Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ၀ထ္ထုတိုငါးပုဒ်

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

မီးဘေးဒုက္ခသည်တဲ့ဗျာ

 

         မီးဘေးဒုက္ခသည်တစ်ယောက်ကို ကျွန်တော်သည် ယခုမှ နီးနီးကပ်ကပ် လေ့လာဖူးလေသည်။

         ဖ-ဆ-ပ-လ ပြည်တော်သာ စီမံကိန်းကြီးအောက်တွင် နှစ်စဉ် နှစ်တိုင်း မီး-ဂဒီ-ဂဒီး တောက်လောင်နေ၍ ရန်ကုန်ရွှေမြို့တော်ကြီး မှာ မီးဘေးဒုက္ခသည်မှ မဖြစ်ဖူးလျှင် ပင်လယ်ငါးမစားဖူးသလို ရှိနေ လေရာ၊ မီးဘေးဒုက္ခသည်တစ်ယောက်ကိုမှ ယခုမှ လေ့လာဖူးသည် ဆိုသော ကျွန်တော်မှာ ခေတ်၏ နောက်သို့ ၇၅ မိုင်လောက် ကျန်ရစ် ခဲ့ရာ ရောက်နေပေတော့သည်။ (ရှက်ဖွယ် ...)

         သို့သော် ဤ ၇၅ မိုင်ခရီးကို အပြီးလိုက်ရန် ယခုနှစ် ဧပြီ ၈ ရက်နေ့တွင် ဘုရားသခင်က ဖန်ဆင်းပေးတော်မူလေသည်။

        အကြောင်းမှာ ထိုနေ့ ညနေ ၅ နာရီခန့်တွင် ကမာရွတ် လှည်း တန်း၌ မီးလောင်နေသည်ဟူသော သတင်း ကျွန်တော့်ရွှေနားတော်သို့ ပေါက်ရောက်လာသည်။ ဤဒေသမှာ အစ်မကြီးခင်မျိုးချစ်နှင့် စာရေးဆရာထင်လင်းခေါ် ကျွန်တော်၏ ကိုဗိန်းမောင်းတို့ ရှိလေသဖြင့် သူတို့ အိမ်များပါ မပါ စုံစမ်းကြည့်ရလေရာ ပါကြောင်း အတိအကျ သိရ သည်မှာ ပြာကျချိန်လောက် ခန့်မှန်း၍ ကျွန်တော်သည် မီးဘေးဒုက္ခ သည် သတင်းမေးရန် စတိုင်ကျကျနှင့် ထွက်ခဲ့လေသည်။

        ဤနေရာ၌ စတိုင်ကျကျဆိုသည်မှာ သော်တာဆွေ၏ ပင်ကို အတိုင်း မဟာဆွေ ဇာတ်လိုက်ကဲ့သို့ လှလှပပ ဝတ်စားပြင်ဆင်ထား သည်မဟုတ်၊ ညနေ ရေချိုးပြီး လှီးထားသော ဆံပင်ကိုပင် ဖွလျက် သူတို့အတွက် ကရုဏာသက်၍ ကြားလျှင် ကြားချင်း ကမန်းကတန်း ပြေးလာသည့် ဟန်အမူအရာမျိုးကို ဆိုလိုသည်။

         ဘတ်စ်ကားသည် ကျွန်တော်တို့ ၇ မိုင်ဘက်မှ အင်းလျား အောက်လမ်းအထိသာ စီးရ၍ ဤမှ စုန်ဆင်းလာသော မီးဘေးဒုက္ခ သည်များကို ဆန်တက်ကာ လှည်းတန်းထိပ်အထိ ခြေကျင်လျှောက် ရသည်။ ဤမျှ အပင်ပန်းမခံဘူးသော ကျွန်တော်မှာ တော်တော်ပင်ပန်း လှ၏။ သို့သော် သင်းတို့ အိုးအိမ်စည်းစိမ် ဆုံးရှုံးသည့်ကိစ္စ ငါက ဒီလောက်တော့ လူရင်းစိုက်မှပဲဟု အားခဲကာ လျှောက်ခဲ့ရသည်။ ကမာ ရွတ်အဝိုင်းကြီးပေါ် ရောက်သောအခါ၌ ကိုယ် ဒီလောက် အပင်ပန်း ခံပြီး လာခဲ့ရတဲ့ကိစ္စ ကျေနပ်ဖွယ်ပါပဲ။ သူတို့အိမ်ရာများကို ပြာပုံ အတိသာ မီးခိုးတထောင်းထောင်းနှင့် မြင်ရပေသည်။ လူတွေ ဘယ်သို့ ယွန်းကြပြီနည်း။ ကျွန်တော် ခန့်မှန်းနိုင်ပါသည်။ သို့သော် ချက်ချင်း မသွားသေးဘဲ ဤအဝိုင်းကြီးပေါ်မှ နေ၍ ပုရွတ်ဆိတ်အုံထဲ မီးကျည် ခဲကျဘိသကဲ့သို့ လူ့အသိုက်အအုံထဲ မီးဟုန်းဟုန်းထနေသဖြင့် ပြေး

လွှားငိုညည်း၊ သောကသည်းနေသော မီးဘေးဒုက္ခသည်များကို စက္ခု စားပွဲထိုင်နေပါသေးသည်။

ဤအချိန်၌ မီးဘေးဒုက္ခသည်များ ကြည့်ရသည်မှာ ကျွန်တော်တို့သည် ရုပ်ရှင်ထဲ၌ ဗုံးကြဲစစ်တိုက်နေသည်ကို ကြည့်ရသည်နှင့် တူပါ၏။ ပိတ်ကားပေါ်၌ လူပေါင်းမြောက်မြားစွာသည် ဘယ်လိုပဲ သေသေ၊ ကြည့်သူတွေမှာ ဘာမျှ မဖြစ်သကဲ့သို့၊ မီးဘေးဒုက္ခသည် တွေ ဘယ်လောက်ပဲ သောကရောက်ရောက် လာကြည့်ကြတဲ့ ပရိသတ် မှာ ကိုယ့်ပစ္စည်း တစ်ရွေးသားမျှ မပါလေတော့ တယ်ကြည့်ကောင်း သပေါ့ ဗျာ ...။

         ထို့ကြောင့် ခြေကျင်လာကြ၏။ မော်တော်ကားကြီးငယ်နှင့် လာ ကြ၏။ မီးလောင်ပြင်၏ ဘော်ဒါလိုင်းမှာ ဘော်ဒါလူများ တင်းကျမ်း ပြည့်၏။ ရဲသားတွေ အလုပ်များ၏။ သူတို့ကြောင့် မီးဘေးဒုက္ခသည် တွေ တိုးရ ရှိုးရ ပို၍ဒုက္ခရောက်၏။

          ကျွန်တော်မူ ဤလူစုထဲ၌ ကြာရှည်စွာ မပါဝင်နိုင်ပါ။ ပူလောင် အိုက်စပ်နံစော်လှသဖြင့် ခဏနှင့်ပင် အစ်မကြီး ခင်မျိုးချစ်တို့ရှိမည့် နေရာကို လစ်ရပါသည်။

         အစ်မကြီး ခင်မျိုးချစ်တို့မှာ ချောင်ကျသောတစ်နေရာတွင်ကမ္မဋ္ဌာန်းထိုင်ရန်ဓမ္မာရုံကလေးဆောက်ထား၏။ ၎င်းဓမ္မာရုံကလေး ကိုပဲ သူတို့ပြေးကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်၏။

          ဒီဓမ္မာရုံကလေးလည်း .. မီးထဲ ပါသွားလေဦးမည်လားဟု ကျွန်တော် စိတ်စောမိသေး၏။

          သို့သော် မပါချေ။ အစ်မကြီး ခင်မျိုးချစ်အား မျက်မှန်တဝင်း ဝင်းနှင့် ဓမ္မာရုံရှေ့မှာ လမ်းလျှောက်နေသည်ကို တွေ့ရ၏။

          ကျွန်တော်မှာ ဖော်ပြခဲ့သည့်အတိုင်း ပြည်တော်သာ စီမံကိန်း ကြီးအောက်ဝယ် ခေတ်နောက်ကျစွာ ယခုမှ မီးဘေးဒုက္ခသည်တစ်ယောက်အား လတ်လတ်ဆတ်ဆတ် ဆက်ဆံရမည်ဖြစ်ရကား မည်သို့ မည်ပုံ စတင်နှုတ်ဆက်ရမည်နည်း မသိချေ။

          “ဟဲလို အစ်မကြီး လူကို မလောင်ဘဲကို ဒီလို မသေမပျောက် ... မပွန်းမပဲ့ တွေ့ရတာ ဝမ်းသာသဗျာ”ဟုပင် ဟစ်အော်လိုက်ရမည် လား။

         သို့မဟုတ် .. 

         “ဖြစ်မှ ဖြစ်ရလေ အစ်မကြီးရယ်... အိမ်တစ်ခုလုံး ပြာကျတာ ဟာ ဝမ်းနည်းစရာဘဲ ...”ဟု မျက်ရည်ခံထိုးလိုက်ရမည်လား။

         “အများ မိုးခါးရေသောက်ဆိုသလို .. ကိုယ့်အိမ်လည်း ရောပါ သွားတာ .. ပူမနေပါနဲ့ဗျာ၊ အစိုးရက တိုက်ဆောက်ပေးတော့ တစ်ခန်း ရအောင်သာ ကပ်ဗျာ”ဟု နှစ်သိမ့်လိုက်ရမည်လား။ ။

          ယင်းသို့ ဇဝေဇဝါ ရှိနေစဉ်မှာပင် အစ်မကြီးသည် သူ့ရွှေမျက် မှန်တော်အောက်မှ ကျွန်တော် ငသော်တာမှန်း သဲကွဲစွာ မြင်သည်နှင့် တစ်ပြိုင်နက် ... ။

          “ခွေးမသားလေး ခုမှ လာတော့တယ်၊ မင်းက ကမ္မဋ္ဌာန်း မထိုင် ချင်လည်း ဒီပြင်အချိန်လာပြီး ထမင်းပါ စားပေါ့ကွာ”

          ကဲ ကြည့်လော့ ....ကျွန်တော်က သူ့ကို မီးဘေးဒုက္ခသည်အဖြစ် မဟာကရုဏာသက်သော အမူအရာကြီးလုပ်၍ တပင်တပန်း လာမေး ရသည်။ သူက ကျွန်တော့်အား ကမ္မဋ္ဌာန်းထိုင် မလာကောင်းလားဆိုပြီး ရန်တွေ့၏။

          ဤနေရာ၌ ယခုသူတို့ အခြေကို ဖော်ပြရဦးမည်။ သူတို့သည် ယခင်တုန်းက စာအုပ်တွေဖတ်၍ စာပေလေပန်းနေရာမှ ယခုကမ္မဋ္ဌာန်း ဘက်ရောက်သွားသည်။ တွေ့သမျှလူကို ကမ္မဋ္ဌာန်းထိုင်ရန် တိုက်တွန်း " သည်။ ဤဓမ္မာရုံကလေးကို ဆောက်ကာ တနင်္ဂနွေနေ့တိုင်း ကမ္မဋ္ဌာန်း ပါတီ ကျင်းပသည်။ လာရောက်သော ပရိသတ်ကို ထမင်းကျွေးသည်။

          ကျွန်တော်လည်း သူတို့နှင့် ပေါင်းသင်းမိသည့်အားလျော်စွာဇိကုပ် နတ်ပြည်တင်ခြင်းကို ခံရသည်။ သို့သော် ကျွန်တော်၏ ပါရမီ အခြေခံမှာ အချိန်လိုသေးလို့ဘဲ ဆိုရမည်။ ကျွန်တော်ဆက်တိုက် မလိုက်နိုင်ဘဲ ရှိခဲ့သည်။

         “ကျွန်တော် မအားလို့ အစ်မကြီးရဲ့”

         သူက လူမြင်လျှင်မြင်ချင်း ဆောက်နှင့် ထွင်းလိုက်သော စကား ကို ကျွန်တော်က မုသာဝါဒပါပါ ဒီလိုပဲ ဖြေလိုက်မိသည်။

          “မင်းက ခုနစ်ရက် တစ်ပတ်မှ တစ်ခါ မအားရအောင် ဘာတွေ များ လုပ်နေရလို့လဲ”

          ကျွန်တော် အမှန်အတိုင်း ဖြေရလျှင် ကြက်တိုက်နေရလို့ပါ ဖြစ်၏။ သို့သော် တရားရှင်အား ဒီစကားပြောလို့ အဘယ်မှာ သင့်ပါ အံ့နည်း။

         “စာတွေ ရေးနေရတယ် အစ်မကြီးရဲ့”

          “အောင်မာ ... မင်းခုလ ရှုမဝထဲ ရေးလိုက်တာ ဘာတဲ့ “ခရီးကြုံ ဆိုလား တိုတိုလေး၊ ဝတ္ထုလည်း မဟုတ်ဘူး ...”

            “အဲဒါပဲ ကြည့်တော့ အစ်မကြီး” ကျွန်တော့်မှာ ချက်ချင်းပင် ပြေးပေါက်တွေးမိ၍ “အဲဒီ “ခရီးကြုံ ဆိုတဲ့ စကက်ချ်ကလေးဟာ သော် တာဆွေနာမည်နဲ့ထည့်ဖို့ကို မဟုတ်ဘူး၊ တခြားနာမည်နဲ့သုံးဖို့၊ အဲဒါ ကျွန်တော် မဂ္ဂဇင်းဝတ္ထု မရေးနိုင်တာနဲ့ ဦးကျော်က ဖမ်းထည့်လိုက် တာ။ ဒီမှာ အစ်မကြီးရဲ့ ကျွန်တော် ခုတစ်လော အောင်ဇေယျဖို့ ရုပ်ရှင် ဝတ္ထုလည်း ရေးပေးနေရတယ် .. ရှုမဝက လာလုလု ဇာတ်ကားမှာ လည်း ဇာတ်ကောင်အဖြစ်နဲ့ ပါနေရတယ်...”

           “ဒါ... ငါ ကြားပါတယ် ... ဘာလဲ မင်းက ရုပ်ရှင်မင်းသားများ လုပ်ချင်နေပြန်သလား”

           “ဖြစ်စနိုးပေါ့ အစ်မကြီးရယ်၊ ကဲ .. ဒါ ထားပါဦး၊ ကျွန်တော်          အခု အစ်မကြီးတို့ မီးလောင်တဲ့ ကိစ္စမေးရအောင် လာတာ ...”

         “မေးနေရဦးမလားကွ၊ မင်း မြင်ခဲ့တဲ့အတိုင်းပေါ့ ”

          “ပစ္စည်းတွေ ဘာတွေကော ရလိုက်သေးသလား” “ကျောင်းသားတွေ လာယူပေးလို့ ရလိုက်တယ် ပြောတာပဲ”

           “ပြောတာပဲဖြစ်ရအောင် မီးလောင်တုန်းက အစ်မကြီးက အိမ်မှာ မရှိဘူးလား”

          “နေ့ခင်းဆို ငါ ဒီမှာ နေတာပဲကွ”

          “ကဲ .... မီးလောင်တယ် ကြားတော့ အစ်မကြီး သွားမကြည့် ဘူးလား”

          “ကြည့်နိုင်ပေါင်တော် ... ပူလွန်းအိုက်လွန်းလို့” 

          “နို့ ကိုလတ်ကော...”

          “မင့် ကိုလတ်တော့ သွားလေရဲ့ ၊ အဲဒီ မီးလောင်တဲ့အနား မတွေ့ ခဲ့ဘူးလား”

          “ဘယ်တွေ့ မလဲဗျာ၊ လူတွေက ကြိတ်ခဲနေတာပဲ ...”

          ယင်းအခိုက်တွင် ကိုခင်မောင်လတ်သည် ကာကာ ကုလားလို လက်ကိုင်ပဝါ ခေါင်းစည်းလျက် ချွေးသံရွှဲရွှဲနှင့် ပြန်ရောက်လာပြီး ကျွန်တော့်ကို မြင်လျှင် ပါးစပ်က ဆေးပြင်းလိပ်ကို ချွတ်ကာ လက်တစ် ဖက်ကို မြှောက်၍

          “ဟေး သော်တာဆွေ .. ဝဲလ်ဝေ့ဖ်.. ဝဲလ်ဝေ့ဖ်”

          တကတည်းဗျာ .. စစ်မြေပြင်မှ စစ်အောင်နိုင်ပြီး ပြန်လာသော စစ်ဗိုလ်ကြီးလို ကြွေးကြော်လာ၏။

ဘာတွေများ “ဝဲလ်ဝေ့ဖ်”ပါသနည်း။ သူ့အိမ်တစ်ခုလုံး ပြာဖြစ် နေတာ ကျွန်တော့်အမြင်။

         “ငါ့စာအုပ်တွေ အကုန်လုံးလို ရတယ်ကွ... တပည့်တွေကကွာ.. တို့ဆရာဖြင့် ဒီစာအုပ်တွေ မရှိ၊ တို့ သင်ပေးနိုင်တော့မှာ မဟုတ် ဘူး ထင်ပြီး မရရအောင် ယူပေးကြတာနဲ့ တူပါရဲ့ကွာ။ အေး ..ဟုတ်တော့လည်း ဟုတ်တယ်ကွ။ ငါက ဒီစာအုပ်တွေနဲ့ လူလုပ်နေရတာ.. ငါဟေ့ ဒီစာအုပ်တွေ ပြန်မြင်ရတော့မှ နှမြောရမှန်း သိတယ်။ အစဦး ဖြင့်ဟာ မီးလောင်တာ ... ဘယ်တတ်နိုင်မလဲ နေပစေကွာ... မင်းတို့ အပင်ပန်းခံပြီး ယူမနေကြနဲ့လို့တောင် တပည့်တွေ ပြောမိသေးတယ် ကွ... အခုတော့ အော်လ်ဝဲဆော့ဖ်ပဲ။ ဟေ့ သော်တာဆွေ အခုနှယ် အအေးစိမ် ဘီယာလေးသောက်လိုက်ရ ကောင်းမယ်ကွာနော်.. မင်း ဒီနေရာရောက်နေတာ ဘယ်လောက်ကြာပြီလဲ၊ မင်းတို့အိမ်မလာတာ တစ်လကျော်လောက်ရှိနေပြီ။ ငါ သေများသေနေပြီလားလို့ ..... တစ်ခါ တစ်ခါ... မင့်သတိရရင် သရဲတောင် ကြောက်မိတယ်။ ကိုသိန်းမောင် ကတော့ ပြောသား၊ သော်တာဆွေ သေရင် ဘာမှကြောက်မနေနဲ့တဲ့။ ဒီကောင် သရဲဖြစ်မှာ မဟုတ်ဘူး။ အဝီစိ ဒါရိုက်သွားမှာတဲ့”

            ကဲ ... ကြည့်လော့ .. ချစ်ဆွေတို့။ ကျွန်တော်က သူတို့ မီး ဘေးဒုက္ခသည်ရယ်လို့ ကရုဏာမိုး ရွာသွန်းဖြိုးရအောင် လာသည်။ ယခု တစ်ယောက်က ကျွန်တော့်အား ကမ္မဋ္ဌာန်းထိုင် မလာကောင်းလား မာန်မဲသည်။ နောက်တစ်ယောက်က ကျွန်ုပ်ဟာသဆရာကို ပြက်လုံး ထုတ်သည်။ ဘယ်လောက်များ ပေါင်းရသင်းရ ခက်တဲ့ ဟာတွေလဲ လို့။ တကယ်ဆို “ဟာ ... မောင်သော်တာဆွေရေ .. တို့ဖြင့် အိမ် တစ်ခုလုံး ပြာပုံဖြစ်လို့ ကိုယ်ကျိုးနည်းပါပေါ့လား၊ အစိုးရက ပြည် တော်သာတိုက်ကြီးဆောက်မယ်ဆိုတော့ ကိုယ့်မြေရာကလေးမှ ကိုယ် ပြန်ရတော့မှာ မဟုတ်ဘူး။ ဒီမြေနဲ့ ဒီအိမ်ဆိုတာ မင်းအသိ၊ တို့ ချွေး နှဲစာကလေးနဲ့ ကြံဖန်လုပ်ရတာ” ဘာညာစသည်ဖြင့် မျက်ရည်ခံ ထိုးကြပေါ့ဗျာ၊ ဒီတော့ ကျွန်တော်က “ဟာ ... ပစ္စည်းသင်္ခါရ လူသင်္ခါရပဲ ခင်ဗျာ၊ မီးနဲ့ မင်းဟာ ရန်သူမျိုးငါးပါးမှာ အဆိုးဆုံးဘဲ .. အခု အစ်မကြီးတို့မှာ အိမ် မီးလောင်ခံရပြီးတော့ မြေရာကို ပြည်တော်သာ တိုက်ဆောက်ပစ်မယ်ဆိုတာဟာ ရန်သူမျိုးနှစ်ပါး ဆော်ခံထိတာပေါ့။ ဒါ တော်သေးတာပဲ။ ကျန်တဲ့ သုံးပါးဖြစ်တဲ့ ရေနှစ်ခြင်း၊ ပြန်ပေးအဆွဲ ခံရခြင်း၊ သောက်မြင်ကတ်သူနဲ့ ဘတ်စ်ကားတစ်ခုံတည်း ထိုင်မိခြင်း ဆိုတဲ့ ဟာတွေနဲ့မှ မကြုံရသေးတာ၊ ဒီလိုပဲ ကိုယ့်စိတ် ကိုယ် ဖြေကြ ပေါ့ ဗျာ၊ ဟဲ ဟဲ... ဟဲ ဟဲ” စသည်ဖြင့် ကျွန်တော်က သူတို့ကို ကိုယ် တတ်သမျှ တရားဓမ္မပြ၍ အသားယူမည်။ “ဘာများ အကူအညီ လိုလဲ ပြောဗျာ”ဟူ၍ ဘာမဆို လုပ်နေနိုင်သော ဝန်ကြီးတစ်ယောက် လေသံမျိုးဖြင့် ပါးစပ်လောကွတ်ပြုမည်။ (နောက်မှ ကြည့်ရှောင်မည်) ဒီလိုဆိုမှ မီးဘေးဒုက္ခသည် မေးလာရကျိုးနပ်မည် မဟုတ်ပါလား။

           အခုတော့ ... ကျွန်တော်၏ တွက်သားလုံးဝမကိုက်၊ သူတို့ ပြောချင်ရာပြောကြပြီး ကျွန်တော်က ပြန်ပြောခွင့်မှ မရ၊ အကြောင်းမှာ အခြားသူများကလည်း မော်တော်ကားကြီးငယ်ဖြင့် လာကြ၍ သူတို့ကို မေးကြ စမ်းကြသဖြင့် သူတို့မှာ မျက်နှာပွင့်လင်းလှပေသည်။ သူတို့ လင်မယားမျက်နှာများကား မီးဘေးဒုက္ခသည်နှင့် လုံးဝမတူလာ ရောက်မေးကြ စမ်းကြသူတွေ ရှေ့မှောက်၌ မွေးနေ့ ပါတီကျင်းပနေ သလို စပ်ဖြဲဖြဲနိုင်လှသည်ဟု ကျွန်တော် ထင်မိသည်။ တစ်ယောက်မှ မျက်နှာပိုးမသေကြ၊ ဘယ်တော့မှ ထောင့်ကျိုးမဲ့ဟာတွေ မဟုတ်ပါ ဘူးလေ။

            ကဲ ... သင်းတို့ လင်မယားတော့ အသက်ကြီးလို့ ဘာမှ ပူရပင် ရမှန်းမသိအောင် မိုက်မဲတာရှိစေတော့ ... သူတို့ထက် ငယ်ရွယ်ပြီး သားသမီးတွေ တစ်ပုံတစ်ခေါင်းကြီးနှင့် ငတိကို ကြည့်လိုသေးသည်။

           “ကိုလတ် ကိုသိန်းမောင်တစ်ယောက်ကော ဘယ်ပြေးလဲဗျ”