသီတွင် ရင်ပူနေသူများ အအေးသောက်နေကြသည်။
တိတိကျကျဆိုရသော် ရင်ပူနေသူက သုံးဦး ...။ ပို၍ တိတိကျကျ ဆိုရသော် အရွယ်တူယောက်ျားလေးနှစ်ဦး၊ မိန်းကလေးလှလှလေးတစ်ဦး ...။
ပို၍ တိကျစွာဆိုရသော် သူတို့ရှေ့မှာ မသောက်ရသေးသော အရွယ် တူအအေးခွက်သုံးခွက် ...။
သူတို့ သုံးဦးလုံးကိစ္စတစ်ခုကို အသေအချာဆွေးနွေးနေပုံရ၏။ ယောက်ျားလေးနှစ်ဦး၏ မျက်နှာများက အလိုမကျဟန်နှင့် မှုန်ကုပ်နေကြ သည်။ မိန်းမလှလေး၏ မျက်နှာပေါ်တွင်တော့ ထီမထင်ဟန်များဖုံးလွှမ်း နေ၏။
ခုနက အပူပင်ကင်းစွာ မိုးရေထဲလျှောက်သွားသော ကောင်မ လေးနှစ်ယောက်ကို ပျောက်ကွယ်သွားသည်ထိအားကျစွာ ငေးကြည့်နေရာမှ မျက်နှာချင်းပြန်ဆိုင်ကြသည်။
မိန်းမလှလေးက သူ့လက်ထဲကိုင်ထားသော တစ်ရှူးကို နှစ်ပိုင်း ဆုပ်ဖြဲလိုက်ပြီး သူ့ရှေ့ချလိုက်သည်။
ပြီးနောက်အောင်နိုင် သူလေသံမျိုးနှင့် စကားစ၏။
“ကျွန်မဖက်ကတော့ ပြောပြီးပြီ ...။ ကျွန်မရှင်တို့ နှစ်ယောက် လုံးကို ချစ်တယ် ...။ နှစ်ယောက်လုံးကိုလည် သာတူညီမျှသံယောဇဉ် ရှိတယ်...။ အဲဒီတော့... ရှင်တို့ နှစ်ယောက်ထဲက တစ်ယောက်ကို ဘယ်လို ထားခဲ့ရမယ်ဆိုတာ ကျွန်မ မဆုံးဖြတ်နိုင်ဘူး ...။ ဒါကြောင့် ရှင်တို့ ဖာသာရှင်တို့ ဆုံးဖြတ်နိုင်အောင် နှစ်ယောက်လုံးကို ခေါ်လိုက်တာ ...”
ကောင်လေးနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက် ကြည့် တယ် ။ သူတို့တစ်ယောက်ကို တစ်ယောက်မြင်ဖူးပုံမရဘူး ...။ ဒါကြောင့် တစ်ယောက်ကို တစ်ယောက်အကဲခတ်နေကြတာ။ နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာတော့ “အတော်ရုပ်သန့်တဲ့ ကောင်”လို့ ဖြစ်နေပုံရတယ် ...။ ဟုတ်တယ် ... နှစ်ယောက်လုံးက အမျိုးကောင်းသားတွေမှန်းသိသာလောက်အောင်သန့်ပျံ့နေတယ်...။ တစ်ယောက်က အနီရောင်ဖလန် ထည်စနှင့် ဂျင်းဘောင်ဘီကိုတွဲဝတ်ထားပြီး တစ်ယောက်က အဖြူရောင် ရှပ်အင်္ကျီနှင့် ကချင်ပုဆိုးကိုတွဲဝတ်ထားတယ်။ အတန်ကြာမှ ဖလန်ထည် အင်္ကျီနှင့် လူငယ်က ကောင်မလေးရှေ့က တစ်ရှူးတစ်ခုကိုယူ၍ သူ့ရှေ့ချ လိုက်ပြီး ...။
“ကျွန်တော့ဖက်ကတော့ နောက်မဆုတ်နိုင်ဘူး ။ ကျွန်တော် လဝန်းကိုချစ်တယ်... ။မခွဲနိုင်ဘူး... ဒါကြောင့်နောက်လည်းမဆုတ်နိုင် ဘူး။ ကုန်ကုန်ပြောမယ် ... အသက်သေရမလား၊ လဝန်ကိုစွန့်လွှတ်မ လားဆိုရင် အသက်သာ အသေခံသွားမယ် ။ လဝန်းကိုတော့မစွန့်လွှတ် နိုင်ဘူး ...”
ကောင်လေး၏ စကားကို လဝန်းဆိုသော မိန်းမချောလေးက သ ဘောကျစွာ ခပ်ဖွဖွပြုံးသည်။ ဒါကို ရှပ်အင်္ကျီနှင့် ကောင်လေးကလည်း အားကျမခံ ...။
“ကျွန်တော်တို့ချစ်လာခဲ့တာ ... အခုမှမဟုတ်ဖူး ဆိုတာ လဝန်း သိပါတယ် ...။ လဝန်းရဲ့ မျက်ဝန်း၊ လဝန်းရဲ့ မျက်ခုံး၊ လဝန်းရဲ့ အပြုံး အိုကုန်ကုန်ပြောရရင် လဝန်းရဲ့ မျက်နှာကိုမပြောနဲ့ လဝန်းရဲ့ အသံကိုပါ စွဲလန်းခဲ့တယ်...။ ဒါကြောင့် ကျွန်တော်ရဲ့ အချစ်ကိုလည်းပျက်ရယ်အပြုမခံနိုင်ဘူး ...။ ကျွန်တော်လည်းခင်ဗျားလိုပဲ ...။ လဝန်းကို စွန့်လွှတ်ရတာနဲ့ စာရင် အသက်အသေခံလိုက်ရတာကမှပိုမြင့်မြတ်ဦး မယ်ထင်ပါတယ် ...”
အခြေအနေက ရုတ်ချင်းတင်းမာသွား၏။ ကောင်မလေးကသာမှင်မပြတ်ပဲ ပြုံးစေ့စေ့လုပ်သည်။ နောက် ... သူ့နဖူးကို လက်တစ်ဖက်နှင့် အုပ်ကိုင်ရင်း တိုးညှင်းစိတ်ပျက်သောလေသံဖြင့် ...။
“ကျွတ် ... ကျွန်မလည်း မဆုံးဖြတ်တတ်အောင်ပါပဲရှင် ... အမှန်အတိုင်းပြောရရင် ကျွန်မလည်း ရှင်တို့နှစ်ယောက်လုံးကို သစ္စာမဲ့ပြီး ချစ်ခဲ့တာမဟုတ်ဘူး ...။ ကျွန်မရင်ထဲကကို ငြင်းဆန်မရနိုင်လို့ နှစ် ယောက်လုံးကို ချစ်ခဲ့တာပါ ... အခုတော့ ... အခုတော့ ...”
ကောင်မလေးပြောရင်း ပြောရင်းမျက်ရည်များဝိုင်းသွား၏။ နှာ ခေါင်းထိပ်ကလေးများနီရဲလာသည်။ ပြီးနောက် သူ့မျက်နှာကိုနောက်လက် နှစ်ဖက်နှင့် အုပ်ကိုင်ပြီး ...။
“ကျွန်မသာ သေသွားရင်ကောင်းမလားမသိဘူးနော်..."
ကောင်လေးနှစ်ယောက်က တသိမ့်သိမ့်ဖြစ်နေသော ကောင်မ လေးကို ဂရုဏာစိတ်နှင့် ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းပေါ်တွင်သနားကြင်နာရိပ်များဖုံးလွှမ်းနေ၏။ အတန်ကြာမှ ရှပ်အင်္ကျီနှင့် လူငယ်က သက်ပျင်းကို ချရင်း ...။
“ကျွန်တော်တို့ သုံးယောက်ထဲက တစ်ယောက်ယောက်မရှိမှအေး မှာ ...”
“ဟုတ်တယ် ... တစ်ယောက်ယောက်မရှိရင် ဒီကိစ္စပေါ်လာ မှာ မဟုတ်ဘူး ...”
ဂျင်းဘောင်းဘီနှင့် လူငယ်မှ ထောက်ခံသည်။ ကောင်မလေးက မျက်လုံးအဖွင့်ပဲ ခေါင်းညိတ်၏။
“အဲဒီတော့ ...”
ရှပ်အင်္ကျီနှင့် ကောင်လေးက ဂျင်းဘောင်းဘီကောင်လေးကို စေ့ စေ့ကြည့်သည်။ ပြီးနောက် တစ်လုံးချင်းပြောသည်။