အကြည်တော် - ခြူဆီ
ကလေးငယ်တစ်ယောက်၏ ညအိပ်ရာဝင်ချိန်ဖြစ်သည်။
“မေမေ ပုံပြင်ပြောပြ”
မိခင်ဖြစ်သူက ကလေးငယ်၏နဖူးမှ ဆံနွယ်စကိုသပ်ရင်း
“ဟိုးရှေးရှေးတုန်းက” ကလေးက ခေါင်းခါပြီး ။
“ဟင့်အင်း ဟိုးရှေးရှေးတုန်းက ပုံပြင်တွေ နားမထောင်ချင် တော့ဘူး”
မိခင်က မျက်မှောင်ကြုတ်သွားသည်။
“ဟင် စင်ဒရဲလားတို့ မထွေးလေးတို့ ပုံပြင်တွေ မကြိုက်ဘူးလား”
ကလေးငယ်က ခေါင်းယမ်းပြီး
“ဟင့်အင်း မကြိုက်လို့မဟုတ်ဘူး၊ မေမေပြောတာရော ဆရာမ တို့ပြောတာရော ကြားဖူးနေကျကို”
“ဒါဆို ဖားမလေးပုံပြင်ရော”
“ဟင့်အင်း အဲဒါလဲ ကြားဖူးတယ်၊ ဖားမင်းသားလေးကိုတဲ့ မင်းသမီးလေးကနမ်းပြီး သိပ်ချောတဲ့မင်းသားလေး ဖြစ်သွားတာပဲ မဟုတ်လား၊ ကြားဖူးနေကျကြီး၊ ထူးဆန်းတာပြောပြ”
မိခင်က နှုတ်ခမ်းကိုက်ပြီး
“ထူးဆန်းတာဆိုရင်" စဉ်းစားနေဟန်၊ နောက်မှ ပြုံးပြီး
“တစ်ခါတုန်းကပေါ့ကွယ်” သူ၏ပုံပြင်ကို စလိုက်သည်။
လူစည်ကားသော လမ်းမတစ်ခုဖြစ်သည်။မိန်းမပျိုတစ်ဦးသည် သူ၏လည်ပင်း၌
“အမျိုးသမီးများအား အကြွေးဖြင့်သိမ်းပိုက်ခြင်းပပျောက်ရေး”ဟူသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲ၍ အော်လံအသေးတစ်ခုဖြင့်
“အမျိုးကောင်းသမီးများအတွက် သင်ခန်းစာတစ်ခုပါရှင်၊ ကျွန်မတို့အမျိုးသမီးများဟာ ငွေရှင်ကြေးရှင်များရဲ့ အကြွေးနဲ့သိမ်း စရာအရုပ်တွေ မဟုတ်ပါဘူး”
သူ့ရဲ့ အသံကြောင့် လူအများဝိုင်းအုံလာကြသည်။ နေရာက လဲ လူစည်ကားရာ ဈေးနှင့်လဲ သိပ်မဝေး၍ ခွေးကိုက်တာတောင် ဝိုင်းအုံကြည့်သောလူများ ဝိုင်းလာကြသည်။
“ကျွန်မရဲ့ ကိုယ်တွေ့ပါရှင်၊ ကျွန်မအချစ်ဆုံးသူငယ်ချင်းရဲ့ မွေးသဖခင်ဟာ လုပ်ငန်းရှင်တစ်ယောက်နဲ့ အလုပ်လုပ်ရင်း ငွေသိန်း တစ်ရာခန့် ဆုံးရှုံးခဲ့ရပါတယ်” ။
သိန်းတစ်ရာဆိုသော ငွေအသံကြား၍ အားလုံးမျက်လုံးပြူး သွားကြသည်။ မိန်းမပျိုမှဆက်၍
“အဲဒီငွေသိန်းတစ်ရာကို ကျွန်မသူငယ်ချင်းမိန်းကလေးဖခင် က မဆပ်နိုင်လို့ အဟင့်၊ အဲဒီငွေအစား အဟင့်”
ပြောရင်း မျက်ရည်ဝိုင်းလာပုံရသည်။ လူတွေက ဝိုင်းကြည့် နေတုန်း။ သူမစကားကို စိတ်ဝင်စားကြဟန်တူ၏။
“ကျွန်မသူငယ်ချင်းချောချောလေးကို အတင်း သူ့သားရုပ်ဆိုး ကြီးနဲ့ ပေးစားဖို့ကြံစည်ပါတယ်ရှင်”
ထိုစကားကြားတော့ လူတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်၏။
“ဟာ အကြွေးမပေးနိုင်ရုံနဲ့ သမီးကိုသိမ်းတဲ့ခေတ် ရှိသေးလား"
“ဟေ့ ဒါ ချစ်တီးခေတ်ကလုပ်ရပ်၊ ဒီခေတ်မှာ လုပ်လို့မရဘူး” “မိန်းမသားတွေရဲ့ ခံစားချက်ကို ရိုက်ချိုးတာပဲ၊ ဒါ လူ့အခွင့်အရေးချိုးဖောက်တာ”
စသည်ဖြင့် ဘာမှန်းညာမှန်းမသိဘဲ တစ်ယောက်တစ်ပေါက် ဆူညံကုန်၏။ ဒါကို မိန်းမပျိုက ဆက်၍
“အခု ကျွန်မသူငယ်ချင်းရဲ့ အဖြစ်ကလဲ အဲဒီလိုပါပဲရှင်၊ ဖခင်ရဲ့ အကြွေးအစား သူ့ရဲ့ ဘဝ သူ့ရဲ့ အလှကို စတေးရမယ့်အနေ အထားမို့ အမျိုးသမီးထုအတွက် ငြိမ်ခံမနေကြပါနဲ့ရှင်”
အားလုံး ပို၍ လှုပ်လှုပ်ရွရွဖြစ်ကုန်၏။ မိန်းမကြီးတစ်ဦးက
“ကိုယ့်ရဲ့ သမီး နုနုထွတ်ထွတ်လေးတွေကို ဒီလိုငွေရှင်ရုပ်ဆိုး ကြီးသားတွေက သိမ်းပိုက်မယ်ဆိုရင် ဘယ်လိုခံစားရမှာလဲ၊ ငါဆို တော်သေး”
သူ့စကားကို တစ်ယောက်တစ်ပေါက်နဲ့ “သိမ်းရဲသိမ်းကြည့်ပါလား၊ အသက်နဲ့လဲပစ်မှာပေါ့”
“ဒါမျိုးတော့ လက်မခံနိုင်ဘူး၊ လုပ်ရဲလုပ်ကြည့်ပါလား၊ အသေခံလိုက်မယ်"
“ဒီဝါဒတော့ တို့မကြိုက်ဘူးဟေ့၊ ဒါဟာ ဘူဇောဝါဒ” စသည်ဖြင့် ဆူညံကုန်၏။ ဒါကို မိန်းမပျိုက “ဒီလိုမျိုး အဖြစ်မျိုးတွေ ရှိသင့်သေးလား"
သူ့အမေးကို အားလုံးက အားရပါးရ လက်သီးလက်မောင်း တန်းပြီး
“မရှိသင့်ဘူး မရှိသင့်ဘူး” “တွန်းလှန်ပစ်၊ တွန်းလှန်ပစ်”
အော်သံတွေ ဆူညံနေ၏။ “မြန်မာအမျိုးသမီးများကိုယ်စား တိုက်ခိုက်ဖို့အသင့်ပဲလား” “အသင့်ပါပဲ အသင့်ပါပဲ” အားလုံးအော်သံက တက်ကြွနေသည်။ အမျိုးသမီးငယ်က“ငွေရှင်များ ငွေနဲ့မိန်းကလေးများအား မသိမ်းဆည်းရေး တို့အရေး တို့အရေး”
“အရင်းရှင်များ မိန်းကလေးများ မသိမ်းပိုက်ရေး၊ တို့အရေး တို့အရေး”
အိမ်ရှေ့တွင် ဆူညံသောအော်သံကြောင့် ဆန်းထူးအိပ်နေရာ မှ လန့်နိုးလာသည်။ အစကတော့ အိမ်ရှေ့လမ်းမက ဖြတ်သွားခြင်း သာဟု ထင်မှတ်ထားသော်လည်း အော်သံက ပို၍နီးကပ်လာသယောင်။
သို့သော် အိပ်ရေးမဝသေး၍ ဆက်အိပ်ရန် ကြိုးစားသေး၏။ စိတ်ထဲတွင်လဲ
“သြော် ဆန္ဒပြတဲ့ရာသီပဲ၊ ပြကြမှာပေါ့”ဟူ၍၊
သို့သော်
“ငွေရှင်များ ငွေနဲ့မိန်းကလေးများအား မသိမ်းဆည်းရေး တို့အရေး တို့အရေး”
“အရင်းရှင်များ မိန်းကလေးများ မသိမ်းပိုက်ရေး၊ တို့အရေး တို့အရေး”
“ငွေရှင်များ မိန်းကလေးများအား မသိမ်းပိုက်ရေး တို့အရေး တို့အရေး”
အော်သံက ပို၍ကျယ်လောင်လာသည်။ နောက် အော်နေ သည့်အကြောင်းအရာကလဲ ထူးဆန်းနေ၍ ထကြည့်လိုက်ရာ
“ဟာ"
လူအများမှာ အိမ်ရှေ့မှဖြတ်သွားခြင်းမဟုတ်ဘဲ မိမိအိမ်ကို ဦးတည်၍ အော်ဟစ်နေ၍ အံ့အားသင့်သွားရသည်။
ဘာကြောင့်လာအော်နေပါလိမ့်။ မသဲကွဲ၍ အိမ်တံခါးဖွင့်ကြည့်လိုက်တော့
“အဲဒီကောင်ပဲ၊ အဲဒီကောင်ပဲ၊ ကျွန်မသူငယ်ချင်းကို ငွေနဲ့ သိမ်းတာ"
“ဟာ”
သူနဲ့စေ့စပ်ထားသော မြနှင်းသူငယ်ချင်း ကသစ်နီ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်နေတာ။ ရင်ဘတ်မှာလဲ “အမျိုး သမီးများ အကြွေးနှင့်သိမ်းပိုက်ခြင်းပပျောက်ရေး”ဟူသော ဆိုင်းဘုတ် ကြီးဆွဲထား၏။ သူလဲ ကြောင်ပြီးကြည့်မိနေသေး၏။
“ဟာ ဒီကောင်ပဲတဲ့ဟေ့”
“အေး ရုပ်ရည်လေး သနားကမားနဲ့ ယုတ်မာလိုက်တာ”
“ဟဲ့ ချစမ်းပါ၊ ဈေးကဝယ်လာတဲ့ ကြက်ဥတွေရှိတယ်မဟုတ် လား၊ ပစ် ပစ်”
အော်သံများနှင့်အတူ အိမ်တံခါးဝကို ခွမ်းခနဲလာမှန်သော ကြက်ဥတစ်လုံး၊ နောက် ခရမ်းချဉ်သီးနှင့် အသီးအရွက်စုံများ။
ခွမ်းခနဲ နဖူးကို သခွားသီးတစ်လုံး လာမှန်မှ “ဟာ ငါ့ကိုဆော်တာဟ"
ဟု သိမိပြီး တံခါးကို ဂျိုင်းခနဲပိတ်ပြီး အိမ်အတွင်းထဲ ပြန်ဝင် နေလိုက်ရသည်။ ရင်ထဲမှာလဲ တထိတ်ထိတ်နှင့်။
“ဘာဖြစ်လို့ လာလုပ်တာပါလိမ့်” ဆန်းထူး သူကိုယ်တိုင်ပင်မသိ။ နဖူးမှသခွားဖတ် ဖယ်ရသေး
အပြင်ဖက် ပြန်ချောင်းကြည့်သည်။
“ဟိုကောင် ထွက်လာစမ်း”
“အကြွေးနဲ့သိမ်းတဲ့ လူယုတ်မာ ထွက်ခဲ့ဟေ့” ဒေါသတကြီးအော်ကြတုန်း။ အော်နေသည့်လူအများကြားထဲ ကသစ်နီမရှိတော့။
လူတွေလဲ ဘာအော်နေလဲ သိပုံမရ။ ဘာကြောင့်အော်နေ တာလဲဆိုတာလဲ သူတို့ကိုယ်တိုင်ပင် ဝေခွဲလို့ရပုံမပေါ်တော့ သို့သော်