Skip to product information
1 of 2

Other Websites

ဟံသာဝတီဦးဝင်းတင် - လူ့ငရဲ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

လူ့ငရဲထောင်ပြန် စာရေးသူရဲ့ ကျယ်လောင်မြည်ဟိန်းတဲ့ တိုးတိုးအမှာစကား

ဒီနေ့ ၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်။

          ကျွန်တော် အသက် ၈၀ ပြည့်တယ်ဗျာ။ အသက် ၈၀ ဆိုတာ အတော်ကြီး ကြီးလွန်းပြီဗျ။ သင်္ချိုင်းမီးသဂြိုလ်စက်ကို လှမ်းမြင်နေရပြီ။ မဝေးတော့ဘူး။ မဝေးတော့ဘူးဆိုမှ ဒီခရီးနီးသလား လာမေးမနေနဲ့။ ဝေးပါသေးတယ်လည်း လာပြော မနေနဲ့။ ခရီးဆုံး နီးနေတာကိုလည်းသိတယ်။ မီးသဂြိုလ်စက် မ၀ေးတော့တာလည်းသိတယ်။ ရှင်ချိန်နည်းလာပြီဆိုတာလည်း သိတယ်။ သေချိန်ကပ်လာပြီ ဆိုတာလည်း သိတယ်။ အဲဒါတွေ သိတာထက် ပိုသိတာက လုပ်စရာတွေအများကြီး ရှိသေးတယ် ဆိုတာနဲ့ လုပ်စရာတွေကို လုပ်နိုင်သမျှ အများကြီး လုပ်သွားရဦးမယ် ဆိုတာပါပဲ။

          ဒါက ဒီစာစောင်မှာ အဓိကပြောချင်တဲ့အချက်ပါ။ ဘာကြောင့်လုပ်စရာတွေ အများကြီးရှိနေရတာလဲ။ အများကြီးရှိနေမှာပေါ့ ဗျ။ မရှိဘဲနေပါ့မလား။ ကျွန်တော်တို့ လို သေတွင်းသေဝရောက်နေတဲ့ လူတွေအပါအဝင် တိုင်းပြည်ရဲ့ လူငယ်လူရွယ် သွေးသစ် ဉာဏ်သစ် အားသစ်မာန်သစ်တွေကို စစ်အာဏာရှင်တွေက ဆယ်နှစ် ဆယ်မိုး၊ နှစ်ဆယ်နှစ် နှစ်ဆယ်မိုး၊ ခြောက်ဆယ့်ငါးနှစ် ခြောက်ဆယ့်ငါးမိုး ဆိုတာမျိုး ကနေ တစ်ရာကျော် နှစ်ရာကျော်မိုး ဆိုတာမျိုးတွေအထိ ထောင် သို့မဟုတ် လူ့ငရဲ.. လူလုပ်တဲ့ငရဲ... လူဖန်တီးတဲ့ငရဲဆိုတဲ့ ဘုံဆိုး ဘဝဆိုး အဖြစ်ဆိုး အိပ်မက်ဆိုး လောကထဲ ပို့နေ၊ ပို့ထားခဲ့တာကိုး။

          ဒီတော့ လူငယ်တွေ လူလတ်တွေလူကြီးတွေ၊ သေခါနီးတွေအဖို့ လုပ်စရာ တွေ အများကြီးကျန်နေတော့တာပေါ့။ ဆန်းသလားလို့ မေးနေစရာလိုဦးမလားဗျာ။

          ဒါကြောင့် ကျွန်တော်တို့ ခရီးရှည်ကြီးကို ဆက်လျှောက်ရဦးမယ်။ ဆက် ရုန်းကန်ရဦးမယ်။ ဆက်ဦးတည်ရဦးမယ်။ ဆက်တာဝန်ထမ်းဆောင်ရဦးမယ်။ ကျွန်တော် နားလည်သလို ကျွန်တော့်စကားနဲ့ တိုတိုပဲပြောရရင် ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို လျှောက်ရဦးမယ်။ တမျှော်တခေါ် ခရီးကြမ်းကြီးဗျို့။ ဧရာမ ဝန်ထုပ် ဝန်ပိုးကြီးဗျို့။ ရင်မော စိတ်ပန်း နှစ်ကာလရှည်ကြီးဗျို့။

          တကယ်တော့ ခေတ်ဝန်ကိုထမ်းကြရမှာက တစ်ပြည်ထောင်လုံးက လူထုကြီး တစ်ရပ်လုံးပါပဲ။ တစ်ပြည်လုံးကို ထောင်ချထားတော့ တစ်ပြည်လုံးက လူထုကြီး တစ်ရပ်လုံးအဖို့ လုပ်စရာတွေ ခေတ်ဝန်တွေ တစ်ပုံတစ်ပင်ကြီး ကျန်နေတော့တာပေါ့။ ဆက်လျှောက်ရမယ့် ခေတ်လမ်းကြီးကလည်း တမျှော်တခေါ် ကြီး အရှည်အဝေးကြီး ကျန်နေတော့တာပေါ့။

          တစ်ပြည်လုံးကို ထောင်ချထားတာကလည်း ဆယ်စုနှစ်တွေနဲ့ချီပြီး အကြာ ကြီး ကြာညောင်းခဲ့ပြီလေ။ ဒီလိုဆိုတော့ လူထုတွေကြားမှာ ထောင်ဆိုရင် ကြောက်ရ မလိုလို ရွံ့ရမလိုလို ကျုံတုံတုံစိတ်တွေ ပလုံစီနေပြီလားလို့ ထင်စရာရှိလာတယ်။ မဟုတ်ပါဘူး။ တကယ်တော့ လူထုကြီးက မကြောက်ပါဘူး။ မဖြုံပါဘူး။ ကြောက်ပြေးတွေဟောတဲ့ ထောင်ကြောက်တရားတွေကို နားယောင်ပြီး လက်သီး မဆုပ်ဝံ့သလို၊ လက်မ မထောင်ဝံ့သလို၊ လက်မောင်း မမြှောက်ဝံ့သလို၊ လက်ရုံးမတန်းဝံ့သလို ဖြစ်နေကြတာပါ။

          ကြောက်ပြေးတွေ၊ ကြောက်ပွဲစားတွေးကြောက်မှောင်ခိုတွေက ထောင်ကျတဲ့ နိုင်ငံရေးမလုပ်ဘူး။ ထောင်ကျတဲ့ လူပ်ရှားမှုမလုပ်ဘူးတို့ဆိုတဲ့ တောင်ကြောက်တရား ဟောဟောနေတယ်။ ထောင်ကျခံတာ ဘာမှအကျိုးမရှိဘူးလို့ဆိုတဲ့ ထောင်ရွံ့ တရားတွေဟောနေတယ်။

          ဒီလို ထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက် ထောင်ကျခံရသူတွေယုံကြည်ချက်အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုး အတွက် ထောင်ကျခဲ့ရသူတွေ၊ လူထုအုံကြွမှုအတွက် ထောင်ကျခံရသူတွေ အာဏာရှင် စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခဲ့ရသူတွေ၊ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေ၊ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ ရသူတွေကို ရုတ်ချတာပဲ။ စော်ကားတာပဲ။

          ဒီလို ထောင်ကြောက်တရားတွေဟာ ဆရာတော်ဦးဝိစာရ ဂဠုန်ဆရာစံ၊ ပခင်အောင်ဆန်းတို့အစ၊ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့ အဆုံး ထောင်ထဲသေ၊ ထောင်ထဲငတ်၊ ထောင်ထဲဘဝဇာတ်သိမ်း၊ ထောင်ထဲ ဘဝပျက်ခဲ့ရသူ တွေ အသင်္ချေအနန္တရဲ့ သမိုင်းမော်ကွန်းကို ပြက်ရယ်ပြုတာပဲ။

          ဒီလို ထောင်ကြောက်တရားတွေဟာ ၁၃၀၀ပြည့် အရေးတော်ပုံကာလ၊ ခွန်နှစ်ခွန်နစ်(ဆဲဗင်းဂျူလိုင်) အရေးတော်ပုံကာလ၊ ရှစ်လေးလုံးအရေးတော်ပုံ ကလကတည်းက ဒီနေ့ဒီရက် နက်ဖြန်များစွာတိုင်အောင် အဟုန်မပျက် အရှိန်ဆက်နေတဲ့ တော်လှန်ရေးစိတ်ဓာတ် ဇွဲမာန်တွေနဲ့ မနေ့က ထောင်ထဲဝင်ခဲ့တဲ့သူတွေ၊ ဒီနေ့ ထောင်ထဲဝင်နေတဲ့သူတွေ၊ မနက်ဖြန်ထောင်ထဲဝင်ဖို့ဟန် တပြင်ပြင်ဖြစ်နေသူ တွေရဲ့ နိုင်ငံရေးမျိုးဆက်ရေးစီးကြောင်းကြီးကို ဟန့်တားပိတ်ဆို့တာလည်းဖြစ်ပါတယ်။

          ရှင်းရှင်းပြောရရင် အဲဒီကြောက်ပွဲစားတွေရဲ့ ထောင်ကြောက်တရားတွေဟာ သူတို့ရဲ့ ဆရာသခင် အာဏာရှင်တွေရဲ့ အပြုတ်တိုက်လမ်းစဉ်ကိုပဲ့တင်ထပ်တဲ့၊ သံယောင်လိုက်တဲ့ တရားတွေပါပဲ။ အပြုတ်ခြောက်တဲ့ ရုတ်ဘလောက်(Road Blook) တရားတွေပါပဲ။

          ဒီလိုမျိုး ထောင်ကြောက်တရားတွေကို ကျွန်တော်တို့လက်သင့်လည်း မခံဘူး။ နားသင့်လည်းမခံဘူး။

          နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေးခေတ်၊ ဖတ်ဆစ်တိုက်ဖျက်ရေးခေတ်၊ လွတ်လပ် ရေးတိုက်ပွဲခေတ်၊ တစ်ပါတီအာဏာရှင်စနစ် တွန်းလှန်ရေးခေတ်၊ ဒုတိယလွတ်လပ် ရေး ကြိုးပမ်းမှုခေတ်၊ စစ်အာဏာရှင်စနစ် ဖြိုလှဲရေးခေတ်စတဲ့ သမိုင်းစဉ်ဆက် မျိုးဆက်အသီးသီးရဲ့ ဘဝတွေကို ပြန်ကြည့်ပါ။

          ကိုလိုနီအစိုးရတွေ၊ ဖက်ဆစ်ကင်ပေတိုင်တွေ၊ အာဏာရှင်အကြမ်းဖက် သမားတွေဟာ ရဟန်းရှင်လူတွေ၊ ကျောင်းသားလူငယ်တွေကို ဖမ်းသတ်စခန်းတွေ၊ စစ်ကြောရေး ညှဉ်းဆဲစခန်းတွေ၊ ထောင်တန်းအဓမ္မ အလုပ်စခန်းတွေ ဆိုတာတွေနဲ့ မာန်မျိုး မျိုးဖြုတ် နုတ်နုတ်စင်းခဲ့တယ်။

          လူထုတွေ ကြောက်သွေးဖျန်းခဲ့သလား။ လူငယ်တွေ ကြောက်ကျောချမ်း ခဲ့သလား။ သမိုင်းခြေရာ ပြန်ကောက်ပါ။ သမိုင်းရင်ခုန်သံ ပြန်ကြားပါ။ သမိုင်းသွေးနဲ့၊ ချွေးနံ့ ပြန်ရှူပါ။ သမိုင်းဇာတ်ထုပ် ပြန်ကြည့်ပါ။

          သမိုင်းက ဘယ်လိုကြုံးဝါးခဲ့သလဲ။ အမေကမွေး ထောင်ကကျွေးသတဲ့။ အဖေကဆင် ထောင်ကသင်သတဲ့။ လူထုတွေ ကြားကြလော့ သိကြလော့။ လူငယ်တွေ ကြားကြလော့ သိကြလော့။

          ထောင်ကြောက်တရားတွေ စကားတွေ အသံတွေဟာ သမိုင်းစကား မဟုတ်ဘူး။ သစ္စာပြယ်ကွေ့၊ သစ္စာပျက်တွေ၊ သစ္စာပြောင်းတွေ၊ သစ္စာဖောက်တွေ၊ သစ္စာ ဖောက်တွေရဲ့ တေးသံတွေ တီးတိုးစကားတွေသာ ဖြစ်တယ်ဆိုတာ ကောင်းကောင်း သိဖို့လိုတယ်။ ကောင်းကောင်းနားလည်ဖို့လိုတယ်။ ကောင်းကောင်းသဘောပေါက်ဖို့ လိုတယ်။

          အဲဒီလို ထောင်ကြောက်တရား အသံထုတ်လွှင့်ခဲ့တဲ့ ထောင်ကြောက်တရားစကားပြောခဲ့တဲ့သူတွေဟာ ဘယ်သမိုင်း ဘယ်ခေတ်ကာလမှာမှ သမိုင်းထဲက လူထုတွေလူငယ်တွေကို ပြူးလည်းမကြည့်နိုင်ဘူး။ ပြဲလည်းမကြည့်နိုင်ဘူး။ ပြောင်လည်း မကြည့်နိုင်ဘူး။ ပြုံးကြည့်နိုင်ဖို့ဆိုတာတော့ ဝေးပါသေးရဲ့။ ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ဆိုတဲ့ ရှေးပညာရှိ၊ ရှေးလူကြီးတွေရဲ့ စကားကို ကြားဖူးရဲ့ မဟုတ်လား။

          ထောင်ဒုက္ခတွေ၊ ထောင်ဒေါမနဿတွေ၊ ထောင်ပရိဝေဒတွေ၊ ထောင် သောကဗျာပါဒတွေ၊ ထောင်မုဒိတာတွေ၊ ထောင်ဇွဲမာန် သန္နိဋ္ဌာန်တွေ၊ ထောင် တိုက်ပွဲတွေ ထောင်နိုင်ငံရေး လှုပ်ရှားမှုတွေ ထောင်အသိအတတ်ပညာတွေ

          တောင်ဉာဏ်၊ ထောင်ဈာဉ်တွေထောင်ပကတိ၊ ထောင်ဥပဓိ၊ ထောင်ယုတ္တိ၊ ထောင်သတ္တိ ဗျတ္တိ၊ ထောင် အတ္ထုပ္ပတ္တိတွေ စတဲ့ ထောင်ဇာတ်မြူး၊ ထောင်လွမ်းခန်း၊ထောင်ပြက်လုံး၊ ထောင်ငိုချင်းတွေကို ကျွန်တော် ဆယ်စုနှစ် နှစ်စုလောက် ကြုံခဲ့ ကြားခဲ့ပါတယ်။

          ဒီစာစုမှာ ကျွန်တော် ဗုဒ္ဓဘာသာ ဗြဟ္မစိုရ်တရားတွေကို မြဲမြဲလက်ကိုင် စားပြီး ပြန်ပြောပြပါတယ်။ ခရစ်ယာန် ဝမ်းမြောက်ခြင်း တရားကိုမြဲမြဲလက်ကိုင် ထားပြီး ပြန်ပြောပြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းတရားကို မြဲမြဲလက်ကိုင်ထားပြီး ပြန်ပြောပြပါတယ်။

          ဒီထောင်ဥပဓိ၊ ထောင်အတ္ထုပ္ပတ္တိတွေဟာ ကျယ်ကျယ်လောင်လောင်ကြီး မြည်ဟည်းဟိန်းဟောက် ပေါ်ထွက်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

          ကျွန်တော် ထောင်ကျလို့ အိမ်ခန်းက ဖယ်ရှားခံရတယ်။ အငြိမ်းစားလစာ ရိက္ခာခံစားခွင့် ဆုံးရှုံးရတယ်ထောက်လှမ်းစစ်ကြောရေး လက်ချက်နဲ့ သွားတွေအားလုံး ပြောင်သလင်းခါခဲ့တယ်။ ထောင်ဆန်ကြမ်းထမင်းနဲ့ ထောင်ဟင်းရွက် ပြုတ်ရည်ကို မသေရုံတမယ် သွားဖုံးနဲ့မြုံ့ခဲ့ရတယ်။ အဲဒီလိုနေခဲ့ရတာ ရှစ်နှစ်တိတိကြာတယ်။ ဒုက္ခရောက်ပုံတော့ ပြောမပြတတ်အောင်ပါပဲ။ အစာအိမ် ရောဂါစွဲခဲ့ရ တယ်။ အူကျရောဂါကို ငါးနှစ်လုံးလုံး ခွဲစိတ်ကုသခွင့်မပေး၊ ဆေးရုံမတင် ဖြစ်ချင်ရာဖြစ် ပစ်ထားခံခဲ့ရတယ်။နောက်ဆုံး ခွဲစိတ်တော့ နောက်ကျလွန်းနေပြီ။ အူတွေပူးကပ် ကျပ်ညပ်ဖြစ်နေပြီ။ အာရုံကြောတွေနဲ့ ထွေးရောယှက်တင်ဖြစ်ကုန်ပြီ။ ခွဲစိတ်ဒဏ်ကြောင့် ပေါင်တစ်ဖက် နာကျင်ကိုက်ခဲ အမြဲဖြစ်နေရပြီ။ မွေးရာပါပစ္စည်းတစ်ခုဆုံးပါး ခဲ့ရပြီ။ နှလုံးရောဂါကို ထိရောက်လုံလောက်တဲ့ ကုသမှုမပေးခဲ့လို့ အခုဒီရောဂါက  သေရွာအဆင့်ရောက်နေပြီ။

          နှစ်နှစ်ဆယ်ပြည့်လုနီးပါးလုံးလုံး ကျွန်တော့်ကို တိုက်ပိတ်ထားခဲ့တယ်။ အခြား နိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇဝတ်အဉ်းသားတွေနဲ့သာမက ထောင်ဝန်ထမ်း တွေနဲ့ပါ အဆက်ဖြတ်ထားခဲ့တယ်။ ဘေးအခန်းက လူတွေနဲ့ စကားပြောဖို့ အသာထား၊ လှမ်းအော်ရင်တောင် မကြားရအောင် ကျွန်တော်နဲ့တခြား လူနေအခန်းတွေကြားမှာ အနည်းဆုံး သုံးခန်းလေးခန်း(သုံးဆယ့်နှစ်ပေ-လေးဆယ့် ရှစ်ပေ) ခြားထားခဲ့တယ်။

          နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့ အဟောသိကံကာလရှည်ကြီးက ကျွန်တော့်ရဲ့ ဘဝနေဝင်ချိန် လူစင်မီမှုကို ကိုက်ဖဲဝါးမျိုသွားတယ်။ စာအုပ်မဖတ်ရ၊လူသူမတွေ့ရ စကားမပြောရ။ လှုပ်ရှားသွားလာ မလုပ်ရ ဝါသနာအလုပ်တွေ၊ (ပန်းချီ၊ ဂီတ၊ စာဖတ်စာရေး၊ အိမ်မျှော်)တွေဆုံးရှုံးရ။

          တိုတိုပြောရရင် ကျွန်တော့်ရဲ့ လူ့သက်တမ်းထဲက လေးပုံတစ်ပုံလောက်ကို နင်းချေဖျက်ချေ အမှုန့်ချေ ရေမျှောပစ်ခဲ့တယ်ဗျာ။ နှမြောလိုက်တာ။ နှမြောလိုက်တာ။ အသည်းနာပါရဲ့ ။ နှလုံးနာပါရဲ့။ စိတ်နာပါရဲ့။

          ကောင်းကြသေးရဲ့လားဗျာတို့လို့ လောကကြီးကို အော်ဟစ်တိုင်တည်လိုက် ချင်တယ်။

          အသက်ရှစ်ဆယ်မှာ ကျွန်တော်နေစရာအိမ်မရှိဘူး။ သုံးစရာငွေမရှိဘူး။ တွေးစရာ ခေါင်းမရှိဘူး။ အကြံမဲ့ ဉာဏ်မဲ့ နလမဲ့တုံးဖြစ်နေပြီ။ လှုပ်စရာမရှိ ဘူး။ ရောဂါတစ်သီတစ်တန်းနဲ့ အိုနာကျိုးကန်း ဖြစ်နေပြီ။ ခိုစရာ ကွန်းမရှိဘူး။

          ကျောင်းကန်ဘုရား၊ ဆွေအိမ်မျိုးအိမ် မိတ်ဆွေသူငယ်ချင်းအိမ်၊ ဥယျာဉ်ပန်းခြံ ရုံးပြင်ကနား၊ ဈေးကျောင်း၊ ပြခန်း၊ ဆေးရုံ၊ သုသာန်တွေကိုတောင် စိတ်လွတ်လူလွတ် သွားလာဝင်ထွက်လုပ်လို့မရဘူး။ သွားလို့မရဘူး။ သတင်းထောက်လှမ်းရေးတပ်သားတွေ၊ မော်တော်ဆိုင်ကယ်တွေ နောက်က တဘုံးဘုံး တန်းလန်း။

          လူ့ဘဝအရသာတွေ၊လူသားလွတ်လပ်ခွင့်တွေ၊ နိုင်ငံသားလှုပ်ရှားခွင့်တွေ ရိုးရာဓလေ့ ပေါင်းသင်းဆက်ဆံမှုတွေ၊ သတင်းသမား ရေးသားခွင့်တွေ၊ နိုင်ငံရေး သမား ထုတ်ဖော်ခွင့်တွေ ကုန်းကောက်စရာမရှိလောက်အောင် ပျောက်ဆုံးကုန်ပြီ။

          ကျွန်တော် ထောင်ထဲကထွက်လာခဲ့တယ်။ အပြင်ရောက်တော့လည်း ထောင် ကိုပဲ ရောက်နေပြန်ပါပကောလား။ ထောင်ကြီးတာနဲ့ ထောင်သေးတာပဲ ကွာတယ် ပေါ့ လေ။

          ကျွန်တော်တို့ ကြောက်ရမှာက အင်းစိန်တွေ၊ ပူတာအိုတွေ၊ ခန္တီးတွေကျိုင်းတုံ တွေ၊ ကော့သောင်းတွေ မဟုတ်ပါဘူး။ တစ်ပြည်လုံးထောင်ကျတာကိုသာ ကြောက်ရမှာဖြစ်ပါတယ်။ တစ်ပြည်လုံး ထောင်ပွဲ ဆင်နွှဲရမယ့်လက်နက်က ထောင်မကြောက် တရားဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကို အာခံအံတုတဲ့ ထောင်မကြောက်တရား လက်နက် ဖြစ်ပါတယ်။

          အဲဒီလက်နက်ကို ကျွန်တော် ကိုင်စွဲထားပါတယ်။ ကိုင်စွဲနေပါတယ်။ ထောင် အသေးကို လုံးဝမကြောက်ဘဲ ထောင်ကြီးကိုဖြိုဖို့ ကျွန်တော် အားထုတ်နေပါ တယ်။ တိုက်ပွဲဝင်နေပါတယ်။

          ကျွန်တော်တစ်ယောက် အကြံတုံး၊ ဉာဏ်တုံး၊ နလပိန်တုံးလောက်နီးနီး အဖြစ်နဲ့ ဘဝနေဝင်ချိန် ခရီးဆုံးကို လျှောက်နေရပြီ။

          လူ့ငရဲထောင်ပြန်ထောင်ထွက်တစ်ယောက်အနေနဲ့ ဘဝလမ်းမှာ ခြေဗလာ လက်ဗလာ ဖြူခါပြာကာကျသလို ဖြစ်နေပြီ။ ဒါပေမဲ့ ရင်ထဲ ခေါင်းထဲ စိတ်ထဲ နှလုံးထဲမှာ မီးဟုန်းဟုန်းတောက်နေတဲ့ မာန်စွယ်ကတော့ မကျိုးသေးဘူး။ ဒီမာန်တွေ နဲ့ပဲ အံကြိတ်အားတင်းပြီး မသေခင် နောက်ဆုံးခရီးကြမ်းကို လှမ်းနေတာပဲ။ ဒီမာန် အားနဲ့ ခေတ်ဝန်ကို ဆက်ထမ်းသွားဦးမယ်။ ဒီမာန်အားနဲ့ ခေတ်လမ်းကို ဆက် လျှောက်သွားဦးမယ်။

          အိုမင်းမစွမ်းဆိုတာ အိုရင်မင်းမစွမ်းတော့ဘူးဆိုတာကွဲလို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ပြောဘူးတယ်တဲ့။ ဝါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ ပြောလေ့ရှိတယ်။

          ဟုတ်ကဲ့။ ကျွန်တော် အိုပါပြီ။ မစွမ်းတော့ပါဘူး။ ဒါပေမဲ့ မာန်တော့ မလျှော့ပါဘူး။ မာန မပါးပါဘူး၊ အားမလျှော့ပါဘူး။ စိတ်မလျော့ပါဘူး။ စွမ်းသေးသမှု အတိုင်းအဆနဲ့ ခေတ်ကိုအလုပ်အကျွေးပြုသွားဦးမယ်။ လူ့ဘောင်လောကရဲ့ အစေအစားခံသွားဦးမယ်။ အဖွဲ့အစည်း၊ အပေါင်းအသင်းတာဝန်တွေကို ကျိုးနွံ ထမ်းရွက်သွားဦးမယ်။

          ကဗျာဆရာကြီးတင်မိုးရဲ့ ကဗျာထဲကလို ဆေးလိပ်တိုမှန်း ကျွန်တော် သိနေ ပါတယ်။ နေညိုချိန်မှန်း ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ငါ့ကိုပြန်ပို့ ကြပါလေလို့ မရေရွတ်အားသေးဘူးဗျာ။

          ကွင်းညီချင်ညီ မညီချင်နေ ကျွန်တော် ကွင်းထဲမှာ ကစားဦးမယ်။ ကစားဖို့ တာဝန်ရှိသေးတယ်လို့ ထင်သား

          အမြစ်ပဲပွားပွား၊ ပင်စည်ပဲထွားထွား၊ အာဏာရှင်စနစ် အဆိပ်သစ်ပင်ကြီးကို အရွက်ချွေ၊ အကိုင်းခုတ်ပြီး သစ်ငုတ်တို လုပ်ပစ်ရဦးမယ်။ အဲဒါတွေလုပ်ဖို့ တာဝန်ကျန် နေသေးတယ်လို့ထင်သဗျာ။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)