သဲသီရိကျော် - အခက်အခဲများကိုရင်ဆိုင်ဖြတ်သန်းခြင်း
အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းခြင်း
လူတိုင်းမှာ ကိုယ်စီ အခက်အခဲ၊ ပြဿနာတွေ ရှိကြပါတယ်။ လူတစ်ယောက် နဲ့တစ်ယောက် ဘဝဖြတ်သန်းပုံချင်း မတူညီကြတဲ့အတွက် ကိုယ်စီ ကြုံတွေ့နေရတဲ့ အခက်အခဲတွေလည်း အခြေအနေ၊ အချိန်အခါပေါ်လိုက်ပြီး တစ်ဦး နဲ့တစ်ဦး တူညီတာမျိုး ရှိနိုင်သလို မတူညီတဲ့ အခက်အခဲ ပြဿနာတွေဆို တာလည်း များစွာရှိနေပါတယ်။ လူတစ်ယောက်က ပြုံးနေ ရယ်နေတိုင်း၊ ဝတ်စားဆင်ယင်မှုအကောင်းစားတွေ ဝတ်ဆင်ပြနေတိုင်း သူ့မှာတော့ ဘာ အပူအပင် အခက်အခဲ မရှိဘူး၊ အရာအားလုံး အဆင်ပြေနေတယ်လို့ ခပ် လွယ်လွယ်ကောက်ချက်ချလို့ မရပါဘူး။ ကိုယ့်ရဲ့ အခက်အခဲတွေ၊ အပူ တွေကို တခြားသူတွေ မမြင်စေချင်လို့ ဟန်လုပ်ပြီး ဖုံးကွယ်ထားရသူတွေ လည်း ဒုနဲ့ဒေးပါ။ တချို့က ကိုယ့်ရဲ့ အခက်အခဲ ပြဿနာတွေကို ထုတ် ဖော်ပြောဆို ညည်းညူတတ်ကြသလို တချို့ကတော့ ကိုယ့်အခက်အခဲတွေ ကို သူများတွေမြင်မှာစိုးလို့ ဖုံးကွယ်ဟန်ဆောင်ရင်း ဟန်မပျက်နေထိုင်ကြ သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်စေဦးတော့ လူတိုင်းမှာ ကိုယ်က သတိမပြုမိပေမဲ့ အခက်အခဲတွေဆိုတာ ကိုယ်စီရှိနေတယ်ဆိုတာတော့ အသေအချာပါပဲ။
ဒီတော့ အခက်အခဲတစ်ခုနဲ့ ကြုံလာတိုင်းမှာ ငါ့မှာမှ ဒီလိုအခက် အခဲပြဿနာမျိုး ဖြစ်ရလေခြင်းဆိုပြီး စိတ်ဓာတ်ကျ အရှုံးပေးစရာ မလိုပါဘူး။ အဲဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားလဲဆိုတာကသာ ကျွန်မတို့တွေရဲ့ ဘဝကို ပုံဖော်ပေးသွားတာပါ။
ဒီလို ဘဝမှာ ကျွန်မတို့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေ နဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာဖတ်ရတဲ့ အကြောင်းအရာလေးတစ်ခုကို နမူနာအနေနဲ့ ပြောပြချင်ပါတယ်။ လူတော်တော်များများလည်း ဒီအကြောင်း အရာကို သိပြီးသားဖြစ်မှာပါ။ တစ်ခါက သားအဖနှစ်ယောက်မှာ သမီးဖြစ် သူက သူမမှာ အခက်အခဲပြဿနာတွေ ဆက်တိုက်ကြုံတွေ့ နေရပြီး အဲဒါ တွေအတွက် စိတ်ဆင်းရဲနေရတဲ့အကြောင်း၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားလို့မရနိုင်လောက်အောင် အခက်အခဲတွေက တစ်ခုပြီးတစ်ခုဖြစ်နေ တဲ့အကြောင်းကို ရင်ဖွင့်ပြောတဲ့အခါ ဖခင်ဖြစ်သူက ဘာမှမပြောသေးဘဲ နောက်ဖေးမီးဖိုချောင်ထဲကို ဝင်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ မီးဖိုကို ဖွင့်ပြီး တူညီတဲ့ မီးအပူရှိန်ပေးထားတဲ့ ရေနွေးအိုးသုံးအိုးကို တည်လိုက်ပါ တယ်။ ပြီးတော့ ပထမအိုးထဲကို အာလူးတွေထည့်ခဲ့တယ်၊ ဒုတိယအိုးထဲ ကို ကြက်ဥကိုထည့်ပြီး တတိယအိုးထဲကိုတော့ ကော်ဖီစေ့တွေ ထည့်ခဲ့ပါ တယ်။ အချိန်အနည်းငယ်ကြာတဲ့အခါ သမီးဖြစ်သူကိုခေါ်ပြီး အဲဒီအိုးသုံး အိုးကို ကြည့်ခိုင်းပြီး ဘာမြင်သလဲလို့ မေးတဲ့အခါ သမီးဖြစ်သူက “အာလူး၊ ကြက်ဥနဲ့ ကော်ဖီ” ကို မြင်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီအခါမှ ဖခင် ဖြစ်တဲ့သူက သူပြောလိုတဲ့စကားကို အေးဆေးစွာနဲ့ ဆက်ပြောပါတော့တယ်။ “ဟုတ်တယ် ... အာလူး၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေကို တူညီတဲ့ မီးအပူရှိန် ပေးထားတဲ့ ရေနွေးထဲကို ထည့်ခဲ့တာချင်းတူပေမဲ့ အာလူးကတော့ အချိန် ကြာတဲ့အခါ သူ့ရဲ့ မူလ မာကျောနေတဲ့ပုံစံကနေ ပျော့ပြောင်းသွားခဲ့တယ်။ ကြက်ဥအနှစ်တွေကတော့ မာလာတာကို တွေ့ရတယ်။ ကော်ဖီစေ့တွေကတော့ အောက်က ပေးထားတဲ့ အပူရှိန်နဲ့ သာမန်ရေနွေးတွေ ပေါင်းစပ်ပြီး မွှေးပျံ့တဲ့ သောက်ချင်စဖွယ်ကော်ဖီတွေ ဖြစ်စေခဲ့တယ်။ အဲဒီလိုပဲသမီး ....။ လောကမှာလည်း လူတွေက တူညီတဲ့အခက်အခဲပြဿနာတွေနဲ့ ကြုံရတာ တောင် တချို့က အဲဒီအခက်အခဲကို ရင်မဆိုင်နိုင်ဘဲ အလွယ်တကူ လက် လျှော့အရှုံးပေးသွားကြတယ်။ တချို့ကတော့ အဲဒီအခက်အခဲတွေကြောင့် မှားယွင်းတဲ့လမ်းကြောင်းပေါ်ကို ရောက်သွားကြသူတွေလည်း ရှိတယ်။ လူတချို့ကတော့ အဲဒီအခက်အခဲပြဿနာတွေကို အကောင်းဆုံးရင်ဆိုင် ဖြေရှင်းပြီး ဘဝကို ဒီထက်ပိုမိုကောင်းမွန်အောင် တည်ဆောက်သွားနိုင်ကြ တယ်။ သမီးကရော ဘယ်လိုလူတစ်ယောက် ဖြစ်ချင်လဲဆိုတာ ကြုံတွေ့ လာရတဲ့ အခက်အခဲတွေကို သမီး ဘယ်လိုပုံစံနဲ့ ရင်ဆိုင်တုံ့ပြန်ဖြေရှင်းလဲ ဆိုတဲ့အပေါ်ပဲ မူတည်တယ်”လို့ ပြောလိုက်ပါတယ်။
ဒီအကြောင်းအရာလေးကနေ ကျွန်မတို့တွေရဲ့ ဘဝမှာလည်း အဲဒီ လို အခက်အခဲတွေနဲ့ ကြုံတွေ့လာရချိန်မှာ အဲဒီအခက်အခဲတွေကြောင့် အရှုံး ပေးလိုက်မှာလား၊ ဒါမှမဟုတ် အဲဒီအခက်အခဲ ပြဿနာတွေကို အကောင်း ဆုံး ရင်ဆိုင်ဖြတ်သန်းပြီး အခုထက် ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခု ရောက်အောင် ကြိုးစားကြမလားဆိုတာကတော့ ကျွန်မတို့တွေရဲ့ ဆုံးဖြတ် ချက်ပေါ်ပဲ မူတည်ပါတယ်။
လူတွေက ကိုယ့်ရဲ့ အခက်အခဲပြဿနာကိုသာ အကြီးမားဆုံး၊ အဆိုး ဝါးဆုံးကိစ္စလို့ ထင်မှတ်တတ်ကြပါတယ်။ လူတစ်ယောက် ကိုယ့်ရှေ့မှာချော်လဲပြီး သွေးစက်လက်နဲ့ ဒူးပြဲသွားတဲ့ကိစ္စထက် ကိုယ့်ပါးပြင်ပေါ်က ဝက်ခြံဖုထွက်နေတဲ့ကိစ္စက ကိုယ့်အတွက် ပိုစိတ်ဝင်စားစရာကောင်းပြီး အဲဒီ အရာအတွက်လည်း ပိုမို စိတ်ဖိစီးခံစားနေရလေ့ရှိပါတယ်။ အဲဒီလို ကိုယ့် အခက်အခဲတွေကမှ စိတ်ညစ်စရာအကောင်းဆုံး ဖြေရှင်းရအခက်ဆုံးလို့ ထင်နေပြီး စိတ်ဓာတ်ကျတော့မယ်ဆိုရင် ကျွန်မတို့ပတ်ဝန်းကျင်မှာ ကျွန်မ တို့ထက်ဆိုးတဲ့အခြေအနေတွေ၊ အခက်အခဲတွေနဲ့ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေ ကြရသူတွေလည်း ရှိနေပါတယ်ဆိုတာကို အမှတ်ရစေချင်ပါတယ်။ ကိုယ့် အသံက နားထောင်လို့မကောင်းလောက်အောင် ဆိုးဝါးနေတယ်လို့ ခံစားရ ပြီး စိတ်ဓာတ်ကျတော့မယ်ဆိုရင် မွေးရာပါ စကားမပြောတတ်တဲ့သူတွေ လည်း လောကမှာ အများကြီးရှိနေတာကြောင့် သူတို့အတွက် ကိုယ်ချင်း စာကြည့်လိုက်ပါ။ ကိုယ့်မျက်လုံးတွေ မလှပလို့ စိတ်ထိခိုက်နေမယ်ဆိုရင် မျက်စိမမြင်လို့ လောကမှာ နေ့စဉ်နဲ့အမျှ အမှောင်ထုကိုသာ ရင်ဆိုင်တွေ့ နေရတဲ့သူတွေ များစွာရှိနေတယ်ဆိုတာကို သတိရလိုက်ပါ။ ကိုယ်က စီးပွားရေးအဆင်မပြေလို့၊ အစားအသောက်ကောင်းတွေ မစားနိုင်လို့ အား ငယ်တော့မယ်ဆိုရင် တစ်နေ့လုံးနေလို့ ထမင်းတစ်နပ်စားရဖို့တောင် မသေချာလို့ အငတ်ငတ်အပြတ်ပြတ်ဖြစ်နေတဲ့ လမ်းဘေးကလူတွေရဲ့ ဘဝကို မြင်ယောင်ကြည့်လိုက်ပါ။ တကယ်တော့ လောကမှာ ကျွန်မတို့ထက်ဆိုးတဲ့ အခြေအနေတွေ အများကြီးရှိနေပါတယ်။ ကျွန်မတို့ စိတ်ဓာတ်ကျတော့မယ့် အခါတိုင်း ကျွန်မတို့ ကြုံတွေ့နေရတဲ့ အခက်အခဲထက် ပိုခက်ခဲတဲ့ဘဝတွေ မှာ ရှင်သန်နေကြရသူတွေကို မြင်ယောင်ကြည့်လိုက်ပါ။ အခက်အခဲတွေဆို တာ ရင်ဆိုင်ဖြေရှင်းရတာမျိုးပါ။ ညည်းတွားပြီး စိတ်ဓာတ်ကျနေဖို့ မဟုတ် ပါဘူး။ အဲဒီအခက်အခဲတွေကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ဖြေရှင်းသွားမလဲဆို တာကပဲ အရေးကြီးတာပါ။
တစ်ခါတုန်းက မြည်းတစ်ကောင်က ရေတွင်းနက်ထဲကို အမှတ် မထင် ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီအခါမှာ သူ့ပိုင်ရှင်ဖြစ်သူက သူ့ကို ရေတွင်းထဲကနေ ကယ်ထုတ်ဖို့အတွက် စဉ်းစားပေမဲ့လည်း ရေတွင်းက
ဟောင်းပြီးပျက်စီးနေတာကြောင့်ရော၊ သူ့မြည်းကလည်း အသက်အရွယ် လည်း ရနေပြီဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ကယ်ဆယ်ဖို့ အခက် အခဲတွေကနေတာကြောင့် အဲဒီရေတွင်းထဲမှာပဲ သတ်လိုက်တော့ဖို့ ဆုံးဖြတ် လိုက်ပါသတဲ့။ အဲဒါနဲ့ သူတို့ရွာထဲက ရွာသားတချို့ကို အကူအညီတောင်း ပြီး အဲဒီရေတွင်းနက်ထဲကို အပေါ်ကနေ မြေကြီးတွေ ပို့ချခဲ့ပါတယ်။ ပထမ တော့ မြည်းက သူ့ကိုယ်ပေါ်ကို မြေကြီးတွေကျလာတဲ့အတွက် စူးစူးဝါးဝါး အော်ဟစ်ပါတယ်။ ခဏကြာတဲ့အခါ ဆက်လက်မအော်တော့ဘဲ အသံတိတ် သွားတာကြောင့် ပိုင်ရှင်ဖြစ်သူက ရေတွင်းနက်ကို ငုံ့ကြည့်တဲ့အခါ မြည်း က သူ့ကိုယ်ပေါ်ကို ကျလာတဲ့ မြေကြီးတွေကို ခါချပြီး ကျသွားတဲ့ မြေ ကြီးတွေပေါ်မှာ ရပ်နေတာကို တွေ့ရပါသတဲ့။ အဲဒီနောက်မှာတော့ အပေါ် ကနေ မြေကြီးတွေထပ်ဖို့လေ မြည်းကလည်း ခါချလိုက်၊ အဲဒီမြေကြီးတွေ ပေါ် တက်ရပ်လိုက်နဲ့ နောက်ဆုံးတော့ ရေတွင်းအပေါ်ဘက်ကို တဖြည်း ဖြည်းရောက်လာခဲ့ပြီး မြည်းက အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါ တော့တယ်။
အဲဒီဇာတ်လမ်းလေးထဲက မြည်းလိုမျိုး ကျွန်မတို့တွေရဲ့ ဘဝမှာ အခက်အခဲတွေနဲ့ တွေ့ကြုံလာရတဲ့အခါ ညည်းတွားအော်ဟစ် အကူအညီ တောင်းနေဖို့ထက် ကိုယ့်ရဲ့ အခက်အခဲတွေကနေ လွတ်မြောက်အောင်ဘယ်လိုပုံစံနဲ့ ရင်ဆိုင်တုံ့ပြန် ဖြတ်သန်းသွားမလဲဆိုတာကို စဉ်းစားဆုံးဖြတ် လုပ်ဆောင်သင့်တာပါ။
အခက်အခဲတွေကတော့ လူတိုင်းမှာ ရှိနိုင်ပါတယ်။ အခက်အခဲ ပြဿနာတွေအတွက် စိတ်ဓာတ်ကျ ညည်းညူနေဖို့မလိုပါဘူး။ အခက်အခဲတွေဆိုတာ ရင်ဆိုင်ဖြတ်သန်းဖို့ပါ။ အဲဒီအခက်အခဲတွေကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်တုံ့ပြန်သွားသလဲ၊ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ဖြတ်သန်းသွားသလဲဆို တာကသာ ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ ဘဝတွေကို အဆုံးအဖြတ်ပေး သွားတာပါပဲ။
Daily Eleven, 1-Nov-2016.