အကြည်တော် - နတ်ချင်း
အတူလေးရယ်နဲ့မှ ယှဉ်ကာပြိုင်
ပျိုတိုင်းကြိုက်လိုက်ပါတဲ့၊ နှင်းဆီခိုင်
ဖဲမွေ့ယာ ရွှေကော်ဇော
ရောနှောလို့ထိုင်။
ကမ္ဘာအသီးသီး နေရာအသီးသီးမှာ ဒီလိုယှဉ်ပြိုင်မှုတွေ ရှိ ကြပါတယ်။
အကြောင်းပြချက်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး၊ အကျိုးခံစား ခွင့်အမျိုးမျိုးတို့ကြောင့် ယှဉ်ပြိုင်နေကြတာပါ။
အမေရိကန်က အီရတ်ကို ရေနံကြောင့်ပြိုင်တယ်။ တရုတ်က ဂျပန်ကို စီးပွားရေးကြောင့်ပြိုင်တယ်။ မြောက်ကိုရီးယားက တောင် ကိုရီးယားကို လူမျိုးရေးကြောင့်ပြိုင်တယ်။စသည်ဖြင့်ပေါ့ဗျာ။ ယှဉ်ပြိုင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက် မှာ အကြောင်းပြချက်တစ်ခုခုတော့ ရှိကြတာချည်းပါပဲ။
ဒါတင်ပဲလား။ မဟုတ်သေးပါဘူး။ အားကစားလောက၊ပညာရေးလောက၊ လူမှုရေးလောက၊ စီးပွားရေးလောက၊ အနုပညာလောက စသည့်စသည့် နယ်ပယ်တွေမှာလဲ ဒီလိုယှဉ်ပြိုင်မှုတွေ ရှိ နေတတ်ကြတာပါပဲ။
ဒီလောက်ပဲလား။ ဘယ်ဟုတ်လိမ့်မတုန်း။
လူတွေ အရွံမုန်းဆုံး ဒုစရိုက်လောကမှာပါ ဒီလိုယှဉ်ပြိုင်မှု တွေ ရှိနေတတ်တာပါပဲ။
ကျွန်တော်ဆိုခဲ့သလိုပါပဲ။ ယှဉ်ပြိုင်မှုရှိရင် အကြောင်းပြချက်လဲ ရှိမှာပါ။ နောက်ပြိုင်ဆိုင်မှုလဲ ရှိပါသေးတယ်။
အချစ်အတွက် ပြိုင်ဆိုင်မှုဟာ ကမ္ဘာမှာ အများဆုံးဖြစ်မယ် လို့ ကျွန်တော်ထင်ပါတယ်။ဘယ်သူမဆို မချစ်ဖူးတဲ့သူ မရှိပါဘူး။ ဒါကြောင့် အချစ် အတွက်နဲ့ အနည်းငယ်တော့ ပြိုင်ဆိုင်ဖူးကြမှာပါ။
အချစ်အတွက် ပြိုင်ဆိုင်တဲ့အခါ အဖြေက နှစ်မျိုးထွက်ပါ တယ်။
ရယူမှုနဲ့ ပေးဆပ်မှုလို့ ဆိုကြပါလိမ့်မယ်။ မဟုတ်ပါဘူး။ ရယူမှုနဲ့ ကြွားဝါခြင်းပါပဲ။
ရရင်ရ မရရင် ကြွားပြီးသားပဲဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ယှဉ် ပြိုင်ကြတာပါပဲ။ (သူများတော့ မသိပါဘူး။ ကျွန်တော်ကတော့ ဒီ အတိုင်းပါပဲ)
မိန်းကလေးတွေဟာ ယောက်ျားတွေထက် ပိုပြီးပြိုင်ဆိုင်တတ် ကြပါတယ်။
အချစ်အတွက်မဟုတ်ရင်တောင် အချင်းချင်းလဲ အကြောင်း မရှိအကြောင်းရှာ ပြိုင်နေတော့တာပါပဲ။
တစ်နေ့တာအသုံးစရိတ်။ အဝတ်အစား။ စီးထားတဲ့ဖိနပ်ကအစ မသိမသာ ပြိုင်ဆိုင်နေတတ်ကြပါ တယ်။
တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံနဲ့ ကြွားဝါမှုတွေပြင်းပြီး အတင်းဆိုတာတွေလဲ ထွက်ပေါ်လာကြပါတယ်။
အခုလဲ မိန်းကလေးတွေရဲ့ ပြိုင် ဆိုင်မှုကို ကျွန်တော်တွေ့နေရပါပြီ။
အဲဒါကတော့
“သမီးချော”ဆိုတဲ့ အမျိုးသမီး သီးသန့်ဆောင်ကို အသုံးအဖြုန်း ကြီးလွန်းလို့ မိဘ ကိုယ်တိုင် ဘော်ဒါဆောင်ကို နှင်ချခြင်းခံရ တဲ့ အမျိုးသမီးငယ်လေး,လေးယောက် ရောက်လာလို့ပါပဲ။
သူတို့က
ကဗျာ၊ ကာရံ၊ သံစဉ်နဲ့ ကလောင် တို့ပဲ ဖြစ်ပါတယ်။
သူတို့လေးယောက်ကလုပ်ငန်းတူ သူဌေးကြီးလေးဦးရဲ့ သမီးများဖြစ်ကြသလို ငယ်စဉ်ကတည်းက သိကျွမ်းပြိုင်ဆိုင်ခဲ့ကြ သူတွေပါ။ ယခုတော့ မိဘများကိုယ်တိုင်က သူတို့အသုံးအဖြုန်းကြီးတာတွေကို မခံနိုင် တော့လို့ ထောက်ပံ့ကြေး တစ်လလျှင် တစ်သိန်းနှုန်းဖြင့် အဆောင်နေရန် ဒဏ်ခတ် လိုက်ခြင်း ဖြစ်ပါတယ်။
ဒီမိန်းကလေး လေးယောက်ကလဲတစ်ယောက်ကိုတစ်ယောက် မတွေ့ရလဲ မနေနိုင် တွေ့ရင်လဲ ပြိုင်ဆိုင် မြဲမို့ တစ်ဆောင်တည်းကို ငှားရမ်းပြီး အပြိုင်အဆိုင် ဇာတ်လမ်းစဖို့ ပြင်ဆင်လိုက်ကြပါတယ်။
ဖြစ်ပုံက ဒီလိုပါ။
နံနက်ဝေလီဝေလင်းမှာပင် သမီးချောအဆောင်ရှေ့ ကား အကောင်းစားကြီးနှစ်စီး ထိုးဆိုက်လာသည်။
ကားပေါ်မှ ထင်မှတ်ထားသည်ထက်များသော အထုပ်အပိုး နှင့် မိန်းမလှလေးနှစ်ယောက် ဆင်းလာသည်။
သူတို့ကိုမြင်တော့ ပျူငှာလှသော အဆောင်မှူးက ထွက်လာသည်။
“ဘာကိစ္စလဲ သမီးတို့”
မိန်းမလှလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စေ့စောင်းကြည့်ပြီး
“အဆောင်ငှားမလို့ပါ၊ အခန်းများရှိသေးလားလို့”
သူတို့စကားကို လူလိုနေသော အဆောင်မှူးက ရွှင်လန်း သွားပြီး ၊
“ရှိတယ်၊ ရှိတယ် သမီး၊ အခန်းတွေက ရှိသေးတယ်”
“ဒါဆို သမီးကို နှစ်ယောက်ခန်းပေး”
အဆောင်မှူးမျက်ခုံးမြင့်တက်သွားသည်။ နောက် လက်နှစ် ချောင်းထောင်ပြီး “နှစ်ယောက်ခန်း၊ ဘာလဲ သမီးတို့နှစ်ယောက်နေဖို့လား”
ကောင်မလေးက မဲ့ရှုံ့သွားပြီး “ဟင့်အင်း ကာရံတစ်ယောက်တည်းနေဖို့”
“ဟင်”
သူ့စကားကြားတော့ အဆောင်မှူး အံ့အားသင့်သွားပြီး နံဘေးနားကကောင်မလေးက မျက်နှာရှုံ့မဲ့သွားသည်။ နောက် သူမမှပင် ရှေ့ထွက်လာပြီး
“ဒါဆို ကဗျာကို လေးယောက်ခန်းတစ်ခန်း စီစဉ်ပေးပါ" အဆောင်မှူး ပို၍အံ့အားသင့်သွားသည်။ “လေးယောက်ခန်း၊ ဘယ် ဘယ်နှယောက်နေမှာမို့လဲ” “တစ်ယောက်တည်းနေမှာလေ၊ ရေချိုးခန်းအိမ်သာ ပါပလေ့စေ”
“ဟင်”
အဆောင်မှူး လူထူးလူဆန်းနှစ်ယောက် လာတွေ့နေခြင်း ပင်။
မှန်ပေသည်။ အဆောင်ဆိုသည်မှာ ငွေကြေးအသင့်အတင့် ရှိသူ၊ ငွေကြေးသိပ်မသုံးစွဲလိုသူများကသာ လာရောက်နေထိုင်ခြင်း ဖြစ်ပြီး၊ ငွေကြေးချမ်းသာသူများက တိုက်ခန်းများ ငှားသည်ဖြစ်စေ၊ ဝယ်ယူ၍ဖြစ်စေ နေထိုင်ကြသည်ချည်း မဟုတ်လား။